ရခိုင်ပြည်နယ်တွင် လက်သည်မပေါ်သော လူသတ်မှုများနှင့် လူပျောက်မှုများ ဖြစ်ပွားလာသည်မှာ နှစ်ချီကြာမြင့်နေပြီ ဖြစ်သော်လည်း ရပ်တန့်မသွားဘဲ ဆက်လက် ဖြစ်ပွားနေခြင်းက ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသည်။
ဧရာဝတီသတင်းဌာနက ပြုစုထားသော အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်း အမည်မပေါ်သည့် လူသတ်မှုနှင့် လူပျောက်မှုပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။
အဆိုပါ လူပျောက်မှုနှင့် လူသတ်မှုများအတွက် လက်သည်တရားခံ မည်သူဖြစ်ကြောင်း ရေရာသည့် သက်သေ မပြနိုင်သလို ပဋိပက္ခဒေသများအတွင်း တပ်မတော်နှင့် AA က အပြန်အလှန်သာ လက်ညှိုးထိုး စွပ်စွဲနေကြဆဲ ဖြစ်သည်။
လက်ရှိအထိ လူသတ်၊လူပျောက်ကိစ္စများ ဆက်လက်ဖြစ်ပေါ်နေခြင်းက ဒေသခံ ပြည်သူများအတွက် ကျီးလန့်စာစား နေရသည့် အခြေအနေဖြစ်ရာ ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု ပြိုလဲလာခြင်းပေလောဟု စိတ်မသက်သာဖွယ် မေးခွန်းထုတ်ရမည့် အရေးကြီးသည့် ကိစ္စတရပ်ဖြစ်လာသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလက ကမ်းထောင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ် လူသတ်မှုမှာ ဥပဒေစိုးမိုးရေးပိုမိုလုပ်ဆောင်ရန် မီးမောင်းထိုးပြခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
သတ်ဖြတ်ခံရသူ၂ ဦး၏ ဦးခေါင်းများကို ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားလျက် ၁ ဦး၏ ရင်ဝပေါ်တွင် ဓား ၁ ချောင်း ကိုလည်း ထိုးစိုက်ထားကာ နားရွက်များကိုလည်း လှီးဖြတ်ထားကြောင်း၊ အလောင်းများ တွေ့ရှိသည့်နေရာတွင် သွေးအိုင် များကိုလည်း မတွေ့ရှိရသည့်အတွက် တခြားနေရာ၌ သတ်ဖြတ်ကာ လူအများမြင်စေရန် ပြသထားခြင်း ဖြစ်ကြောင်းဟု ဒေသခံများက ပြောဆိုကြသည်။
ထိုအမှုသည်လည်း လက်သည်မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ရွာရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် ဦးဝင်းလှိုင် ခေါ် ခိုင်ဝင်းလှိုင်ကို အမည်မသိ လူ ၆ ဦးက သေနတ်ဖြင့် ချိန်၍ အိမ်တိုင်ရာရောက် ဖမ်းသွားခဲ့သည်။
ယင်းနောက် ဇွန်လ ၁ ရက်တွင် “တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့”ဟု ဆိုသော အဖွဲ့က ဦးဝင်းလှိုင် (ခိုင်ဝင်းလှိုင်) သည် လုပ်ကြံသတင်းပေး၊ သတင်းယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိပြီး အပြစ်ရှိကြောင်း ထင်ရှားသဖြင့် သုတ်သင်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဦးခိုင်ဝင်းလှ်ိုင် ပျောက်ဆုံးမှုသည် ရခိုင်ပြည်နယ်တွင် အစိုးရကို ပုန်ကန်တိုက်ခိုက်နေသည့် ရခိုင်စစ်တပ် (AA) ၏ လက်ချက်ဟု ALP ဘက်က စွပ်စွဲထားသော်လည်း AA ဘက်ကမူ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
အပြန်အလှန် စွပ်စွဲမှုနှင့် ငြင်းခုန်မှုများရှိနေဆဲမှာပင် လက်ရှိအချိန်ထိ ဦးခိုင်ဝင်းလှိုင် တယောက်ကား ၎င်း၏ နေအိမ်သို့ ပြန်ရောက်မလာသေးပေ။
ထို့အတူ ALP အဖွဲ့ဝင်များ ဖြစ်ကြသော ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို ပေါက်တောမြို့နယ်၊ ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ မေလ ၂၃ ရက်ည ၁၁ နာရီတွင် လူတစုက လာရောက် ဖမ်းဆီးသွားသည်။
လက်သည်မပေါ်သော လူသတ်မှုများ
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ကမူ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ အရပ်သားများကို ပစ်မှတ်ထားသည့် သတ်ဖြတ်တိုက်ခိုက်မှုပေါင်း ၂၇ မှုဖြစ်ခဲ့ကြောင်း ဆိုသည်။
ဧရာဝတီ၏ လေ့လာချက်အရ ရခိုင်ပြည်နယ်ရှိ လက်သည်မပေါ်သော လူသတ်မှုများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် ၁ ဦး အသတ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်တနှစ်ပတ်လုံးတွင် ခပ်စိပ်စိပ် ဖြစ်လာကြောင်း တွေ့ရသည်။
ALD ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်သည် မြေပုံမြို့နယ်၊ ကြာအင်းတောင်ရွာရှိ ၎င်း၏ နေအိမ်၌ပင် အမည်မသိ သေနတ်သမားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။
လက်သည်မပေါ်သော လူသတ်မှုဆိုသည်မှာ တိုက်ပွဲကြောင့် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခြင်းနှင့် မသေသော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားစေသည့် အမှုများကို ဆိုလိုခြင်းဖြစ်သည်။
အချို့သော လူသတ်မှုများကို အရပ်ဝတ်ဖြင့် လူတစု သို့မဟုတ် လူတဦးက ကျူးလွန်ခြင်းဖြစ်ပြီး အချို့အမှုများတွင် မည်သည့် နေရာမှ မည်သူက ပစ်ခတ်ကြောင်း အတည်မပြုနိုင်သည့် အမှုများဖြစ်နေသည်ကို တွေ့ရသည်။
ထိုသို့သော ဖြစ်ရပ်များ
၂၀၁၉ ခုနှစ် တနှစ်ပတ်လုံးတွင် စစ်တွေ နှင့် ပုဏ္ဏားကျွန်းတွင် ၁ မှုစီ၊ အမ်းနှင့် မင်းပြားတွင် ၂ မှုစီ၊ မြေပုံမြို့တွင် ၅ မှု၊ ကျောက်တော်တွင် ၈ မှုဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် စက်တင်ဘာလသည် အမည်မပေါ်သော လူသတ်မှု အများဆုံးဖြစ်ပွားသည့်လဖြစ်ပြီး စုစုပေါင်း လူသတ်မှု ၇ မှုဖြစ်ပွားခဲ့သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁ ရက်အထိ ၅ လကျော်ကာလအတွင်း အမည်မပေါ်သော လူသတ်မှုနှင့် လူပျောက်မှု စုစုပေါင်း ၉ မှု ဖြစ်ပွားခဲ့သည်။
သေဆုံးသူနှင့် ပျောက်ဆုံးသူများစာရင်းတွင် တပ်မတော်သားဟောင်းများ၊ တာဝန်ထမ်းဆောင်နေဆဲ ရဲဝန်ထမ်း၊ နိုင်ငံရေး သမားတချို့၊ လက်လုပ်လက်စား အချို့၊ စီးပွားရေးသမား၊ ကုမ္ပဏီဝန်ထမ်းနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ ဝန်ထမ်းတဦး ပါဝင်သည်။
အဆိုပါလူသတ်မှုများထဲမှ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ WHO ၏ ယာဉ်မောင်းဝန်ထမ်း အပစ်ခံရမှုကဲ့သို့သော ထင်ရှားသည့် အမှုများတွင် တပ်မတော်ဘက်က AA လက်ချက်ဟု စွပ်စွဲထားပြီး AA ကလည်း တပ်မတော်က ပစ်ခတ်သည်ဟု စွပ်စွဲထားသည်။
AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ ဧရာဝတီက ပြုစုထားသော လူသတ်မှုနှင့် လူပျောက်မှုစာရင်းပါ အမှုများကို AA က ကျူးလွန်မှုမရှိကြောင်း ငြင်းဆိုသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ပျောက်ဆုံးသွားသော ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကို ၁ ဦးသာလျှင် AA အဖွဲ့က စစ်သုံ့ပန်းအနေနှင့် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။
ဧရာဝတီက လေ့လာထားသည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ ဇွန်လ ၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော လက်သည် မပေါ်သော လူသတ်မှုစာရင်းထဲမှ လူ ၉ ဦး အသတ်ခံရခြင်း၊ ပျောက်ဆုံးသွားခြင်းများသည် AA အဖွဲ့က ဆောင်ရွက်မှုများသာ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ရဲအရာရှိတွေ၊ တပ်နဲ့ ဆိုင်တာတွေ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဖြစ်သူဆိုရင် သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်စဉ်။ နောက်ပိုင်းမှာ အပေါက်ဝ ရဲစခန်းက နယ်ထိန်းခေါင်းဆောင်ဖြစ်စဉ်ပေါ့။ စစ်မှုထမ်းဟောင်းဖြစ်စဉ် နောက်ဆုံးဖြစ်သွားတာ ကတော့ ၂၀၂၀ ဇွန်လ ၁ ရက်မှာ ဖြစ်သွားတဲ့ ရေတပ်က အငြိမ်းစားတွေ ပါပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒီဟာတွေကတော့ AA က လုပ်ဆောင်တယ်ဆိုတာ အထောက်အထား အရရော။ အသတ်ခံရတဲ့လူတွေ ရပ်တည်ချက်အရရော သိနိုင်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ရင် AA ကလုပ်တယ်လို့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
အမည်မပေါ်သော လူသတ်မှုအများစုကို ရခိုင်ပြည်နယ် ပဋိပက္ခတွင် ပါဝင်နေသည့် အဓိက နှစ်ဖက် အဖွဲ့ဖြစ်သော AA နှင့် တပ်မတော်တို့က ငြင်းဆိုထားပြီး အပြန်အလှန်စွပ်စွဲနေကြသည်ဖြစ်ရာ ၎င်းတို့မကျူးလွန်ပါက အဆိုပါ နှစ်ဖွဲ့မဟုတ်သည့် တတိယ အဖွဲ့တဖွဲ့က ကျူးလွန်နေပြီလောဟု စဉ်းစားစရာလည်း ရှိလာသည်။
ရခိုင်ပြည်နယ် နယ်စပ်တွင် ARSA ကဲ့သို့ လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေသည်ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းပိုင်း အထိ ဝင်ရောက်၍ လူသတ်မှုများ ကျူးလွန်ရန်မှာလည်း မဖြစ်နိုင်သည့် အနေအထားရှိကြောင်း အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
လူသတ်မှုနှင့် လူပျောက်မှု တရားခံအား ခြေရာခံခြင်း
ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လူတယောက်ကို ကြီးမားသည့် အကြောင်းပြချက် မရှိဘဲ အလွယ်တကူ သတ်ဖြတ်မှုမျိုးကို တပ်မတော်နှင့် AA တို့က ဆောင်ရွက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုသည်။
၎င်းက “ဒါကတော့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကဏ္ဍတွေလည်း ရှိကောင်းရှိနိုင်တာပေါ့ဗျာ။ နောက်တခုက ရခိုင်ပြည်နယ်မှာ သူတို့လုပ်ချင်ရာ လုပ်ပြီဆိုရင် AA က လုပ်တာ ဘာညာ အဲဒီလိုမျိုး လွှဲချတာတွေလည်းရှိတယ်ဗျ။ တပ်မတော်က လုပ်တယ် ဘာညာလည်း ပြောကြတာ ရှိတယ်ဗျ။ ဒီလိုမျိုးတောကြောင်တွေတော့ ရှိကောင်းရှိနိုင်တယ်ပေါ့ဗျာဟု ဆိုသည်။
AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ AA အဖွဲ့သည် မည်သည့် အခါတွင်မှ လူမသိဘဲ လုပ်ကြံ သတ်ဖြတ်သည် မရှိကြောင်း၊ တခုခုလုပ်ဆောင်မည်ဆိုပါက တရားဝင်ကြေညာပြီးမှသာ ဆောင်ရွက်လေ့ရှိကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ ဓားထိုးအသတ်ခံနေရခြင်းသည်လည်း အုပ်ချုပ်ရေးယန္တရား လျော့ရဲနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များကို မကျေနပ်သော အရပ်သားများက လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။
တောင်ကုတ်ရှိ ALP အဖွဲ့ဝင် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ၎င်းက“တောင်ကုတ်က တော်တော်လေး ရှုပ်ထွေးတဲ့ နေရာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေကြားမှာ အားပြိုင်မှုတွေအမြင့်ဆုံး ရောက်နေတဲ့ နေရာဖြစ်တယ်။ အဲဒှလိုနေရာမျိုးမှာ သူတို့ အချင်းချင်းကြားထဲက လူမှုရေး၊ နိုင်ငံရေး ဆက်စပ်တဲ့ ကိစ္စတွေကြောင့် သူတို့အချင်းချင်း လုပ်ကြံတာ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။
ယင်းပြောဆိုချက် မည်မျှအထိ မှန်ကန်နိုင်သည်ဆိုသည်မှာလည်း သီးခြားဆန်းစစ်ရမည့် ကိစ္စဖြစ်သည်။
AA သည် လူထု အကြောက်တရားများကိန်းအောင်းစေရန်နှင့် အစိုးရအုပ်ချုပ်ရေးယန္တရား ယိုင်နဲ့ စေရန် ရည်ရွယ်ကာ ရခိုင်ပြည်နယ်တွင် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှုမြင်သူများလည်းရှိသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာအိမ်မှုးတွေ ဆယ်အိမ်မှူးတွေ အသတ်ခံရတာတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဒါတွေနဲ့ပတ်သက်ရင် သူတို့လုပ်နေတာသည် အစိုးရအုပ်ချုပ်ရေးကို သူတို့ အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ လုပ်နေတာဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ပြောထားတာတွေ ရှိတယ်” ဟုဆိုသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများ များစွာ ဖြစ်ပေါ်ခဲ့သော်လည်း မည်သူမှ သတ်ဖြတ်မှု များအတွက် တာဝန်မခံခဲ့ကြောင်း ဆိုသည်။
၎င်းက “အခုနောက်ပိုင်းကျတော့ ဘယ်သူလုပ်တယ်ဆိုတာတော့ တာဝန်ခံတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းက Third Party ပုံစံမျိုး ဖြစ်လာတာပေါ့။ Third Party တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် Third Party ပုံစံ လုပ်ထားတာမျိုးပါ။ ဒါမျိုး Third Party တခုက လုပ်ဖို့ဆိုတာက ဘယ်အရပ်သားက လုပ်ရဲမှာလဲ” ဟု ဆိုသည်။
စနစ်တကျ စုဖွဲ့ထားသည့် အဖွဲ့အစည်းများကသာ လူသတ်မှုနှင့် လူပျောက်မှုများကို ကျူးလွန်ရန် ရာခိုင်နှုန်းများကြောင်း ၎င်းက သုံးသပ်သည်။
လူသတ်မှုများ၏ အကျိုးဆက်
အမည်မပေါ်သော လူသတ်မှုများ ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ တိုက်ပွဲများ ကြောင့် ဆိုးရွားနေသည့် ဒေသတည်ငြိမ်မှုကို ပိုမိုပျက်ဆီးစေခြင်း ဖြစ်သည်။
မြေပြင် သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး ဒေသခံပြည်သူများတွင်လည်း စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရား များ နက်ရှိုင်းလာနေသည်။
ကျောက်တော်မြို့ ဒေသခံတဦးကမူ ရာဇဝတ်မှု တခုဖြစ်သဖြင့် ရဲစခန်းတွင် အမှုဖွင့်ရန် တိုင်ကြားပါက ရဲတပ်ဖွဲ့ဝင်များသည် အမှုဖွင့်ပေးရန် ငြင်းဆန်သည်များလည်း ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
“ရဲစခန်းကို သွားရင် ရဲက ငါတို့ ဘာမှ လုပ်လို့မရဘူး။ ငါတို့ကို မတိုင်ပါနဲ့။ AA ဆီ သွားတိုင်ပါဆိုပြီး ပေါ်ပေါ်ထင်ထင် ပြောတာတွေ အမြဲရှိတယ်ဗျ” ဟု ဆိုသည်။
ထို့အတူ တပ်မတော်ဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသည့် အမှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ထံ သွားရောက်တိုင်ကြားပါကလည်း တပ်မတော်ဘက်က ဆောင်ရွက်သည်ဆိုသည့် အချက်ကို တိုင်စာတွင် ပယ်ဖျက်ခိုင်းသည်လည်း ရှိကြောင်း ၎င်းကဆိုသည်။
ထိုသို့ အစိုးရဝန်ထမ်းများဖြစ်သော ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၏ ငြင်းဆန်မှုကြောင့် ဒေသခံ ပြည်သူများသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို အားကိုးလိုစိတ်ကင်းမဲ့လာကြောင်း ကျောက်တော်မြို့ ဒေသခံများက ပြောနေကြသည်။
“အနီးအနားက ကျနော့် အသိမိတ်ဆွေတွေရော၊ အသိမိတ်ဆွေ မဟုတ်တဲ့ သူတွေရောက ဘယ်သူ့မှ အားကိုးလို့ မရဘူး။ ငါနောက်ကျလို့ မရဘူး။ ငါလက်မြန်ရမယ်။ အဲဒီလိုမျိုးတွေ ပြောနေကြတာတွေ ကြားနေရတယ်။ ငါတို့သည်သာလျှင် တရားစီရင်ရေးဖြစ်တယ်။ ဆိုလိုတာက ကိုယ်လိုချင်တာကို ကိုယ်စီမံခန့်ခွဲရမယ်။ အဲဒီလိုသဘောတွေ ကိန်းအောင်း လာကြတယ်” ဟု ၎င်းက ပြောပြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ တဦးကလည်း ရဲဝန်ထမ်းများပင် AA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် မလုံမခြုံဖြစ်နေသဖြင့် ရာဇဝတ်မှုများ စုံစမ်းဖော်ထုတ်ရာတွင် အခက်အခဲများစွာရှိနေကြောင်း ဧရာဝတီသို့ပြောဆိုသည်။
“အကြမ်းဖက်အဖွဲ့တွေ ကိုယ်တိုင်က သူတို့ရဲ့ပစ်မှတ်တွေက ရဲတပ်ဖွဲ့ဝင်တွေ စစ်သားတွေဖြစ်နေတော့ အပြင်ထွက်လို့ သူတို့နဲ့ တယောက်ချင်းတွေ့ရင် အခွင့်သာရင် သာသလို ဒီကောင်တွေက လုပ်နေတာကိုး။ လုပ်လို့ကိုင်လို့တော့ မကောင်းဘူးပေါ့။ အန္တရာယ်ရှိတာပေါ့။ အန္တရာယ်တွေကြားမှာပဲ ရင်ဆိုင်နေရတာပေါ့” ဟု ရင်ဖွင့်သည်။
ထို့ပြင် လူသတ်မည့်သူများသည် ဒေသခံ အရပ်သားများ နှင့် ရောနှောနေသဖြင့် စုံစမ်းဖော်ထုတ်ရန်လည်း ခက်ခဲကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
“မြို့နယ်မှူးပဲ ဖြစ်ဖြစ်၊ စခန်းမှူးပဲ ဖြစ်ဖြစ်။ ဌာနဆိုင်ရာမှာ ရှိနေတဲ့လူတယောက်က စွပ်ကျယ်နဲ့ပဲ သွားသွား။ ဒါက ဘယ်သူ ဆိုတာသိတယ်လေ။ ဒါက စောင့်ကြည့်လို့ရတာကိုး။ ကိုယ်တွေက အဲဒီလိုအတိအကျမသိရင် ကိုယ့်ရှေ့ ရောက်လာတာ တောင် မသိဘူး။ ကိုယ်နဲ့ စကားလာပြောရင်တောင် ရန်သူဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အကြမ်းဖက် သတ်ဖြတ်သည့် လူသတ်သမားများသည် ပြည်သူလူထုကိုလည်း ရဲတပ်ဖွဲ့အား သတင်းမပေးရန် ခြိမ်းခြောက်ထားသဖြင့် လူထုသည် ရာဇဝတ်မှုများကို ထုတ်မပြောရဲပဲ နှုတ်ဆိတ်နေလေ့ရှိကြောင်း ရဲအရာရှိက ၎င်း၏ အတွေ့အကြုံကို ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံအချို့နှင့် တာဝန်ထမ်းဆောင်နေဆဲ ရဲအရာရှိများ၏ ပြောဆိုချက်အရ ဆိုလျှင် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ယိုယွင်းပျက်ဆီးနေကြောင်း ယူဆရမည့် သဘောဖြစ်နေသည်။
တရားဥပဒေစိုးမိုးမှုရှိရန် တိုက်ပွဲများရပ်သင့်သည်
လူသတ်မှုများ နှင့် လူပျောက်မှုများသည် တိုက်ပွဲများကြောင့် ဒေသတည်ငြိမ်မှု ယိုယွင်းလာသည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခြင်းများ ဖြစ်နိုင်သကဲ့သို့ အုပ်ချုပ်ရေးယန္တရားနဲ့ တရားဥပဒေ စိုးမိုးမှု ပိုမိုပျက်ပြားစေရန် ရည်ရွယ်ကာ ကျူးလွန် ခြင်းလည်း ဖြစ်နိုင်သည်။
အဖြစ်အပျက်များ၏ အရင်းခံအကြောင်းတရားသည် တနည်းဆိုရပါက AA နှင့် တပ်မတော်တို့၏ နှစ်ဖက်တိုက်ပွဲများ ကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ကိစ္စရပ်များလည်းဖြစ်သည်။
သို့ဖြစ်ရာ လူသတ်မှုနှင့် လူပျောက်မှုများကြောင့် ပျက်ပြားနေသည့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်မည်ဆိုပါက AA နှင့် တပ်မတော်တို့ နှစ်ဖက် ညှိနှိုင်း ပြေလည်ပြီး တိုက်ပွဲများ ရပ်မှသာ ဖြစ်နိုင်မည့် သဘော ရှိကြောင်း ရခိုင်ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်အမျိုးသားလုံခြုံရေးလေ့လာသူ အချို့က သုံးသပ် ကြသည်။
အမျိုးသားလုံခြုံရေး လေ့လာသူ ဦးကျော်စောဟန်ကမူ “တရားဥပဒေစိုးမိုးရေး ပျက်ပြားလာတော့ အဓိကတော့ အုပ်ချုပ် ရေး စနစ်ပျက်မယ်၊ နောက်ပြီးဒေသခံလူ ထုလုံခြုံမှု မရှိတော့ ပြည်နယ်တခုလုံးရဲ့တည်ငြိမ်ဖွံဖြိုးရေးနဲ့ လူသားလုံခြုံမှု ဘ၀ တခုလုံး ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာပဲ” ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဖမ်းဆီးသတ်ဖြတ်မှုများသည် AA နှင့် တပ်မတော် နှစ်ဖက်လုံး၏ အောက်ခြေ တပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးကျော်စောဟန်က ပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်က AA ခေါင်းဆောင်ပိုင်းများသည် ၎င်းတို့၏ အောက်ခြေတပ်ဖွဲ့ဝင်များအား အရပ်သားများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကိစ္စများ မလုပ်ကြရန် သတိပေးမှုများရှိခဲ့သည်။
“ဒါကအောက်ခြေမှာ လုပ်ချင်ရာလုပ်နေတာတွေရှိလို့ပါ။ တပ်မတော်ဖက်မှာလည်း အောက်ခြေက လက်လွန်ခြေလွန် လုပ်နေတာတွေရှိတယ်။ ရှေ့တန်းမှာ ကာလအကြာကြီး နောက်တန်းမပြန်ရတာ ကြာပြီဖြစ်တဲ့ စစ်သားတွေဟာ စစ်ပန်းပြီး နာကျည်းစိတ်တွေလည်း ဖြစ်နေကြမှာပဲ။ ဒါတွေရဲ့နောက်ဆက်တွဲတွေကို အပေါ်ပိုင်းက ထိန်းသိမ်းသင့်တယ်” ဟု ဦးကျော်စောဟန်က တိုက်တွန်းသည်။
မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံး ဝန်ထမ်းများသည် ၎င်းတို့၏ ပင်မ အလုပ်ဖြစ်သည့် တရားဥပဒေစိုးမိုးမှုကို ကောင်းမွန်စွာ မလုပ်နိုင်သဖြင့် ရခိုင်ပြည်နယ်၏ အခြေအနေသည် ခေတ်ပျက်ကို ဖြတ်သန်းနေရသည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုသည်။
ထိုကဲ့သို့သော အခြေအနေတွင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ပွဲများရပ်ပြီး တွေ့ဆုံဆွေးနွေး ရန် လိုအပ်ကြောင်း ပြောသည်။ တိုက်ပွဲများရပ်မှသာ ဒေသတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လာနိုင်မည် ဟုလည်း ဦးဖေသန်းက သုံးသပ်သည်။
အမျိုးသားလုံခြုံရေးလေ့လာသူ ဦးကျော်စောဟန်ကလည်း AA နှင့် တပ်မတော်ဖြစ်ပွားသည့် တိုက်ပွဲများသည် နိုင်ငံရေး ပြဿနာအပေါ် အခြေတည်ပြီး ဖြစ်တည်လာသည့် တိုက်ပွဲများဖြစ်သဖြင့် နိုင်ငံရေးနည်းဖြင့် အဖြေရှာသင့်ကြောင်း ပြောဆိုသည်။
“အဓိက ကတော့ Bilateral ထိုးဖြစ်ပြီး အပစ်ရပ်ကြဖို့နဲ့ ကိုယ်ကြေငြာထားတဲ့အပစ်ရပ်ကို နှစ်ဖက်လုံးက ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ပြည်နယ်အစိုးရနဲ့ ရခိုင်နိုင်ငံရေးသမားတွေလည်း ပဋိပက္ခ လျော့နည်းရာ လျော့နည်းကြောင်း ပြည်ထောင်စုနဲ့ချိတ်ဆက်ပြီး စေ့စပ်မှုကို အားပေးဖို့လိုတယ်။ ကျန်တာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ဖြည်းဖြည်းချင်း ဖြေရှင်းရမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။
တိုက်ပွဲများရပ်ကြရန် အကြံပေးပြောဆိုမှုများ ရှိနေသော်လည်း ရခိုင်ပဋိပက္ခတွင် အဓိက အားပြိုင်နေသည့် အင်အားစု နှစ်ခု ဖြစ်သည့် AA နှင့် တပ်မတော်တို့ဘက်တွင် တိုက်ပွဲများကို ရပ်လိုသည့် သဘောထားရှိ၊ မရှိမှာလည်း ဆန်းစစ်ရမည့် ကိစ္စဖြစ်သည်။
တပ်မတော်က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း များကို ပိုမိုလုပ်ဆောင်နိုင်ရန်ဟုဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တနိုင်ငံလုံးကို အပစ်အခတ် ရပ်စဲပေး ကြောင်း ကြေညာထားသည်။
သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ထားရာ အကြမ်းဖက်အဖြစ် အကြေညာ ခံထားရသော AA လှုပ်ရှားသည့် ရခိုင်ပြည်နယ် တွင်မူ အပစ်မရပ်မည့် သဘောရှိသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် AA တို့ကလည်း ဇွန် ၁ ရက် ရက်တွင် တပ်မတော်နှင့် ပူးတွဲ၍ အပစ်ရပ် ကြေညာလိုကြောင်း ထုတ်ပြန်ထားသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်က လိုက်လျောမည်၊ မလိုက်လျောမည် ဆိုသည့် သဘောမှာ ရှင်းလင်းစွာ မမြင်ရသေးပေ။
တပ်မတော်၏ ထိုးစစ်များကိုမူ ခုခံကာကွယ်သွားမည်ဟု AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ပြောဆို ထားသည်ရှိရာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်မည့် အခြေအနေသည် လတ်တလော ကာလတွင် မရေရာသည့် အနေအထားဟုပင် ဆိုရမည်ဖြစ်သည်။
တိုက်ပွဲများမရပ်သေးမျှ ကာလအတွင်း ရခိုင်ဒေသတွင် လက်သည်မပေါ်သည့် လူသတ်မှုများနှင့် လူပျောက်မှုများမှာ ဆက်လက် ဖြစ်ပွားနိုင်သေးရာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေဆဲပင် ဖြစ်နေပါလိမ့်မည်။
You may also like these stories:
ကမ်းထောင်းကြီးတွင် ခေါင်းပြတ် အလောင်း၂ လောင်း လူမြင်ကွင်း၌ ချထားမှုဖြစ်ပွား
ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ
ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး
ကျောက်တော်၌ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး အသတ်ခံရပြီး ၁ ဦး ပျောက်ဆုံးနေ