မြန်မာနိုင်ငံတွင် ၁၉၈၈-ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး သွေးထွက်သံယိုနှိမ်နင်းခံရပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများအနေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်လာခဲ့ကြရသည်။
အချို့က တိုင်းရင်းသားနယ်မြေတွင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲပြီး အချို့က ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့များတွင် အခြေပြုပြီး နိုင်ငံတကာဆက်ဆံရေး ဆောင်ရွက်ကြသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ တိုင်းရင်းသားနယ်မြေများတွင် စစ်ပြင်းထန်လာသောအခါ စစ်ပြေးဒုက္ခသည်အရေး၊ စီးပွားရေးအရ ရွှေ့ပြောင်းလာသူ မြန်မာအလုပ်သမားအရေးတို့ကိုလည်း လုပ်ကိုင်လာခဲ့ကြရာ ထိုင်းနိုင်ငံသည်၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGOs) နှင့် မြန်မာ့ သတင်းဌာနများ၏ အခြေချ ရပ်တည်ရာနိုင်ငံ တခုဖြစ်ခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် အခြေချသည့် မြန်မာဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထိုင်းစစ်ဖက် အရပ်ဖက်မှ ပုဂ္ဂိုလ်များနှင့် မဖြစ်မနေ ဆက်ဆံရပါသည်၊ ထိုအထဲတွင် အာဂျန် ခရိုင်ဆတ်က တမူထူးခြားပါသည်။ သူသည် ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း စစ်ပြေးဒုက္ခသည်အရေး၊ ရွှေ့ပြောင်းလုပ်သားအရေးနှင့် လူ့အခွင့်အရေးတို့အတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။
ထိုင်းနိုင်ငံတွင် အခြေချသည့် မြန်မာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖို့ အာဂျန် ခရိုင်ဆတ်ကို မသိသူ မရှိဟု ဆိုလျှင် မှားမည်မထင်ပါ။
မြန်မာလို ဆရာဟု ရိုသေသမှုနှင့် ခေါ်သည့် အာဂျန်၏ အမည်မှာ ခရိုင်ဆတ် ချွန်နာဝန် Mr. Kraisak Choonhavan ဖြစ်သည်။ အာဂျန်ခရိုင်ဆတ်သည် ထိုင်းဘုရင့်တပ်မတော်၏ စစ်ဦးစီးချုပ်နှင့် ဝန်ကြီးချုပ် လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီး ချပ်ချိုင်း ချွန်နာဝန်၏ တဦးတည်းသော သားဖြစ်ပါသည်။ ဗြိတိန်၊ပြင်သစ်၊ ဆွစ်ဇာလန်နှင့်အမေရိကန်နိုင်ငံတို့တွင် ပညာသင်ကြားခဲ့ပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး တက္ကသိုလ်ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ပါတီခေါင်းဆောင်၊ အထက်လွှတ်တော်အမတ်နှင့် သဘာဝပတ်ဝန်းထိမ်းသိမ်းကာကွယ်ရေး၊ တက်ကြွလှုပ်ရှားသူ ပညာရှင်တယောက်အနေဖြင့် လူသိများပါသည်။
အာဂျန်ခရိုင်ဆတ်သည် မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမူကို အစဉ်အမြဲ ထောက်ခံအားပေးခဲ့သည့်အပြင် ထိုင်းလွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတွင်ပါ တစိုက်မတ်မတ် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ထိုင်းလူထု၊ ထိုင်းစီးပွားလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံရေးပါတီများနှင့် စစ်တပ်အတိုင်းအဝိုင်းများအနေနှင့် မြန်မာနိင်ငံ၏ တိုင်းရင်းသားပြဿနာ၊ ဒုက္ခသည်ပြဿနာ၊ လူ့အခွင့်အရေးပြဿနာများနှင် နိုင်ငံရေးပြဿနာများကို ပိုမိုသိရှိနိုင်ရန် လှုံဆော်စည်းရုံးခဲ့သူတဦးလည်းဖြစ်ပါသည်။
အာဂျန်ခရိုင်ဆတ်သည် လွန်စွာ လူသားဆန်သည်။ ယုံကြည်ချက်နှင့် ရပ်တည်ချက် ခိုင်မာသူဖြစ်သည်။ အကြီးတန်းသံတမန်တဦး၊ ပညာတတ်တဦး၊ ဂုဏ်သရေရှိ လူကြီးမင်း တဦးဖြစ်သော်လည်း အဖိနှိပ်ခံ အစွန့်ပစ်ခံများအရေး ရပ်တည်ဆောင်ရွက်သည်။ လူမှုဆက်ဆံရေးလည်း လွန်စွာပြေပြစ်၏၊ ၎င်းနေထိုင်သည့်အိမ်သည် မိမိတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အချိန်မရွေး ဝင်ထွက် သွားလာဆွေးနွေးနိုင်သည့် နေရာတခုဖြစ်ခဲ့ပါသည်။
ကျနော့်အတွက် မေ့မရနိုင်ဆုံးမှာ ၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဆိုနာမီလှိုင်းကြီး တိုက်ခတ်ခဲ့အပြီး ဖြစ်သည်။ ဆူနာမိကြောင့် ထိုင်းလူမျိူးများ၊ နိုင်ငံခြားသားများနှင့် ရာနှင့်ချီသည့်၊မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ သေကြေပျက်စီးခဲ့ကြသည်။ အသက်ရှင်ကျန်သော ဆိုနာမီ ဒုက္ခသည်ချင်းအတူတူ ထိုင်းနှင့် နိုင်ငံခြားသားများအား ထိုင်းအစိုးရနှင့် သက်ဆိုင်ရာနိုင်ငံများမှ စနစ်တကျ ထိထိရောက်ရောက် ကူညီပေးသော်လည်း ထောင်နှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံခဲ့ရပြီး မြန်မာပြည် (ကော့သောင်း) ဖက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။ ထောင်နှင့်ချီသည့် မြန်မာအလုပ်သမားများ ရော်ဘာခြံများနှင့် တောတောင်များထဲတွင် ပုန်းအောင်းနေခဲ့ကြရသည်။
စားဝတ်နေရေး ခက်ခဲခဲ့ကြသည့်အပြင် ထိုင်းရဲက ဖမ်းဆီးမည် စိုးပြီး ဒဏ်ရာရနေသော်လည်း ဆေးရုံ မသွားရဲသူတဦး ခြေထောက်ဒဏ်ရာ ဆိုးဝါးလာပြီး နောက်ဆုံး ခြေထောက်တဖက် ဖြတ်လိုက်ရသည်အထိဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်များအား ကျနော် အာဂျန်ကို ပြောပြသောအခါ သူ အင်မတန်ကြေကွဲသွားပုံ ရသည်။
ချက်ခြင်းပင် သူအနေနှင့် လိုအပ်သည့် ဆက်သွယ်ဆောင်ရွက်မူများပြုလုပ်ခဲ့ပြီး ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဒုက္ခရောက်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဖြေရှင်းပေးနိုင်ရန် စွမ်းဆောင်ပေးခဲ့ပါသည်။ ထိုင်းရဲများ အဖမ်းအဆီး ရပ်သွားပြီး အကူအညီ အထောက်အပံ့များ မြန်မာဒုက္ခသည်များထံ ရောက်လာခဲ့ကြသည်။
ကျနော့်အတွက် အာဂျန်ခရိုင်ဆတ်ကို မေ့မရနိုင်စရာ အများကြီး ရှိသေးသည်။
ကျနော်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေး ကိစ္စများဆောင်ရွက်နိုင်ရန် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း Foundation for Education and Development (FED) (ယခင်အမည် Grassroot Human Rights Education and Development Committee) ကို ၂၀၀၀ ခုနှစ်တွင်ကတည်းက ထိုင်း-မြန်မာနယ်စပ် ဆန်ခလပူရီမြို့တွင် စတင် ဖွဲ့စည်းပြီး လုပ်ကိုင်ခဲ့ရာ ထိုင်းနိုင်ငံတွင်း ရပ်တည်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာအဖွဲ့အစည်းများ၏ သဘာဝအတိုင်း အခက်အခဲပေါင်းများစွာ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
