ကမ္ဘာ့ကပ်ရောဂါကို တရုတ်နယ်စပ် မဟာမိတ်တပ်တွေ ဘယ်လို ရင်ဆိုင်မလဲ (၂)
တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
အစိုးရအာဏာ သက်ရောက်မှု အလှမ်းဝေးပြီး TNLA လှုပ်ရှားတဲ့ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုး၊ မန်တုံ၊ နမ္မတူ မြို့နယ် အတွင်းက ကျေးရွာတွေမှာဆိုရင် ပလောင် တိုင်းရင်းသားတွေဟာ တရုတ်နိုင်ငံ ဘက်ကို အလုပ်သွားလုပ်ကြသူ တွေ များပါတယ်။
ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်နဲ့ တောတွင်းတွေမှာ ရွာတွေတည်ဆောက်ပြီး ဘိုးစဉ်ဘောင်ဆက် နေကြတဲ့ တအန်း လူမျိုးတွေရဲ့ ရပ်ရွာတွေဟာ လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခက်ခဲခဲနဲ့ သွားရတဲ့ နေရာတွေပါ။
ဝေးလွန်း ခေါင်လွန်းတဲ့အပြင် ဆေးပေးခန်းတွေ ဆေးရုံတွေ အစိုးရ စာသင်ကျောင်းတွေ မရှိတဲ့ နေရာတွေလို့ ပြောရင် လည်း မမှားပါဘူး။
အဲ့ဒီ့ တောင်ပေါ် ရွာတွေကနေ အလုပ် သွားလုပ်နေကြတဲ့ လူငယ်တွေဟာ မတ်နဲ့ ဧပြီ အတွင်း နေရပ်ရင်း ဒေသတွေကို ပြန်လာကြတာတွေ ရှိနေပါတယ်။
ကပ်ရောဂါပိုး ကူးစက်လာမှာကို စိုးရိမ်နေတဲ့ TNLA ကတော့ သူတို့တပ်ဖွဲ့တွေ လှုပ်ရှားဝင်ထွက်နေတဲ့ တအန်းရွာ တွေမှာ လက်ဆေးဖို့ ဖျားနာရင် မြန်မြန်ဆန်ဆန် အသိပေးဖို့တွေအပြင် ဗိုင်းရပ်စ် ကူးစက်ခံရရင် ဖြစ်တတ်တဲ့ လက္ခဏာ တွေကို လည်း လိုက်လံ ပညာပေးနေတာ ၁ လခန့် ရှိနေပါပြီ။
ပြည်ပကနေ ပြန်လာသူတွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာ အလုပ်သွားလုပ်ပြီး ကပ်ရောဂါကြောင့် နေရပ် ရင်းကို ပြန်လာကြတဲ့ သူတွေကို ရွာတွေထဲ ချက်ချင်းပေးမဝင်ဘဲ TNLA က သူတို့ရဲ့ Quarantine Center တွေကို ပို့တယ် လို့ သိရပါတယ်။
မတ်လနဲ့ ဧပြီအတွင်း TNLA က ဆောက်လုပ်ထားတဲ့ Quarantine Center ၃၃ ခုမှာ ရောဂါခြေချုပ်နဲ့ နေရသူ ၂၆၀ ကျော် ရှိပါတယ်။ အဲ့ဒီ့ ၂၆၀ ကျော်ထဲကမှ ရက်ပြည့်သွားတဲ့ ၁၃၀ ကတော့ အိမ်ပြန်သွားကြပြီ ဖြစ်လို့ လက်ရှိမှာတော့ ကျန် ၁၃၀ ကျော်က ရာဂါခြေချုပ်နဲ့ နေထိုင် နေရဆဲပါ။
TNLA ရဲ့သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“ကျနော်တို့ဆီမှာ ပိုးစစ်တဲ့ ကိရိယာတွေ မရှိပါဘူး။ အပူချိန်တိုင်းတာပဲ ရှိပါတယ်”လို့ ဆိုပါတယ်။
TNLA က သူ့တပ်ဖွဲ့ငွေကြေးနဲ့ ပိုးသတ်ဆေး၊ PPE နဲ့ Mask တွေဝယ်ယူပြီး နီးစပ်ရာ အရပ်သားရွာတွေကို ဝေပေးတာ၊ ဆေးဖြန်းတာတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
SSPP လိုတော့ ဗိုင်းရပ်စ်ကာကွယ်ရေး ပစ္စည်းတွေ မဟာမိတ် UWSA ဆီက ရတာ မရှိဘူးလို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ဆိုပါတယ်။
TNLA ဝင်ထွက် သွားလာပြီး လှုပ်ရှားနေတဲ့ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နမ့်ခမ်း မြို့နယ်တွေထဲက ကျေးရွာတွေမှာ အရပ်သား လူဦးရေ ၁ သိန်းကျော်လောက် ရှိတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က“လူဦးရေကတော့ အကုန်လုံး ပေါင်းရင်း ၁ သိန်းဝန်းကျင်မှာရှိပါတယ်။ တော်တော်လေး များ ပါတယ်။ လုံးဝ ဆေးခန်း မရှိတဲ့ ရွာပေါင်းကတော့ ၃၀၀ လောက် ရှိပါတယ်”လို့ ပြောပြပါတယ်။
