AA နှင့် လူထု
မိမိတို့ထက် အင်အားများစွာ ကောင်းသည့် မည်သည့်အစိုးရနှင့် စစ်တပ်ကို ပုန်ကန်သူမဆို လူထုအား စည်းရုံးရန် အရေးကြီးသည်ကို သတိမူလေ့ရှိကြသည်။ ပုန်ကန်သူမှန်သမျှသည် ၎င်းတို့အား လူထုထောက်ခံမှု ရရှိရန်၊ လူထုထဲမှ ရာခိုင်နှုန်း အများစု ထောက်ခံရန် လုံးပမ်းလေ့ရှိသည်။ ပုန်ကန်သူတို့အတွက် အင်အားတောင့်တင်းသော အစိုးရနှင့် စစ်တပ်အား ရင်ဆိုင်ရန် လူထုထောက်ခံမှုသည် အရေးပါသည်။ အခြေခံအကျဆုံး အချက်လည်းဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော AA သည် အစောပိုင်းကာလများတွင် လူသိမများလှပေ။ ၂၀၁၂ ခုနှစ် ကျောက်ဖြူညီလာခံတွင် AA ဒုတိယခေါင်းဆောင် လာတက်ပြီးနောက် ရခိုင်လူထုကြား လူသိများလာခဲ့သည်။ တကယ်တမ်း ရခိုင် လူထုကြား ရေပမ်းစားလာသည်မှ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရသည့် ရခိုင်ပါတီ ANP သည် ပြည်နယ်အစိုးရ ဖွဲ့ခွင့်မရသည့်နောက်ပိုင်း ရခိုင်လူထုကြားတွင် ဥပဒေတွင်း လမ်းကြောင်းနှင့် ပတ်သက်၍ အယုံအကြည် နည်းလာသည်ကို တွေ့ရသည်။ တချိန်တည်းတွင် AA ရက္ခိတလမ်းစဉ်ဟုဆိုသည့် ရခိုင် အမျိုးသားရေးလမ်းစဉ်မှာလည်း ရခိုင်လူထုတွင်း ရေပမ်းစားလာခဲ့သည်။
တချိန်တည်းတွင် AA အဓိကခေါင်းဆောင်၏ ဥပဓိရုပ်နှင့် အပြောအဆိုသည် ရခိုင်လူထုအား ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏ ပုဂ္ဂိုလ်ရေးသြဇာသည် တဖြေးဖြေး တက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ရခိုင်လူထုတွင်း လူကြိုက်များလာပြီး အခြား ရခိုင် လက်နက်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ALP၊ ALA နှင့် ANC၊ AA တို့အား အပြတ်ဖြတ်ထားနိုင်ခဲ့သည်ကို တွေ့ရသည်။
အမေရိကန် သုတေသီတဦးဖြစ်သူ ယွန်ဆန် (Yun Sun) ကလည်း AA ကို လူထုထောက်ခံမှုသည် ကစားပွဲကို တမျိုးတဖုံ ပြောင်းလဲသွားစေကြောင်း ပြောသည်။ AA သည် အခြားအဖွဲ့ကြီးများ၏ လက်ဝေခံအဖြစ် မှီခိုအသက်ရှင်ရသူ မဟုတ်တော့။ ထို့ပြင် ပြည်နယ်လူထု အများစု ပါဝင်သော ရခိုင်လူမျိုးများ၏ သဘောထားကို ထင်ဟပ်စေသည့် အဖွဲ့အစည်းတရပ်အဖြစ် ပေါ်ပေါ်လွင်လွင် ရပ်တည်လာနိုင်သည်။
AA အား ရခိုင်လူထုထောက်ခံမှုသည် ကချင်ပြည်နယ်တွင် KIA ကို ထောက်ခံသော ကချင်လူမျိုး ပမာဏထက်ပိုသည်။ ပြည်နယ်လူထု အများစုပါသော လူထုထောက်ခံမှုသည် AA ရပ်တည်နိုင်စွမ်းအပေါ် တွန်းအားများ ဖြစ်စေသည့် အကြောင်းအရင်းခံများ ဖြစ်သည်ဟု ယွန်ဆန်က သုံးသပ်ထားသည်။
ထို့ပြင် ရခိုင်တို့သည် စိတ်ဓာတ်ပြင်းပြသော လူမျိုးများဖြစ်ရာ ၎င်းတို့၏ ထောက်ခံမှုများကို ၂၀၁၅ ခုနှစ်နောက်ပိုင်း၌ အတိအလင်း ဖော်ပြလာသည်ကို တွေ့ရသည်။ မြောက်ဦးမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ကျောင်းထိုင်ဆရာတော်မှ ဦးစီး၍ AA ဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကျောက်ဖြူမြို့တွင် AA စစ်ဦးစီးချုပ်မွေးနေ့ အထိမ်းအမှတ် မီးပုံပျံလွှတ်ခြင်းများ တွေ့ခဲ့ရသည်။
ဖမ်းဆီးခံရမည်ကို မမှုဘဲ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတခုအား မြို့ပေါ်မှ အတိအလင်း ထောက်ခံသည်ကို အခြားတိုင်းရင်းသားများတွင် တွေ့ရခဲပေသည်။ ထိုအချိန်မှ စ၍ ရခိုင်မြောက်ပိုင်းတွင် AA အားထောက်ခံမှု တဟုန်ထိုး တိုးတက်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ ANP ပါတီသည် ၎င်း၏ပြိုင်ဘက်အား မရှုမလှ အရေးနိမ့်ခဲ့ခြင်းမှာ AA ၏ အရှိန်သြဇာနှင့် ပတ်သက်နေသည်ဟု ဆိုကြသည်။
၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ထောင်နှင့်ချီသော AA တပ်ဖွဲ့ဝင်များ စစ်ဝတ်စုံအပြည့်၊ ခေတ်မှီလက်နက်ခဲယမ်း အပြည့် အစုံဖြင့် ရခိုင်ပြည်နယ်အတွင်း ချဉ်းနင်းဝင်ရောက်လာသောအခါ ထိုသို့အခြေအနေသည် ရခိုင်လူထုအတွက် စိတ်လှုပ်ရှား စရာ အခြေအနေသစ် ဖြစ်ခဲ့သည်။
ရခိုင်လူထုအတွက် မျှော်လင့်ချက်အသစ် ၁ ခုဖြစ်ခဲ့သည်။ AA တပ်ဖွဲ့ဝင်များမှာလည်း ရခိုင်တိုင်းရင်းသား ဆွေမျိုးသားချင်းများပင်ဖြစ်နေရာ AA သည် လူထုထောက်ခံမှုကို ပိုမိုရခဲ့ပေသည်။
လက်ရှိမြေပြင်သတင်းများအရ ကျောက်ဖြူနှင့် အထက် ရခိုင်မြောက်ပိုင်းတွင် ထောက်ခံမှု မြင့်မားပြီး ရခိုင်တောင်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များတွင် ထောက်ခံမှုမှာ မြောက်ပိုင်းလောက် ထောက်ခံမှု မမြင့်ပေ။ ထောက်ခံမှု မမြင့်ဟု ဆိုသော်လည်း ဒေသခံ တဦးကမူ တဝက်ခန့်တော့ ထောက်ခံမည်ဟု တွက်ဆကြောင်း ဆိုပါသည်။ တကယ်တော့ ရခိုင်တောင်ပိုင်းတွင် မြေပေါ် ဥပဒေတွင်းပါတီ ANP ပင် သြဇာသိပ်မကောင်းလှပေ။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ANP ပါတီ အနိုင်မရခဲ့သည့် မြို့နယ်များဖြစ်သည်။ တဖက်ကပြောရလျှင် ရခိုင်မြောက်ပိုင်းလောက် “အမျိုးသားရေး” အားမကောင်းသည့် မြို့နယ်များဖြစ်သည်။ ထိုမြို့နယ်များကိုပင် AA သြဇာထိုးဖောက်လာသည်ကို တွေ့ရသည်။
ရခိုင်မြောက်ပိုင်းတွင် ထောက်ခံမှု အားကောင်းသည်ဟု ဆိုသော်လည်း မထောက်ခံသည့် သို့မဟုတ် ဆန့်ကျင်သူများလည်း အနည်းစု ရှိကောင်းရှိနိုင်ပါသည်။ သို့သော် လက်ရှိ ထောက်ခံသည့် လေထုကြီးမားနေသည့်အချိန်တွင် အနည်းစု ဖြစ်နေသည့် မထောက်ခံသူများသည် ၎င်းတို့ မထောက်ခံကြောင်းကို ကိုယ်နှုတ်အမူအရာဖြင့် ဖော်ပြကြလိမ့်မည်မဟုတ်ဘဲ နှုတ်ဆိတ်၍ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။
လူထုထောက်ခံမှုသည် AA ၏ လှုပ်ရှားမှုများအတွက် အားတအား ဖြစ်ပါလိမ့်မည်။ သို့သော် လူထုထောက်ခံမှု နှင့် ပတ်သက်၍ AA တွင်လည်း အခက်အခဲတခု၊ ရင်ဆိုင်ဖြေရှင်းရမည့် ပြသနာတခု ရှိနေပေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင် လူမျိုးအများစုနှင့် အခြားရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ နေထိုင်ကြရာ AA သည် လူထုစည်းရုံးရေးတွင် အခက်အခဲ မရှိလှပေ။ သို့သော် AA တပ်ဖွဲ့ အဓိကအခြေစိုက်သည်ဟု ယူဆရသော၊ AA တပ်ဖွဲ့ အတွက် အရေးပါသော ပလက်ဝ မြို့နယ်သည် လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တခု မဟုတ်သကဲ့သို့ ရခိုင်လူမျိုး အများစုနေထိုင်ရာ မြို့နယ်လည်း မဟုတ်ပေ။
ပလက်ဝမြို့နယ်သည် ရခိုင်မြောက်ပိုင်းနှင့် ရေကြောမြေကြော ဆက်စပ်နေပြီး ကူးသန်းသွားလာ ဆက်သွယ်မှု ကောင်းသည်။ ပလက်ဝမြို့နယ်၏ ဈေးစကားဟု ခေါ်သည့် ဘုံစကားသည် ရခိုင်စကားဖြစ်သည် ဆိုသည့်အချက်များသည် AA အတွက် အားသာချက်ဖြစ်သည်။ သို့သော် ပလက်ဝသည် လက်ရှိ ချင်းပြည်နယ်တွင်း ပါဝင်နေသည့်အပြင် ပလက်ဝ မြို့နယ်၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ခူမီးချင်းများဖြစ်နေခြင်းက AA ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာ ဖြစ်နေသည်။ ပလက်ဝ မြို့နယ်တွင် ခူမီးချင်းအပြင် ရခိုင်၂၀ ရာခိုင်နှုန်းခန့်နှင့် မြို တိုင်းရင်းသား အနည်းငယ် ရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းကျော် ရှိသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တို့က ခမွီးဟုလည်း ခေါ်ဆိုသည့် ခမီလူမျိုးများရှိသည်။ ရခိုင်ရှိ ခမီလူမျိုးတို့အား ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ စာရင်းတွင် ထည့်သွင်းထားသည်။ ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား တသိန်းခြောက်သောင်းခန့်ရှိပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေပြန့် မြစ်ချောင်းများအနီးတွင် နေထိုင်ကြပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်။
ခမီလူမျိုးများတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူရှိသကဲ့သို့ ခရစ်ယာန်ကိုးကွယ်သူလည်း ရှိသည်။ ရခိုင်ရှိ ခမီများနှင့် ပလက်ဝတွင် ရှိသော ခူမီးများမှာ ဘာသာ စကားယဉ်ကျေးမှု နီးစပ်တူညီမှု ရှိကြသည်။ သို့သော် ပလက်ဝရှိ ခူမီးတို့က ချင်းပြည်နယ်တွင် ပါဝင်ပြီး ချင်းမျိုးနွယ်စုအဖြစ် ခံယူကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီများက ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအဖြစ် ခံယူကြသည်။ အမှန်အားဖြင့် ၎င်းတို့သည် တိုင်းရင်းသားမျိုးနွယ်စုတခုတည်းဟု ဆိုနိုင်သည်။
အဆိုပါ ခမီ ခေါ် ခူမီးများသည် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် အများစုနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင် ခူမီး လူဦးရေ ၈ သောင်းခန့်ရှိသည်။ ပလက်ဝရှိ ခူမီးအများစုမှာ ခရစ်ယာန်ဘာသာဝင်များပြီး ဗုဒ္ဓဘာသာဝင် အနည်းစု ဖြစ် သည်။ မတူပီမြို့နယ်တွင် ခူမီးအနည်းငယ်ရှိပြီး ကျန်ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ခူမီးများ မနေထိုင်ကြပါ။
ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တောင်တန်းဒေသတွင် ခူမီးလူဦးရေ ၁ သောင်း ခန့်နေထိုင်ကြပြီး အိန္ဒိယ မီဇိုရမ် ပြည်နယ်တွင် အနည်းငယ် နေထိုင်သည်ဟု သိရသည်။ ခမီဟုလည်းကောင်း၊ ခူမီးဟုလည်းကောင်း အခေါ်အဝေါ် ကွဲပြားသော်လည်း အစိုးရက အသိမှတ်ပြုထားသော ချင်းပြည်နယ် တိုင်းရင်းသားမျိုးနွယ်တွင် ခူမီး ဟူသည် အမည်မပါဝင်သဖြင့် ပလက်ဝ အခြေစိုက် ခူမီးအမျိုးသားပါတီ မှတ်ပုံတင်သောအခါ ခမီ( ခူမီး) အမျိုးသားပါတီဟူ၍ မှတ်ပုံတင်ခဲ့ရသည်ဟု သိရသည်။
ခမီနှင့်ခူမီးမှာ အခေါ်အဝေါ် ကွဲပြားသော်လည်း ဘာသာစကား ယဉ်ကျေးမှု တို့အရ တိုင်းရင်းသားတမျိုးတည်းဟု ဆိုနိုင်သော်လည်း အရေးကြီးသည့် ပြဿနာမှာ ၎င်းတိုင်းရင်းသားတို့ ကိုယ်တိုင်ခံယူမှု သဘောထားဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ခမီတို့က ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးအဖြစ် ခံယူကြသော်လည်း ပလက်ဝရှိ ခူမီးများကမူ ချင်းတိုင်းရင်းသားနွယ်ဝင်များ အဖြစ် ခံယူကြသည်။ သို့ဖြစ်ရာ ခူမီးများအနေနှင့် ၎င်းတို့ချင်းမျိုးနွယ်များ အခြေစိုက်ရာဒေသသို့ ဝင်ရောက်လာသော ရခိုင်လူမျိုးတပ်ဖွဲ့ အမြင်ဖြင့် ကြည့်မြင်သည်။
ထို့ပြင် စစ်ပွဲကြောင့် ခူမီးအရပ်သားများ သေကြေဒဏ်ရာရခြင်း၊ ကျေးရွာများပျက်စီးခြင်း၊ စစ်ဘေးဒုက္ခသည်များဖြစ်ခြင်း၊ လမ်းပန်းနှင့် ရိက္ခာများပြတ်တောက်ခြင်းတို့အပြင် စစ်ပွဲကြောင့် ပုံမှန်လူမှုဘဝ တည်ငြိမ်မှု မရှိတော့သော အခြေအနေအား ကာလကြာခံစားရသောအခါ အချို့ခူမီးကြားတွင် AA ရခိုင် တပ်ဖွဲ့များကြောင့် ၎င်းတို့ ဒုက္ခရောက်ရသည်ဟူသည့် ခံစားချက်နှင့် လူမျိုးရေးအမြင်များ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။
ခူမီး ချင်း နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများတွင် အမြင်အမျိုးမျိုး ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ မည်သို့ အမြင်ကွဲပြားကြသည်ဖြစ်စေ ၎င်းတို့ကြားတွင် တူညီသည့်အချက်မှာ AA အား ၎င်းတို့ ခူမီးချင်းတို့အား ကိုယ်စားပြုသည့် အဖွဲ့အစည်းအဖြစ် မမြင်ကြခြင်းဖြစ်သည်။
ထိုသို့သော အခြေအနေများအောက်တွင် AA သည် ခူမီးချင်း ၂၀၀ ခန့်အား ၎င်းတို့တပ်ဖွဲ့တွင်း စည်းရုံးသိမ်းသွင်းနိုင်ပြီဟု မြေပြင်သတင်းများက ဆိုသော်လည်း AA သည် ပလက်ဝနယ်တွင်းရှိ လူထုအပြည့်အဝထောက်ခံမှု ရရန် ခက်ခဲနေမည် ဖြစ်သည်။ ထို့ပြင် ခူမီးချင်းများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရမည့် အကဲဆတ်သည့် ပြသနာတရပ်ကို ရင်ဆိုင်နေရ ပေသည်။ တချိန်တည်းတွင် ခူမီးချင်းရွာများ ဗုံးကြဲခံရခြင်း၊ ရွာများမီးရှို့ဖျက်ဆီးခံရခြင်းတို့နှင့် ပတ်သက်ပြီး ခူမီးချင်းတို့က တပ်မတော်အပေါ် အမြင်မကြည်လင်မှုများကိုလည်း တွေ့နေရပေရာ ပလက်ဝနယ်ရှိ ခူမီးချင်းတို့၏ စိတ်ဓာတ် လားရာနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမည့်ပြဿနာတရပ်ဖြစ်သည်ဟု သုံးသပ်ရပေသည်။
စစ်ပွဲနှင့်လူထု
ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်းသို့ AA စတင်ဝင်ရောက်လာသည့် ၂၀၁၅ မှ ၂၀၁၈ နှစ်များအတွင်း တိုက်ပွဲငယ်အချို့ ဖြစ်ပွားမှု ရှိသော်လည်း ပြင်းထန်မှု မရှိသည့်အပြင် နေရာအနှံ့အပြားလည်း ဖြစ်ပွားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လူထုသည် စစ်ဒဏ်ကို မခံစားခဲ့ရပေ။ သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှစ၍ ၂၀၂၀ မေလအထိ တိုက်ပွဲများမှာ ပလက်ဝနှင့် ရခိုင် မြောက်ပိုင်း မြို့နယ်များတွင် နေရာအနှံ့တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲများကြောင့် အရပ်သား ထိခိုက်မှု များပြားခဲ့သည်။
သေဆုံးသူ၊ ဒဏ်ရာရသူ များပြားခဲ့သကဲ့သို့ AA နှင့်ဆက်သွယ်သူ သို့မဟုတ် AA တပ်ဖွဲ့ဝင်များအဖြစ် တရားစွဲဆို ခံရသူ အမြောက်အများ တွေ့ရှိခဲ့ရသည်။ စစ်ဘေးကြောင့် ကျေးရွာများစွာ မီးလောင်ပျက်စီးခဲ့ရသည်။ စစ်ဘေးဒုက္ခသည် များစွာ မိမိကျေးရွာများကို စွန့်လွှတ်ထွက်ပြေးခဲ့ရသည်။ တဖက်တွင် AA ဘက်မှ ဖမ်းဆီးမှု များ၊ သတ်ဖြတ်ခဲ့မှုများလည်း ရှိသည်။ ဤသို့ဖြစ်ပွားမှုများနှင့်ပတ်သက်၍ တပ်မတော်ရော AA ပါ တဖက်နှင့်တဖက် မတူညီသော ထုတ်ပြန်မှုများ၊ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်ဘေးသင့် အဖြစ်အပျက်များကတော့ ရှောင်လွှဲ၍ မရခဲ့ပေ။
RFA သတင်းဌာန၏ သေဆုံးဒဏ်ရာရသူများ၏ တဦးချင်း အမည်၊ ကျေးရွာ၊ အချိန်ကာလအပါ ပြုစုထားသော စာရင်း ပေါင်းချုပ်အရ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊မင်းပြား၊ အမ်း၊ မြေပုံနှင့် စစ်တွေမြို့နယ်များအတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်မေလ ၂၆ ရက်နေ့အထိ သေဆုံး ၂၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄၉ ဦးရှိသည်ဟု သိရသည်။
စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အသင်းရုံး Rakhine Ethnics Congress (REC) က ပြု စုထားသော စာရင်းများ အရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင် စသည့် ၈ မြို့နယ်တွင် ၂၀၁၈ ဒီဇင်ဘာမှ ၂၀၂၀ မေလထိ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာ၊ ဖမ်းဆီး တရားစွဲ ခံရသူ၊ မီးလောင်ပျက်စီး ကျေးရွာ၊ စစ်ဘေးကြောင့် ထွက်ပြေးရသည့်ကျေးရွာ၊ စစ်ဘေး ဒုက္ခသည်နှင့် စစ်ဘေး ဒုက္ခသည် အရေအတွက် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ သတိပြုရန်မှာ အဆိုပါစာရင်းများပြုစုရာတွင် မြေပြင် အခက်အခဲ များကြောင့် REC အနေဖြင့် အနီးစပ်ဆုံး ကိန်းဂဏန်းအထိသာ ပြုစုနိုင်သည်ဟု ဆိုထားသည်။
ယင်းမှာ သေဆုံးသူ ၁၆၀ ကျော်၊ ဒဏ်ရာရသူ ၅၅၄ ဦးနှင့် ဖမ်းဆီးတရားစွဲခံရသူ ၅၃၀ ဦး ဖြစ်သည်။
စစ်ဘေးကြောင့် ထွက်ပြေးရသည့်ကျေးရွာ
၁။ ပုဏ္ဏားကျွန်းမြို့နယ်-ရွာ ၂၀ ရွာ
၂။ ကျောက်တော်မြို့နယ်- ရွာ ၃၉ ရွာ
၃။ မြောက်ဦးမြို့နယ်- ရွာ ၂၀ ရွာ
၄။ မင်းပြားမြို့နယ် -ရွာ၂၀ ရွာ
၅။ မြေပုံမြို့နယ်- ရွာ ၈ ရွာ
၆။ အမ်းမြို့နယ်- ရွာ ၁ ရွာ
၇။ ရသေ့တောင်မြို့နယ်- ရွာ ၃၅ ရွာ
၈။ ဘူးသီးတောင်မြို့နယ်- ရွာ ၂၇ ရွာ ဖြစ်ရာ ရခိုင်မြောက်ပိုင်း ၈ မြို့နယ်မှ စုစုပေါင်းကျေးရွာ ၁၇၀ ရွာ စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရသည်။
ရွာလုံးကျွတ်ထွက်ပြေးရသော ရွာများရှိသကဲ့သို့ အချို့တဝက် ထွက်ပြေးသည့်ရွာ၊ ရွာစောင့်ထားခဲ့ပြီး အများစု ထွက်ပြေးသည့်ရွာများလည်း ပါဝင်ပါသည်။
စစ်ဘေးဒုက္ခသည်စခန်းနှင့် စစ်ဘေးဒုက္ခသည်အရေအတွက်
၁။ ပုဏ္ဏားကျွန်းမြို့နယ် – စခန်း ၁၇ ခု (လူဦးရေ ၄၇၆၀ ဦး)
၂။ ကျောက်တော် မြို့နယ်- စခန်း ၂၁ ခု (လူဦးရေ ၁၂၂၅၀ ဦး)
၃။ မြောက်ဦး မြို့နယ်- စခန်း ၃၁ ခု (လူဦးရေ ၁၇၀၂၇ ဦး)
၄။မင်းပြား မြို့နယ်- စခန်း ၉ခု (လူဦးရေ ၂၇၂၁ ဦး)
၅။ မြေပုံ မြို့နယ်- စခန်း ၁၈ ခု (လူဦးရေ ၃၆၇၃ ဦး)
၆။ အမ်း မြို့နယ်- စခန်း ၂ ခု (လူဦးရေ ၈၀၂ ဦး)
၇။ ရသေ့တောင် မြို့နယ် – စခန်း ၂၄ ခု (လူဦးရေ ၈၄၈၆ ဦး)
၈။ ဘူးသီးတောင် မြို့နယ်- စခန်း ၈ ခု (လူဦးရေ ၇၉၅၅ ဦး)
၉။ မောင်တော မြို့နယ်- စခန်း ၂ ခု (လူဦးရေ ၆၂၂ ဦး)
၁၀။ စစ်တွေ မြို့နယ် – စခန်း ၁၄ ခု (လူဦးရေ ၃၅၄၈ ဦး)
၁၁။ ပေါက်တော မြို့နယ်- စခန်း ၅ ခု (လူဦးရေ ၆၉၈ ဦး) ဖြစ်ရာ ရခိုင်မြောက်ပိုင်း ၁၁ မြို့နယ် စစ်ဘေးဒုက္ခသည်စခန်း ၁၅၁ ခုတွင် စစ်ဘေးဒုက္ခသည် ၆၂၅၄၁ ဦးရှိသည်။ စခန်းပြင်ပ၌ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ဆွေမျိုးသားချင်း အိမ်များတွင်လည်းကောင်း နေထိုင်ကြသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၁၀၁၆၇၀ ဦးရှိရာ ရခိုင်မြောက်ပိုင်းရှိ စစ်ဘေး ဒုက္ခသည် ဦးရေမှာ၂၀၂၀ ဧပြီလ ၃၀ ရက်နေ့ ပြုစုထားသောစာရင်းအရ စခန်းတွင်း စခန်းပြင်ပ စုစုပေါင်း ၁၆၄၂၁၁ ဦးဖြစ်သည်။
REC ကပြုစုထားသော မီးလောင်ပျက်စီးကျေးရွာ အိမ်ခြေစာရင်းတွင်မူ ရခိုင်မြောက်ပိုင်းမြို့နယ်များ သာမက ပလက်ဝမြို့နယ်ပါ ထည့်သွင်းပြုစုထားသည်ကို တွေ့ရသည်။
မီးလောင်ပျက်စီးကျေးရွာ အိမ်ခြေစာရင်း
၁။ ဘူးသီးတောင်မြို့နယ်- ရွာ ၈ ရွာ၊ အိမ်ခြေ ၁၆၃ အိမ်
၂။ ကျောက်တော်မြို့နယ်- ရွာ ၁၁ ရွာ၊ အိမ်ခြေ ၁၁၁၉ အိမ်
၃။ ရသေ့တောင်မြို့နယ် – ရွာ ၈ ရွာ၊ အိမ်ခြေ ၆၈ အိမ်
၄။ ပလက်ဝမြို့နယ်- ရွာ ၇ ရွာ၊ အိမ်ခြေ ၂၂၄ အိမ်
၅။ မင်းပြားမြို့နယ်- ရွာ ၁ ရွာ၊ အိမ်ခြေ ၂၈ အိမ်
၆။ မြောက်ဦးမြို့နယ်- ရွာ ၃ ရွာ၊ အိမ်ခြေ ၂၀၅ အိမ်
၇။ ပုဏ္ဏားကျွန်းမြို့နယ် ရွာ ၂ ရွာ၊ အိမ်ခြေ ၃ အိမ် ဖြစ်ရာ ပလက်ဝအပါ မြို့နယ် ၇ ခုအတွင်းရှိ ကျေးရွာပေါင်း ၄၀ မှ အိမ်ခြေ စုစုပေါင်း ၁၈၃၀ မီးလောင်ပျက်စီးခဲ့ပါသည်။
ပလက်ဝ မြို့နယ် အသင်း(ရန်ကုန်) မှ ပြုစုထားသော စာရင်းများအရ ပလက်ဝ မြို့နယ်အတွင်း စစ်ဘေးသင့် စာရင်းမှာ ၂၀၁၅ ခုနှစ် ၂၀၂၀ မေလအထိ အရပ်သားသေဆုံးသူ ၄၅ ဦး၊ အရပ်သားဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ထွက်ပြေးရသည့် ကျေးရွာ ၃၅ ရွာကျော် ဖြစ်သည်။
စစ်ဘေးဒုက္ခသည်စခန်းနှင့် လူဦးရေမှာ ပလက်ဝတွင် ၄၀၀၀ ကျော်ခန့်၊ ဆမီးတွင် ၃၀၀၀ ကျော်ခန့်၊ ဆိမ့်ဆင်တွင် ၆၀၀ ကျော်ခန့်၊ မီးဇာတွင် ၂၀၀၀ ခန့် ဖြစ်ရာ ပလက်ဝမြို့နယ်တွင်း စခန်း ၄ ခုတွင် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၆၀၀ ခန့်ရောက်ရှိနေသည်။ ထို့ပြင် စစ်ဘေးကြောင့် ရန်ကုန်တိမ်းရှောင်လာပြီး မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူးတို့တွင် ဖြန့်ကျက် နေထိုင်သူ ၁၄၆ ဦးရှိပါသည်။
သေဆုံးဒဏ်ရာရသူများမှာ တိုက်ပွဲများတွင် ကျည်သင့်ခြင်း၊ မိုင်းထိခြင်း၊ ရွာတွင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အမြောက်ဆံ၊ ဗုံးဆံကျခြင်းတို့အပြင် တပ်မတော်၏ ဖမ်းဆီးခြင်းခံရသည့် ကာလအတွင်း ရောဂါဖြင့်သေဆုံးသည်ဟု ကြေညာခံရသူများလည်း ပါသည်။ မိသားစုဝင်များကတော့ ညှင်းပမ်းနှိပ်စက်ခံရ၍ သေဆုံးသလောဟု သံသယရှိကြသည်။ အဖမ်းခံရသူများမှာ တပ်မတော်စစ်ကြောင်းများက အရပ်သားယောင်ဆောင်ထားသည့် AA အဖွဲ့ဝင် သို့မဟုတ် AA နှင့် ဆက်သွယ်သူဟု သံသယဖြင့် ဖမ်းဆီးခံရသူများဖြစ်သည်။
ထိုသူများထဲမှ အရပ်ဖက်တရားရုံးတွင် တရားစွဲသောအခါ သက်သေအထောက်အထား မခိုင်လုံ၍ ပြန်လွှတ်ရသူများကို တွေ့ရပါသည်။ ထို့အတူ AA ဘက်မှ ဖမ်းဆီးသွားသူများ၊ ဖမ်းဆီးခံရစဉ်သေဆုံးသူနှင့် သတ်ဖြတ်ခြင်းခံရသူ အချို့ ရှိပါသည်။
စစ်ဘေးဒုက္ခသည်များမှာလည်း မူလအစက ရွာအတွင်း သို့မဟုတ် ရွာအနီး တိုက်ပွဲဖြစ်၍ ထွက်ပြေးကြရခြင်းဖြစ်သည်။ နောက်ပိုင်း၌ ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသောအခါ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများ၊ AA နှင့် ဆက်သွယ်သည်ဟု ယူဆရသူများအား ဖမ်းဆီးခြင်းများ ရှိလာသောအခါ ရွာဘက်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာသည်နှင့် ရွာလုံးကျွတ် ထွက်ပြေးကြ၍ စစ်ဘေးရှောင်ဦးရေ ပိုမြင့်လာခဲ့သည်။ သို့သော် စစ်ဘေးဒုက္ခသည်ဦးရေ စာရင်းမှာ မတည်ငြိမ်ပေ။ အချို့ရွာများသည် တိုက်ပွဲဖြစ်ပါက စခန်းများသို့ရောက်လာပြီး တိုက်ပွဲငြိမ်သွားပါက ရွာများသို့ပြန်သွားလေ့ရှိကြသည်။
အပိုင်း ၅ ကို ဆက်လက်ဖော်ပြပါမည်
You may also like these stories:
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)