ဆောင်းပါး

COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း

Want create site? Find Free WordPress Themes and plugins.

“ကပ်ကြီး ဘယ်တော့ ပြီးမှာလဲ” ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက လူတွေ ညည်းတွား ရေရွတ်နေခဲ့ကြပါတယ်။

ခေါင်းရွက် ဗျက်ထိုး ဈေးသည်ကအစ ကုမ္ပဏီပိုင်ရှင်တွေအဆုံး ညည်းတွားနေကြပြီး အားလုံးက ဒီကပ်ဆိုးကြီး ဘယ် တော့ အဆုံးသတ်မလဲကို သိချင်လှပါပြီ။

ဒီကပ်ကြီးကြောင့် ရိုက်ခတ်မှုတွေ အများကြီးရှိနေပြီးတော့ စားဝတ်နေရေးကြပ်တည်းမှု၊ အလုပ်လက်မဲ့ ပြဿနာတွေ၊ ကုမ္ပဏီတွေလည်း ပြုတ်တဲ့လုပ်ငန်းတွေ ပြုတ်၊ ဒေဝါလီခံတဲ့ လုပ်ငန်းတွေလည်း တိုးလာနေပါတယ်။

လူတွေအနေနဲ့လည်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မရဘဲ Mask တပ်ရတာ၊ လက်အိတ်နဲ့ တခြား အကာ အကွယ်ပစ္စည်းတွေ အသုံးပြုရတာတွေ၊ အရာဝတ္ထုတွေ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ဆေးနေရတာ၊ ပစ္စည်းတိုင်းကို ဆေးကြောနေရတာတွေကို ညည်းငွေ့စ ပြုနေပါပြီ။

ဒါပေမယ့်လည်း “ဒီဗိုင်းရပ်စ်ပိုးက ကျနော်တို့ရဲ့ လူမှု အသိုင်းအဝိုင်းမှာ အခြား ကူးစက်ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေလိုပဲ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ HIV တောင် မပျောက်သေးဘူး”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မိုက်ခ်ရိုင်ယန် (Dr. Mike Ryan) က ပြီးခဲ့တဲ့ မေလ ၁၃ ရက်က ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အထက်ပါ သတိပေးချက်ကို ပြော ကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာ မိုက်ခ်ကပဲ ဆက်ပြီးတော့ “ဒီရောဂါ နှစ်ခုကို နှိုင်းယှဉ်တဲ့ သဘော မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့ကျဖို့တော့ အရေးကြီးတယ်လို့ ထင်တယ်။ ဒီရောဂါ ဘယ်အချိန်မှာ ပျောက်ကွယ်သွားမယ်၊ ဘယ်သူမှ ကြိုတင် မခန့်မှန်းနိုင်ဘူး” လို့ ပြောပါသေးတယ်။

ကူးစက် မြန်ကပ်ရောဂါ COVID-19 ဟာ ကမ္ဘာအနှံ့မှာ လူဦးရေ ၄ ဒသမ ၈ သန်းကျော် (၄,၈၆၄,၈၈၁) ကို ကူးစက်ထား ပြီး သေဆုံးသူ ၃ သိန်းကျော် (၃၂၁,၈၁၈) အထိ ရှိနေပါတယ်။ သေဆုံးမှုနှုန်းဟာ ကူးစက်သူ ဦးရေရဲ့ ၆ ရာခိုင်နှုန်းအထက် မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း မေလ၂၁ ရက် အထိဆိုရင် ကူးစက်ခံရသူ ၁၉၉ ဦး အထိ ရှိနေပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။

ကပ်ကြီး ပြီးဆုံးဖို့က လက်ရှိ အခြေအနေအရ ဒေါက်တာမိုက်ခ် ပြောသလိုပါပဲ၊ မဖြစ်နိုင်သေးပါဘူး။ ကမ္ဘာတဝှမ်းမှာ Lock Down ဖြစ်လိုက်၊ ကူးစက်မှု မြင့်တက်လိုက်နဲ့ ကူးစက်မှု သံသရာ လည်နေတဲ့ ဖြစ်ရပ်တွေ မြင်တွေ့နေရပါတယ်။

ဘယ်အချိန်အထိ စောင့်ရမလဲဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြေဖို့ခက်နေသလို ကမ္ဘာ့သမိုင်းမှာကို နမူနာတွေ ရှိနေပါတယ်။ ကမ္ဘာမှာ ကပ်ရောဂါဆိုးတွေ ကျရောက်တာ အခုမှတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်ပါင်း ၁၀၀ ကျော် ၁၉၁၈ မှာ ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish Flu) တုန်းကလည်း သေဆုံးမှုနှုန်း ၁၀ ရာခိုင် နှုန်းအထိ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာတဝန်း လူပေါင်း သန်း ၅၀၀ ကျော် ကူးစက်ခံရပြီး သန်း ၅၀ လောက် သေကြေခဲ့တာပါ။ အဲဒီအချိန်က လူဦးရေရဲ့ ၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းရှိတဲ့ သူတွေကို စပိန်တုပ်ကွေးက သတ်ပစ်ခဲ့တာ ဖြစ်ပြီး သေ ဆုံးမှု အများစုက ငယ်ရွယ်သူတွေနဲ့ သက်ကြီးရွယ်အိုတွေပါ။

အဲဒီထက်စောပြီး ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံး ကပ်ရောဂါက ၁၄ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါဖြစ်ပြီး ဥရောပ၊ အာရှ နဲ့ မြောက်အာဖရိကတိုက်တို့မှာ ကူးစက်ပြန့်ပွားခဲ့ကာ အနည်းဆုံး ၇၅ သန်းကနေ သန်း၂၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ ပါတယ်။ ဒီပမာဏဟာ အဲဒီခေတ်က လူဦးရေရဲ့ သုံးပုံတပုံခန့် အထိ ရှိပါတယ်။ ကူးစက်ပြန့်ပွားမှုဟာ ဆယ်စုနှစ်တစု ဝန်း ကျင်အထိ ကြာမြင့်ခဲ့ပါတယ်။

ဒီသမိုင်းကြောင်းတွေအရပဲ ဖြစ်ဖြစ်၊ လက်ရှိ ဖြစ်ပျက်နေမှုတွေအရပဲ ဖြစ်ဖြစ် ရေရှည်မှာ နေအိမ်ထဲမှာပဲ တံခါးပိတ်ပြီး ဆယ်စုနှစ် တစုလောက် နေထိုင်ဖို့ ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့ ဖြေရှင်းချက် မဟုတ်ပါဘူး။

ကျန်းမာရေးဆိုင်ရာ ဆောင်းပါးရှင် ဒေါက်တာ ဖြိုးသီဟကတော့ “COVID-19 က ကာကွယ်ဆေး ပေါ်ဖို့ကလည်း အလှမ်း ဝေးသေးတယ်။ ပြီးတော့ ဒါကြီး အရှင်း ပျောက်သွားဖို့ဆိုတော့ လောလောဆယ် အနေအထားအထိ မျှော်လင့်လို့ မရ တော့ဘူး။ လူတွေကလည်း အိမ်ထဲ အောင်းပြီး အလုပ်တွေ မလုပ်ဘဲ မနေနိုင်ဘူး။ အခုဆိုရင်ပဲ အလုပ်တွေ ပြန်လုပ်နေကြ ရပြီပေါ့” လို့ ဆိုပါတယ်။

အိမ်ကနေ အလုပ်လုပ်ရတာမျိုးတွေ ရုံးကို သွားရမယ် ဆိုရင်လည်း မဖြစ်မနေ လက်ကို သန့်ရှင်းဖို့၊ Mask အမြဲတပ်ထားဖို့၊ လူစုလူဝေး မလုပ်ဖို့၊ လူအချင်းချင်း ထိတွေ့တာတွေ ရှောင်ရှားတာမျိုးတွေဟာ လက်ရှိဘဝရဲ့ ယဉ်ကျေးမှု ပုံစံလိုကို ဖြစ် လာတော့မယ်လို့ ဒေါက်တာ ဖြိုးသီဟက ဆိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ ပြောသလိုပါပဲ စားဝတ်နေရေးအတွက် ရုန်းကန်ရမှာ ဖြစ်တဲ့အတွက် COVID-19 ကို ခုခံကာကွယ်ရင်း ပဲဖြစ်ဖြစ်၊ တွန်းလှန် အန်တုရင်းပဲ ဖြစ်ဖြစ် လက်ရှိ အခြေအနေကြားမှာ ရှင်သန်ဖို့ New Normal ပုံမှန်လူနေမှုဘဝ ပုံစံသစ် ကို ပုံဖော်ဖို့ လိုလာပြီလို့ နိုင်ငံတကာက ပညာရှင်တွေကရော ပြည်တွင်းက ကျွမ်းကျင်သူတွေကပါ တိုက်တွန်းလာကြပါပြီ။

ဒါပေမယ့် COVID – 19 နဲ့ အတူ ဘယ်လိုပုံစံ ရှင်သန်နေထိုင်ရမယ် ဆိုတာကကို မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

“သူများ New Normal ဆိုလို့ ကျနော်တို့က လိုက်ပြောနေပေမယ့် တကယ်တော့ အသား မကျသေးဘူး။ ဂဏန်း မငြိမ် သေး ဘူးပေါ့။ New Normal လို့သာ ပြောရတယ်။ အဲဒီ Normal ဆိုတာ ဘာလဲဆိုတာ ကျနော်တို့ မသိသေးဘူး”လို့ ပြည်သူ့ ကျန်းမာရေး ပညာရှင်တဦး ဖြစ်တဲ့ Marie Stopes International မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ဆိုပါတယ်။

အများပြည်သူ ပို့ဆောင်ရေး စနစ်တွေ၊ ငွေကြေး သုံးစွဲမှုတွေ၊ ပုံမှန် လုပ်ငန်းခွင်မှာ ဆင်ခြင် ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ အရာရာက အသား မကျမှု၊ အဆင်မပြေမှုတွေ ရှိနေနိုင်တယ်လို့ သူက ဆိုပါတယ်။

“အထူးသဖြင့် အလုပ် သွားတာတွေမှာကတော့ ဘတ်စ်ကားစီးရတဲ့ အခါမှာ တော်တော့ကို အခက်အခဲ ရှိတယ်။ အဲဒါ ဘယ်လို ရှင်းမလဲ၊ အဖြေ ဘယ်သူ့မှာမှ မရှိဘူး” လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။

အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ Social Distancing သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း စီးနင်း စေဖို့ ဆိုတာက အဓိက အကျဆုံး အခက်အခဲ ဖြစ်နေပါတယ်။

“Social Distancing လုပ်ဖို့က အခုဆိုရင် ကားဆွဲတဲ့သူတွေမှာ တော်တော်လေးကို ရှုံးတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက် ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် တော်တော်လေးကို လိုက်နာပါတယ်။ ဒါပေမယ့် ရုံးသွားရုံးပြန် အချိန်တွေကျ လိုက်နာဖို့ ခက်တယ်။ လူတိုင်းကတော့ နှာခေါင်းစည်း မပါရင် တက်လို့ မရအောင်တော့ လုပ်ထားတာပေါ့” လို့ ရန်ကုန် တိုင်း ဒေသကြီး၊ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင် အောင်က ဆိုပါတယ်။

စီးပွားရေး တခုလုံး ရှင်သန်လှုပ်ရှားဖို့ Public Transportation ကလည်း မရှိမဖြစ် လိုအပ်တာကြောင့် အစိုးရကို CNG နှုန်း ထားတွေ လျှော့ချပေးဖို့လည်း တောင်းဆိုထားတယ်လို့တော့ ဒေါက်တာ မောင်အောင်က ပြောတယ်။

ဒါပေမယ့်လည်း ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်တွေကိုလည်း မဖြစ်မနေ လိုက်နာရမယ့်အပြင် အစိုးရက ကြားဝင် ဖြေ ရှင်းမပေးခဲ့ဘူး ဆိုရင်တော့ ယာဉ်လိုင်းတွေဟာလည်း အရှုံးနဲ့ ရင်ဆိုင်နေရဖို့ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

“Social Distancing ကို အတိအကျ လိုက်နာဖို့ဆို ကားအစီးရေ များများ လိုတယ်။ အခုက များများ ထွက်လေ ရှုံးလေ ဖြစ် နေတယ်”လို့ ဒေါက်တာ မောင်အောင်က ထပ်လောင်း ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးသူ ၄ သိန်းကျော်သာ ရှိပေမယ့်လည်း ကားစီးရေ၂၆၀၀ နေ့စဉ် ပြေးဆွဲပေးနေတယ် လို့ YRTA ကနေ သိရပါတယ်။ ပုံမှန်အချိန်တွေမှာ ဘတ်စ်ကားစီးသူ ၂ သန်းကျော် ရှိပြီး ယာဉ်စီးရေ ၅၀၀၀ ကျော်ခန့် ပြေး ဆွဲနေတာလည်း ဖြစ်ပါတယ်။

ဒီပြဿနာဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းရဲ့ ပြဿနာတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လာမယ့် လူနေမှု ပုံစံသစ် အတွက် ဒီပြဿနာအတွက် အဖြေရှာဖို့ လိုနေပါတယ်။

“အားလုံး အကြပ်ရိုက်ပြီး နိုင်ငံတကာမှာကို မရှင်းနိုင်သေးတာကတော့ အများသုံး သယ်ယူပို့ဆောင်ရေးနဲ့ သွားကြတဲ့ ဘတ်စ်ကား၊ မြေအောက်ရထား၊ မြစ်ကူး ဖယ်ရီတွေ အဲဒါတွေကတော့ တော်တော့်ကို ခက်သေးတယ်” လို့ ဒေါက်တာ စစ်နိုင်က ဆိုပါတယ်။

အိုင်တီ နည်းပညာရှင် ဦးရဲမြတ်သူကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ပြဿနာတွေ အပါအဝင် လူချင်း ထိတွေ့ မှု တတ်နိုင်သမျှ နည်းအောင်လည်း အိုင်တီနည်းပညာတွေ အသုံးချဖို့ တိုက်တွန်းပါတယ်။

“လူတွေက အလုပ်တွေ မလုပ်လို့ မရဘူးလေ။ အလုပ်တွေ လုပ်မှ ပိုက်ဆံတွေရမှ နေလို့ ရမှာကိုး။ အဲဒါတွေ မရှိဘဲ စား နေလို့မှ မရတာ။ အဲဒီတော့ ဒါတွေလုပ်ဖို့ ကိစ္စမှာ လူလူချင်း တွေ့တဲ့ကိစ္စက အန္တရာယ်ရှိတယ်ဆိုရင် လူမဟုတ်တာတွေနဲ့ပဲ တွေ့ဖို့ လိုတယ်လေ” လို့ သူက ဆိုပါတယ်။

ဒါတင် မကသေးဘဲ တဦးနဲ့ တဦး လှည့်ပတ်ပြီး သုံးစွဲနေရတဲ့ ငွေကြေးတွေက ကူးစက်မှာကိုလည်း ဦးရဲမြတ်သူက စိုးရိမ်နေ ပါတယ်။

“အထူးသဖြင့် လူတွေ အကုန်လုံး နိစ္စဓူဝ ရှောင်လို့မရတာက Payment ကိစ္စ။ ကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ စာကို ဖတ်ကြည့်လိုက် စားသောက်ဆိုင်က Menu တောင် မကိုင်ရဘူးတို့။ ကိုင်လို့ရှိရင် ပြန်ဆေးရမယ်တို့ ပြောထားတယ်။ အဲဒီတော့ Menu တောင် အဲဒီလောက် Sensitive ဖြစ်နေတယ်ဆိုရင် ပိုက်ဆံကို ဘယ်လို လုပ်မှာလဲ၊ ဖွတ်လျှော်ပြီးမှ သုံး မှာလား” လို့ ဦးရဲမြတ်သူက မေးခွန်းထုတ် လိုက်ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံက King George’s Medical University ရဲ့ ၂၀၁၅ ခုနှစ်အတွင်း လေ့လာမှုတွေအရ ရှိသမျှ ငွေစက္ကူတွေနဲ့ အကြွေစေ့ အားလုံးဟာ ဗိုင်းရပ်စ်၊ ကူးစက်ရောဂါပိုး၊ ဘတ်တီးရီးယားတွေနဲ့ ပြည့်နှက် ညစ်ညမ်းနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

အဲဒီ တက္ကသိုလ်ကိုပဲ၂၀၁၆ မှာလည်း ငွေစက္ကူတွေကို တမီးလ်နာဒူးပြည်နယ်က ဆရာဝန်တွေ၊ ဘဏ်တွေ၊ ဈေးတွေ၊ သား သတ်သမားတွေ၊ ကျောင်းသားတွေနဲ့ အိမ်ရှင်မတွေဆီကနေ ရယူ စစ်ဆေးခဲ့တာမှာ ရောဂါပိုးမျိုးစုံ တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ကိုဗစ်ပိုးကိုလည်း ငွေစက္ကူတွေမှာ တွေ့နိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ နိုင်ငံတကာမှာလည်း ဝေဖန် နေကြပါတယ်။

“တကမ္ဘာလုံးက Payment တွေ အကုန်လုံးက Cash ပေါ်ကနေ မသွားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ကတ်နဲ့ သွားတဲ့ သူတောင်မှ ATM စက်ကို နှိပ်ရတဲ့ ကိစ္စနဲ့ ကတ်ကို ကိုင်ရတဲ့ ကိစ္စမှာ ရောဂါကူးတယ် ဆိုပြီးတော့ ကတ်ကို ဖျောက်ဖို့ အော်နေကြပြီ” လို့ ဦးရဲမြတ်သူက ဆိုပါတယ်။

လူလူချင်း ထိတွေ့မှုတွေ ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ ဘဏ်တွေကို ငွေသွားသွင်းမယ့် အစား၊ ငွေကြေးတွေကို ကိုင် တွယ်ပြီး တယောက်နဲ့ တယောက် လက်ဆင့် ကမ်းနေမယ့် အစား၊ ATM စက်ကနေ ပိုက်ဆံတွေ ထုတ်ယူမယ့် အစား အခြား အစားထိုး နည်းပညာတွေ သုံးဖို့လိုနေပြီလို့ သူက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ကိုဗစ်ကူးစက်မှုမှာ အတော်အသင့်ကို ထိန်းချုပ်နိုင်နေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်ရမယ့် ကိစ္စဟာ အတော် စိတ်ပူစရာ ကိစ္စ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်က ဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ကျောင်းတွေ က အမြဲ ပိတ်ထားလို့ မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရမယ်။ ကာကွယ်ဆေး (Vaccine) သာ မြန်မြန်မရနိုင်ဘူး ဆိုရင်တောင် ကျောင်းတွေကတော့ ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့ အထိ ကျောင်းတွေ စောင့်ဖို့ ဆိုတာကတော့ မလွယ်ဘူး”လို့ ပြောခဲ့တာ ကြောင့် ကျောင်းတွေဟာ မကြာမီ ပြင်ဖွင့်တော့မယ်လို့ မျှော်လင့်ရပါတယ်။

ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ စုစုပေါင်း သင်ယူသူ ၁၀ ဒသမ ၈ သန်း ရှိနေပါတယ်။

ဒါဆိုရင် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၀ သန်းကျော်ဟာ ကိုဗစ်ပိုးကို ရင်ဆိုင်ပြီး သူတို့ အသားမကျတဲ့ လူနေမှု ပုံစံသစ်ထဲကို တိုးဝင်ရတော့မှာ ဖြစ်ပါတယ်။

ကျောင်းသား မိဘတွေ၊ ဆရာတွေကတော့ ဒီကိစ္စကို ငြင်းခုံနေဆဲပါ။ မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး အချက်က အွန်လိုင်း ပညာရေးနဲ့ လုံးဝ အလှမ်းကွာနေတာပဲ ဖြစ်ပါတယ်။

အမှန်တော့ အွန်လိုင်းပညာရေးဟာ တောင်ကိုရီးယားလို အာရှထိပ်သီး နိုင်ငံမှာတောင် အဆင်ပြေမနေပါဘူး။ ဒါကြောင့် တောင်ကိုရီးယားဟာ ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက မိဘတွေလိုပဲ တောင်ကိုရီးယားက မိဘတွေဟာ အစိုးရိမ်ကြီး စိုးရိမ်နေကြရတုန်းပါ။ တောင်ကိုရီးယားမှာ မေလ ၁၉ ရက်က လူပေါင်း ၂၃၆,၀၀၀ ကျော် လက်မှတ်ရေးထိုးပြီး ကျောင်းတွေ ပြန်ဖွင့်တာကို နောက်ဆုတ်ပေးဖို့ သမ္မတ ရုံး ဝက်ဘ်ဆိုက်က တဆင့် အသနားခံလွှာ တင်ပြခဲ့ကြတယ်လို့ အေးရှားတိုင်းမ် သတင်းစာက ဆိုပါတယ်။

ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဘာမဆို ဖြည့်ဆည်းနိုင်တဲ့ တောင်ကိုရီး ယားလို၊ ပြင်သစ်လို နေရာတွေမှာတောင် ကျောင်းတွေဟာ ဖွင့်ပြီး မကြာခင်ဘဲ COVID-19 ပြန်လည် ပျံ့နှံ့လာမှုကြောင့် ပြန်ပိတ်ရတာတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကျောင်းတွေဟာ တသက်တာ ရပ်နားထားလို့ ရတဲ့ အရာတွေ မဟုတ်ပါဘူး။

ကျောင်းတက်၊ အလုပ်သွား၊ ဈေးသွား စတဲ့ အရာတွေ အကုန်လုံးဟာ ကာလရှည်ကြာ ရပ်ထားလို့ မရတာကြောင့် သိပ် မကြာခင်မှာပဲ ဒါတွေကို မဖြစ်မနေ ပြန်ကို လုပ်ရတော့မှာပါ။ အဲဒီအချိန်မှာ ကိုဗစ်မကူးဖို့အတွက် ကိုယ့်ရဲ့ လူနေမှုပုံစံနဲ့ ဝန်းကျင်ကိုတော့ မဖြစ်မနေ ပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။

ဒေါက်တာ စစ်နိုင်ကတော့ “မျက်နှာဖုံး စွတ်ရမယ်၊ ခြောက်ပေ ခွာရမယ်၊ လက်ဆေးရမယ် ဆိုတာတွေက အသားမကျ သေးဘူး ဆိုရင်တောင် အကျင့်မပါသေးရင် အကျင့်ပါအောင် လုပ်ရမှာ” လို့ ဆိုပါတယ်။

မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကို လုပ်လာကြရမှာ ဖြစ်ပေမယ့် ပျော်ပွဲရွှင်ပွဲလို အရာတွေ ပျောက်ဆုံးသွားဖို့ သေချာနေ ပါတယ်။ လမ်းမပေါ်မှာ လူသူမရှိတဲ့ သင်္ကြန်ကို အားလုံးပဲ ကြုံခဲ့ရပြီးပြီ ဖြစ်ပါတယ်။ စီးပွားရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ကျန်းမာ ရေး ရှုထောင့်နဲ့ပဲ ဖြစ်ဖြစ် လူစုလူဝေးနဲ့ လုပ်တဲ့ အလှူတွေလည်း ရှိချင်မှ ရှိပါတော့မယ်။

တနင်္ဂနွေ ဘုရားကျောင်းပဲ ဖြစ်ဖြစ်၊ သောကြာနေ့ ဗလီ တက်ရတာကိုပဲဖြစ်ဖြစ်၊ လပြည့်နေ့ ဘုရားသွားတာကိုပဲ ဖြစ်ဖြစ် တတ်နိုင်သမျှ စဉ်းစားဆင်ခြင် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

လူမှုဘဝပုံစံတွေ သာမက အလုပ်အကိုင် လမ်းကြောင်းတွေလည်း အပြောင်းအလဲတွေ ရှိလာမယ်လို့ ဆိုကြပါတယ်။

“အချို့ အလုပ်အကိုင်တွေ ပျောက်သွားမယ်။ Event Organizer လို အလုပ်တွေ ပျောက်သွားမယ်။ ကျနော်တို့ ရှေ့ဆက် သွားမယ့် လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ဝန်ထမ်းဘဝ၊ Career နဲ့ ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့က နည်း ပညာကို တော်တော်များများ မှီခိုလာတော့မယ်လို့ ခန့်မှန်းရတယ်။ နည်းပညာကို စနစ်တကျနဲ့ အသုံးပြုတတ်ဖို့ ခေတ်ကို မျက်ခြေမပြတ်ဖို့ ဒါတွေကို အခုကတည်းက ကြိုးစား အားထုတ်ရပါမယ်” လို့ ဒေါက်တာ ဖြိုးသီဟက ဆိုပါတယ်။

လက်တွေ့ လူမှုဘဝမှာ တကယ်ကို New Normal ဖြစ်ဖို့ ပြောင်းလဲရမှာတွေ များပါတယ်။ နိုင်ငံတကာ ဝက်ဘ်ဆိုက် တွေမှာလည်း ဒါကိုပဲ တွင်တွင်ပြောနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လူတွေအနေနဲ့ မိမိပတ်ဝန်းကျင်နဲ့ အသားကျပြီးသား နေထိုင်မှု ပုံစံကနေ ပုံစံအသစ်ကို ပြောင်းတဲ့အခါ တဦးချင်း၊ တကိုယ်ရည် ဘယ်လောက် လိုက်နာကျင့်သုံးနိုင်မှာလဲ၊ ဘယ်လောက်ကြာကြာ ကျင့်သုံးနိုင်မလဲဆိုတာက တော့ မေးခွန်းထုတ်စရာ စောင့်ကြည့်စရာ ဖြစ်နေအုံးမှာပါ။

ဒါပေမယ့် ငွေကြေးကို ချွေတာဖို့၊ မဖြုန်းတီးဖို့၊ မရေရာတဲ့ အရာတွေမှာ ရင်းနှီးမြှုပ်နှံတာ မလုပ်ဖို့၊ အွန်လိုင်း ငွေပေးချေ မှုတွေ အသုံးပြုဖို့၊ အိမ်ကနေ အတတ်နိုင်ဆုံး အလုပ် လုပ်ဖို့၊ စီးပွားပျက်ကပ်ကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ မှုခင်းတွေကို ရှောင်ဖို့အတွက် နေ အိမ် ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကလေးတွေကို နားလည်အောင် ဆွေးနွေးပြောကြားဖို့ စတဲ့ စတဲ့ အကြံပြုချက်ပေါင်းများစွာက COVID-19 နဲ့အတူ ယှဉ်တွဲပြီး ရှင်သန်နေထိုင်ရမယ့် သင့်ကို အသေအချာ စောင့်ကြိုနေမှာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

အွန်လိုင်း သင်ကြားရေးစနစ်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ ပညာရေးကို ထိခိုက်နိုင်

လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း မပြုလုပ်ရန် သတိပေး

အခြေခံလူတန်းစားများကို စားသောက်ကုန်အစား ငွေထောက်ပံ့ပေးရန် အစိုးရ ပြင်ဆင်

ကိုဗစ်ကာလတွင် သတင်းသမားတွေ အလုပ်လက်မဲ့ဖြစ်လာ

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည် မဟုတ်ဟု WHO ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading