၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် (UEC) က အတည်ပြု ပြောဆိုပြီးနောက် ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုများ တဖြည်းဖြည်း မြင့်တက် လာသည်။
လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီအသီးသီး၏ ရွေးကောက်ပွဲဆိုင် ရာ ကြိုတင်ပြင်ဆင်မှုများအကြောင်း သတင်းမီဒီယာများတွင် ခပ်စိပ်စိပ် ဖော်ပြလာသကဲ့သို့ လူမှုကွန်ရက်စာမျက်နှာ၌ လည်း ရှုထောင့်အမျိုးမျိုးမှ ပြောဆိုသုံးသပ်မှုများ တွေ့လာရသည်။
အထူးသဖြင့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးရာ၌ မြို့မိမြို့ဖများ ပါဝင်လာမှုနှင့် ပတ်သက်သည့် အငြင်းပွားမှု များ၊ ဝေဖန်ပြောဆိုသံများက အကျယ်လောင်ဆုံး ဖြစ်နေသည်။
အဆိုပါမူကို ၂၀၁၉ အောက်တိုဘာလ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကတည်းက အတည်ပြု ခဲ့ခြင်း ဖြစ်သော်လည်း အချက် ၆ ချက်ပါဝင်သည့် မြို့မိမြို့ဖ အရည်အချင်း သတ်မှတ်ချက်များ ထွက်လာပြီး ရွေးချယ်မှု စတင်ပြုလုပ်ချိန် ဇွန်လဆန်းပိုင်းတွင်မှ ဝေဖန်သံများ ကျယ်လောင်လာခြင်း ဖြစ်သည်။
မြို့မိမြို့ဖဟူသည့် အခေါ်အဝေါ်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဥပဒေ မူဘောင်ပိုင်းဆိုင်ရာ ဝိဝါဒကွဲပြားမှုများ ရှိသလို တခြား တဖက်တွင်လည်း မြို့မိမြို့ဖ ရွေးချယ်ခြင်းဆိုင်ရာ အငြင်းပွားမှု ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။
မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် မြို့မိမြို့ဖဟူသည် မြို့ပေါ်၌ ဂုဏ်အား၊ ပညာအား၊ အသက်အား စသည် ကြီးမြင့်ထင် ရှားသော အများအကျိုးဆောင်ရွက်သူ၊ မြို့မျက်နှာဖုံးပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သက်ဆိုင်ရာမြို့နယ်အတွင်း နေထိုင်သည့် မြို့သူ/သားအားလုံးနှင့်ဆိုင်သော မြို့မိမြို့ဖ ဝေါဟာရကို NLD က ယူ သုံးခြင်းသည် မြို့နေလူထုကို ထင်ယောင်ထင်မှား ဖြစ်စေကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ထောက်ပြသည်။
အဆိုပါ အသုံးအနှုန်းနှင့် ကိုယ်စားပြုမှုသည် တခြားနိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ထောက်ခံသော မြို့လူထုအတွက် များစွာ ပြဿနာရှိသည်ဟု ဆိုသည်။
“NLD မှ မဟုတ်ဘူး။ မည်သည့်ပါတီမဆို ပါတီတရပ်ရပ်က မြို့မိမြို့ဖဆိုတဲ့ စကားလုံးကို သုံးပြီးတော့မှ ကိုယ့်ပါတီ အကျိုးစီးပွား အလို့ငှာ အသုံးချတာက တခြားအရောင်အသွေးစုံတဲ့ လူထု၊ နိုင်ငံရေးဗဟုဝါဒ ရှိနေတဲ့လူထု ကြားထဲမှာ ဒါက အယောင်ဆောင်တာ ဖြစ်နေတယ်” ဟု ဒေါက်တာအမ်ကောန်လက ပြောသည်။
NLD ၏ သတ်မှတ်ချက် ၆ ချက်အရ မြို့မိမြို့ဖဟူသည် သက်ဆိုင်ရာဒေသ၌ နှစ်ရှည်နေထိုင်ခဲ့သူ၊ အများပြည်သူ ယုံ ကြည်လေးစားမှုခံရပြီး ဦးဆောင်မှုပေးနိုင်သူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးထောက်ခံကူညီသူ၊ NLD ထိ ခိုက်စေမည့် လုပ်ရပ်များမှ ကင်းရှင်းသူ/အဖွဲ့ချုပ် အကျိုးစီးပွားကို လိုလားသူ၊ ဒေသ၏ သာရေးနာရေးများတွင် စေတ နာအလျောက် အကျိုးဆောင်ပေးသူ၊ နိုင်ငံရေးအသိအမြင် ကြွယ်ဝသူ ဖြစ်ရမည်ဟု ဆိုထားသည်။
အဆိုပါ အချက်များအရ ပါတီတခုကို ထောက်ခံသည့်၊ ပါတီတခုက ရွေးချယ်လိုက်သည့် သက်ဆိုင်ရာ ပါတီ၏ မြို့မိမြို့ဖ သာဖြစ်ပြီး မြို့နေလူထုအားလုံးကို ကိုယ်စားပြုမှု မရှိကြောင်း ဝေဖန်သူများက ထောက်ပြသည်။
ထို့ကြောင့် NLD အနေဖြင့် ၎င်းပါတီကို ကိုယ်စားပြုသော၊ ထောက်ခံသော မြို့ခံပြည်သူဟုသာ ရှင်းရှင်းလင်းလင်း အ သုံးပြုသင့်ပြီး ရောမချသင့်ကြောင်း၊ ယခုလို သုံးနှုန်းလိုက်ခြင်းက ၂၀၂၀ နိုင်ငံရေးပါတီများဆိုင်ရာကျင့်ဝတ် (Code of Conduct – COC) ပါ ၁.၃ (ဂ)၊ (ဃ)၊ (စ)နှင့် ငြိစွန်းနေကြောင်း KNC ပါတီက တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။
ပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ တင်ပြရာ၌ မဲဆန္ဒရှင်များ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်း၊ ပညာဗဟုသု တ နည်းပါးသော မဲဆန္ဒရှင်များအပေါ် လှည့်ဖျားခြင်း၊ အယောင်ဆောင်ခြင်း၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အကန့်အ သတ်ဖြစ်စေရန် အာဏာအလွဲသုံးခြင်းတို့ကို ရှောင်ကြဉ်ရမည် ဟူသည့်အချက်များကို KNC က ညွှန်းဆိုခြင်း ဖြစ်သည်။
“အခုက ရောပြီးတော့မှ အသုံးချတာ ဖြစ်နေတယ်။ အားလုံးကို ကိုယ်စားပြုနေသယောင် ဖြစ်နေတော့ သူတို့ (မြို့မိမြို့ ဖ) ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ အားလုံး ယုံကြည်ရတဲ့ ကိုယ်စားလှယ်လောင်း၊ အားလုံးရွေးချယ်ပေး တဲ့ ပုံစံမျိုး အယောင်ဆောင်တာ။ အများနဲ့ရောနေတဲ့ စကားလုံးတွေ သုံးစွဲခွင့်မရှိဘူး။ ဒါက မလုပ်သင့်တဲ့ကိစ္စ” ဟု ဒေါက်တာအမ်ကောန်လက ပြတ်သားစွာ ပြောသည်။
ထွေ/အုပ်က ခန့်ထားသည့် မြို့မိမြို့ဖများကို ယူသုံးခြင်းမျိုး ဆိုလျှင်တော့ နိုင်ငံရေးပါတီအတွက် သုံး၍မရသောကြောင့် code of conduct အရ ပြဿနာ ရှိသော်လည်း ၎င်းတို့ဘာသာ ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် ဖွဲ့ သည့်အဖွဲ့ကို မြို့မိမြို့ဖဟု သုံးနှုန်းခြင်းက အခေါ်အဝေါ်ပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သည့် PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ယူဆသည်။
“ရွေးကောက်ပွဲဆိုတာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မဟုတ်ဘဲ နိုင်ငံရေးပိုင်းဆိုင်ရာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ အငြင်းပွားနေတာမျိုးဆို အားလုံးဝိုင်းပြီးတော့မှ ရှောင်ကြည်တာအကောင်းဆုံးပဲ။ သဘောက NLD ပါတီရဲ့ ကိုယ်စား လှယ်လောင်း ရွေးချယ်ရေးဆိုင်ရာ ရွေးချယ်ရေးအဖွဲ့ ဆိုတာမျိုး သုံးရင်တော့ ပိုပြီး neutral ဖြစ်တာပေါ့” ဟု သူက အကြံပြုသည်။
ထွက်ပေါ်နေသည့် ဝေဖန်၊ ကန့်ကွက်ချက်များအား ပယ်ချချင်ကြောင်း NLD ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေး မှူး မုံရွာအောင်ရှင်က တုန့်ပြန်ပြောဆိုသည်။
မြို့မိမြို့ဖ ကိစ္စသည် NLD ပါတီကိုယ်စားလှယ်လောင်းများ ရွေးရန်အတွက် ၎င်းတို့ဘာသာ ရွေးချယ်တာဝန်ပေးထား ခြင်းဖြစ်ပြီး တခြားပါတီများ ပြောသလို ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်လည်း မငြိစွန်းကြောင်း၊ NLD ပါတီက မူ ၆ ချက်နှင့်အညီ ရွေးချယ်သတ်မှတ်ထားသည့် NLD ၏ မြို့မိမြို့ဖသာဖြစ်ကြောင်း သူက ရှင်းပြသည်။
NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကလည်း ဧရာဝတီနှင့် မေးမြန်းချက်တွင် မြို့နယ်ရှိ ဒေသန္တရဖွံ့ဖြိုးရေး လုပ် ငန်းများကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့် ပါဝင်လုပ်ကိုင်လေ့ရှိသော မြို့မိမြို့ဖနှင့် လွဲနိုင်သော်လည်း ယခု မြို့မိမြို့ဖဟူ သည် NLD မြို့နယ်စည်းရုံးရေးကော်မတီများက အသစ်ပြန်ရွေးမည့် သူများသာဖြစ်ကြောင်း ရှင်းပြထားသည်။
“ဘယ်ပါတီကပဲလုပ်လုပ်။ ပြဿနာက NLD ရဲ့မြို့မိမြို့ဖ၊ ကြံ့ခိုင်ရေးရဲ့မြို့မိမြို့ဖ၊ တခြားရှိတဲ့ မြို့မိမြို့ဖ အဲဒီလိုမျိုးတွေ ဖြစ် လာရင် မကောင်းဘူးလို့ မြင်တယ်။ NLD ပါတီအတွင်းကနေ ဒါကို ကြီးကြပ်ပေးလိုက်တဲ့ လူကြီးလူကောင်းတာဆို တ မျိုးဖြစ်တာပေါ့။ မြို့မိမြို့ဖဆိုတဲ့ အသုံးနဲ့ကျ သိပ်ပြီးမဆီလျော်ဘူးလို့ ထင်တယ်” ဟု ဖက်ဒရယ် ဒီမိုကရက်တစ်အင်အား စု နိုင်ငံရေး ဦးဆောင်ကော်မတီဝင် ဦးမြအေးက မှတ်ချက်ပြုသည်။
လက်ရှိ အနေအထားအရ မလိုလားအပ်ဘဲနှင့် အာဏာရပါတီက အသာစီးယူသည်ဆိုသော အမြင်မျိုး နိုင်ငံရေးပါတီ များ၌ ရှိနေခြင်းက ရွေးကောက်ပွဲဖြစ်စဉ်အတွက် မကောင်းကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် ဝိဝါဒကွဲပြားစေမည့် ကိစ္စများကို ဥပဒေနှင့် ညီသည်ဆိုအုံးတော့ သုံးခြင်းအားဖြင့် ပိုရှုပ်ထွေးစေမည်ဆိုပါက မသုံးတာ ပိုကောင်းကြောင်း စိုင်းရဲကျော်စွာမြင့်ကလည်း အကြံပြုသည်။
တဖက်တွင်လည်း NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးတွင် ပါဝင်မည့် မြို့မိမြို့ဖများ ရွေးချယ်ရာ၌ ပါတီအတွင်း အချေအတင် အငြင်းပွားမှုများ၊ ပြဿနာများ ဟိုတစဒီတစ ထွက်ပေါ်လာပြီး မြို့နယ်တချို့ကဆိုလျှင် ပါတီ ဗဟိုသို့ တိုင် ကြားစာ ပို့သည့်အခြေအနေထိ ဖြစ်ခဲ့ကြသည်။
တိုင်ကြားစာ ပေးပို့ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လက်ပန်ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဦးစိုးပိုင် ဦးက မြို့မိမြို့ဖ ၅ ဦးကို ပါတီဗဟို၏ ညွှန်ကြားစာအတိုင်း ရွေးချယ်ခြင်း မဟုတ်ဘဲ တိုင်းအစိုးရအဖွဲ့ သယံဇာတ ဝန်ကြီး ၏ ဆွေမျိုးနီးစပ်နှင့် အပေါင်းအသင်းများကို ရွေးလိုက်ခြင်းကြောင့် တိုင်ကြားစာ ပို့ရခြင်းဖြစ်သည်ဟု ရှင်းပြသည်။
ဦးစိုးပိုင်ဦး အပါအဝင် NLD ထောက်ခံသည့် ဒေသခံများအနေဖြင့် ပါသင့်ပါထိုက်သည့် မြို့မိမြို့ဖများကို ပွင့်လင်းမြင်သာ စွာ ပြန်လည် ရွေးချယ်ပေးစေချင်ခဲ့သော်လည်း လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းများကိုပင် မြို့နယ်အလုပ်အ မှုဆောင်အဖွဲ့နှင့် ရွေးပြီးသား မြို့မိမြို့ဖများက အဆုံးအဖြတ်ပေးကာ တိုင်းသို့ ပို့လိုက်ပြီ ဖြစ်သည်။
“ဖြစ်စေချင်တာကတော့ မြို့မိမြို့ဖလည်း ပြန်ရွေးပြီးတော့မှ ကိုယ်စားလှယ်လောင်းတွေကိုလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ (အဟောင်းတွေမှအပ) ပြည်သူလူထု အကြိုက်၊ နယ်အကြိုက် ရွေးစေချင်တာ။ အခုတော့ ဒီအတိုင်းပဲ အား လုံးပြီးသွားပြီ” ဟု ဦးစိုးပိုင်ဦးက ပြောပြသည်။
သို့သော်လည်း ၎င်းတို့၏ တိုင်ကြားစာကို ပါတီဗဟိုထိသာမက နိုင်ငံတော်အတိုင်ပင်ခံအထိပါ တင်ထားကြောင်း၊ မြို့ နယ်မှ ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်လောင်းများအား ပါတီဗဟိုက မည်သို့ အဆုံးအဖြတ်ပေးမည်ကို စောင့် ကြည့်ကာ ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
ဦးစိုးပိုင်ဦး နေထိုင်သည့် လက်ပန်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အားလုံးနီးပါး NLD ကို ထောက်ခံ သူများ ဖြစ်ကြောင်း၊ ယခုလို စနစ်မကျသည့် ရွေးချယ်မှုများက ၎င်းတို့ကို စိတ်ဓာတ်ကျစေကြောင်း၊ ဒေသခံများ မကြိုက်သည့် လူဟောင်းများပဲ ပြန်ပါလာမည်ဆိုပါက မဲမပေးဖို့အထိ ဆုံးဖြတ်ထားသူများလည်း ရှိကြောင်း သိရသည်။
ထို့အတူ ကလေးမြို့မိမြို့ဖ ရွေးချယ်မှု အဆင့်ဆင့်၌လည်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မြို့ခံပြည်သူများက ထောက်ပြ သည်များကို မျက်ကွယ်ပြုခြင်း၊ ရွေးချယ်ခံရသည့် မြို့မိမြို့ဖတချို့သည် မြို့အတွက် အမှန်တကယ် အနစ်နာခံ စေတနာရှိ စွာ ဆောင်ရွက်သူများ မဟုတ်ခြင်းတို့ကြောင့် လမ်းညွှန်ချက်များနှင့် မကိုက်ညီဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။
အလားတူဖြစ်ရပ်မျိုး တခြားသော မြို့နယ်များ၌လည်း ဖြစ်ပေါ်လျက်ရှိသလို တချို့မြို့နယ်များ၌ မြို့မိမြို့ဖသည် အလုပ် အမှုဆောင်အဖွဲ့ဝင် မဟုတ်ရဟူသည့် သတ်မှတ်ချက်ကိုပင် ချိုးဖောက်မှုများ ရှိနေကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အချင်းချင်း လက်ဝါးရိုက်ပြီး ရွေးမည်စိုးသည့်အတွက် အဆင့်ဆင့်ခံကာ ထိန်းချုပ်ထားခြင်း ဖြစ်သည်ဟု ပါတီဗဟိုမှ တာဝန်ရှိသူများက ပြောဆိုထားသော်လည်း မြေပြင်တွင်မူ မြို့မိမြို့ဖ ရွေး သည့် အဆင့်မှာပင် အချင်းချင်း လက်ဝါးရိုက် ရွေးချယ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုနိုင်သည်။
“ပါတီကရွေးတာ သူတို့ပါတနာတွေ။ အရင် NLD ဘာကိစ္စမှ မပါဝင်ဘဲ အခုမှ သူတို့လိုသုံးလူတွေ။ အုပ်ချုပ်ရေးမှူး တယောက်တောင် ပါလိုက်သေး။ ဒါဟာ အုပ်ချုပ်ရေးမှူး ဥပဒေကိုလည်း ဖောက်ဖျက်တယ်”
ဟု မအူပင်မြို့နယ် ဒေသ ခံတဦးက ပြောပြသည်။
ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၄)၊ အပိုဒ်(၁၀)တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိတာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါ ဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်ထားသည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ကိုယ်စားလှယ်လောင်းများကိုလည်း NLD ထောက်ခံသော မြို့ခံလူထု၏ အကြိုက်မဟုတ်ဘဲ မြို့မိမြို့ဖ ၅ ဦးနှင့် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့က စိတ်ကြိုက်ရွေးချယ်ထားသူများသာ ဖြစ်သည်ဟုလည်း ကြားသိရသည်။
ပါတီဗဟိုက မြို့မိမြို့ဖ ရွေးချယ်ရေး နည်းလမ်းများနှင့် အရည်အချင်း သတ်မှတ်ချက်များကို ဇွန်လ ၂ ရက်ကတည်းက မြို့ နယ် အလုပ်အမှုဆောင်အဖွဲ့ အသီးသီးထံ ပေးပို့ထားပြီး ဖြစ်သော်လည်း ယင်းညွှန်ကြားချက်အတိုင်း မဆောင်ရွက် ကြသဖြင့် ပြဿနာတက်ရခြင်း ဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။
“ဗဟိုကပေးတဲ့ စံနှုန်းနဲ့ကိုက်ပြီး အသားတင် ၅ ယောက် ရွေးရမှာ။ ဒါပေမယ့် တချို့မြို့နယ်တွေမှာ အဲဒီလို မလုပ်ကြ ဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် ရွေးကြတဲ့အတွက်ကြောင့် အခုလို အသံတွေ ထွက်လာတာ။ ပြဿနာတွေ ပေါ်လာတာလို့ မြင် တယ်” ဟု သူက မှတ်ချက်ပြုသည်။
ကန့်ကွက် တိုင်ကြားစာများနှင့် ပတ်သက်၍ တိုင်းက ပြန်လည်စိစစ်မှုများ ပြုလုပ်သွားလိမ့်မည်ဟုလည်း သူက ပြော သည်။
သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် မြို့မိမြို့ဖ ၅ ဦးကို သက်ဆိုင်ရာ NLD မြို့နယ်စည်းရုံးရေးကော်မတီများ က ရွေးခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးတွင် မြို့မိမြို့ဖတို့၏ အခန်းကဏ္ဍ မည်မျှအရေးပါသနည်း ဆိုသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
တကယ်တမ်းက မြို့မိမြို့ဖ၏ ဆုံးဖြတ်ချက် တခုတည်းနှင့် ရွေးချယ်ခြင်း မဟုတ်ပေ။ အဆိုပါ မြို့မိမြို့ဖ ၅ ဦးနှင့် သက် ဆိုင်ရာ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တို့က မဲစနစ်ဖြင့်ရွေးပြီး ဦးစားပေး (၁) (၂) သတ်မှတ်ကာ ပြည်နယ်/တိုင်းသို့ ပို့ရပြီး တိုင်းမှတဆင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (CEC) ထံ တင်ပြရမည် ဖြစ်သည်။
အပြီးသတ်ရွေးချယ်မှုကို ဗဟိုကသာ လုပ်ဆောင်မည်ဖြစ်ရာ အောက်ခြေမှ ရွေးပေးလိုက်သည့် ကိုယ်စားလှယ်လောင်း စာရင်းမှာ အပြောင်းအလဲရှိနိုင်ကြောင်း ပါတီဗဟိုမှ တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။
ထို့ကြောင့် မြို့မိမြို့ဖ၏ အခန်းကဏ္ဍသည် ဟန်ပြသက်သက်သာ ဖြစ်ကြောင်း မအူပင်မြို့နယ်မှ မြို့ခံတဦးက မှတ်ချက်ပြု သည်။
“တကယ်က ရုပ်ပြသက်သက်ပါပဲ။ မြို့ကိုယ်စားပြု မြို့ကလက်ခံတယ်ဆိုတဲ့ သဘောပါရုံပါ။ ဒါကြောင့် သူတို့ကို ကောင်း သည် ဆိုးသည် ဝေဖန်နေလို့ ဘာမှမထူးဘူး” ဟု သူက ဆိုသည်။
မြို့နယ်အလုပ်အမှုဆောင်၊ စည်းရုံးရေးအဖွဲ့တခုတည်းက ရွေးခြင်းသည် ဘက်လိုက်မှုများ ပါလာနိုင်သဖြင့် မြို့မိမြို့ဖနှင့် တွဲလိုက်ခြင်းက ပိုကောင်းမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် မြို့မိမြို့ဖကို အရင်ရွေးခြင်းဖြစ်သည်ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဧရာဝတီနှင့် မေးမြန်းချက်တွင် ပြောထားသည်။
ရွေးကောက်ပွဲ အတွေ့အကြုံများ ရှိပြီးဖြစ်သည့် NLD အနေဖြင့် ၁၉၉၀ တုန်းကလည်း မြို့မိမြို့ဖများနှင့် ကိုယ်စား လှယ်လောင်း ရွေးချယ်ရေးကို ဖွဲ့ခဲ့ဖူးပြီး ယခု ၂၀၂၀ တွင် မြို့မိမြို့ဖကို ပြန်သုံးခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်က “မြို့မိမြို့ဖကိုရွေးတာ မြို့နယ်စည်းရုံးရေးအဖွဲ့ကို ထိန်းကျောင်းရာရောက်သလို ကိုယ့်မြို့နယ် အကျိုးအတွက် လုပ်နိုင်မယ့်သူကို ရှာပေးဖို့လည်း ပြည်သူတွေ ပါဝင်ခွင့် Participatory Democracy လို့ ပြောလို့ လည်း ရနိုင်ပါတယ်။ ဒါကြောင့် မြို့မိမြို့ဖကို ထည့်လိုက်တာပါပဲ” ဟု ပြောသည်။
မည်သို့ပင်ဆိုစေကာမူ NLD ပါတီ၏ မြို့မိမြို့ဖ ရွေးချယ်မှု အပါအဝင် ထိုသူများ ပါဝင်အဆိုပြုလိုက်သည့် မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ပွဲသည် အငြင်းပွားမှုများ၊ အချေအတင်ဖြစ်မှုများ အကြားကပင် ဇွန်လ ၁၅ ရက် နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
မြို့နယ်က တင်ပြလာသည့် စာရင်းများကို ပြည်နယ်/တိုင်းကော်မတီများက ပြန်လည်စိစစ်မှုများ ပြုလုပ်ပြီးနောက် ပါတီ ဗဟိုသို့ ဇွန်လကုန် နောက်ဆုံးထား တင်ပြရန် ညွှန်ကြားထားရာ လာမည့် ဇူလိုင်လဆန်းလောက်တွင် ပါတီဗဟိုက အ ပြီးသတ် ရွေးချယ်ပေးထားသည့် ကိုယ်စားလှယ်လောင်းစာရင်း ထွက်ပေါ်လာဖွယ် ရှိသည်။
ထိုအခါ ဗဟိုက ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်လောင်းနှင့် NLD ထောက်ခံသူ အောက်ခြေလူထုက ဖြစ်စေ ချင်သည့်သူများအကြား မည်မျှအထိ ထပ်တူကျမည်လဲ၊ မည်သို့သော အငြင်းပွားမှုများ ထပ်မံပေါ်လာအုံးမည် ဆိုသည် ကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
You may also like these stories:
ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ
မန္တလေးတိုင်း NLD ပါတီဝင် ဝန်ကြီးအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော