မြန်မာနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံကို ပိုင်းခြားထားသည့် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ကရင်တိုင်းရင်းသားများ၏ မိရိုးဖလာပိုင်မြေများပေါ်တွင် မြို့ကြီး ၃ မြို့ထွက်ပေါ်လာနေသည်။ မကြာသေးမီက ထိုဒေသသည် မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားရေး ဝါဒီများအကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ထိခိုက်နစ်နာခဲ့ရသော ဒေသဖြစ်သည်။ ယနေ့တွင်မူ ဟိုတယ်များ၊ ကာစီနိုလောင်းကစားရုံများနှင့် ကွန်ဒိုမီနီယံများသည် တဖွဲ့နှင့် တဖွဲ့အပြန်အလှန် ရန်သူအဖြစ်သတ်မှတ်ထားသည့် ဒေသခံလက်နက်ကိုင်အုပ်စုများနှင့် သံသယဖြစ်ဖွယ် တရုတ်စီးပွားရေးလုပ်ငန်းကွန်ရက်များ ပူးပေါင်းပိုင်ဆိုင်ထူထောင်ထားသည့် ထိုဒေသမှ တရားမဝင် စီးပွားရေးဇုန်များတွင် ပေါ်ပေါက်လာကြသည်။ ထိုမြို့ကြီး ၃ မြို့နောက်ကွယ်မှ သဘောတူညီချက်များအနက် ၂ ခုကို တကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်ကိုသာ အာရုံစိုက်နေချိန်ဖြစ်သည့် ဇန်နဝါရီလနှင့် မတ်လအတွင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာပိုင်နက် စုစုပေါင်း ၁၅၇ စတုရန်း ကီလိုမီတာသည် လောင်းကစားလုပ်ငန်း၊ ငွေကြေးခဝါချခြင်း၊ ဗဟိုဘဏ်ကို အသိအမှတ်မပြုသော အီလက်ထရွန်းနစ်ငွေကြေးနှင့် ရာဇဝတ်ဂိုဏ်းများနှင့်ပင် ပတ်သက်နေသော တရုတ်စီးပွားရေးလုပ်ငန်းများ၏ လက်သို့ ကျရောက်သွားသည်။
ထိုတည်ဆောက်ရေးလုပ်ငန်းများသည် လွန်ခဲ့သော ၃ နှစ်က စတင်ခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ် Sihanoukville ရှိ အင်တာနက်အလောင်းကစားလုပ်ငန်းများ၊ တရားမဝင် ကာစီနိုများနှင့် ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများကို တရုတ်နှင့်ကမ္ဘောဒီးယား ရဲတပ်ဖွဲ့များက ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နှိမ်နင်းသောအခါ အရှိန်ပိုရလာသည်။

ထိုကျူးကျော်ဝင်ရောက်လာခြင်းသည် ပြည်နယ်မှ အရပ်ဖက်အဖွဲ့အစည်းများကို လွှမ်းမိုးခြင်း၊ စီးပွားရေးတွင် ရာဇဝတ်မှုများ အမြစ်တွယ်လာခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိခိုက်စေခြင်းနှင့် ဒေသခံများ၏ အခွင့်အရေးများကို ဆုံးရှုံးစေခြင်းတို့ ဖြစ်မည်ကို စိုးရိမ်ပြီး ကရင်ပြည်နယ်မှ အရပ်သားများအကြား ပူပန်မှုများဖြစ်စေခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံသူများသည် မြန်မာအစိုးရ၏ လုပ်ထုံးလုပ်နည်းများကို ကျော်လွှားရန် မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများကို သံသယဖြစ်ဖွယ် ပြည်ပ အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရန် ခွင့်ပြုခြင်းအားဖြင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးအား ထိခိုက်မှုကို စစ်ဖက်နှင့် အရပ်ဖက်ခေါင်းဆောင်များ မည်သည့်အတွက် မမြင်နိုင်ခဲ့သနည်း။
ထိုကိစ္စသည် ဒေသဆိုင်ရာ ပြဿနာသက်သက်မကပေ။ ထိုစီမံကိန်းများသည် အမေရိကန်အကျိုးစီးပွားအတွက် အဓိက စိန်ခေါ်မှုများလည်းဖြစ်နေသည်။ လက်ရှိအမေရိကန်ပြည်ထောင်စုတွင် လှုပ်ရှားနေသည့် တရုတ် ရာဇဝတ်ဂိုဏ်းများနှင့် သမိုင်းကြောင်းရှည်လျှားစွာ ပတ်သက်ခဲ့သော ပုဂ္ဂိုလ်များသည် ယခု မြန်မာနိုင်ငံ ကရင်ပြည်နယ်သို့ နယ်မြေတိုးချဲ့ကာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဗဟိုချက်သို့ ရာဇဝတ်မှုများကို ယူဆောင်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ ၎င်း၏ အကျိုးစီးပွားအား ရေရှည်တည်တံ့သော ဒီမိုကရေစီကို အားပေးရေး ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုပြုခဲ့ပြီး မကြာသေးမီကဆိုလျှင် တည်ငြိမ်သော ငြိမ်းချမ်းရေး၊ ပဋိပက္ခအဆုံးသတ်ရေးနှင့် ညီမျှသော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုကြောင့် ယင်းစီမံကိန်းများသည် အမေရိကန်နိုင်ငံ၏ ရည်မှန်းချက်များနှင့် လုံးဝဆန့်ကျင်နေပေသည်။
ကရင်ပြည်နယ်မှ ပဋိပက္ခ
ကရင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို နားလည်ရန် ထိုဒေသတွင်းမှ မျက်နှာပြင်များစွာရိသော ပဋိပက္ခကို အကျဉ်းမျှတင်ပြရန် လိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၎င်း၏လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် ၁၉၄၉ ခုနှစ်မှစတင်ပြီး မြန်မာအစိုးရနှင့် စစ်ဖြစ်ပွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ခရစ်ယာန်အများစုဖြစ်သော KNLA မှ အုပ်စုကွဲများစွာ ခွဲထွက်ကြပြီး သီးခြားလက်နက်ကိုင်အဖွဲ့များ ထူထောင်ကြသည်။ အထင်ရှားဆုံးမှာ ၁၉၉၄ ခုနှစ်ကတည်ထောင်သည့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် နောင် ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA) ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်ဖွဲ့စည်းသောကြေညာချက်ကို ထုတ်ပြန်ကြေညာပြီး ထိုအစီအစဉ်အရ ထိုလက်နက်ကိုင်များသည် မြန်မာ့တပ်မတော်၏ ကွပ်ကဲမှုအောက် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် ပိုင်နက်ထူထောင်ခွင့်ရကြသည်။ DKBA သည် ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူ၏ ဦးဆောင်မှုအောက်တွင် ထိုအစီအစဉ်ကို လက်ခံသည်။ စောချစ်သူသည် အထက်ပါ မြို့သစ်စီမံကိန်း ၃ ခုအနက် ၂ ခု၏နောက်ကွယ်မှ ခေါင်းဆောင်ဖြစ်သည်။ မြန်မာ့တပ်မတော်၏ ညွှန်ကြားချက်အရ စောချစ်သူ၏ တပ်များသည် ကရင်နှင့် မွန်ပြည်နယ်မှ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ပါဝင်ကြသည်။
တချိန်တည်းတွင် KNU ကလည်း မြန်မာအစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးသည်။ ယခုငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားသောအခါ KNU ခေါင်းဆောင်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အခြားလမ်းကြောင်းများကို စဉ်းစားလာပြီး သူတို့၏ NCA ပေါ်ထားသော ကတိကဝတ်မှာ ပျက်စီးလုနီးပါးဖြစ်နေသည်။ KNU နှင့် မြန်မာ့တပ်မတော်နှင့်၎င်း၏နယ်ခြားစောင့်တပ်များအကြား တင်းမာမှုများကြောင့် နှစ်ဖက်အကြားတိုက်ပွဲများ ဖေဖေါ်ဝါရီလအထိပင်ဖြစ်ခဲ့သည်။
အတိုအားဖြင့်ဆိုရပါက တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူညီချက်များတွင် ပဋိပက္ခ၏ နှစ်ဖက်လုံးမှ လက်နက်ကိုင်အဖွဲ့များသည် အဆိုပြုရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၆ ဘီလျံရှိသည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်။ နောက်ဆုံးစီမံကိန်းနှင့် ပတ်သက်သည့် ကြော်ငြာချက်များအရ မြေရောင်းဝယ်မှုသက်သက်မှ အကျိုးအမြတ် ဆယ်ဆ ပြန်လည်ရရှိမည်ဟု မျှော်လင့်ရသည်။ အလားတူစွာပင် ယာထိုင်ကုမ္ပဏီ၏ ကြော်ငြာများအရ ယာထိုင်/ရွှေကုက္ကိုစီမံကိန်း၏ စုစုပေါင်းတန်ဖိုးသည် ၂၀၂၇ ခုနှစ်အရောက်တွင် ဒေါ်လာ ၂၀၂.၂ ဘီလျှံတန်ကြေးရှိလာမည်ဟု သိရသည်။ စီမံကိန်း ၃ ခုပေါင်းပါက တရုတ်များဟု ယူဆရသော လူ သိန်းချီ ဝင်ရောက်လာမည်ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ထိခိုက်လွယ်သည့် ပဋိပက္ခဒေသများအနက်တခု ဖြစ်လာမည်။
တည်ဆောက်သူများ၏နောက်ကွယ်
ထိုစီမံကိန်း ၃ ခု၏နောက်ကွယ်မှ တရုတ်လုပ်ငန်းများတွင် တူညီသောအချက် အများအပြားရှိသည်။၎င်းတို့၏ ခေါင်းဆောင်ပိုင်းသည် ရာဇဝတ်ဂိုဏ်းကွန်ရက်များ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများနှင့်အချိတ်အဆက်ရှိကြသည်။ ၎င်းတို့တွင် လက်ရှိ ကာစီနိုလုပ်ငန်းများနှင့် ဗဟိုဘဏ်၏ ထိန်ကျောင်းမှုမရှိသော အီလက်ထရွန်းနစ်ငွေကြေးနှင့်ပတ်သက်နေသော အဖွဲ့အစည်းများရှိကြသည်။ ၎င်းတို့၏လုပ်ငန်းများသည် ရပ်ဝန်းတခု လမ်းတခု အစီအစဉ်နှင့် ဆက်စပ်နေပြီး အဓိကကျသော တရုတ်အစိုးရဌာနများနှင့် ဆက်စပ်သည်ဟု ဆိုကြသည်။ (ထိုအချက်သည် မမှန်ကန်ကြောင်း ထင်ရှားနေသည်။) ကမ္ဘောဒီးယားနိုင်ငံမှ ၎င်းတို့၏လှုပ်ရှားမှုများကြောင့် ကမ္ဘောဒီယားနှင့် တရုတ်ရဲများက ၎င်းတို့ကို ဖြိုခွဲခဲ့ရသည် စသည့်အချက်များသည် ၎င်းတို့အကြား တူညီနေသော အချက်များပင်ဖြစ်သည်။
စီမံကိန်းတခုစီတွင် မတူညီသော ရင်းနှီးမြှုပ်နှံသူအုပ်စုများရှိပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်နေကြသည်။
ယထိုင်းမြို့သစ်စီမံကိန်း / ရွှေကုက္ကို Yatai New City Project (Shwekoko) သည် ၂၀၁၇ ခုနှစ် ဇူလိုင်လက ကရင်နယ်ခြားစောင့်တပ် (BGF)နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ယထိုင်း နိုင်ငံတကာ ဟိုးလ်ဒင်းအုပ်စု (IGH) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။ IHG သည် BGF နှင့် သူ့နောက်ကွယ်မှ မြန်မာ့တပ်မတော်ကို သိမ်းသွင်းပြီး တရားမဝင်ကာစီနိုလုပ်ငန်းဖြိုခွင်းမှုကြောင့် သီဟာနုဗေးလ်မှ ထွက်ခွာလာရသော ရင်းနှီးမြှုပ်နှံသူများထံမှ ငွေအမြောက်အမြားရအောင် လုပ်ဆောင်နေသည်။ ထိုလုပ်ငန်းကို ထူထောင်သူသည် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ပလော Palau တွင် စီးပွားရေး အကျိုးစီးပွားများစွာရှိပြီး အီလက်ထရွန်းနစ်ငွေကြေးရောင်းဝယ်မှု မှတ်တမ်းနှင့်ဖျော်ဖြေရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သည်။ ထိုမြို့တော်သည် ရွှေကုက္ကိုတွင် တခုတည်းသော ခွင့်ပြုချက်ရ ကာစီနို လုပ်ငန်းအဖြစ်ကြော်ငြာပြီး ၎င်း၏ စီးပွားရေး လုပ်ငန်းစီမံချက်တွင် ကာစီနိုသည် အဓိကဝင်ငွေရလမ်းကြောင်းအဖြစ်ဖေါ်ပြသည်။ ဆယ်နှစ်ကြာသောအခါ ဒေါ်လာ ၁၁.၄ ဘီလျံရရှိမည်ဟု မျှော်မှန်းထားသည်။ ထိုမြို့တွင် လူ ၄ သိန်းခွဲနေထိုင်နိုင်အောင် တည်ဆောက်မည်ဟု ဆိုသည်။

ဆိုင်ရှီကန်း စက်မှုဇုန် စီမံကိန်း Saixigang Industrial Zone Project ကို တရုတ်-ကမ္ဘောဒီးယား တရာဥပဒေ စိုးမိုးရေး အစီအစဉ်အရ မောင်းထုတ်ခံရသော တရုတ်စီးပွားရေးုလုပ်ငန်းများကို နေရာပေးရန် ရည်ရွယ်သည်။ (ဆိုင်ရှီကန်းဆိုသည်မှာ တရုတ်ဘာသားစကားဖြင့် သီဟာနုဗေးလ်ထက် ပိုမိုကောင်းမွန်သော နေရာဟု ဆိုလိုသည်။ စီမံကိန်းအကောင်အထည်ဖေါ်သူများ၏ ထုတ်ဖေါ်ကြေညာထားသော ရည်ရွယ်ချက်ဖြစ်သည်။) ထိုစီမံကိန်း၏ နောက်ကွယ်မှ အဓိကခေါင်းဆောင်မှာ အာရှတွင် အမည်ဆိုးအကျော်ကြားဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်များအနက် တဦးဖြစ်သူ ဝန်ကော့ကွိုင် Wan Kuok-kui ဖြစ်သည်။ သူ၏ 14k ဂိုဏ်းကို မက္ကာအိုတွင် လူသတ်မှု ၁၄ မှုဖြင့်စွဲချက်တင်ပြီး ၁၉၉၉ ခုနှစ်တွင် သူ ဖမ်းဆီးထောင်ချခံရသည်။ 14 k မာဖီးယား ဂိုဏ်းသည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီ ကမ္ဘာတဝန်း တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့ဝင် ၂၀၀၀၀ ခန့်ရှိသည်။ တရုတ်ရာဇဝတ်ဂိုဏ်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ ထိုအဖွဲ့သည် အမေရိကန်ပြည်ထောင်စုတွင် ဘိန်းဖြူရောင်းဝယ်ရေး၊ တရားမဝင်လောင်းကစား၊ ငွေညှစ်ခြင်းနှင့် လူကုန်ကူးခြင်းများတွင် ပါဝင်ပတ်သက်နေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်တွင် ထောင်မှလွတ်ပြီးနောက် ဒုံမေအုပ်စုလုပ်ငန်း Dongmei Group ကိုဦးဆောင်သော ဝန်သည် ကမ္ဘောဒီးယား အိမ်ခြံမြေလောကသို့ ဝင်ရောက်ပြီးနောင်တွင် ဗဟိုဘဏ်က ထိန်းကျောင်းခြင်းမရှိသည့် ငွေကြေးဖြစ်သော traid coin ကို စတင်လုပ်ကိုင်သည်။ မလေးရှား စီးပွားရေးသမားတဦးနှင့် ဖက်စပ်လုပ်ကိုင်သော ဝန်၏ ဒုံမေအုပ်စုသည် ဆိုင်ရှီကန်းဇုံတွင် ရင်းနှီးမြှုပ်နှံသူ ဖြစ်ဖွယ်ရှိသည်။
ဟွမ်ယာ နိုင်ငံတကာ မြို့တော် စီမံကိန်းသည် KNU ထိန်းချုပ်သော ဒေသ မြဝတီတွင် တည်ရှိပြီး KNU အလုပ်အမှုဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးဌာန အကြီးအကဲ စောရော်ဂျာခင် ပါဝင်ပတ်သက်နေသည်။ ထိုစီမံကိန်း၏ တရုတ်ရင်းနှီးမြှုပ်နှံသူများတွင် ဟွမ်ယာလုပ်ငန်းနှင့် သီဟာနုဗေးလ် စီးပွားရေးလုပ်ငန်းများ အသင်းချုပ်တို့ပါဝင်သည်။ ကုမ္ပဏီတခုသည် ထိုဇုန်တွင် ကာစီနိုလောင်းကစားရုံ စတင်တည်ဆောက်နေပြီဖြစ်သည်။ KNU စီးပွားရေး ကော်မတီက ထိုစီမံကိန်းကို အတည်ပြုခြင်းမရှိသောကြောင့် စောရော်ဂျာခင်သည် သူ့သဘောနှင့် သူ လုပ်ဆောင်နေခြင်းဖြစ်သလော သို့မဟုတ် NCA အရ တပ်မတော်နှင့် ဆက်ဆံရေးပျက်စီးသွားမည့်အရေး အကာအကွယ်ရရန် အကျိုအမြတ်များသော ဝင်ငွေရရှိရေး BGF နှင့်အပြိုင် KNU က ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေခြင်း ဖြစ်သလောဟု မေးခွန်းထုတ်စရာဖြစ်နေသည်။ လက်တွေ့တွင် KNU သည် တရုတ်ရင်းနှီးမြှုပ်နှံသူအချို့၏ ရာဇဝတ်မှု သမိုင်းကြောင်းနှင့် ကရင်ပြည်နယ်မှ ကြီးမားသော ဒေသများကို ထိန်းချုပ်မည့် ရည်ရွယ်ချက်ကို နားလည်ပုံမရပေ။ ဥပမာအားဖြင့်ဆိုရပါက ရွှေကုက္ကိုစီမံကိန်းတွင် ဒိုင်လန်ရှဲ Dylan She အမည်ခံပြီး လုပ်ကိုင်နေသည့် အဓိက ရင်းနှီးမြှုပ်နှံသူသည် ထိုမြို့ကို သူ၏ မြို့အဖြစ် ပြောဆိုနေပြီး ထိုဒေသမှ သူ၏ လုပ်ဆောင်မှုများကို မြန်မာအစိုးရက လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်အောင် လုပ်ဆောင်မှုများကို အများအားဖြင့် လျစ်လျူရှုထားသည်။

ကမ္ဘာ့ စိုးရိမ်ပူပန်မှုများ
ထိုစီမံကိန်းသုံးခုသည် ကရင်ပြည်နယ်အတွက်သာမက မြန်မာတနိုင်ငံလုံးအတွက်နှင့် ပိုမိုကျယ်ပြန့်စွာဆိုရလျှင် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေးအတွက် စိုးရိမ်ပူပန်မှု များစွာကို ဖြစ်စေသည်။
သီဟာနုဗေးလ်မှ တရားမဝင်လောင်းကစားလုပ်ငန်းသည် ကြီးမားသော အိမ်ခြေမြေ ဈေးကွက် ပူဖေါင်းကို ဖြစ်စေပြီး ဒေသခံပြည်သူများကို မြို့မှ မောင်းထုတ်လိုက်သည်။ ထိုမြို့မှ တဖြည်ဖြည်း တရုတ်မှုပြုခြင်းသည် တရုတ်ဘာသာစကားမတတ်ဘဲ မြို့တွင် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲလာသောကြောင့် ဒေသခံများကို ထပ်မံမောင်းထုတ်လိုက်ပြန်သည်။ ကာစီနိုများသည် ၎င်းတို့နှင့်အတူ တရုတ်မာဖီးယားများကို ခေါ်ဆောင်လာပြီး ၎င်းတို့သည် ဒေသခံရဲတပ်ဖွဲကို တိုက်ခိုက် သို့မဟုတ် စည်းရုံးသိမ်းသွင်းခဲ့ကြသည်။
တနေ့တခြား ဥပဒေကင်းမဲ့လာသောကြောင့် နောက်ဆုံးတွင် ကမ္ဘောဒီးယား အစိုးရသည့် ၎င်းတို့ကို ဖြိုခွဲရန် တရုတ်အစိုးရ၏ အကူအညီကို တောင်းခံရသည်။ တချိန်တည်းတွင်လည်း ကမ္ဘောဒီးယားသည် ငွေကြေးခဝါချမှု များပြားလာသောကြောင့်နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုလည်း မရတော့ပေ။ တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ စီမံကိန်းအရွယ်အစားနှင့် အတိုင်းအတာအရ ထိုမြို့သစ်စီမံကိန်းများသည် ကရင်ပြည်နယ်၏ ထိခိုက်လွယ်မှုများကြောင့် သီဟာနုဗေးလ် ထက်ပင် ပိုမိုဆိုးကျိုးများနိုင်သည်။
ရပ်ဝန်းနှင့် လမ်းအစီအစဉ်နှင့်ဆက်စပ်မှု
အများပြည်သူသို့ ထုတ်ပြန်သော ကြော်ငြာများတွင်မူ ထိုလုပ်ငန်း ၃ ခုတို့သည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အောက်တွင် လုပ်ကိုင်နေကြောင်း ဖေါ်ပြကြပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် တရုတ်အစိုးရ၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့အပြင် BRI အပေါ် ရာဇဝတ်မှု အရိပ်လွှမ်းပြီး ထိုလုပ်ငန်များသည် တရုတ်တရားဥပဒေ စိုးမိုးရေးအတွက်လည်း တန်ဖိုးကြီမားစွာပေးဆပ်ရမည်ဖြစ်သည်။
လူအများစိတ်ဝင်စားနေတဲ့ ရွှေကုတ္ကို က တရုတ်မြို့သစ်စီမံကိန်း (ရုပ်/သံ)
ထိုစီမံကိန်းများကို ဖြတ်တောက်ပစ်ရေး မြန်မာအစိုးရကို ကူညီရန်ပျက်ကွက်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စီးပွားရေးနှင့် ဘဏ်လုပ်ငန်းတွင် အဂတိလိုက်စားမှုကို ခွင့်ပြုခြင်းဖြင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုကို အားမပေးရန်ကြိုးစားနေသည်ဟူသော အမြင်များကို အလွယ်တကူ ဖြစ်စေနိုင်သည်။ ရှုပ်ထွေးသော တရုတ်ရာဇဝတ်ဂိုဏ်း ကွန်ရက်များ တနိုင်ငံလုံးတွင် ပျံ့နှံ့နေခြင်းကို အချို့သော တရုတ်အရာရှိများက မြန်မာနိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာကမ်းခြေတွင် ထာဝရ ခြေကုပ်ယူရေး နိဒါန်းဟု မြင်ကောင်းမြင်ကြမည်ဖြစ်သည်။ ကမ္ဘောဒီးယားတွင် ဖြစ်ပျက်သကဲ့သို့ နေပြည်တော်သည်လည်း အခြေအနေကို ထိန်းချုပ်ရေး တရုတ်ရဲများနှင့် အစိုးရဌာနများကို ဖိတ်ခေါ်ရန် ရာဇဝတ်မှုများပြားခြင်းက တွန်းအားပေးလိမ့်မည်ဟု မြင်ကြမည်ဖြစ်သည်။ ယထိုင်း လုပ်ငန်းအနေဖြင့် ကရင်ပြည်နယ် အစိုးရအပေါ်တွင် ကြီးမားသော ကူးစက်ရောဂါကာကွယ်ရေး အကူအညီများဖြင့် သြဇာထူထောင်ခြင်းကို တရုတ်အာဏာပိုင်များက မည်သည့်အတွက် ထောက်ခံကြောင်း အဆိုပါ အစီအစဉ်တို့က ရှင်းပြနေသည်။
ကိုဗစ်-၁၉ နှင့် မှေးမှိန်လာသော ငြိမ်းချမ်းရေး အလားအလာ
မြန်မာနိုင်ငံသည် ကမ္ဘာ့အခြားသော နိုင်ငံများကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်အကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်နေရသည်။ တချိန်တည်းတွင် ထိုစီမံကိန်းများမှ တရုတ်ရင်းနှီး မြှုပ်နှံသူများသည် အိမ်ရာများနှင့် ကာစီနိုများတည်ဆောက်ခြင်းဖြင့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို ဆန့်ကျင်ရန် အမေရိကန်နှင့်မဟာမိတ်များက ကူညီခြင်းမရှိပါက မြန်မာအစိုးရအနေဖြင့် ကာကွယ်ရန် စွမ်းရည်မရှိဖြစ်နေမည်။ လက်နက်ကိုင် အင်အားစုများသည် သြဇာတက်လာပြီး ကရင်ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် နိုင်ငံခြားသားပိုင်ဆိုင်မှု၏ သားကောင်ဖြစ်လာကာ ထိုထိခိုက်လွယ်သော ဒေသတခုလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှု ပုံစံသစ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။
(Jason Tower သည် U.S. Institute of Peace ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ပြီး Priscilla A. Clapp သည် မြန်မာနိုင်ငံတွင် အမေရိကန်သံရုံး တာဝန်ခံအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် တာဝန်ထမ်းခဲ့ဖူးသည်။ ၎င်းတို့ ၂ ဦးရေးသားသော Chinese Crime Networks Partner with Myanmar Armed Groups ဆောင်းပါးကို U.S. Institute of Peace ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆို ဖော်ပြသည်။)
You may also like these stories:
မြန်မာတွေ ဆောက်တဲ့ လာအိုက တရုတ်ကက်စီနိုသို့ အလည်တခေါက်
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