ကိုဗစ် ၁၉ ကပ်ဘေးဒဏ်ကို အထိနာခဲ့တဲ့ အမေရိကန်မှာ ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ ကြံဆောင်လာကြတဲ့အတွက် မိဘတွေဘက်က ဘေးကျပ်နံကျပ် မေးခွန်း ၂ ခုက လွန်းထိုးရက်ယှယ်လာကြပါတယ်။ ကလေးတွေ ကျောင်းကို ဘယ်လို မြန်မြန်ပြန်သွားနိုင်ကြမလဲ ဆိုတာရယ်၊ တကယ်ရော စိတ်ချလုံခြုံတဲ့ အနေအထားရောက်ပြီလား ဆိုတာရယ်ပါ။
အမေရိကန် ကလေးအထူးကု အကယ်ဒမီ American Academy of Pediatrics ကတော့ ဒီကိစ္စအတွက် ဒေသဆိုင်ရာ ကျန်းမာရေး ဌာနတွေနဲ့ သက်ဆိုင်ရာကျောင်းတွေ ပူးပေါင်းချိတ်ဆက်ပြီး စဉ်းစားလုပ်ဆောင်ရမယ့် အချက်တွေ အများကြီး ရှိတယ်လို့ဆိုပါတယ်။
အသစ်ထွက်လာတဲ့ လမ်းညွှန်ချက်တွေအရ ကလေးတွေကို ကျောင်းခန်းထဲမှာ၊ ကစားကွင်းမှာ လိုအပ်တဲ့ လူမှုအကွာအဝေးနဲ့ နေထိုင်ကြဖို့ ဘယ်လို လုပ်ကြမလဲ ဆိုတာ နဲ့ တကယ်လို့ ရောဂါဖြစ်ပွားမှုတွေ ပြန်ပေါ်လာရင် ဘယ်အနေအထားမှာ ကျောင်းတွေ ပြန်ပိတ်ကြမလဲ ဆိုတာတွေကို မီးမောင်းထိုးပြကြပါတယ်။
“ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကျောင်းမဖွင့်မီမှာ ကျောင်းသား တွေနဲ့ ကျောင်းက ဝန်ထမ်း ဆရာ၊ ဆရာမ တွေရဲ့ကျန်းမာရေးကို ဦးစားပေး စဉ်းစားရမယ်” လို့ အမေရိကန် ကလေးအထူးကုအကယ်ဒမီ က ကျောင်းကျန်းမာရေး ကောင်စီဝင်လည်းဖြစ်၊ ဝါရှင်တန် ဒီစီ က အမျိုးသား ကလေးဆေးရုံ Children’s National Hospital က ကလေးအထူးကုဆရာဝန်လည်းဖြစ်တဲ့ Dr Nathaniel Beers က ပြောပါတယ်။
သူကပဲ “ ကလေးတွေ ကျောင်းပြန်မဖွင့်နိုင်တာက မိဘတွေအတွက်လည်း အလုပ်ခွင် ချောချောမွေ့မွေ့ ပြန်ဝင်ဖို့ရာ ခက်ခဲစေသလို ကလေးတွေလည်း ပညာရေးထိခိုက်ပါတယ်၊ ကျောင်းဆိုတာကလည်း ကလေးတွေအတွက် စာသင်ပေးတာ တခုတည်း လုပ်တဲ့ နေရာ မဟုတ်ဘူး” လို့ပြောပါတယ်။ “ ကျောင်းတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်၊ တချို့ကျောင်းတွေမှာဆို ကလေးတွေကို အခမဲ့ နေ့လယ်စာနဲ့ အာဟာရတွေ ပံ့ပိုးတာတွေလည်း ရှိကြပါတယ်၊ အထူးဝန်ဆောင်မှု လိုအပ်တဲ့ ကလေးတွေအတွက် စကားပြောကုထုံးနဲ့ သင်ကြားပေးတာတွေ၊ အလုပ်ကုထုံးနဲ့ သင်ကြားစေတာတွေလည်း ရှိပါတယ်၊ ကျောင်းတွေက အမှန်တကယ်ဘဲ ကလေးတွေအတွက် ကျန်းမာရေး အမူအကျင့်ပံ့ပိုးရာ၊ လူမှုအခြေခံ ပံ့ပိုးရာတွေ ဖြစ်ပါတယ် “ လို့လည်း ဆိုပါတယ်။
