COVID – 19 ဗိုင်းရပ်စ် အကျပ်အတည်း ကာလအတွင်း ကာကွယ်ဆေး မပေါ်သေးသော်လည်း စာသင်ကျောင်းများပြန်ဖွင့်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။
“ကျောင်းတွေက အမြဲပိတ်ထားလို့ မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရမယ်။ ကာကွယ်ဆေး (Vaccine) သာ မြန်မြန်မရနိုင်ဘူး ဆိုရင် ကျောင်းတွေကတော့ ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့အထိ ကျောင်းတွေ စောင့်ဖို့ ဆိုတာကတော့ မလွယ်ဘူး” ဟု မေလ ၁၂ ရက်က ဈေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် အွန်လိုင်း ရုပ်သံဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
သို့သော် မည်သည့် အကြောင်းအရင်းကြောင့် ကျောင်းများ ပြန်ဖွင့်ရန် စဉ်းစားရမည်ဆိုသည့် အချက်နှင့် မည်သည့်ကာလတွင် ကျောင်းများ ပြန်ဖွင့်နိုင်မည်ဆိုသည့် အချက်ကိုမူ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် ကျောင်းသားမိဘနှင့် ပညာရေးအသိုင်းအဝိုင်းကြားတွင် ကျောင်းများ ပြန်ဖွင့်သင့်၊ မဖွင့်သင့်ကိစ္စသည် ငြင်းခုန်ဆွေးနွေးရသည့် ကိစ္စဖြစ်လာပြီး ကျောင်းပြန်ဖွင့်ပါကလည်း ဗိုင်းရပ်စ်ကူးစက်မှုမဖြစ်ရန် မည်ကဲ့သို့ ကျောင်းဖွင့်သင့်သနည်း ဆိုသည့် မေးခွန်းထုတ်မှုများလည်း ပေါ်ပေါက်လာသည်။
နှောင့်နှေးသွားသည့် မြန်မာ့ပညာရေး
လက်ရှိ မြန်မာ့ပညာရေးတွင် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ တက်ရသည့် အခြေခံပညာရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် နှစ်သက်ရာ ဘာသာရပ်အလိုက် အထူးပြုလေ့လာရသည့် အဆင့်မြင့်ပညာရေး တို့သည် သင်ယူသူ အများဆုံး ရှိသည့် ကဏ္ဍကြီး ၂ ခုအဖြစ် ရှိနေသည်။
ပညာရေးဝန်ကြီးဌာန၏ နောက်ဆုံးပေါ်ကိန်းဂဏန်းများအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် စုစုပေါင်းသင်ယူသူ ၁၀ ဒသမ ၈ သန်းရှိသည်။

၎င်းတို့၏ ထက်ဝက်နီးပါးသည် မူလတန်းကျောင်းများမှ ဖြစ်ပြီး သင်ယူသူဦးရေ ၅ ဒသမ ၂ သန်း ရှိသည်။ အဆင့်မြင့်ပညာရေးတွင် ကျောင်းသား ၁ ဒသမ ၅ သန်းရှိသည်။
လက်ရှိကာလတွင် ကျောင်းသူ၊ ကျောင်းသား အားလုံးသည် ဗိုင်းရပ်စ် အန္တရာယ်ကြုံနေရသည့် ကာလမှာပင် နွေရာသီကျောင်းပိတ်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ကျောင်းပိတ်ရက်ရှည် ခံစားခွင့်ရနေသည်။
သမ္မတရုံးက လူစုလူဝေး မလုပ်ရန် ကြေညာချက် ထွက်ပြီးနောက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း မတ်လ ၂၄ ရက် တွင် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီ ကောလိပ်များ၌ ကျင်းပနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယာယီရပ်နားကာ ကျောင်းများ ပိတ်လိုက်သည်။
အခြေခံပညာကျောင်းများကမူ ပြီးခဲ့သည့် မတ်လအတွင်းကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုပြီးကတည်းက နွေရာသီ ကျောင်းပိတ်ကာလ သတ်မှတ်ချက်အရ ကျောင်းများပိတ်ထားခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ကျောင်းပိတ်လိုက်ခြင်းသည် ကျောင်းသားများအတွက် အနားရသော်လည်း ဆရာ၊ ဆရာမများမှာ အလုပ်လုပ်နေရလေ့ရှိသည်။
အခြေခံပညာတွင် ၄ တန်း၊ ၈ တန်း ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာများ အမှတ်ပေးအကဲဖြတ်ခြင်းနှင့် အသစ်ပြဋ္ဌာန်းမည့် သင်ရိုးသစ်အတွက် သင်တန်းတက်ရခြင်းများကို ဆရာ၊ ဆရာမများက လုပ်ဆောင်ရသည်။
အဆင့်မြင့်ပညာကဏ္ဍတွင်လည်း အလားတူပင် သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပထမနှစ်ဝက် စာမေးပွဲ အဖြေလွှာများ အကဲဖြတ်ခြင်း ၊ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ အမှတ်ပေးအကဲဖြတ်ခြင်း တို့ကို ဆရာ၊ ဆရာမများက လုပ်ဆောင်ရသည်။
သို့သော်လက်ရှိကာလတွင် ဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူ ၅ ဦးထက် ပိုမစုရ အမိန့်အသက်ဝင်နေရာ လူစုလူဝေးဖြင့် လုပ်ရသည့် အဆိုပါအလုပ်များအားလုံးကို ဆရာ၊ ဆရာမများက ရပ်နားထားရသည်။
အထူးသဖြင့် အဆင့်မြင့်ပညာတွင် ပထမနှစ်ဝက်စာမေးပွဲ ဖြေနေစဉ်မှာပင် ကျောင်းများပိတ်လိုက်သဖြင့် ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုရန် ဘာသာရပ်နှစ်ခု အတွက် စာမေးပွဲ ကျန်ရှိနေသည်ဖြစ်ရာ ကျောင်းဖွင့်ပါက စာမေးပွဲ စစ်ဆေးခြင်းကို ပြန်လည်လုပ်ဆောင်ရဦးမည်ဖြစ်သည်။
သို့ဖြစ်ရာ အခြေခံနှင့် အဆင့်မြင့်ပညာကဏ္ဍနှစ်ခုလုံး၌ နွေကာလတွင် ပုံမှန်လုပ်ရမည့် အလုပ်များကို ဆရာ၊ ဆရာမများက မလုပ်ဆောင်နိုင်သောကြောင့် ဇွန်လ ပုံမှန်ကျောင်းဖွင့်ရာသီတွင် ကျောင်းများ ပြန်ဖွင့်နိုင်သည့် တိုင်အောင် စာသင်ကြားရန် မလွယ်ကူသည့် နောက်ဆက်တွဲသက်ရောက်မှုများ ရှိလာဦးမည်ဖြစ်သည်။
ယင်းသက်ရောက်မှုသည် တခုပြိုသည်နှင့် ကျန်သည့် အရာများပါ ပြိုကျသည့် Domino Effect ကဲ့သို့ နွေကျောင်းပိတ်ရက်ရှည်ကာလအတွင်း အနားရနေသည့် ကျောင်းသူ၊ ကျောင်းသားများ အပေါ် ရိုက်ခတ်လာမည်ဖြစ်ပြီး ကျောင်းသားမိဘများအပေါ်လည်း ရိုက်ခတ်မှုရှိလာမည် ဖြစ်ကြောင်း ပညာရေးလေ့လာသူများက သုံးသပ်ကြသည်။
သို့ဖြစ်ရာ ခြုံ၍ ဆိုရလျှင် လက်ရှိ မြန်မာ့ ပညာရေးတွင် ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဆရာ၊ ဆရာမများ ကိုယ့်အလုပ်ကို ပုံမှန်မလုပ်နိုင်ခြင်းသည် ပညာရေး ယန္တရား တခုလုံးကို လုံးဝနီးပါး ရပ်တန့်သွားစေသည့် သဘောဖြစ်ပြီး သန်းနှင့် ချီသော ကျောင်းသူ၊ ကျောင်းသားများ၏ ပညာဆက်လက်သင်ကြားခွင့်ကို နှောင့်နှေးစေမည့် အလားအလာရှိနေခြင်း ဖြစ်သည်။
ထို့သို့နှောင့်နှေးမှုများ ကြာရှည်မဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အတိုင်ပင်ခံကဲ့သို့ နိုင်ငံခေါင်းဆောင်များက ကျောင်းများပြန်ဖွင့်နိုင်ရန် စဉ်းစားခြင်းဖြစ်နိုင်ကြောင်း ပညာရေးမူဝါဒလေ့လာသူများက သုံးသပ်ကြသည်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်း ကမူ ကမာ္ဘ့နိုင်ငံများတွင် COVID –19 ကပ်ရောဂါ အကျပ်အတည်း ကာလအတွင်း နေထိုင်နိုင်မည့် New Normal Life (ပုံမှန်ဘဝသစ်) အကြောင်း ပြောဆို ဆွေးနွေးမှုများ ရှိလာသည်ဟု ဆိုသည်။