နယ်စည်းမခြား၊ လူမျိုးဘာသာမရွေးဘဲ အသက်ရှုလမ်းကြောင်းကတဆင့် အချိန်မရွေး ကူးစက်လာနိုင်တဲ့ ကပ်ရောဂါ ကြောင့် TNLA မှာလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ကပ်ရောဂါကာလမှာ တိုက်ပွဲတွေ ဖြစ်ရင် အရပ်သားတွေ ပိုထိခိုက်မှာ ဖြစ်တာကြောင့် တပ်မတော်နဲ့ ထိပ်တိုက် မတိုး အောင်ရှောင်ရင်း စစ်ရေးထက် ကပ်ရောဂါ ကာကွယ်ရေးကိုပဲ ဦးစားပေး လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
သို့ပေမယ့် သံသယလူနာ တွေ့လာရင်တော့ TNLA မှာ ကုသနိုင်ဖို့ လူနာကို စောင့်ရှောက်နိုင်ဖို့ အခြေအနေ မရှိပါဘူး။အနီးစပ်ဆုံး အစိုးရဆေးရုံတွေကိုပဲ အရောက်သွားပြီး အားကိုးကြရမှာ ဖြစ်ပါတယ်။
ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာ တပ်မတော်ဘက်က စစ်ရှိန်ကို လျှော့ချပြီး အစိုးရဘက်ကလည်း တောင်ပေါ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ရွာတွေဘက်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးစေလိုတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော ပါတယ်။
ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင် စစ်တပ် (AA)
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ ထိန်းချုပ်နယ်မြေ ရှိတဲ့ တပ်တွေကတော့ တပ်ဖွဲ့အလိုက် ငွေကြေး တတ်နိုင် မှု အင်အားအပေါ် မူတည်ပြီး ကပ်ရောဂါကာကွယ်ရေး အတွက် လုပ်နေကြတာကို တွေ့ရပါတယ်။
ပြောက်ကျား လှုပ်ရှားတဲ့ ကိုးကန့်နဲ့ ရက္ခိုင်စစ်တပ်ဟာ သူတို့တပ်ဖွဲ့ အသီးသီးက စစ်သားတွေ နေထိုင်တဲ့ ပတ်ဝန်းကျင်၊ တပ်စခန်းတွေမှာတော့ ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးတာတွေ ပြောဆိုကြပေမယ့် အရပ် သား တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက် ပေးတာတွေကိုတော့ မတွေ့ရပါဘူး။
တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ AA တပ်ဖွဲ့တွေဆိုရင် စစ်ရေးကသာ အရေးကြီးသလို ဖြစ်နေ တာကြောင့် ကိုဗစ်ကို အာရုံစိုက်နိုင်တဲ့ အခြေအနေ မရှိပါဘူး။
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းကနေ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ လှုပ်ရှားနေတဲ့ AA စစ်သားတွေ ခန့်မှန်းခြေအားဖြင့် ၄၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
သူတို့မှာ လုံလောက်တဲ့ နှာခေါင်းစည်းတွေ မရှိသလို Test Kit တွေလည်း ဝယ်ယူထားတာ မရှိပါဘူး။
တိုက်ပွဲကြား အသက်လု တိုက်ခိုက်နေရတဲ့ ကြားထဲမှာ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ လက်ဆေးတာ နှာခေါင်းစည်း တပ်တာတွေကို လိုက်နာနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါးလွန်းပါတယ်။
AA နဲ့ နီးစပ်တဲ့ ဝါရင့် ရခိုင် တော်လှန်ရေးသမား တဦးကတော့“တပ်အပြင်ကို သွားရင် ပြန်လာရင် လက်ဆေးတာတို့ လုပ်တာပေါ့။ Social Distancing လည်း အကောင်းဆုံး လိုက်နာလုပ်တာပေါ့။ ကာကွယ်ရေးပိုင်းကိုတော့ အဓိကထားပြီး လုပ်ကြတာပေါ့။ တကယ်လို့ ကံမကောင်းလို့ တခုခုဖြစ်လာရင်တော့ သိပ်မလွယ်ဘူးလို့တော့ သုံးသပ်ပါတယ်”လို့ ပြောပါ တယ်။
AA စစ်ဌာနချုပ်ကနေပြီးတော့ အောက်ခြေ တပ်ရင်းတပ်ဖွဲ့တွေကို ကပ်ရောဂါ ကာကွယ်ရေးပိုင်း အဓိကထား ဆောင်ရွက် ကြဖို့ ညွှန်ကြားတာတွေတော့ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲကြား အသက်လု တိုက်ခိုက်နေရတဲ့ စစ်သားတွေသာမက အစိုးရ အာဏာ သက်ရောက်တဲ့ ရခိုင်ပြည်နယ် မြောက် ပိုင်းက မြို့နယ်တွေမှာတောင် အရပ်သားတွေဟာ ကပ်ရောဂါထက် လက်နက်ကြီးကျည်နဲ့ ဗုံးဆန်တွေ ကျမလာအောင် တိမ်းရှောင်ရင်း အသက်လုပြေးနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။
ကပ်ရောဂါကာကွယ်ဖို့ အိမ်တွင်းမှာ နေထိုင်ကြဖို့ အစိုးရက ညွှန်ကြားချက်တွေ ထုတ်နေပေမယ့် ရခိုင်ပြည်နယ် မြောက် ပိုင်းက စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာတော့ အရပ်သားတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ရခိုင် စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်း ၇သောင်းကျော် ရှိတဲ့အနက် အများစုဟာ လုံလောက်တဲ့ ရေနဲ့ ဆပ်ပြာတွေ မရှိ တာကြောင့် ကပ်ရောဂါကာကွယ်ဖို့ အခြေခံအားဖြင့် လက်ဆေးဖို့တောင် မတတ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေ ကြ ရပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး ပြည်ပကို အလုပ်သွားလုပ်ကြတဲ့ ရခိုင် ရွှေ့ပြောင်း လုပ်သားတွေလည်း သိန်းနဲ့ချီ ရှိကြပါတယ်။
မတ်လနဲ့ ဧပြီအတွင်းမှာ ထိုင်းနဲ့ တရုတ်ကနေ ရခိုင်ပြည်နယ်တွင်းကို ပြန်လာကြသူတွေ ရာဂဏန်းခန့် ရှိနေပါတယ်။ သို့ပေမယ့် အစိုးရ ဌာနဆိုင်ရာတွေဘက်က ရခိုင်ပြည်နယ်ကို ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ဦးရေနဲ့ ပတ်သက်လို့ ကိန်းဂဏန်း အတိအကျ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ငွေကြေးချမ်းသာပြီး ဆေးပညာတိုးတက်နေတဲ့ တိုင်းပြည်တွေကိုတောင် မျက်ဖြူဆိုက်အောင် မွှေနှောက်နေတဲ့ ကိုရိုနာ ကပ်ဘေး အန္တရာယ်ဟာ မြန်မာနိုင်ငံမှာလည်း ကူးစက်မှုနှုန်းက တရိပ်ရိပ် တိုးလာနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြောင်း လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ကိုးကန့်နဲ့ ရခိုင် တပ်ဖွဲ့ တွေလို ပြောက်ကျား လှုပ်ရှားသူတွေ အတွက်တော့ ကိုဗစ် ကာကွယ်ရေးကို လုပ်ဖို့ သိပ်မလွယ်ဘူးလို့ သုံးသပ်ပါတယ်။
TNLA၊ AA တို့နဲ့ မဟာမိတ်ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုတော့ ဧရာဝတီ က ဆက်သွယ်လို့ မရပါဘူး။
ပြည်ထောင်စု အစိုးရအနေနဲ့ “No One Left Behind” တဦး တယောက်ကိုမှ ချန်မထားဘူး ဆိုတဲ့ မူဝါဒနဲ့ ဆောင်ရွက် နေပါ တယ်လို့ ဆိုပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အုပ်ချုပ်တဲ့ နယ်မြေတွေမှာတော့ ကိုယ့်အား ကိုယ်ကိုး စနစ်နဲ့သာ ဆောင်ရွက်နေကြရဆဲပါ။
ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ် ချုပ်ဆိုထားတဲ့ ရှမ်းနဲ့ ကရင်တပ်ဖွဲ့ ဆိုရင် ၎င်းတို့ အာဏာ သက်ရောက် တဲ့ ဒေသတွင်း ကပ်ရောဂါကာကွယ်ရေး လုပ်ဆောင်တာတွေကြောင့် အစိုးရ အာဏာပိုင်တချို့နဲ့ အနည်းငယ် ပြောဆိုရမှုတွေ၊ ကတောက်ကဆ ဖြစ်ရ တာတွေတောင် ရှိနေပါတယ်။
နိုင်ငံရေးအရရော စစ်ရေးအရပါ တင်းမာနေတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေရဲ့ နယ်မြေတွေမှာ ရောဂါပိုး ကူးစက် ခံရတဲ့ လူနာတွေ့လာရင်ရော အစိုးရက ဘယ်လိုဘယ်ပုံ ကူမလဲ ဆိုတာက တိကျတဲ့ လမ်းညွှန်ချက်တွေ မရှိသေးပါဘူး။
တရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ ဝ၊ မိုင်းလားနဲ့ ကချင်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ နယ်မြေတွေမှာတော့ ပိုးရှိသူ တွေ့လာရင် ဒေသတွင်းက ဆေးရုံတွေမှာထားပြီး ကုသမှာ ဖြစ်သလို တရုတ်နိုင်ငံရဲ့ အကူအညီတွေကို ယူသွားမယ့် အလားအလာ ရှိပါတယ်။
တရုတ်နယ်စပ်နဲ့ နီးကပ်မှု မရှိတဲ့ တအန်း ပလောင်ဒေသ၊ ရှမ်းမြောက်က SSPP အာဏာသက်ရောက်ရာ နယ်မြေနဲ့ ရခိုင် စစ်မြေပြင်တွေမှာရော ဘယ်လို ဆောင်ရွက်ကြမှာလဲဆိုတာ မေးခွန်းထုတ်စရာပါ။
သံသယလူနာ ရှိလာခဲ့ရင် ပိုးရှိမရှိ သေချာအောင် ဘယ်ဓာတ်ခွဲခန်းမှာ ဆေးစစ်ချက် ယူကြမလဲ။ အစိုးရ ဓာတ်ခွဲခန်း တွေကို နမူနာတွေ အဆင့်ဆင့်ပို့ကြမှာလား။ အစိုးရဘက်ကရော ပူးပေါင်းကူညီမှုက ဘယ်လို ရှိမလဲဆိုတာတွေက ဒီကနေ့အထိ ညှိနှိုင်းထားကြခြင်း မရှိသေးပါဘူး။
မြန်မာတနိုင်ငံလုံးမှာ ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးနိုင်တဲ့ အမျိုးသားဓာတ်ခွဲခန်း ၂ ခုလုံးဟာ ပြည်မဒေသ ဖြစ်တဲ့ ရန်ကုန်မှာပဲ ရှိပါတယ်။
ပြည်မ ရန်ကုန်နဲ့ ဝေးကွာတဲ့ တောင်တန်းဒေသ ပြည်နယ်တွေ နယ်စပ်ဒေသတွေဖြစ်တဲ့ ပြည်နယ်တွေမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းတွေ မရှိပါဘူး။
တပ်မတော်က ဖွင့်လှစ်မယ့် ဓာတ်ခွဲခန်း အသစ်ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ထားရှိမှာ ဖြစ်တဲ့အပြင် တပ်မတော်သားတွေ တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
တရုတ်နယ်စပ်မှာ အခြေစိုက်ကြတဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေ ဝယ်ယူသုံးစွဲနိုင်တဲ့ တရုတ်နိုင်ငံထုတ် Test Kit တွေ က လည်း ကမ္ဘာ့နိုင်ငံအများစုက ဝယ်ယူရာမှာ အရည်အသွေး မပြည့်မီတာတွေ ရောဂါပိုးရှိသူကို ရောဂါပိုး မရှိဘူး ဆိုတဲ့ ရလဒ်အမှားတွေ ထွက်တာကြောင့် ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အသီးသီး တပ်ဖွဲ့အလိုက် တတ်နိုင်တဲ့ ငွေကြေးပမာဏ၊ အင်အား အလိုက် ပြင်ဆင်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုက တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ ဒေသတွင်းက အရပ်သားတွေ အတွက် လုံခြုံနိုင်ပါ့မလား။
တပ်မတော်နဲ့ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ ချီပြီး စစ်အင်အားမှာ အပြိုင်တိုက်ခိုက်နိုင်ကြပေမယ့် မမြင်ရတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဘေးကို တိုက်ခိုက်ခုခံဖို့ရော ရင်ဆိုင်နိုင်ပါ့မလား။
သေချာတာကတော့ ကမ္ဘာ့ကပ်ရောဂါ ကြီးရဲ့ ကူးစက်မှုဟာ အပစ်မရပ်ရသေးတဲ့ တရုတ်နယ်စပ် တကြောက တိုင်းရင်း သား လက်နက်ကိုင် ခေါင်းဆောင်တွေ အတွက်တော့ ခေါင်းခဲစရာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီး ဆိုတာ မလွဲမသွေပါပဲ။ ။
ဆက်စပ်ဖတ်ရှုရန်
ကမ္ဘာ့ကပ်ရောဂါကို တရုတ်နယ်စပ် မဟာမိတ် တပ်တွေ ဘယ်လို ရင်ဆိုင်မလဲ (၁)
စစ်ရေးထက် ကိုဗစ်ကိစ္စကို ပိုဦးစားပေးပြီး လုပ်နေတယ်