ကျောင်းပြန်ဖွင့်ဖို့၊ ကျောင်းပိတ်ဖို့တွေက ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အခင်းအကျင်း တခုလို့ ကျောင်းဆရာသမဂ္ဂတခုဖြစ်တဲ့ အမျိုးသား ပညာရေးအဖွဲ့ အကြီးအကဲ Lily Eskelsen Garcia ကလည်း ထောက်ပြပါတယ်။ သူက “ ကျောင်းဆရာတွေ က wifi လို အင်တာနက် အရည်အသွေးကောင်းမွန်ရာမှာ နေရတဲ့သူတွေချည်း မဟုတ်ကြသလို ကျောင်းသားတွေအတွက်လည်း ဆက်သွယ်ရေးနဲ့ နည်းပညာ အခက်အခဲတွေ ၊ လိုအပ်ချက်တွေ အများကြီးရှိတာပါ။ သင်ကြားပို့ချမှုတွေကို ရရှိကြရာမှာ တန်းတူညီမျှဖို့နဲ့ ရေရှည်တည်တံ့ဖို့ အဆင်မပြေနိုင်သေးပါဘူး။ ကျောင်းတွေက ဘယ်လောက်တီထွင်ဖန်တီးနိုင်ကြမလဲ ဆိုတာလည်း မေးခွန်းထုတ်စရာတွေပါ” လို့ ဆိုပါတယ်။ သူကပဲ ကလေးတွေနဲ့ တခြား သက်ရှိဝန်းကျင်အတွက် စိတ်ချလုံခြုံမှု မရသေးတဲ့ အခြေအနေမှာ ဆရာတွေက ကျောင်းတွေဖွင့်ဖို့ အဆင်မပြေဘူးလို့ဆိုပါတယ်။
ကလေးတွေအနေနဲ့ ဘယ်လို အနေအထားက လုံခြုံစိတ်ချရပြီလဲ ဆိုတာတော့ ပြောရခက်ခဲပါတယ်။ ကိုဗစ် ၁၉ ကူးစက်ရောဂါရယ်၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှုရယ်နဲ့ ကလေးတွေရဲ့ ကဏ္ဍ ဆက်စပ်မှုကို ရှင်းလင်းဖို့ရာ အချက်အလက်တွေမှာ လစ်ဟာမှုတွေ အများကြီးရှိနေသေးတာပါ။ လက်ရှိ လေ့လာချက်တွေအရတော့ ကလေးတွေက ဖြစ်ပွားမှု နည်းတယ်၊ ဖြစ်လာရင်လည်း လက္ခဏာက အသင့်အတင့်သာ ဖြစ်ကြတာ များတယ်လို့ New York Times ရဲ့ အစီရင်ခံစာကို ကိုးကားနေကြတာလည်းရှိပါတယ်။
ဒါကလည်း အတည်တကျ ပြောလို့ရတာတွေ မဟုတ်သေးပြန်ပါဘူး။ နယူးယောက်မြို့ရဲ့ ရောဂါပိုးတွေ့ရှိတဲ့အထဲက ကလေး ၃၈ ယောက်မှာ ပြင်းထန်တဲ့ရောင်ရမ်းမှု အခြေအနေတွေ တွေ့ရပြီး ဒါက ဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွယ်နေတယ်လို့ဆရာဝန်တွေက ယူဆပါတယ်။ အဲဒီ အခြေအနေမျိုးတွေက ကလေးတွေမှာ ဖြစ်တတ်တဲ့ Kawasaki ရောဂါ၊ toxic shock syndrome တွေနဲ့ ဆင်တူနေတာလည်းဖြစ်တယ်လို့ဆိုပြန်ပါတယ်။ အဲဒီ လက္ခဏာရှိသူတွေထဲက ၃ ယောက်ကတော့ အသက်ဆုံးရှုံးသွားကြရတယ်လို့ New York Times က ဆိုပါတယ်။
သတိထားရမှာက ကလေးတွေမှာ ရောဂါဖြစ်ပွားခံစားရတာက အတန်အသင့်လောက်ပါ ဆိုတဲ့တိုင်အောင် သူတို့ဆီကနေ မိဘတွေ၊ ဆရာတွေ နဲ့ တခြား ကျန်းမာရေး စောင့်ရှောက်သူတွေဆီကို ကူးစက်ပျံ့ပွားစေကြတာတော့ ရှိနိုင်တာကိုပါ။
ကျောင်းတွေပြန်လည် မဖွင့်မီမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကို အမေရိကန် ကလေးအထူးကု အကယ်ဒမီက ညွှန်ပြထားတာကတော့
• ရောဂါ စမ်းသပ်စစ်ဆေးနိုင်မှုနဲ့ ထိတွေ့သူ ကွင်းဆက်ကို လိုက်နိုင်ဖို့ရာ အနေအထား ဘယ်လောက်ရှိသလဲ
• ရောဂါ ကာကွယ်ရေး အစိအမံတွေ လုပ်ဆောင်နိုင်မှု-ဥပမာ- ကျောင်းခန်းတွေ နဲ့ ကျောင်းသားတွေ ထိကိုင်မှု များရာတွေမှာ ပိုးသတ်သန့်စင်ရေး၊ ကျောင်းသားရော ဆရာပါ ရောဂါ စမ်းသပ်စစ်ဆေးရေး၊ နှာခေါင်းစည်း အသုံးပြုဖို့နဲ့ သင့်တင့်တဲ့ လူမှုအကွာအဝေး လိုက်နာကျင့်သုံးမှု၊ ကျောင်းသား နဲ့ ဆရာအကြား ထိတွေ့မှုတွေ ကန့်သတ်ရေး၊ လိုအပ်ရင် ရောဂါပိုး စစ်ဆေးမှု လုပ်နိုင်မှု တွေ ပါဝင်ပါတယ်။
• ရောဂါ စမ်းသပ်ဖို့နဲ့ ပိုးသတ်သန့်စင်ရေး ဆိုင်ရာ ပစ္စည်းတွေ ပံ့ပိုးရရှိနိုင်မှု အနေအထားလည်း ကြည့်ရပါမယ်။
• အတန်း အဆင့်လိုက် ဖွင့်လှစ်ဖို့ စီမံချက်တွေ ဘယ်လိုဆွဲမလဲ
• ကျောင်းပြန်လည်ပိတ်ဖို့ လိုအပ်မယ့် အခြေအနေဆိုင်ရာ စိမံချက်တွေ ရေးဆွဲဖို့
• ကျောင်းပြန်ဖွင့်ချိန်မှာ အခန်းနဲ့ လူဦးရေ တွက်ဆ နေရာချဖို့၊ ကျောင်းချိန် လျှော့ချတာ တွေ လုပ်ဖို့၊ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ နဲ့ချိတ်ဆက်ပြီး လူထုအတွင်း ရောဂါပျံ့ပွားမှုတွေ စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ သိရှိနိုင်ဖို့
• ထိခိုက်လွယ်တဲ့ ကျန်းမာရေး အခြေအနေ ရောဂါအခံတခုခု ရှိနေလို့ ကျောင်းပြန်လာဖို့ အဆင်မပြေတဲ့ ကလေးတွေ အတွက် အစီအမံ တွေ ရေးဆွဲဖို့
• ကျောင်းပြင်ပ လှုပ်ရှားမှု ဖြစ်တဲ့ အားကစား နဲ့ တခြား အစီအစဉ်တွေအတွက် စီမံချက်တွေ ရေးဆွဲဖို့ စတဲ့ အချက်တွေပါဘဲ။
ကလေး ဆရာဝန်အဖွဲ့ရဲ့ လမ်းညွှန်ချက်တွေသာမက ကျောင်းပြန်ဖွင့်ရေးမှာ အမေရိကန် တာဝန်ရှိသူတွေက တခြားနိုင်ငံတွေရဲ့ လုပ်ကိုင်ပုံတွေကိုလည်း စောင့်ကြည့်လေ့လာကြပါတယ်။