၎င်းက “New Normal ဆိုတာက ရောဂါပိုး ကူးတာတွေလည်း ရှိနေမယ်။ သေတာတွေလည်း ရှိနေမယ်။ တဖက်ကလည်း ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ရမယ် ဆိုတဲ့ ကိစ္စမျိုး ပြောကြတာလည်း ရှိတယ်။ ဆိုလိုတာက လူတွေက အလုပ်မလုပ်ရင် ငတ်တော့မယ်လေ။ အဲဒီလိုဟာမျိုးပေါ့။ ကလေးတွေလည်း ကျောင်းမဖွင့်ရင် ဘယ်လိုလုပ်ကြမလဲပေါ့။ ဒီလို စဉ်းစားတာတွေလည်း ရှိတယ်ပေါ့။ ဒီလို အခြေအနေတွေ ကြားထဲကပဲ ဖြတ်သန်းကြမယ်လို့ စဉ်းစားတာမျိုးတွေ ရှိတယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ပညာရေးဝန်ကြီးဌာန၏ စဉ်းစားချက်
ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများပြန်ဖွင့်ရန် စဉ်းစားရမည်ဟု မပြောဆိုခင်ကပင် ပညာရေးဝန်ကြီးဌာနက အကြပ်အတည်းကာလအတွင်း ကျောင်းများ ဘေးကင်းစွာ ပြန်ဖွင့်နိုင်မည့် စီမံကိန်းတရပ်ကို ထုတ်ပြန်ထားသည်။
စီမံကိန်း၏ အမည်မှာ Myanmar COVID-19 National Response and Recovery Plan for the Education Sector ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်သာ အင်တာနက်ပေါ်တွင် ဖြန့်ဝေထားသည်။
ယင်းစီမံကိန်းတွင် ပညာရေးကဏ္ဍအတွက် အလျင်အမြန် တုံ့ပြန်ဖော်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုသည့် လုပ်ငန်းစဉ်နှစ်ရပ် ပါဝင်သည်။
အလျင်အမြန်တုံ့ပြန် ဖော်ဆောင်ရေး အစီအစဉ်ကို လာမည့် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ အောက်တိုဘာလအထိ ဆောင်ရွက်မည်ဟု စီမံကိန်းတွင် ရေးသားထားသည်။
သို့ဖြစ်ရာ ပုံမှန်ကျောင်းဖွင့်ရာသီ ဖြစ်သည့် ဇွန်လတွင် ကျောင်းများပြန်ဖွင့်ပြီး စာသင်ကြားနိုင်လိမ့်မည်မဟုတ်ဘဲ လာမည့် စက်တင်ဘာလတွင်မှ စာသင်ကြားနိုင်မည့် သဘောဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ စီမံကိန်း အရသိသည်။ တနည်းအားဖြင့် ပညာသင်နှစ် ၃ လနောက်ဆုတ်သွားမည့် သဘောလည်း ဖြစ်သည်။
အလျင်အမြန်တုံ့ပြန်မည့် အစီအစဉ်တွင် ယေဘုယျအားဖြင့် အွန်လိုင်း အခြေပြုသင်ကြား သင်ယူနိုင်မည့် အစီအစဉ်များ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုအစရှိသည်တို့မှ ပို့ချသည့် သင်ခန်းစာများအား သင်ယူနိုင်မည့် အစီအစဉ်များ ပါဝင်သည်။
သင်ကြားရာတွင်လည်း ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းကို အဓိကထား သင်ကြားပို့ချရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၏ စီမံကိန်းအရသိရသည်။
ထို့အပြင် နေအိမ်၌ ကျောင်းသူ၊ ကျောင်းသားများ ကိုယ်တိုင် လေ့လာသင်ယူနိုင်ရန် နှင့် မိဘများက ကျောင်းသားများကို သင်ပေးနိုင်ရန် ရည်ရွယ်ကာ ရိုးရှင်းသည့် သင်ရိုးညွှန်းတမ်းများကို ဖြန့်ဝေသွားမည်ဟုလည်း စီမံကိန်းတွင် ဖော်ပြထားသည်။
အလျင်အမြန်တုံ့ပြန်မည့် အစီအစဉ်ကို ဗိုင်းရပ်စ်အန္တရာယ်ကြုံရမှု အခြေအနေကွဲပြားသည့် နေရာဒေအလိုက် သင့်လျော်မည့် ပုံသဏ္ဍာန်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ် ရင်ဆိုင်နေရသည့် ဒေသရှိ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားနိုင်ရေးကိုလည်း အထူးအာရုံစိုက်မည်ဟု စီမံကိန်းအရ သိရသည်။
၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ အောက်တိုဘာအထိ အကောင်အထည်ဖော်မည့် ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ကျောင်းသားများ၊ ဆရာများ၊ ပါမောက္ခများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးကောင်းမွန်မှုနှင့် ကာကွယ်မှုကို သေချာစေမည့် လုံခြုံဘေးကင်းသည့် သင်ကြားမှုဝန်းကျင် ပြန်လည်ထူထောင်မည်ဟု ဆိုထားသည်။
ဘေးဖယ်ခံထားရသော ကျောင်းပြင်ပရောက် ကလေးများအပါအဝင် ကျောင်းသားအားလုံးနှင့် ဆရာအကြား မျက်နှာချင်းဆိုင် သင်ကြားခြင်းနှင့် သင်ယူခြင်းကို ပညာရေးပြက္ခဒိန် ချိန်ညှိမှုများ ပြုလုပ်ကာ ထိရောက်စွာ အကောင်အထည်ဖော်မည်ဟုလည်း ဆိုထားသည်။
စီမံကိန်းကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့်လည်း ချိန်ညှိသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စီမံကိန်းတွင် ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စီမံကိန်းသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆိုပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ အတည်ပြုချက်များ ယူရဦးမည်ဖြစ်သောကြောင့် မကြာမီ ပြန်လည်ကျင်းပရန် ရှိသည့် လွှတ်တော်အစည်းအဝေးများတွင် ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြပြီး ထောက်ခံအတည်ပြုချက် ရယူလိမ့်မည်ဟု မျှော်လင့်ရသည်။
မြေပြင်အခြေအနေတွင် ယင်းစီမံကိန်းပါအကြောင်းအရာများကို ပညာရေးဝန်ထမ်း နှင့် ကျောင်းသားမိဘများက မသိရှိကြသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်အများ စုကလည်း သေချာစွာ မသိသေးကြောင်း ဧရာဝတီသတင်းဌာန၏ စုံစမ်းမှုအရ သိရသည်။

ကျောင်းပြန်ဖွင့်သင့် ၊ မဖွင့်သင့်
ဗိုင်းရပ်စ်ကာကွယ်ဆေးမပေါ်သေးသည့် ကာလမှာပင် ကျောင်းပြန်ဖွင့်သင့်၊ မဖွင့်သင့်ဆိုသည့် အယူအဆနှစ်ခုသည်လည်း ကျောင်းသားမိဘနှင့် ဆရာ၊ ဆရာမများကြားတွင် အငြင်းအခုန်ဖြစ်နေသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကမူ ဗိုင်းရပ်စ် ကူးစက်မှု နောက်ထပ်မဖြစ်ပွားစေရေး သေချာအောင်လုပ်ဆောင်ပြီးမှသာ တက္ကသိုလ်စာသင်ကျောင်းများကို ပြန်ဖွင့်သင့်ကြောင်းပြောဆိုသည်။
“သေချာအောင်စောင့်ပြီးတော့မှ တကယ်ကို စိတ်ချရတဲ့အနေအထားမှာ ဖွင့်တာဟာ ပိုပြီးတော့ အားလုံးအတွက်ကောင်းပါတယ်။ အဲ့လိုမဟုတ်ဘူးဆိုရင် ကျောင်းသားတယောက်ယောက်ကနေ ပွားလိုက်လို့ တဆင့်တဆင့် အိမ်ကမိဘတွေနဲ့ ထိန်းမနိုင်သိန်းမရအနေအထားက အဲ့ဒီကျမှရောက်မှာ။ ကျနော် အဲဒါကို စိုးရိမ်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အခြားနိုင်ငံများထက် ကူးစက်မှု နည်းနေသေးသော်လည်း ရောဂါကူးစက်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်ကြောင်း၊ လူအမြောက်အမြား ကူးစက်ခံရပါက ထိန်းချုပ်ရန် မလွယ်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် Grade 5 ကျောင်းသားတဦး၏ ဖခင်ဖြစ်သူ ဦးထင်လင်းကမူ ဇွန်လကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်သင့်ပြီဖြစ်ကြောင်း ပြောဆိုသည်။
“ကျောင်းဖွင့်တဲ့ ဥစ္စာက အကြမ်းဖျင်းအားဖြင့်တော့ သဘောတူတယ်။ ဒါပေမယ့် ကာကွယ်ဆေးမပေါ်သေးဘဲ ဖွင့်မယ်ဆိုတာက ဖွင့်သာဖွင့်ပေမယ့် မိဘတယောက်အနေနဲ့ကတော့ ကျောင်းလွှတ်ဖို့တော့ စိုးရိမ်နေတယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ကျောင်းများပြန်ဖွင့်ပါက ကျောင်းသား တဦးနဲ့ တဦး ခပ်ခွာခွာစာသင်နိုင်ရန် မည်ကဲ့သို့ စီစဉ်ထားသည်ကို ပညာရေးဝန်ကြီးဌာနက ရှင်းလင်းစွာ ပြောပြထားခြင်း မရှိရာ သားဖြစ်သူအား ကျောင်းပြန်တက်စေရန်ကိစ္စအပေါ် အပြည့်အဝ စိတ်မချနိုင်သေးကြောင်း ၎င်းက ဆိုသည်။
အကယ်၍ ကျောင်းများပြန်ဖွင့်ပါက စာသင်ကျောင်းများတွင် စာသင်ချိန်လျှော့ခြင်း ၊ တဦးနှင့် တဦး ခပ်ခွာခွာထိုင်၍ စာသင်စေခြင်းကို ဆရာ၊ ဆရာမများက ကြပ်မတ်လာနိုင်သော်လည်း ကလေးများမဆော့ကြရန် တားမြစ်ထားရေးမှာ မလွယ်ကူကြောင်း၊ ကလေးများ ဆော့ကစားရာမှ ဗိုင်းရပ်စ်ကူးစက်နိုင်ချေလည်း ရှိကြောင်း ဦးထင်လင်းက ဆိုသည်။
“ဒါပေမယ့် မလွှတ်ပြန်ရင်လည်း ကလေးရဲ့ ပညာရေးနှောင့်နှေးမယ်။ အများက ရနေတဲ့အခါမှာ ကိုယ့်ကလေးက ဘယ်လိုလုပ်မလဲ အဲဒါက စိတ်က ဒွိဟဖြစ်နေတယ်။ လွှတ်မယ် မလွှတ်ဘူးပေါ့။ ယတိပြတ်ဆုံးဖြတ်ဖို့က သူတို့ (ပညာရေးဝန်ကြီးဌာန) ရဲ့ အသေးစိတ်အစီအစဉ်ပေါ်မှာ မူတည်တယ်” ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်း ပဲခူးမြို့တွင်နေထိုင်သည့် Grade 4 ကျောင်းသူတဦး၏ မိဘဖြစ်သူ ဦးကျော်ဆန်းလင်းကမူ ဇွန်လကျောင်းဖွင့်ရာသီတွင် ကျောင်းများပြန်တက်ရမည်ဆိုပါက သမီးဖြစ်သူကို ကျောင်းသို့ လွှတ်မည်မဟုတ်ဟု ဆိုသည်။
“သမီးက အတန်းငယ်သေးတော့ ကျောင်း တနှစ်အောက်လိုက်တာက ပညာရေးနှောင့်နှေးနိုင်တယ်ဆိုပေမယ့်လည်း အရမ်းကြီး မနစ်နာနိုင်ဘူးထင်တယ်။ တကယ်လို့ ကျောင်းလွှတ်လို့ ကလေးကို ရောဂါကူးလာရင်က ပိုပြီး စိုးရိမ်စရာကောင်းတယ်။ ကိုယ့်သမီးကို ကိုယ်က ဂရုစိုက်ပေးလို့လည်းမရနဲ့ ပိုပြီးသောကများတယ်။ အဲဒါကြောင့် ကျောင်းဖွင့်ရင်တောင် ကျောင်းကို မလွှတ်ဘူးလို့ စဉ်းစားထားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သမီးဖြစ်သူကို အိမ်မှာနေရင်း စာသင်ပေးနေပြီး ပြင်ပဗဟုသုတရမည့် သုတ ရသစာအုပ်များ ပေးဖတ်ကာ အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာ သုံးနည်းကို သင်ပေးဖြစ်နေကြောင်း ဦးကျော်ဆန်းလင်းက ပြောကြားသည်။
ဗိုင်းရပ်စ် အန္တရာယ်ရင်ဆိုင်နေရသည့် ကမာ္ဘပေါ်ရှိ နိုင်ငံတချို့ကမူ စာသင်ကျောင်းများကို ဗိုင်းရပ်စ် ကူးစက်မှုမဖြစ်စေမည့် အစီအမံများချထား၍ ပညာသင်ကြားမှု ဆက်လက်ဖြစ်ထွန်းစေရန် နည်းမျိုးစုံဖြင့် ကြံဆနေသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံသည်ပင် လာမည့် ဇူလိုင်လ ၁ ရက်တွင် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး စီစဉ်နေသည်။
ဆရာ၊ ဆရာမများကလည်း ကျောင်းသားမိဘများထံဖုန်းဆက်ကာ အိမ်တွင် အင်တာနက်သုံးနိုင်ခြင်း ရှိမရှိ၊ ကွန်ပျူတာရှိမရှိ မေးမြန်းစုံစမ်းမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံရှိ မူလတန်းကျောင်းသူတဦး၏ ဖခင်ဖြစ်သူ ISP Myanmar ၏ ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပြသည်။
“ထိုင်းမှာက စစ်တမ်းကောက်ရာမှာ ကလေး ၇၇ ရာခိုင်နှုန်းက သူတို့ ပြင်ဆင် ထားပါတယ်လို့ ဆိုပါတယ်။ အွန်လိုင်းချိတ်ဆက်မှု၊ ကွန်ပြူတာ မရှိတဲ့ကလေးတွေကတော့ ကျောင်းသွားရမှာပါ။ သို့သော်လည်း စာသင်ခန်းတခုမှာ ကလေး ၂၀ ထက် မကျော်စေဖို့ကိုလည်း လူချဲထားစေခြင်းကို သေချာကျင့်သုံးစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်မူ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့သည် မည်သည့်ကာလတွင် မည်သည့်နည်းလမ်းများဖြင့် ကျောင်းဖွင့်ခွင့်ပြုမည် ဆိုသည့် အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကို စောင့်ဆိုင်းနေကြောင်း ယင်းဌာနများမှသိရသည်။
“ကျနော်တို့က ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကို စောင့်နေတာလေ။ ညွှန်ကြားချက် ရလာရင် ကျနော်တို့က ဆောင်ရွက်ဖို့ အဆင်သင့်ပဲ” ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတဝန်းတွင် Quarantine Center အဖြစ် အသုံးပြုခွင့်ပေးထားသော စာသင်ကျောင်းပေါင်း ၆၀၀၀ ကျော်ကို ဝန်ကြီးဌာနသို့ ပြန်လည်လွှဲအပ်ရန် မေလ ၁၄ ရက်တွင် ကြေညာထားသည်။
မည်သည့်ကာလတွင် မည်သည့် နည်းလမ်းဖြင့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဆိုသည့် ကိစ္စကိုမူ ပညာရေးဝန်ကြီးဌာနက တရားဝင်ထုတ်မပြောသေးပေ။ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိသည်။
သို့သော်လည်း ပညာရေးနှောင့်နှေးမှုများ ရပ်တန့်ရန် စာသင်ကျောင်းများ မဖြစ်မနေ ပြန်ဖွင့်မည်ဆိုပါက ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ် အနည်းဆုံး လျှော့ချနိုင်မည့် သေချာသော အစီအမံများ ဆောင်ရွက်ထားရေးမှာ ဂရုပြုလုပ်ဆောင်ရန် လိုအပ်နေဦးမည်သာဖြစ်သည်။
You may also like these stories:
ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
Covid-19 နှင့် ပညာသင်ကြားရေးစနစ် အပြောင်းအလဲ