“အိပ်မက်လိုပဲ ဘယ်လိုပြောရမှန်းမသိဘူး မနက်မိုးမလင်းသလိုလို ခံစားနေရတယ်။ ခုချိန်ထိပဲ။ ထမင်းလည်း စားတယ်၊ စားနေသလိုလည်း မခံစားရဘူး။ မှုန်ဝါးဝါးကြီးပေါ့နော်။ အဲ့လိုမျိုးခံစားနေရတာ” လို့ အသက် ၄၀ အ ရွယ် ချင်းအမျိုးသမီး ဒေါ်ခင်သန်းနုက သူမရင်ထဲ တောက်လောက်နေတဲ့ သောကတွေအကြောင်းကို ရှင်းပြတာပါ။
သူမရဲ့ အသံထဲမှာ စိတ်ပျက်အားငယ်မှုတွေ အထင်းသားမြင်ရသလို ပူဆွေးသောကတွေ ပွေ့ပိုက်ထားပြီး လမ်း ပျောက်နေတဲ့သူ တဦးလို ဖြစ်နေပါတယ်။
ဒေါ်ခင်သန်းနုမှာ လေးလသားအရွယ် ရင်ဝယ်ပိုက် ကလေးတယောက်အပါအဝင် စုစုပေါင်း ကလေး ၈ ယောက် ရှိပါတယ်။ သူတို့မိသားစု စစ်အနိဌာရုံကြီးကို မကြုံတွေ့ခင်အထိ ကလေး ၈ ယောက်၊ ခင်ပွန်းဖြစ်သူတို့နဲ့ အတူ ပလက်ဝမြို့နယ်၊ ဆမီးမြို့နားက မိတ်စာဝ ဆိုတဲ့ ကျေးရွာငယ်လေးမှာ အေးအတူ ပူအမျှ ဖြတ်သန်းလာခဲ့ ကြတာပါ။
ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့ အသံတွေ ကြားနေ ရပေမယ့် ပလက်ဝ မြို့နယ်ထဲက သူတို့နေထိုင်ရာ ကျေးရွာလေးကိုတော့ ရောက်လာလိမ့်မယ်လို့ ဘယ် တုန်းကမှ သူတို့ မတွေးမိခဲ့ကြပါဘူး။
ဒါပေမယ့် မျှော်လင့် မထားတဲ့ စစ်ပွဲတွေက မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့ မနက် ၁၁ နာ ရီ လောက်မှာ မိတ်စာဝ ကျေးရွာရဲ့ အထက် ကောင်းကင်ယံတခုလုံး လေယာဉ်သံတွေ ဆူညံနေသလို ဘေးပတ် ဝန်းကျင် ရွာတွေဘက်ကနေ ပေါက်ကွဲသံတွေကြားရတော့ သူမတို့ ရွာထဲမှာလည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန် ပါတယ်။
“သူ့ အဖေက (ခင်ပွန်း) မိန်းမရေ အထဲမှာဝင်၊ အထဲမှာဝင်၊ ဒီဘက်ကို ဘာဖြစ်လို့ပစ်ချတာလဲမသိဘူး၊ ဟိုဘက်မှာ မီးတောက်တွေကြီးပဲ။ အထဲမှာဝင်တော့ဆိုပြီး ပြောသံကြားတယ်” လို့ အပြင်မှာ ဝက်စာကျွေးရာကနေ အိမ်ထဲ ပြေးဝင်လာတဲ့ ခင်ပွန်းဖြစ်သူက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
မိတ်စာဝရွာ အပြင်ဘက်ကနေ လေယာဉ်သံနဲ့အတူ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတွေကို နီးနီးကပ်ကပ် ကြားလာ ရတော့ အိမ်အပြင်မှာ လေးလသားအရွယ် ကလေးငယ်ကို နို့တိုက်နေတဲ့ ဒေါ်ခင်သန်းနုနဲ့အတူ ခင်ပွန်းသည်ရော ကလေးတွေပါ အိမ်ထဲကို အမြန် ဝင်ပုန်းခဲ့ပါတယ်။
သိပ်မကြာလိုက်ခင်မှာပဲ ဘေးက အစ်မဖြစ်သူရဲ့ အိမ်ကို လက်နက်ထိမှန် ပေါက်ကွဲခဲ့ပါတယ်။ ပြင်းထန်လွန်းတဲ့ ဒီပေါက်ကွဲမှုဟာ သူမတို့ အိမ်ကိုပါ ထိမှန်ခဲ့ပြီး နေအိမ် ခေါင်မိုးတခုလုံး ပွင့်ထွက်သွားခဲ့ပါတယ်။ ပေါက်ကွဲတဲ့ အ ရှိန်ကြောင့် ပတ်ဝန်းကျင် တခုလုံးကို မမြင်နိုင်လောက်အောင် အခိုးအငွေ့တွေ မှုန်မှိုင်းကျသွားခဲ့ပါတယ်။
ထိတ်လန့်တကြားနဲ့ ကလေးတွေကိုခေါ်ကာ အခိုးအမှုန်တွေကြား စမ်းတဝါးဝါးနဲ့ ပေါက်ကွဲမှု မဖြစ်တဲ့ အိမ်ဘက် ကို ရှာပြီး ပြေးကြပါတယ်။ ရုတ်တရက် သတိထားမိလိုက်ချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ သူတို့နဲ့ အတူ ပါမလာခဲ့ တော့ပါဘူး။ ကျန်ရစ်ခဲ့တဲ့ ဖခင်ဖြစ်သူကို ခေါ်ဖို့ သားလတ်ကို လွှတ်လိုက်ပေမယ့် ငိုသံသာထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
သေချာအောင် နောက်ထပ်သွားကြည့်တဲ့ သားဆီက ပြန်ကြားရတဲ့ အသံက “အမေရေ အဖေ ဆုံးသွားပြီ” တဲ့။ ဒေါ်ခင်သန်းနု အတွက်တော့ ကမ္ဘာပြိုလေပြီ။ ကလေးတွေ အတွက်ကတော့ ပေါက်ကွဲမှုတွေထပ်ဖြစ်မှာကို စိုးရိမ် နေတဲ့ကြားမှာ အားကိုးစရာက အမေတစ်ယောက်သာ ရှိပါတော့တယ်။
“အဖေလည်း မရှိတော့ဘူး၊ ဘယ်လိုလုပ်မှာလဲ ဆိုတော့။ အဲ့ဒါနဲ့ ကလေးတွေက ကျမကို ဖက်ပြီးမှ သားအမိတွေ အထက်တန်းကျောင်းကို ထွက်ပြေးကြတယ်” လို့ စစ်ပွဲအတွင်း တွေ့ကြုံခဲ့ရတာကို ဒေါ်ခင်သန်းနုက ပြန်ရှင်းပြပါ တယ်။
အသက်ရှင်ကျန်နေတဲ့ ကလေးတွေရဲ့ လုံခြုံရေးအတွက် ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို လှည့်မကြည့်နိုင်ခဲ့တဲ့ အ ပေါ်မှာလည်း ဒေါ်ခင်သန်းနု တယောက် စိတ်ထိခိုက်နေပုံရပါတယ်။ လေယာဉ်ရှင်းသွားတဲ့ ညနေ ၆ နာရီလောက် မှာတော့ သူမရဲ့ အစ်ကိုကြီးနဲ့ ဆွေမျိုးသားချင်းအချို့က ခင်ပွန်းဖြစ်သူရဲ့ ရုပ်အလောင်းကို ဖြစ်သလိုပဲ သင်္ဂြိုလ် ပေးလိုက်ကြရပါတယ်။
“ကောင်းကောင်း မွန်မွန်တော့ မဟုတ်ဘူးပေါ့။ အဲ့လိုမျိုး ကပြာကယာလေးနဲ့ပဲ တွင်းကိုတစ်တောင်လောက် တူး ပြီးမှလေ နှစ်လောင်းသုံးလောင်းကို မဆန့်တဆန့်နဲ့ ပုံပြီးတော့ ထည့်လိုက်ရတာပေါ့” လို့ ရှင်းပြနေတဲ့ ဒေါ်ခင် သန်းနုရဲ့ အသံက တိုးဝင်သွားပါတယ်။
ကလေးတွေနဲ့ အတူ မိတ်စာဝ ကျေးရွာ စာသင်ကျောင်းမှာ တညတာ သွားရောက်ခိုလှုံခဲ့တဲ့ သူမတို့မိသားစု ဟာ နောက်တနေ့မှာပဲ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေရဲ့ ခေါ်ဆောင်မှုနဲ့ ယမ်းငွေ့ မပြယ်သေးတဲ့ ဇာတိရွာ လေးကို ထားရစ်ခဲ့ကာ ဆမီးမြို့ပေါ်ကို ထွက်ခွာခဲ့ကြပါတယ်။
“ဘာတခုမှ မယူခဲ့ရဘူး၊ ခန္ဓာကိုယ်မှာရှိတဲ့ဟာ အဝတ်တထည် ကိုယ်တခုပဲ ကလေးကိုပွေ့ပြီးတော့မှ ဒီအ တိုင်းပဲ ထွက်ပြေးတာ” လို့ ဒေါ်ခင်သန်းနုက ဆိုပါတယ်။
စစ်ပွဲ အနိဌာရုံနဲ့ မကြုံရခင် တရွာလုံးမှာ အစုံဆုံးနေရာလို့ ပြောလို့ရတဲ့ မိသားစုပိုင် ကုန်စုံဆိုင်မှာ သူမက အ ထည်ရောင်း၊ ခင်ပွန်းက ကုန်ပစ္စည်းရောင်းပြီး လင်မယားနှစ်ယောက် တက်ညီလက်ညီ လုပ်ကိုင်စားသောက် ခဲ့ကြတာပါ။
ဒီဝင်ငွေနဲ့ ကလေးတွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေး အတွက်လည်း လုံလုံလောက်လောက် ပံ့ပိုးနိုင်ခဲ့သလို ကိုယ့် အိမ်၊ ကိုယ့်ခြံနဲ့ အတူ မပူမပင် မကြောင့်မကျဘဲ မိသားစု ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။
ဒီလို ပျော်ရွှင်တည်ငြိမ်တဲ့ မိသားစုဘဝလေးဟာ စစ်ပွဲတွေအောက်မှာ စက္ကန့်ပိုင်းအတွင်း ကြေမွပျက်စီးခဲ့ရပါ တယ်။ ကိုယ်တိုင်က ဖန်တီးခဲ့တာမဟုတ်၊ ဖိတ်ခေါ်ခဲ့တာ မဟုတ်တဲ့ စစ်ပွဲထဲမှာ ဒေါ်ခင်သန်းနုတို့ မိသားစု မြေ ဇာပင် ဖြစ်ခဲ့ရပါပြီ။
ဒီဖြစ်ရပ်ဆိုးကြောင့် ဒေါ်ခင်သန်းနုတို့ မိသားစု အပါအဝင် မိတ်စာဝ ကျေးရွာခံတွေနဲ့ အနီးအနားရွာတွေက ရွာသူ၊ ရွာသားတွေ အကုန်လုံး အိုးအိမ်တွေကို စွန့်ပြီး တိုက်ပွဲတွေနဲ့ အလှမ်းဝေးတဲ့ ဆမီးမြို့ပေါ်က ဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံကြရပါတယ်။ ဒုက္ခသည် စခန်းမှာလည်း နေရာမဆံ့လို့ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ အကူအညီ တောင်းပြီး နေထိုင်ရသူတွေလည်း ရှိကြပါတယ်။
ဒေါ်ခင်းသန်းနုတို့ မိသားစုကတော့ ဆမီးမြို့ပေါ်က ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး အိမ်လေးမှာ ခိုလှုံနိုင်ခဲ့ပါတယ်။ အိမ်တွင်း ပရိဘောဂတွေ ဘာမှမရှိပေမယ့် ကောင်းကောင်း ခိုလှုံနိုင်တဲ့အခြေအနေပါ။ ဒီအိမ်လေးဟာ သူမရဲ့ ခင်ပွန်း ဖြစ်သူက သားသမီးတွေရဲ့ အနာဂတ်ပညာရေး အတွက် မြို့ပေါ်မှာ ကျောင်းတက်တဲ့ အခါ သုံးနိုင်ဖို့ ဆောက်ခဲ့တဲ့ ယာယီ အိမ်လေး ဖြစ်ပါတယ်။
စစ်ဘေးကနေ လွတ်လာပြီလို့ ပြောလို့ရပေမယ့် ဒေါ်ခင်သန်းနုတို့ သားအမိတွေ အငတ်ဘေးကို ထိပ်တိုက်ရင်ဆိုင် ရပြန်ပါတယ်။ ပလက်ဝ မြို့နယ် အတွင်းမှာ တိုက်ပွဲတွေက မရပ်တန့်သေးတာကြောင့် အလုပ်အကိုင်မရှိ၊ ဝင်ငွေမ ရှိတဲ့အပြင် ဝတ်စရာ အဝတ်အစားက စလို့ စားစရာ ဆန်အဆုံး အလှူရှင်တွေအပေါ် မှီခိုနေကြရပါတယ်။
အထောက်အပံ့ပစ္စည်းတွေဟာလည်း လုံလောက်မှုမရှိသလို အချိန်မီ ရဖို့လည်း လမ်းခရီး လုံခြုံရေးကြောင့် ခက်ခဲ နေပါတယ်။ စစ်ဘေး ဒုက္ခသည်တွေအတွက် ပြည်သူတွေနဲ့ အဖွဲ့အစည်းအသီးသီးက လှူဒါန်းတဲ့ စားနပ်ရိက္ခာ တွေ မကြာခန ဆိုသလို လမ်းခရီးမှာ ဖြတ်လုခံရမှုတွေ ကြုံရတဲ့ အတွက်လည်း လက်နက်ကိုင်တွေ သနားမှ စားရမယ့် အဖြစ်ရယ်ပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ ညကလည်း ဒုက္ခသည်တွေအတွက် ဆန်သယ်လာတဲ့ World Food Program (WFP) ရဲ့ မော်တော်ယာဉ် ၅ စီးဟာ လမ်းခုလတ်မှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ ခရီးနှောင့်နှေးခဲ့ရပါတယ်။
ဖခင်ကွယ်လွန်သွားပြီးတဲ့နောက် သားသမီး ၈ ယောက် မိခင်ဖြစ်တဲ့ သူမအနေနဲ့ ၄ လသား အရွယ် ကလေးငယ် ကို ရင်ဝယ်ပိုက်ကာ မိသားစု ဝန်ကိုထမ်းဖို့ မလွယ်ကူဘူးဆိုတာကို ကျောင်းနေအရွယ် ဆယ်ကျော်သက် သမီးတွေ က စဉ်းစားလာကြပါတော့တယ်။
သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ဟာ တိုက်ပွဲကပြေးလာပြီး တပတ်အကြာမှာ မိခင်ကို ကူညီဖို့ အတွက် “အမေရယ် အလုပ်သွားမယ် ညီမလေးတွေ၊ မောင်လေးတွေ ဘယ်လိုလုပ် စာသင်လို့ရမှာလဲ” ဆိုပြီး စက် ချုပ် အလုပ် လုပ်ဖို့အတွက် ရန်ကုန်မြို့ပေါ်ကို တက်သွားခဲ့ကြပါတယ်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ။ ဝမ်းရေးအတွက် လူတိုင်းကြောက်ကြတဲ့ Covid-19 ကူးစက်ရောဂါကို အံတုပြီး ရန်ကုန်ကို ရောက်လာပေမယ့် ရန်ကုန်မြို့ပေါ်မှာလည်း ရောဂါပြန့်ပွားမှုတွေ ရှိနေတာကြောင့် အပြင် ထွက်ခွင့် ကန့်သတ်တာတွေ ရှိနေလို့ အခုထိ အလုပ်မရကြပဲ သူငယ်ချင်းအိမ်မှာ သောင်တင်နေခဲ့ကြပါတယ်။
လသားကလေးငယ်နဲ့ ဒေါ်ခင်သန်းနုမှာလည်း အရင်က နို့ထွက်နည်းရုံသာ ဖြစ်ခဲ့ပေမယ့် ရွာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု နောက်ပိုင်း ဘာကြောင့် မှန်းမသိ နို့ပါ ခမ်းသွားတာကြောင့် ကလေးကို နို့တိုက်ဖို့ အတွက်ပါ အခက် အခဲ ဖြစ်ရ ပြန်ပါတယ်။ နို့မှုန့် ဝယ်ဖို့ အခက်အခဲရှိနေတဲ့ အတွက် ၁၅၀ ကျပ်တန် နို့မှုန့်တစ်ထုပ်ကို တရက်စာ လောက်ငှအောင် ရေများများရောပြီး ကလေးအတွက် အသက်ဆက် နေရပါတယ်။
ဒီလို အခက်အခဲ မျိုးစုံကို ရင်ဆိုင်နေရတာဟာ ဒေါ်ခင်သန်းနုတယောက်တည်း မဟုတ်ပါဘူး။ သူမရဲ့ အစ်မဖြစ် သူ အသက် ၄၀ ကျော်အရွယ် ဒေါ်လဆန်းလည်း အပါအဝင်ပါ။
ပစ်ခတ်မှုမဖြစ်ခင်မှာ ဒေါ်လဆန်းတို့ မိသားစု မနက်စာစားပြီး အိမ်အောက်မှာ ရေနွေးကြမ်း သောက်နေကြတာ ဖြစ်ပါတယ်။ လေယာဉ်သံ ဆူညံပြီး သူမတို့ အိမ်တည့်တည့်ကို ကျည်ဆံကျရာက် ပေါက်ကွဲခဲ့ချိန်မှာတော့ သူမ ခေါင်းထိမှန်ကာ သတိလစ်မေ့မျောခဲ့ပါတယ်။ ဆေးရုံရောက်ပြီး သတိရချိန်မှာမှ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေ ဆုံးခဲ့တဲ့ သားတယောက်အကြောင်းနဲ့ ကျည်စမှန်လို့ ဝမ်းဗိုက်က အူထွက်ပြီး ဆေးရုံတက်နေရတဲ့ သားအ ကြောင်းကို သိခဲ့ရပါတယ်။
ကျန်ရစ်နေတဲ့ သားတစ်ယောက်နဲ့ သူမခင်ပွန်းကတော့ ဆေးရုံတက်နေတဲ့ သားကို ကြည့်ရှုနေရပြီး ခေါင်းဒဏ်ရာ နဲ့ လက်ကျိုးဒဏ်ရာ ရခဲ့တဲ့သူမကတော့ ဆေးရုံကဆင်းပြီး ညီမဖြစ်သူ ဒေါ်ခင်သန်းနုတို့အိမ်မှာ ခိုလှုံနေရပါတယ်။
ဒါပေမဲ့ အားလုံးဟာ ဒုက္ခသည်ချင်းအတူတူမို့ ညီအစ်မနှစ်ယောက် ဘယ်သူ့၊ ဘယ်သူမှ မကူညီနိုင်ဘဲ တအိမ် တည်းစုပြီး ဒုက္ခရောက်နေကြရပါတယ်။
ဒေါ်ခင်သန်းနုတို့ ညီအစ်မတွေလိုပဲ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လင်ဆုံး သားဆုံး၊ အိမ်တွေဆုံးရှုံးပြီး မိသားစုဘ၀ ပျက်ခဲ့ကြတဲ့ ချင်းတိုင်းရင်းသူ အမျိုးသမီးတွေဟာ ပလက်ဝမြို့နဲ့ ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင် အဖြစ် ခိုလှုံနေကြရပါတယ်။
စစ်ပြေးဒုက္ခသည် စုစုပေါင်းဟာ ဧပြီ ၃၀ ရက်နေ့အထိ ၆၅၈၄ ဦး ရှိပြီး အမျိုးသမီးဦးရေဟာ ၇၀ ရာခိုင်နှုန်း လောက် ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ RRCCI (Relief and rehabilitation Committee for Chin IDPs) က ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ဆိုပါတယ်။
သေနတ်သံတွေကြားထဲမှာ စားဝတ်နေရေး လုံခြုံမှုမရှိဘဲ အလှူရှင်တွေဆီကပေးမယ့် ဆန်တွေကိုသာ စောင့်မျှော် နေကြရတဲ့ ချင်းအမျိုးသမီး ဒုက္ခသည်တွေအားလုံးကတော့ အရာရာ ကြပ်တည်းခက်ခဲနေတဲ့ ဒုက္ခသည်ဘဝကနေ သူတို့ရဲ့ အရင်ဘဝလေးအတိုင်း ကျေးရွာ တောင်ယာတွေဆီကို ပြန်ချင်နေကြပါတယ်။
ပစ်ခတ်မှုကြောင့် သားရော အိမ်ပါ ဆုံးရှုံးခဲ့တဲ့ ဒေါ်လဆန်းက “ဘာမှမလိုချင်ပါဘူး ကျမရဲ့ မူလအတိုင်းတော့ လိုချင်တာပေါ့။ ဆုံးသွားတဲ့ သားတွေကိုတော့ လိုချင်တာပေါ့။ ဒါပေမဲ့ မကျေနပ်ရင်လည်း ဘယ်လိုလုပ်လို့ရမှာလဲ။ မရသင့်တဲ့ အရာတွေကို ကျမ မတောင့်တတော့ပါဘူး။ သား သမီးတွေ အတွက်တော့ လိုအပ်တာပေါ့။ ကျမဒါမျိုးတွေပြောရင် ကျမ မျက်ရည်ကျပါတယ်” လို့ ပြောနေရင်းက အသံကဝမ်းနည်းဆို့နင့်သံနဲ့ တိုးဝင်သွားပါတယ်။
ဒေါ်ခင်သန်းနုကတော့ စစ်ပွဲတွေထပ်ဖြစ်မလား စိုးရိမ်စိတ်၊ ကလေးတွေရဲ့ လုံခြုံရေး၊ လသားအရွယ် သမီးငယ်အ တွက် နို့မှုန့်ဖိုး၊ နေ့စဉ်စားဖို့ ဆန်၊ ကျောင်းဖွင့်ရာသီကျရင် ကလေးတွေအတွက် ကျောင်းစရိတ်၊ နေရပ်ပြန်ခွင့် ရခဲ့ ရင်တောင် မိသားစုဘ၀ ဘယ်လိုပြန်ရုန်းထရမလဲ စတဲ့ မရေတွတ်နိုင်တဲ့ သောကတွေနဲ့ အခုထိ စိတ်နဲ့လူနဲ့ မကပ် နိုင်သေးပဲ အိပ်မက်လို ဖြစ်နေဆဲပါ။
“ကလေးတွေကို ကြည့်ပြီးတော့လည်း သနားတယ်၊ ကလေးတွေကလည်း အိမ်ပြန်မယ် အမေတဲ့။ မသိတဲ့ ကလေး ကျပြန်တော့လည်း အဖေအိမ်မှာ ရှိမှာပါ အဲ့လိုမျိုး။ သူတို့မှာက အခုအခက်အခဲ ကြုံနေရတာကို သိတစ်ဝက်၊ မသိတစ်ဝက် ဖြစ်နေတော့ ထမင်းစားမယ်၊ ထမင်းစားရမယ် အဲ့တာပဲသိတာ။ ပြီးရင် အမေတဲ့၊ မကြာခင် ကျောင်း ဖွင့်တော့ ငါတို့ဘယ်မှာ ကျောင်းနေရမှာလဲ၊ အဲ့လိုပဲ မေးတာ ကျမမှာ ခံစားနေရတာ မျက်ရည်တစ်ခုပဲ ရှိတော့တာ” လို့ မိသားစုအတွင်းမှာ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဒေါ်ခင်သန်းနုက ရှင်းပြပါတယ်။
စစ်ပွဲတွေအကြား မြေဇာပင်ဖြစ်ခဲ့ရတဲ့ သူတို့တွေအတွက် မေးခွန်းပေါင်း များစွာကလည်း ရင်နဲ့အပြည့် ရှိနေကြပါ တယ်။ အခုလို သူတို့ကို ဒုက္ခ ရောက်အောင် လုပ်တာ ဘာကြောင့်လဲ၊ ဘယ်သူ့အတွက်လဲ၊ အခုလို ဒုက္ခတွေ ပေးသွားပြီး ဘယ်သူတွေက သူတို့ကို ကယ်တင်မှာလည်း၊ ဒုက္ခတွေကို ကုစားပေးမှာလဲဆိုတဲ့ မေးခွန်းတွေပါ။
ဒီလိုမေးခွန်းတွေကို ဒေါ်ခင်သန်းနုတို့ ညီအမတင်မကပါဘူး။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အမျိုးသမီးတွေလည်း ဒီလိုပဲ တွေးတောမိကြမှာပါ။ အခုတော့ သူမတို့ဟာ ကိုယ်တိုင်မဖန်တီးခဲ့တဲ့ စစ်ပွဲ၊ ကိုယ်တိုင် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ကို အပြစ်မဲ့ ပေးဆပ်နေကြရ ရှာပါတယ်။
ဒေါ်ခင်သန်းနု က “ကျမတို့ကို ဒီအတိုင်းပဲ ထားတော့မလား၊ အရင်ကလို မိသားစုနဲ့အတူတူ လုပ်ကိုင် စားသောက် ရဦးမလား” ဆိုပြီး စိုးရိမ်စိတ်နဲ့ သူသိချင်တာတွေကို မေးရှာပြန်ပါတယ်။
သူတို့ရဲ့ မေးခွန်းတွေအတွက် ဘယ်သူက အာမခံချက် ရှိရှိနဲ့ တာဝန်ယူ ဖြေပေးနိုင်မလဲဆိုတာ ဘယ်သူမှတော့ သေချာ မသိပါဘူး။
တိုက်ပွဲတွေဟာ ပြည်နယ် အတော်များများမှာ ပြည်သူ့အတွက်၊ အမျိုးသားရေး အတွက် ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး တိုက်နေကြပါတယ်။ ဒီစစ်ပွဲတွေကြားက ဒေါ်ခင်သန်းနုတို့လို့ မြေဇာပင် ဘဝတွေအတွက် အမှန်တကယ် အာမခံချက် ပေးမယ့် သူတွေ ထွက်ပေါ်လာဖို့ကိုတော့ ဒုက္ခသည်အမျိုးသမီးတိုင်း ဆက်လက် စောင့်မျှော်နေရဦး မည်သာ။
ဤဆောင်းပါးကို hiburma.net မှတဆင့် ကူးယူဖော်ပြခြင်း ဖြစ်သည်။
You may also like these stories:
စစ်ဘေးရှောင်များအတွက် ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့ AA ထံ ရောက်နေ
ကရင့် တော်လှန်ရေး ခရီးကြမ်းထဲ က ဗိုလ်ထိန်မောင်
ရခိုင်တွင် အစိုးရ ခွင့်ပြုချက်မရဘဲ စစ်ရှောင်စခန်းများ မဆောက်ရန် အမိန့်ထုတ်