မကြာခဏဆိုသလို ထိုင်းအာဏာပိုင်များ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ဖမ်းဆီးခံခဲ့ရသည်များအထိ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း အခြေချပြီး၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏အရေးကိစ္စများနှင့် နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်များအား စနစ်တကျ၊ရေရှည်ကူညီဆောင်ရွက်ပေးနိုင်ရန် တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ်၊ ထိုင်းအစိုးရထံတွင် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရသည်။
ထိုင်း NGOs ( အစိုးရမဟုတ်သည့် အဖွဲ့အစည်း) တခုအနေဖြင့် တရားဝင်မှတ်ပုံတင်ပါက အဖွဲ့အစည်း၏ ကော်မီတီလူကြီးများသည် ထိုင်းလူမျိုးများ ဖြစ်ရမည်ဖြစ်ရာ မိမိတို့နှင့် ရင်းနှီးသည့် မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို စိတ်ဝင်စားပြီး ကူညီဆောင်ရွက်ပေးမည့် ထိုင်းလူမျိူးလှုပ်ရှားတက်ကြွသူများကို FED ၏ ကော်မီတီဝင်များ အဖြစ် ပါဝင်ပါရန် မေတ္တာရပ်ခံခဲ့သည်။
အရေးကြီးသည့် ကိစ္စတခုမှာ အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ရွေးချယ်ရေးပင်။ အဖွဲ့အစည်း ဥက္ကဋ္ဌအား ထိုင်းနိုင်ငံ၏ အထင်ကရ ပညာရှင်၊ နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူများထဲမှ ရွေးချယ်သင့်ကြောင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများမှ အကြံပေးကြသည်။ အာဂျန်နှင့် ခင်မင်သိကျွမ်းနေသော်လည်း ၎င်း၏ အရှိန်အဝါ၊ ဂုဏ်သိက္ခာနှင့် မျိုးရိုးနောက်ခံသမိုင်းတို့ကြောင့် မိမိအဖွဲ့အစည်းအတွက် တာဝန်ယူပေးပါရန် ကမ်းလှမ်းဖို့ ကျနော် လွန်စွာ တွန့်ဆုတ်နေမိသည်။
သို့သော် အာဂျန်နှင့် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်၊ ရုပ်သံမှတ်တမ်းများဖန်တီးသူ အမေရိကန်နိုင်ငံသူ Ms. Jeanne Marie Hallacy မှ တဆင့် အဖွဲ့အစည်းအား မိတ်ဆက်ပေးပြီး ဥက္ကဋ္ဌ တာဝန်ယူပေးပါရန် မေတ္တာရပ်ခံပေးသောအခါ ခရိုင်ဆတ် လွယ်လွယ်ကူကူ လက်ခံပေးခဲ့သည့်အတွက် လွန်စွာ အံသြဝမ်းသာဖြစ်ခဲ့ရသည်။
တာဝန်ကို လက်ခံဆောင်ရွက်ရာတွင်လည်း ပေါ့ပေါတန်တန် နာမည်ခံရုံ သက်သက်မဟုတ်ဘဲ အဖွဲ့အစည်း ဖွံ့ဖြိုးကြီးထွားပြီးရေရှည်တည်တန့်စေရေး မူဒါဒရေးရာများ ချမှတ်ရာတွင် အဓိက ပါဝင်ခဲ့ပြီး ရန်ပုံငွေရှာဖွေခြင်းနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှုများရရှိအောင် တစိုက်မတ်မတ်ဆောင်ရွက်ပေးခဲ့သည်။
သူသည် ကလေးသူငယ်များကို အမှန်တကယ် ချစ်မြတ်နိုးပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများ ပညာရေးနှင့် လုံခြုံမှုအခွင့်အရေးများ ငြင်းပယ်ခံရခြင်းကို အလွန်ဒေါသထွက်ခဲ့ဖူးသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ဖူးသည်။
သူ၏ ဦးဆောင်မှု အောက်တွင် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် သူတို့၏ ကလေးများအတွက် ပညာရေးထောက်ပံ့ပေးသော အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာ ဖြစ်ထွန်းတိုးတက်လာခဲ့သည်မှာ ယနေ့ ကျနော်တို့ အဖွဲ့အစည်း၏ လက်ရှိအနေအထားများက သက်သေပင်။
FED သည် ထိုင်းနိုင်ငံတွင် ပထမဆုံးမှတ်ပုံတင် လုပ်ကိုင်ခဲ့သည့် မြန်မာ NGOs တခုဖြစ်လာခဲ့ပါသည်။
အာဂျန်သည် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊( FED သို့ ပုံမှန် လာရောက်လည်ပတ်ခဲ့သည်။ မြန်မာရွှေ့ပြောင်း ကလေးများအတွက် ဖွင့်ထားသည့် ပညာရေး စင်တာများကို ဂုဏ်ယူဝင့်ကြွားစွာ လှည့်လည်ကြည့်ရှုတတ်သည်။ ရာဘာစိုက်ခင်း၊ ငါးဖမ်းလှေများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ ပြဿနာများကို စိတ်ဝင်တစား သွားရောက်နားထောင်တတ်သည်။ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးတတ်သည်။
ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုနှင့် ရနောင်း လူသတ်မှုများတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ မတရားဖမ်းဆီးခံခဲ့ရသည်ဟု သူ ယုံကြည်ခဲ့သည့်အလျောက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခဲ့သည်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေဆုံရန် ၎င်း၏ နေအိမ်တွင် စီစဉ်ပေးခဲ့ဖူးသည်။
အခုတော့ အာဂျန်ကွယ်လွန်ခဲ့ပြီ။ ၂၀၁၅ ခုနှစ်ကတည်းက စွဲကပ်လာသော လျှာကင်ဆာနှင့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံ၏ သတင်းမီဒီယာများသာမက နိုင်ငံတကာ မီဒီယာများတွင် အာဂျန်ခရိုင်ဆတ်၏ သမိုင်းကြောင်းကို ဝေဝေဆာဆာ ရေးသားဖော်ပြကြသည်။
မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားဒုက္ခသည်အရေးနှင့် ရွှေ့ပြောင်းဒုက္ခသည်အရေးအတွက်လည်း သူ့ဘဝတလျှောက်လုံး စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးခဲ့သမျှ ကျေးဇူးတို့ကို ယခု ဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုဦးညွှတ်လိုက်ပါသည်။
ဤနေရာတွင် မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ခေါင်းဆာင်တဦးဖြစ်သည့် ကဗျာဆရာ မောင်လွမ်းဏီ၏ စာသားများကို ကိုးကားလိုသည်။
“နိမ့်ကျသူတို့ကို အကာအကွယ်ပြုသူ၊
တော်လှန်သူတို့ကို တန်ဖိုးထားလေးနက်သူ၊
တရားမျှတမှုနဲ့ အမှန်တရားကို ရင်ထဲမှာမြှပ်နှံထားသူ။ “
အာကျန်၊ ကောင်းရာသုဂတိလားပါစေ။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
အိမ်ရှင်တွေ အနေနဲ့ အိမ်အကူတွေအပေါ် လူသားဆန်မှုကို ပြဖို့ လိုတယ်
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့