အာရှနိုင်ငံတွေမှာတော့ ကျောင်းပြန်ဖွင့်ရေးကို နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြပါတယ်။ တရုတ်မှာတော့ ကျောင်းသားတွေ ကျောင်းခန်းထဲ မဝင်မီ အပူချိန်တိုင်းတာ လုပ်ကြပြီး ကျောင်းက စားသောက်ဆိုင်တွေမှာ မျက်နှာချင်းဆိုင်အနေအထားအတွက် ပလပ်စတစ် အကာတွေ ခြားထားတာလည်း လုပ်ကြတယ်လို့ New York Times က ပြောပါတယ်။
သြစတြေးလျ ဆစ်ဒနီမှာတော့ တသမတ် ပုံစံ မရကြသေးပါဘူး။ ကျောင်းသားတွေကို အရေအတွက်ရဲ့ ၄ ပုံ ၁ ပုံ သာ တပတ်မှာ တရက်ဘဲ ကျောင်းတက်စေပါတယ်။ ဟောင်ကောင် နဲ့ ဂျပန်ကလည်း အဲဒီနည်း ကျင့်သုံးပါတယ်။ တိုင်ဝမ် မှာတော့ ဖေဖော်ဝါရီလ ကတည်းက ကျောင်းတွေပြန်ဖွင့်ပြီး စုဝေးတာ လုံးဝ မလုပ်စေဘဲ နှာခေါင်းစည်းတွေ မတပ်မနေရ တပ်ခိုင်းတယ်လို့ဆိုပါတယ်။
ဂျာမဏီမှာလည်း ကျောင်းသားတွေကို အခန်းမှာ ဦးရေ ထက်ဝက်သာ တက်စေတာမျိုး လုပ်ပါတယ်။ ခန်းမတွေရှိရင် တယောက်သွား လမ်းကြောင်းတွေ များများ နဲ့ချောင်အောင် လုပ်ထားကြပါတယ်။ဆရာတွေလည်း နှာခေါင်းစည်းတပ်စေပြီး ကျောင်းခန်းတွေကိုတော့ လေဝင်လေထွက်အတွက် ပြတင်းပေါက်တွေ ဖွင့်ပြီး သင်ကြားစေတယ်လို့ဆိုပါတယ်။
အမေရိကန်မှာတော့ ကျောင်းတွေဖွင့်ဖို့က တကယ့် ဘေးကျပ်နံကျပ် အနေအထားဖြစ်ပြီး ခိုင်မာအားကောင်းတဲ့ စီမံချက်တွေ ရေးဆွဲရပါမယ်၊ ကျောင်းတွေ ပြန်ဖွင့်ရုံသာမက အနာဂတ်မှာ ဘယ် အနေအထားတွေက ပြန်ပိတ်ရမလဲ ဆိုတာတွေပါ ပါဝင်အောင် လုပ်ဖို့လိုတယ်လို့ Dr Beers ကပြောပါတယ်။
Eskelsen Garcia ကလည်း စိမံချက်ရေးဆွဲရာမှာ ဆရာတွေလည်း ပါဝင်စေရမယ်လို့ဆိုပါတယ်။ အခု လောလောဆယ် ကျောင်းပြန်ဖွင့်ရေးအတွက် ဆောင်ရွက်နေတဲ့ ကော်မီတီတွေမှာ နိုင်ငံရေးသမားတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ပေမယ့် ဆရာတွေ မတွေ့ရသေးဘူးလို့ဆိုပါတယ်။ “ဆရာတွေလည်း ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ကျောင်းပြန်ဖွင့်ရေး ပုံစံရေးဆွဲရာမှာ ပါဝင်ရပါလိမ့်မယ်။ သေချာတာတော့ တသမတ်တည်း ကျင့်သုံးရမယ့် ပုံစံတော့ ရရှိဖို့ မဖြစ်နိုင်သေးဘူး” လို့ဆိုပါတယ်။
သူကဘဲ ကျောင်းတွေ ပြန်ဖွင့်ရေးမှာ အကြီးမားဆုံး ရင်ဆိုင်ရမယ့် အခက်အခဲက ကုန်ကျစရိတ် ကိစ္စလို့ဆိုပါတယ်။ ကျောင်းတွေရဲ့ ငွေကြေးက အပိုအလျှံ မရှိလှပါဘူး။ အဲဒီထဲက သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေ ပိုငှားရမယ်၊ လုံခြုံစိတ်ချရတဲ့ အနေအထားရဖို့ ဆရာတွေ ပိုငှားရမယ် ဆိုတာတွေက ခေါင်းခဲ စရာတွေ ဖြစ်လာမယ်လို့ဆိုပါတယ်။
ပုဂ္ဂလိက ကျောင်းတွေဆိုရင် အတန်းသား အရေအတွက် လျှော့ချရတာကနေ ဝင်ငွေ အခက်အခဲက ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သေးတယ်လို့ဆိုပါတယ်။
“ ကျောင်းသားတွေအနေနဲ့လည်း စိုးရိမ်ကြောက်လန့်မှုတွေ၊ မသေချာ မရေရာမှုတွေနဲ့ စိတ်ဒဏ်ရာတွေ လနဲ့ချီ ရှိနေကြမှာပါ၊ အဲဒီအတွက် ဖြေလျော့ပေးဖို့ကလည်း တချို့ ကျောင်းစိတ်ပညာရှင်တွေ နဲ့ ကျောင်းသူနာပြုတွေကို အလုပ်က ရပ်နားလိုက်ရတာတွေကလည်း ပြဿနာ” လို့ Eskelsen Garcia ကပြောပါတယ်။ “ ကျောင်းတွေမှာ ပိုးသတ် သန့်စင်တာတွေ လုပ်ဖို့ လူတွေ လိုအပ်ပါဦးမယ်၊ သူတို့ကို လေ့ကျင့်သင်တန်းပေးတာတွေလည်း လုပ်ရပါဦးမယ်၊ ဒီအချိန်မှာ လိုအပ်တာတွေ မရှိရင်၊ မဖြည့်ဆည်းနိုင်ရင် တစုံတယောက်ကတော့ ရောဂါ ကူးစက် အသက်ဆုံးရှုံးမှု ကြုံတွေ့နေနိုင်သေးတာပါဘဲ” လို့ သူက ဆက်လက် ပြောကြားခဲ့ပါသေးတယ်။
ကျောင်းပြန်ဖွင့်ရေး ကိစ္စက ထင်တာထက် ပိုပြီး လေးနက်ပါတယ်။ ပြီးပြည့်စုံတဲ့ အခြေအနေရောက်အောင် စီမံစရာတွေလည်း အများကြီးပါ။ ရောဂါပိုး ကူးစက်ပျံ့ပွားမှု တည်ငြိမ် လာချိန်ကို မစောင့်စားနိုင်လို့ ဖွင့်ကြမယ် ဆိုရင်၊ ထောင့်ပေါင်းစုံကနေ စဉ်းစားကာကွယ်မထားနိုင်ရင်တော့ ကိုဗစ်ရဲ့ အနေအထားက ဘယ်လို အကျိုးဆက်တွေ ယူဆောင်လာနိုင်သလဲဆိုတာ မတွေးရဲ တွေးရဲ တွေးနေမိပါတော့တယ် ။
ကိုးကား။ ။ HealthDay News တွင် ဖော်ပြထားသော Serena Gordon ၏ Can Schools Really Reopen Safely?
You may also like these stories:
ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး
အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်
ကိုဗစ် ကာကွယ်ဆေး မပေါ်မချင်း ကျောင်းများပြန်မဖွင့်ဟု ဒူတာဒေး ပြော