ကိုဗစ်-၁၉ ကမ္ဘာတဝှမ်း ကူးစက်ရောဂါဖြစ်ပွားမှုသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ကြီးမားဆုံး အမျိုးသား အကျပ်အတည်းဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လွန်ခဲ့သောလက ပြောဆိုခဲ့သည့်အချိန်က သူ၏ အစိုးရသည် အစောပိုင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ကာကွယ်ရေး အသုံးစရိတ်အား ခွင့်ပြုခဲ့သည်ဆိုသော အချက်ကို အများက သတိမမူခဲ့ကြပေ။
ဂျပန်ဒိုင်းယက်လွှတ်တော်သည် အမေရိကန် ဒေါ်လာ ၄၆.၃ ဘီလျံရှိ ကြီးမားလှသော ကာကွယ်ရေး အသုံးစရိတ်ကို မတ်လ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထိုပမာဏသည် အသံထက် ၅ ဆအထက်မြန်သည့် သင်္ဘောဖျက်ဒုံးကျည်သစ်များနှင့် ရဟတ်ယာဉ်တင် သင်္ဘောများတွင် Lockheed Martin မှ ထုတ်လုပ်သည့် F-35B သူလျှိုတိုက်လေယာဉ်များ တင်ဆောင်နိုင်အောင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်စေမည်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးနှင့် ပတ်သက်သော အသုံးစရိတ်သည် ထုံးစံအားဖြင့် အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံမှ ညူကလီးယာ ခြိမ်းခြောက်မှုကို ကာကွယ်ရန်သာ အဓိကရည်ရွယ်လေ့ရှိသည်။ သို့သော် ယခုအသစ်တိုးမြှင့်လိုက်သော ကာကွယ်ရေး အသုံးစရိတ်သည် ပိုမိုသြဇာကြီးမားလာသော သြဇာနယ်ပယ်ချဲ့ထွင်ရေးဝါဒီ တရုတ်နိုင်ငံအတွက် ပိုမိုရည်ရွယ်ကြောင်း ဂျပန်စစ်ဖက်ဆိုင်ရာ အတွင်းလူများ၏ အဆိုအရ သိရသည်။
“အဓိက စိတ်ပူနေရတာက တရုတ်ပဲ၊ မြောက်ကိုရီးယား မဟုတ်ဘူး” ဟု အမည်မဖေါ်လိုသော ဂျပန်အရာရှိ တဦးကပြောသည်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများ မြင့်မားနေပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်နိုင်ခြေမြင့်မားနေချိန်တွင် တရုတ်နိုင်ငံ၏ စစ်အင်အားနှင့်စွမ်းရည် အလျှင်အမြန် မြင့်မားလာနေသောကြောင့် အာရှ-ပစိဖိတ်ဒေသ သေနင်္ဂဗျူဟာ ချိန်ခွင်လျှာသည် တရုတ်နိုင်ငံဖက်သို့ ယိမ်းနေလိမ့်မည်ဟု သေနင်္ဂဗျူဟာ သုတေသီအများအပြားက ခန့်မှန်းနေကြသည်။
သို့သော် ထိုတွက်ချက်မှုသည် ဂျပန်နိုင်ငံ၏ လျှို့ဝှက်သော စစ်ရေးတိုးတက်မှုနှင့် အလားအလာရှိသော ပဋိပက္ခအခြေအနေတွင် လေယာဉ်တင်သင်္ဘောများ အပါအဝင် တရုတ်နိုင်ငံ၏ ခေတ်သစ် စစ်လက်နက်ပစ္စည်းများကို ခုခံရန် ရည်ရွယ်သော လက်နက်စနစ်သစ်များဖြင့် ဂျပန်က အမေရိကန်နိုကို ပေးနိုင်သည့် အထောက်အကူကို လျှော့တွက်ထားခြင်းဖြစ်သည်။
Exhibit A သည် ဂျပန်နိုင်ငံ၏ အသံထက် ၅ ဆအထက်မြန်သော သင်္ဘောပစ် ဒုံးကျည်ဖြစ်ပြီး ထိုဒုံးကျည်သည် အရှေ့နှင့် တောင်တရုတ်ပင်လယ်များမှ တရုတ်လေယာဉ်တင် သင်္ဘောများကို ခြိမ်းခြောက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဂျပန်ကာကွယ်ရေး အသိုင်းအဝန်းက တိုက်ပွဲကို အဆုံးအဖြတ်ပေးမည့် လက်နက်အဖြစ် သတ်မှတ်ထားသော ထို ဒုံးကျည်သည် မြင့်မားသော အရှိန်တွင် လမ်းညွုန်စနစ် အသုံးပြုနိုင်ပြီး ရှုပ်ထွေးသော ပုံစံများအတိုင်း လိုက်ပါနိုင်သောကြောင့် လက်ရှိ ဒုံးကျည်ကာကွယ်ရေး စနစ်များအနေဖြင့် ကြားဖြတ်ဟန့်တားနိုင်ရန် ခက်ခဲလှသည်။

ထိုဒုံးကျည်များကို တပ်ဖွဲ့များအတွင် ချထားပေးပြီးပါက ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်တို့ပြီးလျှင် အသံထက် ၅ ဆအထက်မြန်သည့် လေဟုန်စီးနည်းပညာဖြင့် လက်နက်တပ်ဆင်ထားသည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာလိမ့်မည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောများ ဖြန့်ကျက်ရေး ဦးတည်လာနေပြီး ဘဏ္ဍာငွေ ခွဲဝေမှုစာရင်းတွင် “ရန်သူ၏ဆက်သွယ်ရေး စနစ်ကို ဖြတ်တောက်ရန်”ဟု ဖေါ်ပြထားသော်လည်း တရုတ်နိုင်ငံကို ရည်ရွယ်ပုံရသည့် အီလက်ထရွန်းနစ်လှိုင်းများ အသုံးပြုရေး သုတေသနအပါအဝင် အာကာသ လုံခြုံရေး မြှင့်တင်ရန်လည်း ကာကွယ်ရေး အသုံးစရိတ်သစ်ကို အသုံးပြုမည်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ မြှင့်တင်ထားသော ရေတပ်စွမ်းရည်သည် ဂျပန်အနေဖြင့် တရုတ်ရေတပ်များကို စောင့်ကြည့်ရန် သို့မဟုတ် အလားအလာရှိသော ပဋိပက္ခအခြေအနေတွင် ပင်လယ်ဝါမှ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖေါက်ထွက်ခြင်းမပြုနိုင်ရေးအတွက် တရုတ်ရေတပ်ကို ဂျပန်၏ ပင်မနှင့် ပတ်ဝန်းကျင်ကျွန်းများမှတဆင့် ဟန့်တားရန် လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။
ထို့အပြင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့် ၎င်းတို့၏ ကမ်းတက် မရိန်းတပ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဂျပန်တပ်မတော်၏ ကုန်းနှင့်ရေ အလျှင်အမြန်တပ်ဖြန့်ချရေး တပ်မဟာ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော မရိန်းတပ်သည် ပတ်ဝန်းကျင် ရေကြောင်းဒေသအားလုံးတွင် လှုပ်ရှားရန် အသင့်ဖြစ်နေသည်။
ဂျပန် ရေတပ်သည် တရုတ်နိုင်ငံအပါအဝင် ပစိဖိတ်ဒေသတွင်းမှ မည်သည့်တပ်ဖွဲ့မဆိုကဲ့သို့ စွမ်းဆောင်ရည်ရှိသည် သို့မဟုတ် စွမ်းဆောင်ရည် ပိုမိုမြင့်မားသည်ဟု လေ့လာသူအချို့က ဆိုသည်။
တချိန်တည်းတွင် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး ရည်မှန်းလုပ်ဆောင်သည့် ကာကွယ်ရေး အသုံးစရိတ်သည် တိုးလာရန်ရှိနေသည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်များအရ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈.၄ ဘီလျံရှိပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆.၇ ဘီလျံသို့ တက်လာမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ဒုတိယကမ္ဘာစစ် ရှုံးနိမ့်ပြီးနောက် ဒေသတွင်းတွင် ဂျပန် ထပ်မံကျူးကျော်မှု မဖြစ်စေရန် အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့သည့် ဂျပန်နိုင်ငံ၏ ၁၉၄၇ ခုနှစ် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့် သဘောသက်ရောက်နေသည်။
ဂျပန်နိုင်ငံ၏ စစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုများကို မှတ်မှတ်ရရ ရှိနေကြသေးသည့် ၁၉၅၀ ခုနှစ်များက ဂျပန်နိုင်ငံအနေဖြင့်ပ စစ်အင်အားကြီးနိုင်ငံပြန်လည်ဖြစ်မလာရေးအတွက် ချမှတ်ခဲ့သည့် စည်းမျဉ်းများအတိုင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု၏ ၁ ရာခိုင်နှုန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။
သို့သော်မကြာသေးမီကာလအတွင်း တရုတ်နိုင်ငံသည် စစ်အင်အားကြီးနိုင်ငံအဖြစ်ပေါ်ထွက်လာသောကြောင့် ထိုဘာဏ္ဍာငွေ ကန့်သတ်မှုသည် ခေတ်နှင့်ကိုက်ညီခြင်းမရှိတော့ဘဲ တိုကျိုမှ ကာကွယ်ရေးသဘောထား တင်းမာသူများ သြဇာကြီးမားလာလျှင် မကြာမီရုတ်သိမ်းဖွယ်ရှိနေသည်။
ဥပဒေ အရဆိုပါက ယခင်သြဇာအာဏာချဲ့ထွင်ရေးဝါဒီဖြစ်ခဲ့သော ဂျပန် အမိမြေကာကွယ်ရေးတပ်များ (SDF) သည် ဥပဒေအရ စစ်ပွဲဆင်နွှဲနိုင်သော လက်နက်ကိုင်တပ်များ ထူထောင်ထားရှိခွင့် မရှိပေ။ သို့သော် လျှော့ပေါ့ဖေါ်ပြခြင်းမပြုပါက SDF သည် ၁၉၅၄ ခုနှစ်တွင် စတင်ဖွဲ့စည်းချိန်မှစတင်ပြီး ကမ္ဘာ့အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့များအနက် တခုအဖြစ် တိတ်တဆိတ် ကြီးထွားလာနေသည်။
လက်တွေ့တွင်လည်း ဂျပန်နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ် ရရှိမှုအရ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ ပြင်သစ်၊ ဂျာမဏီနှင့် ဗြိတိန်တို့နောက်တွင်ရှိပြီး ကမ္ဘာ့အဋ္ဌမ အများဆုံးကာကွယ်ရေး အသုံးစရိတ် ရရှိနေသည်ဟု နိုင်ငံတကာ ပညာရှင်အဖွဲ့ဖြစ်သော စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု၏ အဆိုအရ သိရသည်။

ယခုအခါ SDF တွင် အမြဲတမ်းတပ်ဖွဲ့ဝင် ၂၅၀၀၀၀ နီးပါးရှိပြီး အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုမှ ရှိထားသော နောက်ဆုံးပေါ်လက်နက်နှင့် နည်းပညာများတပ်ဆင်ထားသည်။ ထိုနောက်ဆုံးပေါ် လက်နက်နှင့် နည်းပညာများတွင် ဒုံးကျည်မျိုးစုံ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၊ နည်းပညာအရ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဒီဇယ်လျှပ်စစ်ရေငုတ်သင်္ဘောများနှင့် ပြည်တွင်းဖြစ် စစ်မြေပြင်သုံး တင့်ကားများပါဝင်သည်။
ဂျပန်နိုင်ငံသည် တရုတ်နှင့်အမေရိကန် စစ်စခန်းများထူထောင်ထားရာ အာဖရိက ဦးချိုဒေသမှ ဂျဘူးတီး Djibouti တွင် အမြဲတမ်း ရေတပ်စခန်း တခုကိုလည်း ထူထောင်ထားသည်။
ဂျပန်နိုင်ငံတွင် တည်ရှိသော အမေရိကန် စစ်အခြေစိုက်စခန်းများမှတဆင့် အမေရိကန်နိုင်ငံကပေးနေသော ကာကွယ်ရေး အစောင့်အရှောက်များအတွက် ဘဏ္ဍာရေး အရ ပိုမိုတာဝန်ယူရန် နှင့် အသုံးစရိတ်မြှင့်တင်ရန် ဂျပန်နိုင်ငံကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေပြီး ထိုကိစ္စသည် မဟာမိတ် နှစ်နိုင်ငံအကြား အပြင်းအထန်ဆွေးနွေးနေရသော အချက်လည်း ဖြစ်နေသည်။
ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၊ ကမ်းခြေစောင့်တပ်များနှင့် အခြားလုံခြုံရေး စရိတ်များကို ထည့်တွက်ပါက ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် စုစုပေါင်း အမျိုးသား ထုတ်လုပ်မှု၏ ၁.၃ ရာခိုင်နှုန်းသို့ရောက်နေကြောင်း လွန်ခဲ့သောနှစ် ဧပြီလတွင် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာကီရှီ အိုင်ဝါယာ ကြေညာခဲ့သည်။
အာဘေး၏ လက်အောက်တွင် ဂျပန်အစိုးရသည် နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်သည်။ ထို့အပြင် နိုင်ငံတကာ အငြင်းပွားမှုများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကို တရားမဝင်ကြောင်း ကြေညာထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉ ကို ၂၀၁၄ ခုနှစ်တွင် ပြန်လည်ဖွင့်ဆိုပြီး အမေရိကန်အပါအဝင် မဟာမိတ်များ စစ်ကြေညာခံရပါက SDF အနေဖြင့် ထိုမဟာမိတ်များကို အကာအကွယ်ပေးရန် ခွင့်ပြုခဲ့သည်။
ထိုပြဋ္ဌာန်းချက်အရ ဂျပန်နိုင်ငံသည် အနာဂါတ်တွင် ၎င်း၏ နယ်နိမိတ်ပြင်ပ စစ်ဆင်ရေးများတွင် ပိုမိုတက်ကြွစွာပါဝင်နိုင်ခဲ့ပြီး စစ်ဒဏ်ခံနေရသော ကမ္ဘောဒီးယားတွင် ငြိမ်းချမ်းရေး ထူထောင်ရန် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်မှုတွင် SDF ပါဝင်ဆောင်ရွက်ခြင်းမှတဆင့် ထိုလမ်းကြောင်းကို စတင်ခဲ့သည်မှာ ၁၉၉၀ ခုနှစ်များကပင်ဖြစ်သည်။
SDF ၏လုပ်ငန်းတာဝန်သည် ထိုးစစ်မဟုတ်သော်လည်း ထိုဖြစ်ရပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဂျပန်တပ်များကို ပြည်ပတွင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့ တပ်များဖြန့်ချပြီးနောက်တွင် ဂျပန်နိုင်ငံသည် အာဖရိကနှင့် အရှေ့တီမောမှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် ပါဝင်လာသည်။ ၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂဦးဆောင်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဂျပန်တပ်များကို အီရတ်သို့ စေလွှတ်ခဲ့သည်။
ထိုသို့စေလွှတ်ခြင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကုလသမဂ္ဂ ငြိမ်ချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများမှအပ ဂျပန်တပ်များကို ပြည်ပသို့ စေလွှတ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သောကြောင့် ဂျပန်ပြည်တွင်းတွင်ပင် အငြင်းပွာစရာဖြစ်ခဲ့သည်။
ထိုအချိန်မှ စတင်ပြီး တိုကျိုသည် ၎င်း၏ ကာကွယ်ရေးမူဝါဒများကို အင်ဒိုပိစိဖိတ်ဒေသတွင် တရုတ်သြဇာကြီးထားလာခြင်းကို အလားတူစိုးရိမ်နေသော နိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယတို့နှင့် ပိုမိုချိန်ညှိလုပ်ဆောင်လာသည်။
အမေရိကန်နှင့် အိန္ဒိယတို့ပါဝင်သော သုံးနိုင်ငံ ပါဝင်သည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်သည့် မလာဘာ စစ်ရေးလေ့ကျင့်မှု Exercise Malabar တွင် ၂၀၁၅ ခုနှစ်မှစတင်ပြီး ဂျပန်နိုင်ငံပါဝင်လာခြင်းသည် တိုင်းပြည်မှ ဝေးကွာသော နေရာများတွင် ဂျပန်ရေတပ်၏ စစ်ရေးစွမ်းရည်ကို ပြသနေပြီး တရုတ်နိုင်ငံသို့ ပြင်းထန်သော သတင်းစကား ပေးပို့လိုက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ထိုသတင်းစကားသည် တရုတ်န်ိုင်ငံက အိန္ဒိယ သမုဒ္ဒရာသို့ ၎င်း၏ ရေတပ် လက်လှမ်းမီမှုကို ပြသနေချိန်သည် ထိုသတင်းစကားသည် ပိုမိုပြင်းထန်သည်။
ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် ယခုနှစ်တွင် မလာဘာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မည် မလုပ်ဆောင်မီကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ဂျပန်နှင့် အိန္ဒိယအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ်တွင် နာရင်ဒရာမိုဒီ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်တွင် ပိုမိုလျှင်မြန်စာ ကြီးထွားလာနေသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်း လွန်ခဲ့သောနှစ် စက်တင်လာလကဂျပန်သို့ သွားရောက်လည်ပတ်ပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကန်ဂျီ ဟီရာမတ်စုက မီဒီယာများသို့ ပြောကြားရာတွင် ထိုပူးပေါင်းဆောင်ရွက်မှုအတွက် လွန်စွာ စိတ်အားထက်သန်နေသည်။ ထိုခရီးစဉ်သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ကာကွယ်ရေး ပစ္စည်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဂျပန်-အိန္ဒိယ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအနက် အခြားပူးပေါင်းဆောင်ရွက်မှုများထက်ပိုမိုအရေးပါကြောင်း သူပြောသည်။ “ပစိဖိတ်သမုဒ္ဒရာကို လမ်းဖွင့်ပေးဖို့ အင်မတန်ကောင်းမွန်တဲ့ ဆွေးနွေးပွဲတွေ လုပ်နိုင်လို့ ကျနော်တို့အားတက်မိတယ်။ ကျနော်တို့ဟာ နိုင်ငံတကာရေးရာ သွင်ပြင်အများအပြားမှာ တူညီတဲ့ စာမျက်နှာကို ရောက်ရှိနေတယ်” ဟု သူပြောသည်။
ထိုပူးပေါင်းဆောင်ရွက်မှုတွင် မလာဘာစစ်ရေးလေ့ကျင့်မှုသာမက မြေပြင်အခြေစိုက် စစ်ရေးလေ့ကျင့်မှုများလည်း ပါဝင်သည်။ လွန်ခဲ့သော နှစ်အောက်တိုဘာနှင့် နိုဝင်ဘာလများက အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှ ဗိုင်ရန်တီရှိ သူပုန်နှိမ်နင်းရေးနှင့် တောတွင်းစစ်ရေးစစ်ရာသင်တန်းကျောင်းတွင် အိန္ဒိယနှင့် ဂျပန်အကြား Dharma Guardian-2019 စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။
အိန္ဒိယ အစိုးရ၏ ထိုစဉ်က တရားဝင်ထုတ်ပြန်ကြေညာချက်အရ ထိုစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ တောင်ပေါ်ဒေသများတွင် ပုန်ကန်မှု နှိမ်နင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် တပ်ဖွဲ့များ ပူးပေါင်းလေ့ကျင့်ရေး အတွက် ဖြစ်သည်ဟု သိရသည်။

အိန္ဒိယ နိုင်ငံမှ ပုန်ကုန်မှု နှိမ်နင်းရေးကို ဂျပန်နိုင်ငံက မည်သည့်အတွက် စိတ်ဝင်စားရသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ထိုထုတ်ပြန်ချက်တွင် “Dharma Guardian-2019 စစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယနှင့် ဂျပန်အကြား ကာလကြာမြင့်သော သေနင်္ဂဗျူဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်” ဟု ဖေါ်ပြထားသည်။ အရှေ့မြောက်အိန္ဒိယဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် အငြင်းပွားနေဆဲဖြစ်သော မတည်ငြိမ်သည့် ဒေသဖြစ်သည်။
ဒေသတွင်းတွင် အမေရိကန်ဦးဆောင်ပြီ ဂျပန်က ထောက်ခံနေသည့် တရုတ်ဆန့်ကျင်ရေး မဟာမိတ်ဟု မြင်သော ထိုလှုပ်ရှားမှုများကို တရုတ်နိုင်ငံကလည်း အလျှင်အမြန်တုံ့ပြန်ခဲ့သည်။ တရုတ်နိုင်ငံတွင် Liaoning နှင့် Shandong အမည်ရှိလေယာဉ်တင် သင်္ဘောနှစ်စင်းရှိပြီး တတိယတစင်းကို တည်ဆောက်နေဆဲဖြစ်သည်။ အမေရိကန်အခြေစိုက် သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျု၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်အရောက်တွင်လေယာဉ်တင် သင်္ဘော ၅ စင်းမှ ၆ စင်းအထိ ပိုင်ဆိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ညူကလီးယား ထိပ်ဖူးအရေအတွက်ကို လက်ရှိ ၂၆၀ မှ ၁၀၀၀ အထိ တိုးမြှင့်ရန်လိုအပ်ကြောင်း တရုတ်ပြည်ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့နေစဉ် သတင်းစာ၏ အင်္ဂလိပ်ဘာသာ သတင်းစာ ဖြစ်သော ဂလိုဘယ်တိုင်းမ် သတင်းစာ၏ မေလ ၈ ရက် ခေါင်းကြီးပိုင်းတွင် အယ်ဒီတာချုပ် ဟူ ရှီကျင်းရေးသားသည်။ “တချို့သူတွေက ကျနော်ဟာ စစ်မက်ဖြန့်ချိသူလို့ ထင်ကြမယ်။ ဒါပေမယ့် အဲဒီလို တံဆိပ်ကပ်တာမျိုးကို သူတို့အနေနဲ့ တရုတ်နိုင်ငံကို ဗြောင်ကျကျ ရန်လိုနေတဲ့ အမေရိကန် နိုင်ငံရေးသမားတွေမှာ ကပ်ပေးသင့်တယ်။ အခုတလော ပိုမိုပြီး ကျိုးကြောင်းဆီလျှော်မှုကင်းမဲ့လာတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီအချက်က ပိုမှန်တယ်” ဟု သူရေးသည်။
ကျိုးကြောင်း ဆီလျှော်မှု မဲ့သည်ဖြစ်စေ မမဲ့သည်ဖြစ်စေ အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ အကျပ်အတည်းအတွင်း တရုတ်နိုင်ငံကို စကားလုံးအားဖြင့် တိုက်ခိုက်မှုများ အရှိန်မြှင့်တင်လာနေပြီး ထရမ့်က ထိုဗိုုင်းရပ်သည် တရုတ်နိုင်ငံတွင်စတင်ခဲ့ပြီ မေလ ၁၀ ရက်နေ့အထိ ကမ္ဘာတွင်လူ ၂၇၀၃၄၅ ဦးသေဆုံးကာ အမေရိကန်ပြည်ထောင်စုတွင် လူ ၇၈၇၉၄ သေဆုံးပြီး သူ၏နိုင်ငံတွင် အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်က ဂျပန်တို့ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်မှုနှင့် ၂၀၀၁ ခုနှစ်က ၉/၁၁ တိုက်ခိုက်မှုထက် ပိုမိုဆိုးရွားကြောင်း ပြောသည်။
တဖက်တွင်မူ အာဘေးက ဗိုင်းရပ်စ်အကျပ်အတည်းအတွက် တရုတ်နိုင်ငံကို ဗြောင်ကျကျ အပြစ်တင်ခြင်းကို ရှောင်ရှားသည်။ တရုတ်နိုင်ငံတွင် နှာခေါင်းစည်းများ၊ လက်အိပ်များနှင့် အခြားကာကွယ်ရေး ပစ္စည်းများ လိုအပ်နေချိန်တွင် ဂျပန်နိုင်ငံ ဆေးဝါးကိရိယာများပင်လှူဒါန်းပြီး Diamond Princess အပျော်စီး သင်္ဘော ယိုကိုဟားမားတွင် သွားလာနေထိုင်မှု ကန့်သတ်ရပ်နားသောအခါ တရုတ်နိုင်ငံက ဂျပန်န်ိုင်ငံသို့ ရောဂါရှာဖွေရေး ပစ္စည်းများ လှူဒါန်းပြီး တရုတ် ဘီလျံနာ ဂျက်မာက နှာခေါင်းစည်း တသန်းလှူသည်။
သို့သော် အင်ဒိုပိစိဖိတ်ဒေသတွင် ရှေ့တန်းစစ်မျက်နှာသစ်ပေါ်ပေါက်ပြီဟူသောအချက်နှင့် အမေရိကန် နိုင်ငံက ဒေသတွင်းလုံခြုံရေးကိုပိုမို အာရုံစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ အလွန် ဒေသတွင်း ပထဝီသေနင်္ဂဗျူဟာ အားပြိုင်ပွဲတွင် ပိုမိုအရေးပါသော အခန်းမှပါဝင်လာမည် ဆိုသည့်အချက်များကို အထက်ပါ ချစ်ကြည်ရေးဟန်ပန်များဖြင့် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
(Asia Times ပါ Bertil Lintner ၏ Japan could carry the day in a US-China conflict ဆောင်းပါးကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်ဝမ်ကို တရုတ်သိမ်းချိန်ရောက်ပြီလား
တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ
ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့