သူတို့ကို အင်တာနက်တွင် မြင်ဖူးကောင်း မြင်ဖူးကြပါလိမ့်မည်။ အနက်ရောင် အနောက်တိုင်းဝတ်စုံများ၊ နေကာမျက်မှန်များနှင့် ပြောင်လက်နေသည့် သားရေ ရှူးဖိနပ်များ ဝတ်ဆင်ထားသည့် အမျိုးသား ၆ ယောက်က လူသေထည့်ထားသည့် အခေါင်းတခုကို သယ်ယူရင်း techno စည်းချက်နှင့် ကခုန်နေကြသည်။
သူတို့က ဂါနာနိုင်ငံမှ အခေါင်းသယ်သည့် ကချေသည်များဖြစ်ကြသည်။ ဝမ်းနည်း ပူဆွေးနေသူများက ဝမ်းနည်းမှုကြားမှ ပြုံးနိုင်ရန် လုပ်ဆောင်ပေးနေသည်မှာ ကာလ ကြာမြင့်ခဲ့ပြီ။ သူတို့သည် အသုဘတွင် ဖျော်ဖြေသူများ ဖြစ်ကြသည်။
Covid-19 ကပ်ရောဂါ မြင့်တက်လာသည့်အချိန်တွင် သူတို့က (ပြည်သူများကို) အိမ်မှာနေကြရန် ဆော်ဩကြသည့် လှုပ်ရှားမှု၏ မျက်နှာစာများ မထင်မှတ်ဘဲ ဖြစ်လာခဲ့ကြသည်။ အန္တရာယ်များသည့် အမူအကျင့်များအတွက် သတိပေးချက်တခု အနေဖြင့် သေမင်း၏ ရယ်စရာကောင်းသည့် တမန်တော်များအဖြစ် သူတို့ကို ဖော်ပြလာကြသည်။
ကပ်ရောဂါကြောင့် သေဆုံးမှုများ မြင့်တက်နေချိန်တွင် ရှောပင်းမောလ်တခုကို ပြန်ဖွင့်နေပါသလား။ အခေါင်းသယ်သည့် ကချေသည်များ သတိပေးနေသည်။
Covid-19 အဖြစ်များသည့် နေရာတခုအား ပိတ်ဆို့ထားခြင်းကို ဆန္ဒပြနေပါသလား။ အခေါင်းသယ်သည့် ကချေသည်များက သတိပေးနေသည်။
အစားမစားခင် လက်ဆေးရန် မေ့လျော့နေပါသလား။ အခေါင်းသယ်သည့် ကချေသည်များက သတိပေးနေသည်။
တရုတ်၊ ဘရာဇီးနှင့် အမေရိကန်မှ ပြည်သူများက ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ စတင်ပေါ်ပေါက်သည့် အချိန်ကတည်းက ထိုဗီဒီယိုများကို တခုပြီးတခု ဝေမျှနေခဲ့ကြသည်။ ကြည့်ရှုသူ သန်းပေါင်းများစွာဖြင့် အခေါင်းသယ်သည့် ကချေသည် များတွင် နိုင်ငံတကာမှ ပရိသတ်များ ရှိလာကြသည်။
မည်သို့ဖြစ်သွားသည်ကို အဖွဲ့ ဦးဆောင်သူဖြစ်သော Benjamin Aidoo သေသေချာချာ မသိပါ။ မတ်လ မနက်ခင်းတခု၌ သူအိပ်ရာမှ နိုးလာသည့် အချိန်တွင် သူ၏လှုပ်ရှားမှု ပုံရိပ်များကို နေရာတိုင်းတွင် မြင်တွေ့လိုက်ရသည်။
“အဲဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် ပျော်စရာလည်း ကောင်းပါတယ်” ဟု ဂါနာနိုင်ငံ၏ မြို့တော် Accra တွင် နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် Benjamin Aidoo ကပြောသည်။ “လူတွေက ပြောနေကြတယ် ‘ငါ အိမ်မှာပဲနေတာ ကောင်းတယ်၊ မဟုတ်ရင် ဒီလူတွေက ငါ့ကို မြေမြှုပ်ပစ်လိုက်ကြမယ်’တဲ့”
ဧပြီလအတွင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က အခေါင်းတခုကို ထမ်း၍ သူ၏ ခြေထောက်အက အတိုင်း ပုံတူလိုက်ကကာ Quibdó မြို့ တော်အတွင်း လှည့်လည်ရင်း ပြည်သူများကို အိမ်အတွင်းမှာသာ နေကြရန် အသံချဲ့စက်ဖြင့် တိုက်တွန်းခဲ့ကြသည်။ ပြင်သစ်နှင့် ပေါ်တူဂီ တွင် Benjamin Aidoo နှင့် အဖွဲ့၏ ရုပ်ပုံများက သတိပေးချက်များနှင့် အတူ ပေါ်ထွက်လာခဲ့ သည်။ “အိမ်မှာ နေမလား ငါတို့နဲ့ အတူ ကမလား”
ပရိတ်သတ်တဦးက အခေါင်းသယ်သည့် ကချေသည်များကို ကာတွန်းစာအုပ်မှ စူပါဟီးရိုးများအဖြစ် ရေးဆွဲခဲ့သည်။ နောက်တဦးက သူတို့ကို ကိတ်မုန့်တလုံးကို ဟန်ချက်ညီအောင် ထမ်းထားသည့် ကြက်ဥများအဖြစ် ပြန်လည်ဖန်တီးခဲ့သည်။ နောက်တဦးက သူတို့ကို အရုပ်များအဖြစ် ပြုလုပ်ခဲ့သည်။ ဟောင်ကောင်မှ ဆိုင်တဆိုင်က ပလပ်စတစ်အရုပ်များအဖြစ် ပုံတူ သွန်းလာင်းခဲ့သည်။
သေခြင်းတရားက လူတိုင်းစိတ်ထဲ၌ ရှိနေသည့် အချိန်တခုတွင် ဝမ်းနည်းစရာ ဟာသက လူကြိုက်များသည့် ဖြေရှင်းမှုတခု ဖြစ်လာသည့် အသွင်ရှိပါသည်။
အင်္ဂလိပ်စကားပြော Twitter အသုံးပြုသူများက ဧပြီလအတွင်းတွင် အခေါင်းသယ်သည့် ကချေသည်များနှင့် ပတ်သက်၍ အနည်းဆုံး အကြိမ် ၆၀၀၀၀ ရည်ညွှန်းခဲ့ကြသည်ဟု Twitter ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦး ဖြစ်သော Yasuko Quinn က ပြောသည်။ Twitter ၏ ယခင်သမိုင်းတွင် ရှိခဲ့သည်ထက် ပိုသည်ဟု သူက ထပ်ပြောသည်။
သူတို့ကို အွန်လိုင်းတွင် လူကြိုက်များလာရခြင်း အကြောင်းရင်းကို တွေ့ရှိနိုင်မည့် သီအိုရီ အချို့ကို ရှာဖွေ ကြည့်ခဲ့ပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်သည့် ဗီဒီယိုဂိမ်း ဖန်တီးသူတဦး ဖြစ်သော Richmond Lee က သူတို့ကို “၂၀၂၀ ခုနှစ်၏ meme” ဟု သူ၏ Twitter တွင် ဖွင့်ဆိုခဲ့သည်။
“ထိုင်း၊ တရုတ်နဲ့ ဂျပန် meme တွေမှာ သုံးတာကို ကျနော် တွေ့ခဲ့ရတယ်” ဟု အသက် ၃၆ နှစ် အရွယ် Richmond Lee က ပြောသည်။ “သေခြင်းတရားကို တိုက်ရိုက် မပြောကောင်းဘူးလို့ ယူဆထားတဲ့ ယဉ်ကျေးမှုတွေမှာ အခေါင်းသယ်တဲ့ ကချေသည်တွေက ခံစားချက်ကို ပေါ့အောင် လုပ်ပေးတယ်”
သူတို့က နိုင်ရိုဘီမှ အသက် ၂၅ နှစ်အရွယ် ဆိုရှယ်မီဒီယာ မန်နေဂျာ တယောက်ဖြစ်သည့် Kevin Mboya ကို ရယ်မောအောင် လုပ်နိုင်သည်။ သူက Reggae ဂီတ ပုံစံတခုကို တင်ခဲ့သည်။
ဘဝက စိတ်ဖိစီးစရာ ဖြစ်သည်ဟု သူကပြောသည်။ အခေါင်းသယ်သည့် ကချေသည်များက သေခြင်းတရားပေါ်တွင် ရယ်စရာတခုကို ပေးသည်။
“ဒါပေမယ့် အရေးအကြီးဆုံးက သူတို့က ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေကို အိမ်မှာနေကြဖို့ လျှောက်သွားတာတွေ ရပ်ဖို့ သတိပေးတယ်” ဟု သူက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မှ ဂရပ်ဖစ် ပညာရှင်တဦး ဖြစ်သည့် Shandhi Sayogo သူ quarantine နေရသည့် အချိန်တွင် meme က ပျော်စရာ အချို့ကို ယူလာပေးသည်ဟု ပြောသည်။ ထို့ကြောင့်သူက Benjamin Aidoo နှင့် အဖွဲ့ကို animation အဖြစ်ဖန်တီး ခဲ့သည်။
သူတို့က သူ့အတွက် “အပေါင်း လက္ခဏာဆောင်သော အတွေးများနှင့် စွမ်းအား” ပေးသည်ဟု Shandhi Sayogo က ပြောသည်။
Benjamin Aidoo အတွက်မူ အာရုံစိုက်ခံရခြင်းက ဂါနာနိုင်ငံ၏ မှောင်မိုက်သော ပကတိတရားမှ စိတ်ရှုပ်ထွေးစရာတခု ဖြစ်သည်။ မေလ ၁ ရက်နေ့ အထိ ဂါနာနိုင်ငံတွင် coronavirus ကူးစက်ခံရသူ ၁၂၇၉ ဦးနှင့် သေဆုံးသူ ၁၀ ဦး အထိ ရှိခဲ့ပြီ ဖြစ်သည်။ ကူးစက်မှုကို ထိန်းချုပ်ရန် လူအများအပြားစုဝေးခြင်းကို ဂါနာနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည်။
ယခုအခါ အခေါင်းသည်သော ကချေသည်များသည် မျက်နှာဖုံးများတပ်ဆင်၍ အကျဉ်းချုပ် ပြုလုပ်သည့် အသုဘများတွင် အသံတိုးထားသည့် ဖျော်ဖြေမှုများ ပြုလုပ်နေရသည်။ သို့သော်လည်း ပြီးခဲ့သည့်အပတ်အတွင်းက စတူဒီယိုအတွင်းတွင် ကပြရန် သူတို့ကို ပြည်တွင်း သတင်းဌာန တခုက ဖိတ်ခေါ်လာသည့် အချိန်တွင်မူ လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်ရခဲ့သည်။
ဂါနာနိုင်ငံမှ အသုဘများတွင် အကကို ထည့်သွင်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အသက်အရွယ် ကြီးရင့်သူများ ကွယ်လွန်သွားခဲ့ပါက ကျန်ရစ်သူဆွေမျိုးများက ဓာတ်ပုံဆရာများ၊ အရက်ဘားများ၊ ဘူဖေး စားပွဲများနှင့် တေးဂီတဝိုင်းများနှင့်အတူ ရက်ပေါင်းများစွာကြာသည့် အသုဘ အခန်းအနားကို ကျင်းပခြင်းက အထူးအဆန်း မဟုတ်ပါ။
အကြိုက်ကတော့ အမျိုးမျိုး ကွဲပြားပါသည်။ လူတိုင်းက ကြီးကျယ်ခမ်းနားသော ပါတီပွဲတခုကို မလိုချင်ကြပါ။ အကယ်၍ တစုံတယောက်က အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့လျှင် သာမန်လောက်သာ ကျင်းပလေ့ရှိကြသည်။ ၁၉၉၀ နှစ်များတွင် အခေါင်းသယ် ပေးသည့် ပုဂ္ဂလိက လုပ်ငန်းများ ခေတ်စားမလာမီ အချိန်အထိ ပုံမှန်အားဖြင့် မိသားစုဝင်များကသာ သယ်ယူခဲ့ကြသည်ဟု ဂါနာလူမျိုး စာရေးဆရာမနှင့် သမိုင်းပညာရှင် Wilhelmina Donkoh က ပြောသည်။
“အချိန်ကြာလာတာနဲ့အမျှ အခေါင်းသယ်ပေးတဲ့သူတွေက ရှုပ်ရှုပ်ထွေးထွေး ပြကွက်တွေ လုပ်ပြီးတော့ သူတို့ကိုယ်သူတို့ သူများနဲ့ ကွဲပြားအောင် လုပ်ချင်လာခဲ့ကြတယ်” ဟု သူကပြောသည်။ ယခုအချိန်တွင် သူတို့က တကမာ္ဘလုံး၏ ဆန္ဒကိုပင် ဖြည့်ဆည်းပေးနေသည့် အသွင်ရှိသည်။
“အနာရောဂါတခုရဲ့ ပကတိတရားကို ဆေးဝါးကုသမှု မပါဘဲ ဖုံးကွယ်ဖို့ လူတွေအနေနဲ့ ဟာသရဲ့ စိတ်သက်သာမှုကို လိုချင်ကြတယ်။ လိုအပ်ကြတယ်” ဟု Wilhelmina Donkoh ကပြောသည်။
သူတို့၏ ဝန်ဆောင်မှုသည် ခံစားချက်များကို လျှော့ချပေးရန် ဖြစ်သည့်အတွက် ကြိုက်သလောက် ရယ်မောနိုင်သည်ဟု Benjamin Aidoo ကပြောသည်။
သူက ဆယ်ကျော်သက် အရွယ်တွင် သုဘရာဇာ လုပ်ငန်းတခု၌ အလုပ်ဝင်ခဲ့ရာမှ ထိုလောကသို့ ရောက်လာခြင်း ဖြစ်သည်။ ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန် အကအဖွဲ့တခုကို ဖွဲ့ခဲ့သည်။ ထိုစဉ်က လူ ၆ ယောက်သာ ပါဝင်သောအဖွဲ့က လူ ၁၀၀ ရှိသည့် အင်အားစု တခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။
သူတို့က ဂါနာနိုင်ငံတလွှားမှ အသုဘများတွင် ဖျော်ဖြေကြသည်။ ဖောက်သည်များ၏ တောင်းဆိုချက်များနှင့် ကိုက်ညီအောင် အပြောင်းအလဲများလည်း ပြုလုပ်ပေးသည်။
Benjamin Aidoo ၏ ရည်မှန်းချက်က ခရီးသွားလာရေး လုံခြုံကောင်းမွန်လာသည့် အချိန်တွင် လုပ်ငန်းကို ကမာ္ဘအဆင့်သို့ ချဲ့ထွင်ရန် ဖြစ်သည်။ အာဂျင်တီးနားနိုင်ငံတွင် ဖျော်ဖြေရန်လည်း သူက မျှော်လင့်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူက နာမည်ကျော်ဘောလုံးသမား Lionel Messi ၏ အမာခံ ပရိသတ်တယောက်ဖြစ်သည်။
သို့သော်လည်း ယခုလက်ရှိတွင်မူ Benjamin Aidoo သည်လည်း အခြားသူများကဲ့သို့ပင် အိမ်တွင် ခြေချုပ်မိနေသည်။ meme များကို ကြည့်ရင်း သူ၏ ထူးဆန်းသော ကဏ္ဍသစ်ကို လေ့လာနေရသည်။
ရုပ်မြင်သံကြား တင်ဆင်သူတဦးက “လူတွေ အိမ်မှာ မနေရင် ဘာဖြစ်မလဲ” ဟု မကြာသေးမီက သူ့ကို မေးခဲ့သည်။
“ကျနော်တို့က သူတို့နဲ့ တူတူ ကရတော့မှာပေါ့” ဟု အခေါင်းသယ်သည့် ကချေသည်က ဖြေလိုက်သည်။
(Washington Post ပါ The sudden rise of the coronavirus grim reaper: Ghana’s dancing pallbearers ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တောင်ကိုရီးယားတွင် နေ့စဉ်ဘဝ ထိန်းချုပ်သွားလာနေထိုင်ရန် သတ်မှတ်
ထိုင်းမှာ Lockdown ကာလအတွင်း သေကြောင်းကြံစည်မှု များလာ
နယူးဇီလန်မှာ ပထမဆုံးအကြိမ် COVID-19 ထပ်တိုးလူနာ မတွေ့ရှိ