ဆောင်းပါး

သမ္မတရုံး စောင့်ကြည့်မှုအောက်က ဗစ်တိုရီးယား အမှု တရားမျှတမှု ရမလား

Want create site? Find Free WordPress Themes and plugins.

“ကျနော်တို့ တမိသားစုလုံး နာမည်ကို ထုတ်ပြောလိုက်တဲ့ အရာရှိကြီးတွေကို ပေးလိုက်တဲ့အပြစ်က ရာထူး တိုးမြှင့်တာ ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်တဲ့လား။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ဒါလားလို့ မေးလိုက်ချင်တယ်” လို့ ခံပြင်း စွာ ပြောလိုက်သူက ဗစ်တိုးရီးယားရဲ့ ဖခင်ပဲ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား မိသားစုနာမည်တွေ ထုတ်ဖော်ခဲ့တဲ့ အဆင့်မြင့် ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုး ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ပေးထားတယ်လို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက် အွန်လိုင်းကနေ ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ဖြေကြားချက်အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် စောင့်ကြည့်နေတယ်လို့ သမ္မတ အိမ်တော် ရှင်းလင်းပွဲမှာ ပြောကြားအပြီး အမှုနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုကို သမ္မတရုံးကနေ ပထမဆုံး ကြားခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့တွင် ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး တောင်းဆိုမှုများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

အပြစ်ပေးခံရတဲ့ ရဲအရာရှိ ၃ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်တဲ့ အမှုနဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ နစ်နာသူ ဗစ်တိုးရီးယားနဲ့ မိဘတွေရဲ့ အမည်တွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အပြင် ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာမှာလည်း မိသားစုအားလုံးရဲ့ ကိုယ်ရေးအချက်အအလက်တွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကာယကံရှင်မိသားစုအပေါ် ကြီးမားတဲ့ လူမှုရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုကို ကျူးလွန်ခဲ့မှုအတွက် ပေးလိုက်တဲ့ အ ပြစ်ဒဏ်ဟာ သက်ညှာလွန်းတယ်ဆိုပြီး ကာယကံရှင်မိသားစု အပါအဝင် အမှုကိုစောင့်ကြည့်နေသူတွေအကြား အစိုးရ ရဲ့ တုံ့ပြန်မှုအပေါ် စိတ်ပျက်ခဲ့ကြရပါတယ်။

“တာဝန်ယူမှု တာဝန်ခံမှုက ဒီလို ဖြစ်ကြေးဆိုရင် နောက်ထပ် ဗစ်တိုးရီးယားတွေ အများကြီး ထပ်ပေါ်ဦးမယ်။ ဒီလို တာ ဝန်ပေါ့လျော့တဲ့သူတွေ ရှိနေဦးမယ်။ တရားဥပဒေ စိုးမိုးရေးကလည်း ရယ်ချင်စရာကြီး ဖြစ်နေမှာပေါ့” လို့ ဗစ်တိုးရီး ယားရဲ့ ဖခင်က ဆိုပါတယ်။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့တွင် ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး တောင်းဆိုမှုများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်မျိုးတွေမှာ ကလေးငယ်တွေရဲ့ နာမည်တွေကို မီဒီယာကနေ တဆင့် ထုတ်ဖော်ပြောမယ်ဆိုရင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ပဲ အရေးယူသင့်တယ်လို့ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

“ကျမတို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ဆိုရင် အခု မျက်မြင်ပါဘဲ။ ဘာမှ တိတိကျကျ ပြတ်ပြတ်သားသား ဆုံး ဖြတ်ပေးလို့မရတဲ့ ဟာမျိုး ဖြစ်နေပါတယ်။ တရားရေး မဏ္ဍိုင်နဲ့ ကြည့်မယ်ဆိုရင် ဆိုးနေပါသေးတယ်”

လို့ သူက မှတ် ချက်ပြုပါတယ်။

ပျဉ်းမနားမြို့နယ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကလည်း အကယ်၍ အဆင့်မြင့် ရဲအရာရှိကြီးတွေအနေနဲ့ ဥပဒေ ချိုးဖောက်ထားရင် ဥပဒေကြောင်းအရ တရားဝင် တရားရုံးတွေက စွဲတင်အပြစ်ပေးတာ ဖြစ်ရမယ်လို့ ရှင်းပြပါ တယ်။

“ဥပဒေ အမြင်နဲ့ဆိုရင် ဒါက အပြစ်ပေးတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ ဆောင်ရွက်မှု ဖြစ်တယ်။ ဒီဆောင်ရွက်မှုမှာ သူ့ကို ဘယ်လို အရေးယူ ဆောင်ရွက်သလဲဆိုတာ အနိမ့်ဆုံး ဆောင်ရွက်ချက်က သတိပေးတယ်။ ဒုတိယက နှစ်တိုးရပ်တာ တို့ ဌာနကနေ ပြစ်တင်ရှုတ်ချပြီး ပယ်တာက အမြင့်ဆုံးပဲ။ သူ့မှာက ထောင်ဒဏ်တို့ သေဒဏ်တို့ မရှိဘူး” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

အမှန်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ သမ္မတအိမ်တော်ရှင်းလင်းပွဲမှာ သမ္မတရုံးက ပြောကြားချက်တွေအထဲ အမှုနဲ့ ပတ်သက်ပြီး လွဲချော်မှုတွေအပေါ် တာဝန်ယူမှု တခုတည်းတော့ မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့တွင် ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး တောင်းဆိုမှုများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

အမှုမှန်ပေါ်ပေါက်ရေးအတွက် ညွှန်ကြားထားပြီး ဖြစ်သလို တရားဥပဒေစိုးမိုးရေးအတွက်လည်း တောက်လျှောက် စောင့်ကြည့်နေတယ်လို့ အတိအလင်း ပြောဆိုခဲ့တာပါ။
အခုဆိုရင် ၂၀၁၉ မေလ ၁၇ ရက်နေ့မှာ နေပြည်တော် Wisdom Hill ပုဂ္ဂလိကကျောင်းမှာ မူကြိုတက်နေ ရင်း လိင်အကြမ်းဖက်ခံရမှုနဲ့ မိခင်ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တဲ့ ဗစ်တိုးရီးယားရဲ့အမှုဟာ ၁ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

ဒီအမှုဟာ တနိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသလို နိုင်ငံတော်သမ္မတရုံး အဆင့်ထိပါ စောင့်ကြည့်ခံထားရပေ မယ့် ဒီလို ရဲအရာရှိတွေကို ရာထူးတိုးဆိုင်းငံ့ ပြစ်ဒဏ်ပေးတာကလွဲရင် ခုချိန်ထိ အမှုမှန်ပေါ်ပေါက်ရေးအတွက် သိသာတဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

အမှုစတင်ဖြစ်စဉ်ကတည်းက သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ ကိုအောင်ကြီးကို တရားခွင်စစ်ဆေး မှုတွေ ပြုလုပ်ခဲ့ရာမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒက္ခိဏခရိုင် တရားရုံးက အမိန့်ချမှတ်ပြီး လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရားခံအစစ်ကို ဆက်လက် ရှာဖွေနိုင်ခြင်းမရှိသလို Wisdom Hill ကျောင်းကလည်း ကျောင်းဝင်း အတွင်း အမှုဖြစ်ပွားခြင်း လုံး၀ မရှိခဲ့ကြောင်း ငြင်းဆိုနေဆဲဖြစ်လို့ ဗစ်တိုးရီးယားရဲ့ မိသားစုဟာ တရားမျှတမှု ရရှိရေး အတွက် လမ်းစ ပျောက်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ ခုလို ရဲအရာရှိ ၃ ဦးအပေါ် ပေးလိုက်တဲ့ အပြစ်ဒဏ်ဟာ တရားမျှတမှုရဖို့ အစိုးရ ကူညီမှုအပေါ် ကြီး စွာမျှော်လင့်ခဲ့ကြတဲ့ ကာယကံရှင် မိသားစုအတွက် စိတ်ဓာတ်ကျ ပြိုလဲစေခဲ့ပါတယ်။

“နောက်နောင်မှာ အမှန်တရားနဲ့ တရားမျှတမှုကို လာမရှာနဲ့။ နောက်ဆုံး ရလာဒ်က နာမည်တွေ ဖော်ပြပြီး အရှက် ခွဲခံရမယ်။ အချိန်တွေကုန် ဘဝတွေပဲ ပျက်သွားမယ်။ ငါတို့က ဘာမှမဖြစ်ဘူး။ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတာကို သက်သေပြသွားတာပဲ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဗစ်တိုးရီးယားဘက်မှ လိုက်ပါကူညီပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကတော့ အခုလို အရွယ် မရောက်သေးတဲ့ ကလေးတယောက်ကို လိင်အကြမ်းဖက်မှုပြုတဲ့ တရားခံကို တနှစ်ကျော်တဲ့အထိ ရှာဖွေမပေးနိုင် တာဟာ တရားဥပဒေစိုးမိုးရေးအရ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတခုဖြစ်သလို သမ္မတရုံးရဲ့ တာဝန်ယူမှု အပေါ်လည်း လူတိုင်းက ဆက်လက်စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမီးငယ်အတွက် တရားမျှတမှုရဖို့ မိသားစုအနေနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပေမယ့် သက်ဆိုင်ရာ တာဝန် ရှိသူတွေအနေနဲ့ အင်တိုက်အားတိုက် ကူညီလုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ အမှုစောင့်ကြည့်သူ အများစုက ဝေဖန်သုံးသပ်ကြပါတယ်။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့တွင် ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး တောင်းဆိုမှုများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

မိသားစုဝင်တွေအနေနဲ့ CCTV Hard disk (စောင့်ကြည့်ကင်မရာပါ အချက်အလက်တွေ) ဖော်ထုတ်ဖို့ နည်း ပညာရှင်တွေဆီ အကူအညီတောင်းမှုတွေ ပြုလုပ်ခဲ့သလို ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး သမီးငယ်ရဲ့ DNA စစ်ဖို့ အတွက် လျှောက်လွှာတင်ဖို့ ကြိုးစားမှုတွေရှိခဲ့ပေမယ့် အခွင့်မသာခဲ့ပါဘူး။

ဒါ့အပြင် တရားခွင်အတွင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ သက်မဲ့သက်သေ၊ ဆေးပညာရှုထောင့်အရ တွေ့ရှိတဲ့ သက်သေနဲ့ CCTV နည်းပညာရှင်တွေ ဖော်ထုတ်ချက်အရ တွေ့ရှိချက်တွေအပေါ် အမှုဆက်လက်ဆောင်ရွက်မှု အားနည်းတယ် လို့ ကာယကံရှင် မိသားစုက ဆိုပါတယ်။

“တရားခွင်မှာ ဒါတွေ ထွက်လာတယ်။ ဒါဆိုရင်တော့ ဘယ်သူတွေ လိမ်ထားတယ်။ ဘယ်သူတွေ မှားနေတယ်။ ဒါဆိုရင်တော့ ဘာကြောင့် ဒီလိုဖြစ်နေရလဲဆိုတာကို ဆက်ပြီးတော့ အရေးယူမှုတွေ လုပ်ရမှာ” လို့ ဖခင်ဖြစ်သူ က ပြောပါတယ်။

အမှု တနှစ်ကျော်သွားပြီဖြစ်လို့ အမှုကာလ တနှစ်အတွင်းသာ တိုင်တန်းနိုင်တဲ့ တရားမအမှုနဲ့ ကလေးရဲ့ လူမှုရေး ဆိုင်ရာ နစ်နာမှုတွေကို တရားစွဲဆိုဖို့ အခွင့်အရေးဆုံးရှုံးခဲ့ပေမယ့် ရာဇဝတ်ကြောင်းအရတော့ တရားခံ မတွေ့မချင်း ဆက်လုပ်သွားမယ်လို့ အမှုကူညီပေးသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုပါတယ်။

သမီးငယ်ရဲ့ အမှုအပေါ် ရဲတပ်ဖွဲ့ရဲ့ စုံးစမ်းစစ်ဆေးမှု၊ အစိုးရရဲ့ တာဝန်ယူမှု၊ သက်ဆိုင်ရာကျောင်းရဲ့ ငြင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ် အကြိမ်ကြိမ်ကျခဲ့ရပေမယ့် မိဘတွေကတော့ တရားခံမပေါ်သေးသရွေ့ အမှုမှန်ပေါ်ပေါက်ဖို့ မရရတဲ့ နည်းလမ်းကနေ ကြိုးပမ်းနေမှာ ဖြစ်ပါတယ်။

“ဘာဆက်လုပ်မယ်ဆိုတာ တိုင်ပင်နေတယ်။ လောလောဆယ် ကိုဗစ်လည်း ဖြစ်နေတော့ ကျနော်တို့ကို ကူညီပေး မယ့်သူတွေနဲ့ မတွေ့ရသေးဘူး။ ဖုန်းနဲ့ပဲ တိုင်ပင်ဖြစ်သေးတယ်ပေါ့။ တိတိကျကျ ပြောလို့ မရသေးဘူး” လို့ ဖခင် ဖြစ် သူက ဆိုပါတယ်။

သမီးငယ် ဗစ်တိုးရီးယား အမှုအတွက် တရားဥပဒေလမ်းကြောင်းအရ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဖြစ်သလို တရားမျှတ မှု ဖော်ဆောင်ပေးဖို့ သမ္မတကိုလည်း စာပေးပို့ အကူအညီ တောင်းခံခဲ့ပြီးဖြစ်လို့ အစိုးရကို ထပ်တောင်းဆိုဖို့အတွက် တော့ လမ်းဆုံးသွားပြီလို့ ကာယကံရှင် မိသားစုက ပြောပါတယ်။

“သမ္မတပြောတဲ့ စကားကို ဘယ်လောက် အလေးအနက်ထားပြီး ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ စောင့် ကြည့်ရုံပဲ ရှိတော့မှာလေ။ နိုင်ငံမှာလည်း ဒီထက်ကြီးတဲ့နေရာ မရှိတော့ဘူးလေ” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ ။

ဤဆောင်းပါးကို hiburma.net မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading