ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၆ )

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ရခိုင်ပြည်နယ်

တပ်မတော်သည် ရခိုင်ပြည်နယ်တွင် ဦးစွာရင်ဆိုင်ရသည့်ပြဿနာမှာ ရိုဟင်ဂျာဟု မိမိကိုယ်မိမိခေါ်ဆိုသော ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင် ပြသနာဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင်များအား နအဖ တပ်မတော် အစိုးရ လက်ထက်က ဝှိုက်ကဒ် White card များ ထုတ်ပေးထားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့် ပေးထားစဉ်က ဘင်္ဂါလီများနှင့် တပ်မတော်၊ ပြည်ခိုင်ဖြိုး ပါတီတို့ အကြား ဆက်ဆံရေးကောင်းမွန်ခဲ့သည်။

သို့သော် ဝှိုက်ကဒ်များ ရုပ်သိမ်းခံရပြီးနောက် ဘင်္ဂါလီ(ရိုဟင်ဂျာ)တို့ အကြား မကျေလည်မှု တိုးပွားလာခဲ့သည်။ သို့သော်၂၀၁၂ ခုနှစ်တွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)တို့နှင့် ရခိုင်တို့ အကြား လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်ကာလအထိ ဘင်္ဂါလီ(ရိုဟင်ဂျာ)တို့၏ ပစ်မှတ်မှာ အစိုးရနှင့် တပ်မတော် မဟုတ်ပေ။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း မောင်တောဒေသတိုက်ခိုက်မှုတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)များသည် အစိုးရ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ ရခိုင်တိုင်းရင်းသားကျေးရွာများကိုပါ တိုက်ခိုက်၍ ပစ်မှတ် ရောထွေးနေဆဲဖြစ်သည်ဟု ဆိုနိုင်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်မှုတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)တို့သည် အစိုးရစစ်တပ်နှင့်ရဲတပ်ဖွဲ့ကို အဓိက ဦးတည် တိုက်ခိုက်လာသည်ကို တွေ့ရသည်။ ဘင်္ဂါလီမွတ်ဆလင်(ရိုဟင်ဂျာ)တို့၏ ARSA အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့ဟု ကြေညာခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှစ၍ ARSA အဖွဲ့၏ တိုက်ခိုက်မှုများ ရှိသေးသည်ဆိုသော်လည်း အလုံးအရင်းနှင့် မဟုတ်သကဲ့သို့ ပြောပလောက်အောင် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ရခိုင်မြောက်ပိုင်း၌ ARSA သည် တပ်မတော်အတွက် လုံခြုံရေးအရ သာမန် ဆူးတချောင်းမျှသာ ဖြစ်လာပြီး အလုံးအရင်းနှင့် စစ်ဆင်ရေးဆင်နွှဲလောက်သည် အထိ မဖြစ်ပေ။

သမ္မတဦးသိန်းစိန်လက်ထက်မှ စတင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များမှစ၍ တပ်မတော်၏ အရေးပါသည့် အခန်းတွင် ရှိသည်။ ဦးသိန်းစိန်သမ္မတသက်တမ်း ကုန်ဆုံးကာနီး ၂၀၁၅ ခုနှစ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အဆုံးအဖြတ်ပေးရာတွင် NCA ထိုးခွင့်မပြုဘဲ လက်နက်အပ်ရန် တောင်းဆိုခံရသည့်အထဲတွင် AA လည်း ပါဝင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိုင်း နယ်စပ်တွင် အင်အားအနည်းအပါးသာ ရှိသော ALP/ALA ကို NCA ထိုးခွင့်ပြုသော်လည်း ULA/AA အား လက်မှတ်ထိုးခွင့် မပြုခြင်းသည် AA အပါ NCA ထိုးခွင့်မပြုသည့် အဖွဲ့များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ပိုင်းမှ ဖွဲ့လာသည့် အဖွဲ့များဖြစ်၍ဟု အကြောင်းပြသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ထဲမှ ချွန်ထွက်လာသော AA အား စစ်ရေးအရ ရင်ဆိုင်ရသည်မှာ တပ်မတော်ပင်ဖြစ်တော့သည်။

တပ်မတော်၏အစောပိုင်း စစ်ဆင်ရေး

ရခိုင်ပြည်နယ်သည် တပ်မတော်(ကြည်း)၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) နယ်မြေအတွင်းတွင် ရှိသည်။ နပခ စစ်ဌာချုပ်သည် အမ်းမြို့တွင် အခြေစိုက်၍ ဗိုလ်ချုပ်အဆင့် တိုင်းမှူးက ဦးစီးသည်။ နပခတိုင်းအောက်၌ တောင်ကုတ်၊ ကျောက်တော်၊ ဘူးသီးတောင်တို့တွင် အသီးသီး အခြေစိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)  ၃ ခုနှင့် စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ၁ ခုရှိသည်။ စကခ နှင့် ဒကစ များအား ဗိုလ်မှူးချုပ်အဆင့်က ဦးစီးသည်။  စကခ ၁ ခုစီအောက်တွင် တပ်ရင်း ၁၀ ရင်းရှိပြီး ဒကစ အောက်တွင် တပ်ရင်း ၇ ရင်းခန့် အထိ ရှိနိုင်သည်။

ထို့အပြင် တိုင်းစစ်ဌာနချုပ် တိုက်ရိုက်ကွပ်ကဲသော ခြေလျင်တပ်ရင်းအချို့ အပြင် အမြောက်တပ်ရင်း၊ ဆက်သွယ်ရေး တပ်ရင်း၊ ထောက်ပို့တပ်ရင်း၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ ဆေးတပ်ရင်း၊ မော်တော်ယာဉ်တပ်ရင်း စသည့် စစ်လက်ရုံးတပ်ရင်း တပ်ဖွဲ့များ အစုံအလင်ဖွဲ့စည်းထားရှိ၍ နပခတိုင်းအောက် တပ်ရင်းတပ်ဖွဲ့ ၅၀ ခန့်ရှိနိုင်သည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်သည်လည်း နပခ စစ်ဌာချုပ်နယ်မြေအတွင်းရှိပြီး နပခ လက်အောက်ခံ ခြေလျင် တပ်ရင်း ၁ ရင်း အခြေစိုက်သည်။

ဤနေရာတွင် တွေ့မြင်နိုင်သည်မှာ တိုင်းပြည်ဘဏ္ဍာဖြင့် တည်ဆောက်သည့် စစ်တပ် ၁ တပ်သည် စစ်မြေပြင်တွင် တိုက်ပွဲဝင်မည့် တိုက်ခိုက်ရေးတပ်ရင်းများအတွက် စစ်လက်ရုံးတပ်ရင်း တပ်ဖွဲ့များ အားဖြည့်တည်ဆောက် ထားနိုင်ခြင်း ဖြစ်သည်။ သို့သော် အားနည်းချက်တခုမှာ စစ်မြေပြင်ထွက်သည့် တိုက်ခိုက်ရေးတပ်ရင်းများတွင် ပါဝင်သည့် စစ်ထွက်အင်အားသည် ၁၉၈၈ မတိုင်မီက တရင်းလျှင် ၅၀၀ ခန့်အထိရှိသော်လည်း ယခုအခါတွင် ၂၀၀ နှင့် ၂၀၀ ပတ်ဝန်းကျင်သာ ရှိခြင်းဖြစ်သည်။

နပခ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များသည် ရခိုင်တောင်ပိုင်း ဂွမြို့မှသည် မြောက်ပိုင်း ဘူးသီးတောင် မောင်တောအထိ ဆက်သွယ်ရေးလမ်းကြောင်းတလျှောက် တပ်စွဲထားပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်သည်။ နပခ နယ်မြေအတွင်းရှိ ပလက်ဝ မြို့နယ်အပါအဝင် မြို့နယ် ၁၈ မြို့နယ်တွင် ပျမ်းမျှ တပ်ရင်း ၃ ရင်းခန့် တပ်ဖြန့်ကျက်ကာ တပ်စွဲထားသည်။ အမြောက်တပ်များသည်လည်း အဆိုပါမြို့များကို ဆက်သွယ်ထားသည့် ကားလမ်းတလျှောက် တပ်စွဲထားပြီး ကားလမ်း ဝဲယာအား လက်နက်ကြီးဖြင့် စိုးမိုးထားသည်။

AA စတင်ဝင်ရောက်သည့် ၂၀၁၅ ခုနှစ်မှစ၍ ၂၀၁၈ နှစ်ကုန်ထိ ၄ နှစ်တာကာလအတွင်း AA လှုပ်ရှားမှုများအား နပခ လက်အောက်ခံတပ်များဖြင့် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ အစောပိုင်းကာလများတွင် AA ၏ လှုပ်ရှားမှုသည် သိသာပေါ်လွင်ခြင်း မရှိ၍ နပခ တပ်အင်အားပင် အပြည့်အဝသုံးစရာ မလိုခဲ့ပေ။ နပခ လက်အောက်ခံ တပ်အချို့အား ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်စစ်ဆင်ရေးများတွင်ပင် ထုတ်နှုတ်သုံးစွဲခဲ့သည်ကို တွေ့ရသည်။

တပ်မတော်နှင့် ၂၀၁၈ အပစ်အခတ်ရပ်စဲရေး

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၄ လကျော်ကြာမြင့်သည့် အပစ်အခတ်ရပ်စဲရေးအား စစ်တိုင်းကြီး ၅ ခု (ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်) တွင် ပြုလုပ်မည်ဟု တပ်မတော်က ကြေညာခဲ့သည်။ ရခိုင်ပြည်နယ် နပခ စစ်တိုင်း ဧရိယာမပါချေ။ ထိုသို့ မပါဝင်ရခြင်းမှာ အကြောင်း ၂ ချက် ရှိသည်ကို တွေ့ရသည်။

ပထမအချက်မှာ ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး ထည့်သွင်းကြေညာပါက AA တပ်ဖွဲ့ တည်ရှိမှုကို အသိမှတ်ပြုလိုက်ရမည်ဖြစ်ရာ တွေ့ဆုံဆွေးနွေးသဘောတူညီမှု မရှိဘဲ ရခိုင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ တည်ရှိသည့် နေရာများကို တပ်မတော်ဖက်မှ အသိမှတ်ပြုရန် မဖြစ်နိုင်ပေ။ ဒုတိယအချက်မှာ ပို၍အရေးကြီးသည့်အချက် ဖြစ်သည်။

ရခိုင်ပြည်နယ်အား ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစ၍ အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထားနိုင်ခဲ့သည်မှာ ၃၈ နှစ်ခန့် ရှိပြီဖြစ်သည်။ ၁၉၄၇ မှ စခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ပုန်ကန်မှုများသည် ၁၉၈၀ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်း မရပ်တည်နိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်သာ ခိုကပ်နေရပြီး အင်အားချိနဲ့ သွားခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင်းသို့ ပြန်လည်ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။

ဤသို့ အဖြူရောင်နယ်မြေအဖြစ် ၃၈ နှစ်ကြာ ထိန်းသိမ်းထားနိုင်သော ရခိုင်ပြည်နယ်အတွင်းသို့ လက်နက်ကိုင် တပ်ဖွဲ့ တခုထိုးဖောက်အခြေချသည်ကို တပ်မတော် အနေဖြင့် လွယ်လင့်တကူ လက်ခံရန် မဖြစ်နိုင်ပေ။ ထိုသို့ ထိုးဖောက်ဝင် ရောက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့အား ပြင်းပြင်းထန်ထန်ပြန်လည်တုန့်ပြန်မှု ပြုမည်သာဖြစ်သည်။ ပြင်းထန်သည့် စစ်ဆင်ရေးများဖြင့် ချေမှုန်းရန် ကြိုးစားမည်သာဖြစ်သည်။ ဤအခြေအနေသည် ရှောင်လွှဲ၍ မရသည့်အခြေအနေဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း ပြင်းထန်သည့်စစ်ပွဲများ ပေါ်ပေါက်လာတော့သည်။

တပ်မတော်နှင့် လက်ရှိစစ်ဆင်ရေးများ

တပ်မတော်က AA အား ဆင်နွှဲသည့် စစ်ဆင်ရေးအား သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးဟုခေါ်ဆိုသကဲ့သို့ ၂၀၂၀ မတ်လတွင် AA အား အကြမ်းဖက်အဖွဲ့ဟု ကြေညာပြီးနောက် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုလည်း ခေါ်ပါသည်။

ကြည်းကြောင်းစစ်ဆင်ရေး

AA တပ်ဖွဲ့ လှုပ်ရှားမှုများ စတင်လာသည့် ၂၀၁၉ နှစ်ဦးပိုင်းမှစ၍ တပ်မတော်သည် နပခ တိုင်းလက်အောက်ခံတပ်များ အပြင် ကာကွယ်ရေးဦးစီးချုပ်ကြည်း (ကကကြည်း) တိုက်ရိုက်ကွပ်ကဲသည်ဟု ယူဆရသည့် ခြေလျင်တပ်မများကို ရခိုင်သို့ အင်အားဖြည့် စေလွှတ်ခဲ့သည်။ မြေပြင်သတင်းများအရ မူလ နပခလက်အောက်ခံ တပ်များအပြင် တပ်မ ၄ ခု မှ တပ်မ ၆ အထိဖြည့်တင်း၍ ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဆင်ရေး ဝင်ရောက်လျက်ရှိသည်။

တပ်မလက်အောက်ခံ တပ်ရင်းအားလုံး အပြည့်အဝသုုံးခြင်း ရှိ၊ မရှိတော့ မသိနိုင်ပေ။ သို့သော် သေချာသည်မှာ ၂၀၁၉ နှစ်ဆန်းမှစ၍ ယခု ၂၀၂၀ မေလ အထိ မြေပြင်တပ်အင်အား အလုံးအရင်း အသုံးပြုလျက် ထိုးစစ်ဆင်လျက် ရှိသည်။ ၂၀၁၈ ခုနှစ်ဆန်းမှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲကြီး စစ်ဆင်ရေးကြီးများ မရှိတော့ရာ ရခိုင် စစ်မြေပြင်သို့ စိတ်ကြိုက်တပ်ဖွဲ့ စေလွှတ်နိုင်သည့် အခြေအနေကောင်း ရှိနေသည်။

တပ်မတော်၏ မြေပြင်တိုက်ခိုက်ရေးတပ်များ၏ စစ်ဆင်ရေးများတွင် တပ်ရင်းစစ်ထွက်အင်အား အားနည်းမှု ရှိသော်လည်း မြေပြင်ဝေဟင်ပံ့ပိုးမှုများဖြင့် ပြန်လည် ဖြည့်ဆည်းမှု လုပ်သည်ကို တွေ့ရသည်။ မြေပြင်တိုက်ခိုက်ရေး တပ်ရင်းများအား မြေပြင်အမြောက်တပ်များဖြင့် ပစ်ကူပေးသည်။ သို့သော် အခြေစိုက် အမြောက်တပ်ရင်းများသည် ဆက်သွယ်ရေး လမ်းကြောင်းတလျှောက်သာရှိပြီး အမြောက်စခန်းများတွင် ၁၂၀ မမ မော်တာ၊ ၁၀၅ မမ ဟော်ဝစ်ဇာများသာ ထားရှိရာ အများဆုံး ၁၂၊ ၁၃ မိုင်ပတ်လည်တွင်သာ စိုးမိုးနိုင်သည်။

သို့ဖြစ်ရာ ကျောက်တော်နှင့် မိုင် ၂၀ ခန့်အကွာတွင် ဖြစ်ပွားသည့် မီးဝတိုက်ပွဲကဲ့သို့ လက်လှမ်းမမီသည့် နေရာတွင် ဖြစ်ပွားပါက အခြေစိုက်အမြောက်စခန်းများမှ ပစ်ကူ မပေးနိုင်ပေ။ သို့သော် မြေပြင်အခြေစိုက် အမြောက်စခန်းများမှ လက်လှမ်း မမီသည့်နေရာများအား လေကြောင်းတိုက်ခိုက်မှုဖြင့် အားဖြည့်ပေးနိုင်သည်ကို တွေ့ရသည်။ ထို့ပြင် စစ်မြေပြင်အတွင်း သွားလာရေးခက်ခဲသည့်နေရာများသို့ တပ်ဖွဲ့၊ လက်နက်ခဲယမ်း၊ ရိက္ခာပို့ဆောင်ရာတွင် မြေပြင်မှ မော်တော်ယာဉ်များ ဖြင့် ပို့ဆောင်၍ မရပါက လေကြောင်းဖြင့်သော်လည်းကောင်း၊ ရေကြောင်းဖြင့်သော်လည်းကောင်း ပို့ဆောင်ပေးနိုင်သည်ကို တွေ့ရသည်။

လေကြောင်းစစ်ဆင်ရေး

AA အား ချေမှုန်းရန် NLD အစိုးရက ရဟတ်ယာဉ် အသုံးပြုခွင့်ပေးထားသည်ဟု ဆိုသည်။ သို့သော် ရခိုင်ပြည်နယ် တိုက်ပွဲအချို့တွင် လေယာဉ်များပါ အသုံးပြု တိုက်ခိုက်သည်။ လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင်လည်း လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ခဲ့ဖူးသည်သာဖြစ်သည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခြင်း၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် အကြိမ်အရေအတွက်များစွာ တွေ့ရသည်။

မီးဝတိုက်ပွဲအတွင်း တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၈ စီးခန့် တပြိုင်တည်းသုံးစွဲ၍ စစ်ဆင်ရေး လုပ်သည်ကို တွေ့ရသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။ သို့သော် မီးဝတိုက်ပွဲအတွင်း ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်သည့် တပ်ရင်းတရင်း ဝိုင်းပတ်ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၄၀ ခန့် အဖမ်းခံရသည့် သတင်းများထွက်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ ရဟတ်ယာဉ်နှင့် အလျင်အမြန် ရွှေ့ပြောင်း တပ်နေရာချနိုင်ရုံမျှနှင့် မလုံလောက်သေးဘဲ စစ်ဗျူဟာမြောက်ရန်လည်း လိုသေးသည်ကို တွေ့မြင်ရသည်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝဒေသ စစ်ဆင်ရေးများတွင် တပ်မတော်က လေကြောင်းမှ စိုးမိုးထားနိုင်သည် ဆိုခြင်းက ငြင်းပယ်ရန်မရှိပေ။

ရေကြောင်းစစ်ဆင်ရေး

အခြားတိုင်းရင်းသားဒေသများတွင် မတွေ့ရသော ရေကြောင်းစစ်ဆင်ရေးအား ရခိုင်ပြည်နယ်တွင် တွေ့ရသည်။ အခြား တိုင်းရင်းသားလက်နက်ကိုင်အများစုမှာ တောင်တန်းဒေသတွင်သာ လှုပ်ရှားကြ၍ ရေကြောင်းစစ်ဆင်ရေး မလိုအပ်ခဲ့ပေ။

ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်ဘေးရှိ ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည့်အပြင် ရခိုင်မြောက်ပိုင်းသည်လည်း နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ် ဟူသည့်အဓိက မြစ်ကြီး ၄ စင်း၏ မြစ်ဝှမ်းတွင် တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းဖြစ်သည့် နတ်မြစ်မှအပ ကျန်မြစ် ၃ စင်းသည် စစ်ဆင်ရေးဒေသအတွင်း အကျုံးဝင်နေသည်။

မယူမြစ်သည် ဘူးသီးတောင်၊ ရသေ့တောင်မှ စစ်တွေမြောက်ဖက်၌ ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်သည်။ ကုလားတန်မြစ် ပလက်ဝဒေသမှ ကျောက်တော်၊ ပုဏ္ဍကျွန်းနှင့် စစ်တွေမြို့နယ်တို့အားဖြတ်၍ ဘင်္ဂလား ပင်လယ်အော် အတွင်း စီးဝင်သည်။ လေးမြို့မြစ်သည် မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့အားဖြတ်၍ ဘင်္ဂလားပင်လယ်အော် အတွင်း စီးဝင်သည်။ တပ်မတော်ရေမှ စစ်သင်္ဘောများသည် ဘင်္ဂလားပင်လယ်အော်မှ မယူမြစ်အတိုင်း ရသေ့တောင်၊ ဘူးသီးတောင်မြို့ နယ်များသို့ ဆန်တက်နိုင်သည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်မှ ကုလားတန်မြစ်အတိုင်း စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်တို့အား ဖြတ်သန်း၍ ပလက်ဝထိ ဆန်တက်နိုင်သည်။ ထို့အတူ ဘင်္ဂလား ပင်လယ်အော်မှ လေးမြို့မြစ်အတိုင်း မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်များကို ဆန်တက်နိုင်သည်။

တပ်မတော်(ရေ)သည် ရမ်းဗြဲကျွန်း ကျောက်ဖြူ အနီးတွင် ဓညဝတီရေတပ်စခန်း ဌာနချုပ် ဖွင့်လှစ်ထားသကဲ့သို့ စစ်တွေတွင်လည်း ရေတပ်စခန်း ဖွင့်လှစ်ထားသည်။ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် အထက်ပါ မြစ်ကြီး ၃ စင်း အတွင်း စစ်သည်ပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်း ရိက္ခာပို့ဆောင်ခြင်းနှင့် လက်နက်ကြီးပစ်ကူပေးခြင်းတို့ဖြင့် ရေကြောင်းစစ်ဆင်ရေး ဆောင်ရွက်လျက်ရှိသည်။

သို့သော် မြစ်လက်တက်၊ ချောင်းလက်တက်များအတွင်း လှုပ်ရှားစစ်ဆင်ရန်မှာ အကန့်အသတ်ရှိသည်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်တွင် တပ်မတော်မှ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲနိုင်ခြင်းသည် ရခိုင်စစ်မြေပြင်၏ ထူးခြားချက် ဖြစ်ပေသည်။

COVID-19 ကာလ အပစ်အခတ်ရပ်စဲရေး

၂၀၂၀ COVID-19 ကာလတွင် တပ်မတော်က ၄ လခန့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာသည်။ သို့သော် အစိုးရက အကြမ်းဖက်အဖွဲ့ ကြေညာထားသည့် အဖွဲ့များမပါဟုဆိုသည်။ သို့ဖြစ်ရာ ပထမအချက်အနေဖြင့် အပစ်အခတ်ရပ်စဲရေးတွင် ရခိုင်မပါဟု အဓိပ္ပါယ်ရသည်။ ဒုတိယအချက်မှာ AA အား အကြမ်းဖက်အဖွဲ့ကြေညာခြင်းသည် ဥပဒေအရ NLD အစိုးရက ကြေညာခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။

ထို့ကြောင့်လည်း ရခိုင်ပြည်နယ်ရှိ တပ်မတော်၏ စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်လျက် ရှိသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်သည် အင်အားအလုံးအရင်းသုံး၍ ကြည်း ရေ လေ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲလျက်ရှိသည်။ AA ထက် တပ်မတော်က လူအင်အား၊ လက်နက်အင်အား၊ လေကြောင်း၊ ရေကြောင်းအင်အား၊ လက်ရုံးတပ်ဖွဲ့အင်အား၊ နည်းပညာအင်အား၊ ဘဏ္ဍာရေးအင်အား သာလွန်သည်။ ထိုသာလွန်ချက်များကို ကိုင်စွဲလျက် တပ်မတော်က စစ်ဆင်ရေး ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

တပ်မတော်နှင့် ရခိုင်လူထု

သို့သော် ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် တွေ့ရသည့် တပ်မတော်အတွက် အဓိကအားနည်းချက်မှာ စစ်ဆင်နွှဲရာ ဒေသရှိ လူထုထောက်ခံမှု လုံလောက်စွာ မရရှိခြင်း ဖြစ်ပေသည်။ ရခိုင်ပြည်နယ်၏ ထူးခြားချက်မှာ ကချင်၊ ရှမ်း၊မွန်၊ ကရင်ပြည်နယ်တို့နှင့် မတူသည့် ထူးခြားချက်ရှိသည်။

ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ထဲတွင် ပါဝင်ပြီး စီးပွားရေးအခွင့်အလမ်းနည်း၍ ပြည်မမှ ရွှေ့ပြောင်းအခြေချမှု မရှိသလောက်နည်းပါးသည်။ အစိုးရဝန်ထမ်းများတွင်သာ မြန်မာလူမျိုးနှင့် အခြားတိုင်းရင်းသားအချို့ ရှိသော်လည်း အရေအတွက်နည်းသည်။ ရခိုင်တွင်လွှမ်းမိုးမှုရှိသည့် အားကောင်းမောင်းသန်ရှိသည့် လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းမှာ ရခိုင် တိုင်းရင်းသားများ လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီမွတ်ဆလင်(ရိုဟင်ဂျာ) လူ့အဖွဲ့အစည်းနှစ်ခုသာရှိသည်။

ထို့ပြင် ၁၉၈၀ တွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြောက်ကျားတို့၏ နိုင်ငံရေးလမ်းစဉ်မှာ လက်ဝဲဝါဒလွှမ်းမိုးသည်။ ၎င်းတို့၏ပစ်မှတ်သည် ပြည်မအစိုးရသာမက ရခိုင်ရှိ ချမ်းသာကြွယ်ဝသော အရင်းရှင်ဟုဆိုသည့် လူကုံထံ သူဌေးသူကြွယ် များ၊ မြေရှင်များပါ ပါဝင်သည်။ လက်ရှိ AA ၏ နိုင်ငံရေးလမ်းစဉ်မှာ ရခိုင်အမျိုးသားရေးလမ်းစဉ်ဖြစ်ပြီး ပစ်မှတ်မှာ ပြည်မ အစိုးရနှင့် တပ်မတော်သာ ဖြစ်သည်။

ဤသို့သော အခြေအနေအောက်တွင် ရခိုင်တွင်းမှ အထူးသဖြင့် ရခိုင်ကျေးလက်ဒေသမှ တပ်မတော်ဘက် ယိမ်းသည့် သို့မဟုတ် တပ်မတော်ကို အားပေးမည့် သို့မဟုတ် တပ်မတော်အား သတင်းပေးမည့်သူ မရှိသလောက် ရှားပါးသည်။ ထို့ပြင် ဘင်္ဂါလီ(ရိုဟင်ဂျာ) လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းသည်လည်း ၂၀၁၇ ပုန်ကန်ထကြွမှု ကာလနောက်ပိုင်းကတည်းက တပ်မ တော်နှင့် ရန်ဘက်လို ဖြစ်သွားသည်။ ထိုအသိုင်းအဝိုင်းထံမှလည်း တပ်မတော်က အကူအညီ အထောက်အပံ့ မရနိုင်ပေ။

ဤသို့ လူထု၏ထောက်ခံမှု၊ ထောက်ပံ့မှု မရသော အခြေအနေ၊ သတင်းအချက်အလက် အချိန်နှင့်တပြေးညီ ရရန် ခက်ခဲသော အခြေအနေသည် စစ်ဆင်ရေးများအတွင်း တပ်မတော်အား တပမ်းရှုံးစေသည်။

ထို့ပြင် ရခိုင်နှင့်ပလက်ဝစစ်မြေပြင်တွင် အရပ်သားထိခ်ိုက်မှုများခြင်းနှင့် ကျေးရွာဖျက်ဆီးခံရခြင်းသည်လည်း ပြသနာ တခုဖြစ်သည်။ တပ်မတော်က ထိုဖြစ်ရပ်များသည် AA ကြောင့်ဖြစ်သည်ဟု မည်သို့ပင် ပြောဆိုစေကာမူ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဒေသခံရခိုင်လူထုက အယုံအကြည် မရှိခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေအောက်တွင် လူထု၏ နာကျည်းမှုနှင့် မုန်းတီးမှုသည် တပ်မတော်ဘက်သို့သာ ဦးလှည့်ပေရာ တပ်မတော်အနေဖြင့် တပမ်းရှုံးစေသည့် အချက် ဖြစ်နေသည်။

လူထုထောက်ခံမှု ပြဿနာသည် ရခိုင်နှင့်ပလက်ဝစစ်ဆင်ရေးများအတွင်း တပ်မတော်အတွက် အထူးသတိပြုရမည့် ပြသနာဖြစ်၍ နေပေသည်။

အပိုင်း ၇ အား ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄)

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

Did you find apk for android? You can find new Free Android Games and apps.
Loading