ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတက လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူတွေကို ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဟာ အကျဉ်းကျ သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် မင်္ဂလာသတင်းတခုပါ။
ဒါပေမယ့် ဘယ်ဘက်မျက်နှာတခြမ်းကို ဆံပင်နဲ့ ဖုံးကွယ်ထားတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တဦး အတွက်တော့ တုန်လှုပ်သွေးပျက်စရာ သတင်းဆိုးတခု ဖြစ်ခဲ့ပါတယ်။
အဲဒီ အမျိုးသမီးက “သို့ ဥပဒေ … ကျမနဲ့ ကျမမိသားစု လုံခြုံရေးကို ဘယ်သူ တာဝန်ယူပေးမှာလဲ” ဆိုပြီး သမ္မတရဲ့ လွတ်ငြိမ်းခွင့် ထုတ်ပြန်အပြီး တပတ်အကြာမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။
မျက်နှာတခြမ်းကို ဆံပင်နဲ့ကွယ်ထားပေမယ့် နှာခေါင်း၊ မေးစေ့၊ လည်ပင်းမှာရှိနေတဲ့ မီးလောင်ထားသလို အသား အရေတွန့်နေတဲ့ ဒဏ်ရာတွေကတော့ အထင်းသား ဖြစ်နေပါတယ်။
သူကတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က အက်စစ်နဲ့ အပက်ခံခဲ့ရသူ မပြည့်ပြည့်(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြောင့် အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူ ၂၅,၀၀၀ နီးပါး (၂၄,၈၆၉) ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ရခဲ့တဲ့အထဲမှာ သူ့ကို အက်စစ်နဲ့ပက်ခဲ့တဲ့ ရည်းစားဟောင်းဆိုသူ အသက် ၂၉ နှစ်အရွယ် မောင်မိုးမင်း သူလည်း ပါဝင်ခဲ့ပါတယ်။
မောင်မိုးမင်းသူကို ချစ်သူအဖြစ်ကနေ လမ်းခွဲလိုက်တဲ့အပေါ် မကျေနပ်မှုကြောင့် ၂၀၁၆ မေလမှာ ပြည့်ပြည့်ဟာ သူ့ဖခင်နဲ့အတူ ဆိုင်ကယ်မောင်းလာစဉ် လမ်းခုလတ်မှာ ထိုသူက အက်စစ်နဲ့ နှစ်ကြိမ် ပက်ခဲ့တာ ဖြစ်ပါတယ်။
ပြင်းထန်စွာ နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄ အရ ကျူးလွန်သူကို ထောင် ဒဏ် ၇ နှစ် ကျခံဖို့ လွန်ခဲ့တဲ့ ၂၀၁၇ မတ်လမှာ သံဖြူဇရပ်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထောင်ဒဏ် ၃ နှစ်ကျော် (၄ နှစ်နီးပါး) ကျခံပြီးနောက် ကျူးလွန်တဲ့သူဟာ လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်မြောက် လာခဲ့တာပါ။
တရားရင်ဆိုင်ခဲ့တဲ့ ကာလအတွင်းမှာ “ထောင်က ပြန်လွတ်လာရင် နင်မလွယ်ဘူး” ဆိုပြီး ကျူးလွန်သူက ပြည့်ပြည့် ကို ခြိမ်းခြောက်ပြောဆိုတာမျိုး ရှိပါတယ်။
ဒါကြောင့်လည်း ထောင်သက်မပြည့်ဘဲ ထိုသူ ပြန်လွတ်လာပြီဆိုတဲ့ သတင်းဟာ သူမကို အကြီးအကျယ် ထိတ် လန့်စေခဲ့တာ ဖြစ်ပါတယ်။
ဒီထိတ်လန့်မှုဟာ သူမကို ခြိမ်းခြောက်ထားတဲ့သူ အလွယ်တကူလွတ်လာလို့ ထိန့်လန့်တာလား၊ လူတဦးကို ရက်ရက် စက်စက် ပြစ်မှုကျူးလွန်ခဲ့သူကို သက်ညှာလိုက်တဲ့ တရားဥပဒေရဲ့ မမျှတမှုအပေါ် အံ့သြထိတ်လန့်တာလား ဆိုတာ ကိုတောင် မဝေခွဲတတ်အောင် ဖြစ်ခဲ့ရပါတယ်။
“လူသားချင်း စာနာတယ်ဆိုတော့ ကျမက လူသား မဟုတ်လို့လား။ အပြစ်သားကို စာနာပြီး ဘဝပျက်ခဲ့တဲ့ မိန်း ကလေးကိုရော မစာနာတော့ဘူးလား” လို့ ပြည့်ပြည့်က သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် တုံ့ပြန်မေးခွန်းထုတ်ခဲ့ ပါတယ်။
အက်စစ်နဲ့ပက်ခံရတာကြောင့် သူမရဲ့ ဘယ်ဘက်မျက်နှာတခြမ်းလုံး၊ မျက်လုံးတလုံး၊ နားတဖက် ပျက်စီးသွားခဲ့ရပြီး လည်ပင်း၊ ပခုံး၊ လက်နှစ်ဖက်နဲ့ ရှေ့ရင်ဘတ်တခြမ်းလုံး အက်စစ်လောင်ကျွမ်းမှုကြောင့် ခွဲစိတ်ကုသမှုတွေ အကြိမ် ကြိမ် လုပ်ခဲ့ရပါတယ်။
“အက်စစ်ဆိုတာ ဓါးထက်ပြင်းတဲ့ လက်နက်။ သွေးမထွက်ဘဲ လောင်ကျွမ်းနေတဲ့ နာကျင်မှုမျိုးပါ။ ဘယ်လို နာကျင်မှု လည်းဆိုတာကိုတောင် ကျမ ဖော်ပြဖို့ စကားလုံးရှာမရပါဘူး” လို့ သူက နာကျည်းစွာ ပြောဆိုပါတယ်။
အခုချိန်ထိ သူ့ရဲ့ အက်စစ်ဒဏ်ရာတွေကြောင့် ခွဲစိတ်ခန်း ၈ ကြိမ်ထိ ဝင်ခဲ့ရပြီး နောက်ထပ်လည်း ခွဲစိတ်ရဖို့ အများကြီး ရှိနေဆဲပါ။
သူ့ရဲ့ မျက်လုံးတဖက်ဟာလည်း အက်စစ်ဒဏ်ကြောင့် အခုချိန်ထိ မျက်ရည်ကျကျနေသလို နှာခေါင်းကလည်း အသက် ရှူမဝတာတွေ ခုထိ ခံစားနေရတုန်းပါ။
“သူကတော့ သူ့မိသားစုနဲ့ ပျော်နေလောက်ပြီ။ ကျမက တဘဝလုံးနဲ့ ယှဉ်ရတာ။ ဒီဒဏ်ရာ ဒီမျက်နှာက တသက်လုံး ကျမ မြင်သွားရမှာလေ။ အဲဒါကြောင့်မို့ လုံး၀ မတရားဘူး” လို့ သူ့အနေနဲ့ ခံပြင်းနေမိပါတယ်။
ပြစ်ဒဏ်သတ်မှတ်တာက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာဆိုပေမယ့် ရုပ်ဆင်းအင်္ဂါပျက်စီးသွားရတဲ့ မိန်းကလေး တယောက်အတွက်တော့ အသက်သေတာနဲ့ ထပ်တူတာ ခံစားရတာကြောင့် ပြစ်ဒဏ် ၇ နှစ်ဆို ၇ နှစ် စလုံး ကျခံသင့်တယ်လို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါက် တာ ခင်စိုးစိုးကြည်က မှတ်ချက်ပြုပါတယ်။
“ဒီအမျိုးသားသည် ပြစ်ဒဏ်ချမှတ်ချိန်မှာ စိတ်ထား ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒီလို မဟုတ်ခဲ့ဘူး ဆိုရင်တော့ မိန်းကလေးနဲ့ ပတ်ဝန်းကျင်မှာ အများကြီး သတိထားရမှာပေါ့” လို့ ဒေါက်တာ ခင်စိုစိုးကြည်က ပြောပါ တယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသူ/သားတွေကို လွှတ်ပေးတိုင်း မုဒိမ်းသမားတွေ၊ ဆိုးသွမ်းတဲ့ ဒုစရိုက်သမားတွေ ပါ ဝင်ခဲ့တယ်ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက ရှိခဲ့ပါတယ်။
ဒါပေမယ့် ဥပဒေသမားတဦးဖြစ်တဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အောက်မှာ စိစစ်မှုတွေ မလုပ်ခဲ့ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထဲမှာလည်း အမှုအတိမ်အနက် ကြီးလေးမှုအပေါ် ကန့်သတ်ထားခြင်း မတွေ့ရပါဘူး။
လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ကျူးလွန်သူ အမျိုးသား ပါရတဲ့အကြောင်းက ပြစ်ဒဏ်ကာလ ၄ ပုံ ၁ ပုံ လျော့ပေါ့တဲ့ အထဲမှာ အကျုံးဝင်တာကြောင့် ဖြစ်တယ်လို့ မောင်လမြိုင်အကျဉ်းထောင်က တာဝန်ရှိသူ တဦးက ပြောပါတယ်။
“နိုင်ငံတော် သမ္မတရဲ့ Authority (လုပ်ပိုင်ခွင့်အာဏာအရ) ပဲပေါ့။ ဌာနကလည်း လုပ်လို့ မရဘူး။ သမ္မတက သူတို့ကို သနားငဲ့ညာသော အားဖြင့်ပေါ့။ သူတို့ကို လွှတ်တယ်ဆိုတာက သမ္မတရဲ့ အမိန့်နဲ့ လွှတ်လို့ရတာလေ” လို့ သူက ပြော ပါတယ်။
ပျဉ်းမနားမြို့ တရားလွတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကတော့ သမ္မတကို တင်ပြတဲ့ လွှတ်မယ့်သူစာရင်းမှာ ချို့ယွင်း ချက်တွေ ရှိနိုင်သလို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ တယောက်ချင်းစီတိုင်းရဲ့ ပြစ်မှုတွေကို သမ္မတအနေနဲ့ မသိနိုင်တဲ့ အတွက် အောက်ခြေက တင်လာတဲ့စာရင်းအတိုင်း လွှတ်လိုက်ရာမှာ မလွှတ်သင့်သူတွေ ပါသွားတာမျိုးဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်။
အက်စစ်နဲ့ ပက်ခဲ့တဲ့ အမျိုးသားဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ထောင်ဒဏ်သက်ညှာမှု တခုတည်းကိုပဲ ရခဲ့တာမဟုတ်ပါဘူး။
အဲဒီ အမျိုးသားရဲ့ အမှုကို အမိန့်ချခဲ့တဲ့ ကာလတုန်းကလည်း သံဖြူဇရပ်မြို့နယ် တရားရုံးရဲ့ သက်ညှာမှုတွေကိုလည်း ရခဲ့ဖူးတယ်လို့ ဆိုရမှာပါ။
အမှန်တော့ ပြင်းထန်စွာ နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၆ ဟာ အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်း (နှစ် ၂၀) အထိ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ချမှတ်ပိုင်ခွင့်ရှိပေမယ့် သူ့ကို တရားရုံးက ထောင်ဒဏ် ၇ နှစ်ပဲ ကျခံဖို့ ချမှတ်ခဲ့ တာပါ။
အဲဒါအပြင် သူ့ကို အမှုစွဲခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ပုဒ်မ ၃၂၄ ကိုလည်း ပုဒ်မတခုချင်းစီရဲ့ ပြစ်ဒဏ်အလိုက် ချ လိုက်မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်လောက်ထိ ကျနိုင်ပေမယ့် ပြစ်မှုတွေ တပေါင်းတည်း ကျခံစေတာဖြစ်လို့ ၇ နှစ် ထိပဲ ကျခံခဲ့ရတာပါ။
ခုတော့ သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ်ပြည့်အောင်တောင် အပြစ်ဒဏ် မခံရတာဟာ လုံး၀ တရားမျှတမှု မရှိဘဲ ဥပဒေကို ယုံကြည်ဖို့ တွန့်ဆုတ်သွားရတယ်လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။
ထိခိုက်နစ်နာသူ ပြည့်ပြည့်ရဲ့ အကျည်းတန် ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက်တော့ လူမှုရေး ဆိုင်ရာ တရားမျှတမှုတောင် ခံစားခွင့် မရခဲ့ဘဲ သူ့ရဲ့ ဒဏ်ရာတွေအတွက် သူ့တာဝန်ပဲ ဖြစ်ခဲ့ရပါတယ်။
သူ့အမှုကို ကူညီပေးတဲ့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေ အပါအဝင် သူ့ရဲ့ ပိုင် ဆိုင်မှုတွေ ထုခွဲရောင်းချပြီး ဒဏ်ရာတွေကို ရသလောက် ကုသခဲ့ရပါတယ်။
“တခါတည်းနဲ့ အကုန်ပျောက်နိုင်တာမှ မဟုတ်တာ။ တခါခွဲစိတ်ရင် သိန်းရာချီကုန်တာ။ အဲဒီ ကုန်ကျစရိတ်ကို ဘယ်လို ဖြေရှင်းမလဲ။ ကျမ မိဘရဲ့ ပိုင်ဆိုင်မှုတွေ ရောင်းရတာပါ။ အလှူရှင်တွေရှိပေမယ့် ပြည့်ပြည့်၀၀ ဘယ်သူလှူပေးနိုင်မှာ လဲ” လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။
အက်စစ်ကြောင့် မျက်နှာတခြမ်းလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့ သူ့ကို အိမ်ပြင်ထွက်တိုင်း စူးစမ်းတတ်ကြတဲ့ ပတ် ဝန်းကျင်ဟာ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်ပြန်ဆွသလို ဖြစ်နေခဲ့ပါတယ်။“အပြင်မထွက်ရဲဘူး။ ထွက်လို့ရှိရင် စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်၊ မေးတယ်။ ကိုယ်အပျိုလားကအစ မေးတော့ လေ ထပ်ခါထပ်ခါမေးတော့ စိတ်က အတိတ်ကို ပြန်ပြန်ရောက်သွားပြီး ဒီဒဏ်ရာပဲ ထပ်ခါထပ်ခါ ပြန်ရနေတယ်။ တခါ တလေ လူတွေနဲ့ ရှောင်ချင်တာ။ လူတွေရှေ့မှာကို မနေချင်တော့တာ” လို့ သူက ဖွင့်ဟပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ခံရသူတွေရဲ့ လူမှုရေးဆိုင်ရာ နစ်နာမှုအတွက် ဥပဒေကုစားမှုအနေနဲ့ တရားမမှု စွဲဆိုပြီး ကျူးလွန်သူတွေဆီကနေ လျော်ကြေး နစ်နာကြေးတွေကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
ဒါပေမယ့် နစ်နာသူအတွက် ဥပဒေမှာ ပြည့်ပြည့်စုံစုံ ပြဌာန်းထားပေမယ့် မြန်မာနိုင်ငံမှာ လူမှုရေးဆိုင်ရာ နစ်နာမှု အတွက် ထည့်သွင်းစဉ်းစားတဲ့ ယဉ်ကျေးမှုတရပ် အားနည်းနေသေးတယ်လို့ ဥပဒေအကြံပေး တဦးဖြစ်သူ ဦးခင်မောင် မြင့်က ဝေဖန်ထောက်ပြပါတယ်။
“တချို့လူတွေက ပြောတယ်။ ဒါက ဝဋ်ရှိလို့ ခံရတာတဲ့။ မတရားဘူးလေ။ ကျမလည်း ဘဝနဲ့ပဲ” လို့ ပြည့်ပြည့်က ပြောပါတယ်။
အကြိမ်ကြိမ် ခွဲစိတ်ပြီးတာတောင် ပုံမှန်မဖြစ်လာနိုင်တော့တဲ့ အက်စစ် ဒဏ်ရာတွေကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျခဲ့ပေမယ့် မိဘတွေရဲ့ ပံ့ပိုးမှု၊ အမျိုးသမီးအဖွဲ့အစည်း အပါအဝင် သူငယ်ချင်းမိတ်ဆွေ တချို့ရဲ့ အားပေးမှုတွေ ကြောင့် သူ့ဘဝကို သူကိုယ်တိုင် ရုန်းထဖို့ ကြိုးစားခဲ့ပါတယ်။
ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်နေရင်းမှာပဲ ပြီးခဲ့တဲ့ ၂၀၁၉ အစောပိုင်းမှာ မိဘတွေရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ကာယကံ ရှင် အမျိုးသမီးဟာ သြစတြေးလျနိုင်ငံမှာ အလုပ်တဖက်နဲ့ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။
သူ့မျက်နှာအကြောင်းကို အရေးတယူ မစပ်စုတတ်တဲ့ တိုင်းတပါး လူမှုအသိုင်းအဝိုင်းမှာ သူ့ရဲ့ အက်စစ်လောင်ကျွမ်း ထားတဲ့ မျက်နှာတခြမ်းကို ကုတ်ဝဲဆံပင်နဲ့ တခြမ်းဖုံးပြီး အလုပ်လုပ်ရင်း ကျောင်းတက်ရင်း အချိန်တွေ ကုန်ဆုံးစေခဲ့ပါ တယ်။
ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာတွေ ကုစားလို့တောင် မပြီးသေးခင်မှာပဲ တရားခံ ပြန်လည်လွတ်မြောက်လာတဲ့အခါ ခံပြင်းစိတ် နဲ့ စိုးရိမ်စိတ်တွေ ရောယှက်ခဲ့ပါတော့တယ်။
သူ့မိဘနှစ်ပါးနဲ့ မိသားစုဝင်တွေ မွေးရပ်မြေမှာ ကျန်ရစ်နေဆဲဖြစ်လို့ သူတို့တွေရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်ရသလို သူ့အနေနဲ့ မြန်မာနိုင်ငံ ပြန်လာတဲ့အခါ လုံခြုံမှု ရှိပါ့မလားဆိုတာလည်း တွေးပူစရာ ဖြစ်လာခဲ့ပါတယ်။

“သူဒီလိုလုပ်လို့ မိန်းကလေးတယောက် ဘဝပျက်တဲ့အထိ ဖြစ်သွားတဲ့အပေါ်မှာ သူက ၄ နှစ်လောက်ပဲ ကျတယ်ဆိုရင် သူ့အနေနဲ့ နောက်ထပ် ထပ်လုပ်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး။ သူတယောက်တည်းမကဘူး တခြား လူတွေလည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး” လို့ ပြည့်ပြည့်က ခံပြင်းစွာ ပြောပါတယ်။
ပျဉ်းမနားမြို့နယ် တရားလွှတ်တော်ရှေ့နေ့ ဦးခင်မောင်ဇော်ကတော့ ဥပဒေက ဘယ်သူ့ကိုမဆို အာမခံချက်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလူတွေက ကာယကံရှင် နစ်နာသူတွေကို လက်စားချေဖို့ အန္တရာယ်ရှိတဲ့အပြင် ဒီလူတွေ လွတ်တဲ့အတွက် ကြောင့် ဒီလို ပြစ်မှုမျိုးဟာ ကျူးလွန်လည်းပဲ သိပ်ပြဿနာမရှိပါဘူး။ တို့လည်း မကြာခင် လွတ်မှာပဲဆိုတဲ့ ဥပဒေအပေါ် ကြောက်ရွံ့မှု၊ ဥပဒေအပေါ် အလေးထားမှုက ပျက်သွားနိုင်တာပေါ့ဗျာ” လို့ ဦးခင်မောင်ဇော်က ထောက်ပြပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေကို ထောင်ကလွတ်လာရင် လူမှုအသိုင်း အဝိုင်းထဲ ပြန်ဝင်ဆံ့အောင်နဲ့ နောက်ထပ်ပြစ်မှုတွေ မကျူးလွန်အောင် အသက်မွေးဝမ်းကျောင်းပညာ၊ အတန်းပညာ တွေ သင်ကြားပေးတာမျိုးရှိတဲ့အပြင် ဘာသာရေးနည်းလမ်းနဲ့ တရားစခန်းဖွင့်ပေးတာမျိုးလည်း လုပ်ပေးနေတယ် လို့ သိရပါတယ်။
“စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အကျဉ်းသား အချင်းချင်း (ဥပမာ) မုဒိမ်းမှု ကျူးလွန်ခဲ့တယ်။ သူ ဘာကြောင့် ကျူးလွန်ခဲ့တာ လဲ။ သူ့ရဲ့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ပြီးတော့ အကျဉ်းသား အချင်းချင်း ပြန်ချပေးတာမျိုးတွေ တချို့ ထောင်တွေ မှာ လုပ်ကြပါတယ်။ သူ့လိုမျိုး မဖြစ်ဖို့ ပြောကြတယ်” လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောပြပါတယ်။
တချို့တလေ တရားရပြီး ပြုပြင်သွားတာရှိတယ်လို့သူက ဆက်ပြောပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ အမူအကျင့် ပိုင်းဆိုင်ရာ မပြုပြင်နိုင်ဘဲ လွတ်မြောက်လာသူတွေ ဘယ်လောက်ရှိပြီလဲဆိုတာတော့ ဘယ်သူမှ အတိအကျ တွက်ဆ လို့ မရပြန်ပါဘူး။
ဒီလို အနေအထားတွေကြောင့် မုဒိမ်းမှုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ လွတ်ငြိမ်းခွင့်မှာ လုံး၀ မပါဝင်သင့်ဘူးလို့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်ထောက်ပြပါတယ်။
“အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ပေးနေတာလဲ ဆိုတာကို စဉ်းစားလို့ မရဘူး” လို့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ မထားထားက ပြောပါတယ်။
အခုချိန်မှာ သာမန်ပြည်သူ တယောက်ဖြစ်တဲ့ ပြည့်ပြည့်အနေနဲ့ကတော့ သူနဲ့ သူ့မိသားစု လုံခြုံရေးကို ဘယ်သူ အာမခံ မလဲလို့ မေးရုံမှတပါး အခြားဘာမှ မတတ်နိုင်ပါဘူး။
ကာကွယ်ပေးမှု အပြည့်အဝရှိမယ့် အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ ဥပဒေတရပ် မပေါ်ထွန်းခင် အကြမ်းဖက်မှု တွေ ဘယ်လောက် ထပ်များနေအုံးမလဲ၊ ကျူးလွန်သူတွေအပေါ် သက်ညှာမှု ဘယ်အချိန်ထိ ရနေဦးမလဲ၊ အမျိုး သမီးတွေရဲ့ လုံခြုံမှုအတွက် ဘယ်သူတွေက အာမခံပေးမလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကို ပြည့်ပြည့် အပါဝင် မြန်မာနိုင်ငံက အမျိုးသမီးထုတရပ်လုံးက ဆက်လက် စောင့်မျှော်နေရဦးမှာပါ။
“ဥပဒေက မမြင်ချင်ယောင်ဆောင်နေတော့ ဒီထက်များလာအုံးမှာပဲ။ အက်စစ်က အလွယ်တကူလည်း ဝယ်လို့ရ တယ်လေ” လို့ ပြည့်ပြည့်က သတိပေး ပြောလိုက်ပါတယ်။ ။
( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ )
You may also like these stories:
ငြိမ်းချမ်းတဲ့ အဖြေရှာမှု တခုကို ဦးတည်ပြီး ရှေ့ဆက်သွားပါ