COVID 19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရက မတ်လ ၁၆ ရက်နေ့ စတင်ကာ ရုပ်ရှင်ရုံများ၊ လူစုလူဝေး ဖြင့် ပြုလုပ်သည့် ဖျော်ဖြေရေးပွဲများ အားလုံးကို ရပ်နားထားခိုင်းခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ရုပ်ရှင်ရုံများ ပိတ်ထားရခြင်း နှင့် ရိုက်ကူးရေးများ ရပ်နား ထားရသည်မှာ ၃ လ ပြည့်ခဲ့ပြီလည်း ဖြစ်သည်။
Covid 19 သည် ပြည်တွင်းဖျော်ဖြေရေးလုပ်ငန်းကဏ္ဍ၏ ၉၀ ရာခိုင်နှုန်းအထိကို လုပ်ငန်းများ ရပ်တန့်စေခဲ့ကြောင်း ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သမျှ ရုပ်ရှင်၊ ဂီတ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုကြသည်။
“ကိုဗစ်က ခေါင်းပြန်ထောင်လာနေတဲ့ ရုပ်ရှင်လောကကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်ရသလိုပဲ” ဟု 7 Sense Film Production ၏ ဒါရိုက်တာတဦးဖြစ်သူ ကိုဝေမင်းမောင် ပြောသည်။
ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် ရိုက်ကူးထားပြီးသော ရုပ်ရှင်ကားပေါင်း ၁၄ ကားအထိ ရှိပြီး ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခွင့်မရှိခြင်းကြောင့် ဝင်ငွေလည်ပတ်မှု ရပ်တန့်လျက်ရှိပြီး ရုပ်ရှင်ကား သစ်ရိုက်ရန်အတွက်ပင် စဉ်းစားနေရကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများက ရုပ်ရှင်ရိုက်ကူးရေးများ ရပ်နားထားရခြင်းကြောင့် သရုပ်ဆောင်မင်း သား၊ မင်းသမီးများ၊ ဇာတ်ပို့၊ ဇာတ်ရံများ အပြင် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများတွင်လိုအပ်သော စက်အဖွဲ့သား အားလုံး အပေါ်သို့ သက်ရောက်မှုက ကြီးမားလျက်ရှိသည်။
ကိုဗစ်ပေးသည့် မြန်မာ့ရုပ်ရှင်အတွက် ဝေဒနာ
ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များသည် နိုင်ငံခြားတွင် ရုပ်ရှင်ပညာကို စနစ်တကျ သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် လူငယ်ဒါရိုက်တာများ ရိုက်ကူးခဲ့ ရုပ်ရှင်ကားများကြောင့် မြန်မာ့ရုပ်ရှင်လောကတွင် အကွေ့အပြောင်းနှစ်များ ဖြစ်ခဲ့သည်။
ယခင်က ရုံလူဝင်သည့် ဆူလွယ်နပ်လွယ် ဟာသရုပ်ရှင်များ လူကျဲသွားသည်။ နိုင်ငံခြားပြန်လူငယ်ဒါရိုက်တာများ နှင့် ဝါရင့်ရုပ်ရှင်လောကသားများ၏ အရည်အသွေးမီ ဇာတ်ကား တချို့ဖြစ်သည့် မုန်းစွဲ၊ ဥပါတံမျဉ်၊ ထာဝရနှောင်ကြိုး(Now & Ever) ၊ ရိုးမပေါ်ကျတဲ့ မျက်ရည်၊ မီ၊ သူစိမ်းအိမ် အစရှိသည့် ရုပ်ရှင်ဇာတ်ကားများသည် ပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိခဲ့ကြသည်။

ထိုရုပ်ရှင်ကားများထဲမှာ ရုပ်ရှင်ဇာတ်ကား ၃ ကားခန့်သည်ပင် မြန်မာ့ရုပ်ရှင်သမိုင်းတွင် စံချိန်တင်ရုံဝင်ငွေ ဖြစ်သော ကျပ်သိန်း သုံးသောင်းကျော်အထိ ရရှိခဲ့သည့် အခြေအနေဖြစ်ခဲ့သည်။ အဆိုပါရုံဝင်ငွေများအရ ထိုရုပ်ရှင်ကားများကို ပရိသတ် ၂ သန်းကျော် မှ ၃ သန်းဝန်းကျင်အထိ ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
ယခင်လို ပြည်တွင်းသက်သက် ထုတ်လုပ်ရေးမဟုတ်တော့ဘဲ ဒေသတွင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့်လည်း အနေအထားကောင်း တခုဘက်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ယင်းသို့ အကောင်းဘက်ကို ဦးတည်ကာ ခေါင်းမော့စပြုနေပြီဖြစ်သော မြန်မာ့ရှင်ရှင်အတွက် ၎င်းနှစ် ၁၀၀ ပြည့် မြောက်သော ၂၀၂၀ ခုနှစ်ရောက်ချိန်တွင်တော့ တကမ္ဘာလုံးရှောင်လွဲလို့ မရခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ပေးသည့် အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်နေရပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ထားသော ဧပြီလ နှင့် မေလအတွင်း တွင် ရုပ်ရှင်သရုပ်ဆောင် တချို့သည် အွန်လိုင်းပေါ်မှတဆင့် အစားအသောက်များ၊ အဝတ်အထည်များ ရောင်းချသည့် နည်းလမ်းဖြင့် ဝင်ငွေရပ်တန့်သွားသည့် ပြဿနာကို ခဏတာပြေလည်စေရန် ဖြေရှင်းခဲ့ရအထိ ဖြစ်ခဲ့ကြသည်။
ရုပ်ရှင်သရုပ်ဆောင် မင်းသား နှင့် မင်းသမီး များသည် ရုပ်ရှင်တကားစာအတွက် သရုပ်ဆောင်ကြေးကို ပုတ်ပြတ်ရရှိသော်လည်း ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းနည်းသော ဇာတ်ပို့၊ ဇာတ်ရံများ နှင့် အောက်ခြေအဆင့် စက်အဖွဲ့သားများသည် လုပ်အားခကို နေ့စားလုပ်အားခစနစ်ဖြင့်သာ ရရှိကြသောကြောင့် ရိုက်ကူးရေး ရပ်နားထားခြင်းက အများစုကို အလုပ်လက်မဲ့ ဖြစ်စေခဲ့သည်။
ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်လင်းထွန်းက “ ကျနော်တို့ဆိုရင် ဒီလုပ်ငန်းတခုတည်းကိုပဲ အခြေချပြီး လုပ်ကိုင်နေတာဆိုတော့ ပိုထိတာပေါ့။ ရိုက်ကူးရေးလည်းရပ်၊ ရုံတင်လည်းရပ် အကုန်ရပ်သွားတော့ ဝင်ငွေအကုန်ရပ်သွားတဲ့ သဘောပဲ” ဟု ပြောသည်။
၎င်းသည် ရုပ်ရှင်ရိုက်ကူးရေးအတွက် လိုအပ်သော စက်ပစ္စည်းများ ငှားရမ်းခြင်း၊ ရုပ်ရှင်ဇာတ်ကားရိုက်ကူး ထုတ်လုပ်ခြင်း မှအစ ရုံတင်မည့် ရုပ်ရှင်ဇာတ်ကားများအတွက် တည်းဖြတ်ဝန်ဆောင်မှုများ (Editing, Color Grading) လုပ်ကိုင်သည့် လုပ်ငန်းရှင်တဦးဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားကြီး တခုအတွက် ရိုက်ကူးရေးလုပ်ငန်းသည် အနည်းဆုံး လူ ၆၀ ခန့်မှ အများဆုံး ၁၀၀ ဝန်း ကျင်အထိ အသုံးပြုရလေ့ရှိသည်။
ဦးကျော်လင်းထွန်းက “ ရုံပြန်ဖွင့်လို့ ပြခဲ့လို့ရှိရင်တောင် နဂိုအရင်းဆိုတာကို ခေါင်းထဲမှာမေ့လိုက်ပြီး ဝင်လာတဲ့ ငွေ ကိုယ့်ငွေပဲဆိုပြီး ပြမှပဲရမယ်။ အဲ့လိုမှ မတွေးထားရင် ကျနော်တို့အတွက် စိတ်ထွက်ပေါက်ပါ ရမှာ မဟုတ်ဘူး။ ကျနော်တို့ လုပ်ငန်းတွေက ကြည့်မယ့် ပရိသတ်ရဲ့ စီးပွားရေးနဲ့ သက်ဆိုင်တာကို” ပြောသည်။
ထိုအခြေအနေများကြောင့် ရုပ်ရှင်လုပ်ငန်းများအပေါ် မှီခိုနေရသည့် ဝင်ငွေနည်း ရုပ်ရှင်လောကသားများ အတွက် ပြန်လည်အဆင်ပြေစေနိုင်ရန်အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်များနှင့် အညီ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အစိုးရထံ တင်ပြမှုများ လုပ်ဆောင်ထားလျက်ရှိသည်။
Covid 19 ကြောင့် မတ်လ ၁၆ ရက်နေ့ မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းထားရသော ရုပ်ရှင်ရုံကုမ္ပဏီ များဘက်တွင်လည်း ဝင်ငွေရပ်တန့်နေသော်လည်း ဝန်ထမ်းစရိတ်၊ ရုပ်ရှင်ရုံများအတွက် ငှားရမ်းခ၊ ဘဏ်ချေးငွေများအပေါ် ပေးရသည့် အတိုး၊ စက်ပစ္စည်းထိန်းသိမ်းပြုပြင်ရခြင်းစရိတ် နှင့် ရုပ်ရှင်ရုံများပြုပြင်ထိန်း သိမ်းရသည့် စရိတ် အစရှိသော ဝန်ထုပ်ဝန်ပိုးများသည်လည်း အချိန်ကြာလာသည်နှင့်အမျှ တောင့်ခံရန် အခက်အခဲများ ရှိလာနေပြီဖြစ်သည်။
Paradiso ရုပ်ရှင်ရုံကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာက “ အခုက ဝင်ငွေမရှိတဲ့အပြင် ထွက်ငွေတွေပဲ ဆိုတော့ ဆုံးရှုံးမှုက နှစ်ဆလောက် ဖြစ်တာပေါ့။ ရုံတွေ ပြန်မဖွင့်နိုင်လေ ဝန်ထမ်းတွေကို ပေးနေရတဲ့ လစာတွေလည်း နည်းနည်းသွားမှာပေါ့ ” ဟု ဆိုသည်။
ကပ်ရောဂါကာလ မတိုင်မီ တွင် လူ ၁၀၀ ဝန်းကျင်ဆံ့ ရုပ်ရှင်ရုံအသေးတရုံသည် တရက်လျှင် သိန်း ၂၀ မှ ၃၀ ၊ လူ ၅၀၀ မှ ၈၀၀ ဆံ့ ရုံအကြီး တရုံသည် သိန်း ၈၀ မှ ၁၀၀ ကျော် ဝင်ငွေရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံပေါင်း ၂၀၀ ဝန်းကျင်အထိရှိကာ ယင်းထဲတွင် ရုံအကြီးများသည် ၅၀ ကျော်အထိ ရှိသည်။
ထိုကြောင့် ရုပ်ရှင်ရုံများပိတ်ထားရသည့် ယခု ၃ လ အချိန်ကာလတွင် ရုပ်ရှင်ရုံကုမ္ပဏီများ၏ ဝင်ငွေသည် ကျပ် ၈၀ ဘီလီယံ ဝန်းကျင်ခန့် ဆုံးရှုံးနေပြီဖြစ်သည်။ (ယင်းဝင်ငွေသည် ရုပ်ရှင်ရုံများ နှင့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများ အချိုးကျရရှိမည့် ပျမ်းမျှ ငွေပမာဏဖြစ်သည်။)
လက်ရှိအချိန်တွင် အစိုးရက Covid 19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် အကန့်အသတ် ပြုလုပ်ထားသော ကိစ္စရပ် တချို့ကို ဖြေလျှော့မှုများ ပြန်လည်လုပ်ဆောင်လာ လျက်ရှိ နေပြီဖြစ်သော်လည်း ရုပ်ရှင်ရုံများ ပြန်လည်ပြန်လှစ်ဖွင့်ရန်နှင့် ရိုက်ကူးလုပ်ငန်းများတော့ မပါဝင်သေးပေ။
ရုပ်ရှင်ရုံများ နှင့် ရိုက်ကူးရေး လုပ်ငန်းများကို လာမည့် ဇူလိုင်လတွင် ပြန်လည်စတင်နိုင်ရန် ရုပ်ရှင်အသိုင်းအဝိုင်းက မျှော်လင့်လျက်ရှိကြပြီး တဖက်တွင် ကူးစက်မြန်ရောဂါဆိုး၏ အန္တရယ်ကလည်း ရှိနေသေးသည်။
ရုပ်ရှင်ရုံများကို Social Distancing အခြေအနေများနှင့် ပြန်လည်ဖွင့်လှစ်ခွင့်ရသည့်တိုင် ရုံများတွင် လူအပြည့်အဝ လက်ခံ၍ မရမည်ဖြစ်ခြင်းကြောင့် ရုံရှင် နှင့် ထုတ်လုပ်သူများအတွက် ဝင်ငွေတွက်ချေကိုက်မှုရှိ မရှိ နှင့် ရုပ်ရှင်အတွက် အဓိက ပရိသတ်များဖြစ်သည့် အခြေခံလူတန်းစား နှင့် အလယ်အလတ်လူတန်းများ၏ ဝင်ငွေ များအပေါ်တွင် ရိုက်ခတ်မှု ကြီးမားခြင်းကလည်း စိန်ခေါ်မှုများ အဖြစ် ရှိနေသေးသည်။
ကိုဗစ်ကြောင့် နယ်ပယ်အသီးသီးက စီးပွားရေးလုပ်ငန်းများနဲ့အတူ ဖျော်ဖြေရေးကဏ္ဍများလည်း ထိခိုက်ခဲ့ ပြီး နောက်တွင် New Normal အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လာသည့်တိုင်အောင် ရုပ်ရှင်ရုံများသို့ ပရိသတ်များ ပြန်ရောက်နိုင်ဖို့ အချိန်တခု လိုအပ်မည်ဖြစ်ကြောင်း ဝါရင့်သရုပ်ဆောင် ခန့်စည်သူ က ပြောသည်။
၎င်းက “ရုပ်ရှင်ရုံထဲ လူဝင်ဖို့ဆိုတာက တိုင်းပြည်တပြည်ရဲ့ စီးပွားရေးအရမ်း တိုးတက်ပြီးတော့ အဘက်ဘက်က ပြည့်စုံလာတဲ့အချိန် နောက်ဆုံးအလှည့်ကျမှ ရုပ်ရှင်ရုံအလှည့် ဖြစ်ပါလိမ့်မယ်။ ပထမ အလုပ်အကိုင် ရှာရမယ်။ သားသမီးတွေ ကျောင်းအပ်ရမယ်။ စားဝတ်နေရေး ဖြေရှင်းရမယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်နေခဲ့သော မြန်မာ့ရုပ်ရှင်ဈေးကွက်သည် Covid 19 ရိုက်ခတ်မှုကြောင့် ပုံမှန်အခြေအနေများအတိုင်း ပြန်လည်ဖြစ်စေရန် အနည်းဆုံး အချိန် ၁ နှစ်မှ ၁ နှစ်ခွဲ အထိ အချိန်ပြန်ယူရမည် ဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။
ဂီတလုပ်ငန်းများအပေါ် ကိုဗစ်ရိုက်ခတ်မှု
Covid 19 ရိုက်ခတ်မှုသည် လူစုလူဝေးဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်ကြရသော ဂီတလုပ်ငန်းအပေါ် မှီခိုနေကြရသူများအတွက်လည်း သက်ရောက်မှုက ကြီးမားခဲ့သည်။
ထိုလုပ်ငန်းကဏ္ဍတွင်မူ တေးသီချင်းထုတ်လုပ်ရေးလုပ်ငန်းများထက် ဖျော်ဖြေပွဲများမှ ရရှိသော ဝင်ငွေဖြင့် ရပ်တည်ကြရသော အဆိုတော်များ နှင့် တေးဂီတအဖွဲ့များက ထိခိုက်မှု ပိုများခဲ့သည်။

Idiots အဖွဲ့မှ အဆိုတော် ရေမွန်က “ ကျနော်တို့ရဲ့ ဝင်ငွေက ရှိုးပွဲတွေအပေါ်မှာ မူတည်နေတာ။ ရှိုးပွဲတွေ မရှိတဲ့အခါ အကုန်လုံး ထိခိုက်ကြတာပေါ့ ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၏ နှစ်သစ်ကူးပွဲလည်းဖြစ် ဂီတသမားများအတွက် ဖျော်ဖြေပွဲအများဆုံးရှိသည့် သင်္ကြန်သည် Covid 19 ကြောင့် ကျင်းပခွင့်မရရှိ ခြင်းကြောင့် ၎င်းတို့အတွက် ဝင်ငွေအပေါ် အထိနာစေခဲ့ရသည်။ ထိုအပြင် သင်္ကြန်ပြီး ကာလ သည်လည်း ဖျော်ဖြေပွဲမရှိသော မိုးတွင်းကာလဖြစ်နေခြင်းကလည်း ဂီတသမားများအတွက်ကို ပိုပြီး အကျပ်ရိုက်စေခဲ့သည်။
ထိုအခြေအနေများက နာမည်ရပြီးသား တေးဂီတအဖွဲ့မှ ဂီတာတီးခတ်သူတယောက်သည်ပင် အွန်လိုင်းအစား အသောက်ဝန်ဆောင်မှုကုမ္ပဏီတခုတွင် စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်သူ အဖြစ်ပြောင်းလဲ လုပ်ကိုင်ခဲ့ရသည့် အခြေအနေမျိုးအထိ ဖြစ်ခဲ့သည်။
ဂီတာ နိုင်ဇော်က “ အခုကာလက ကိုယ်အလုပ်နည်းတဲ့ ကာလဖြစ်တဲ့အတွက် ကျနော်တို့ ဘာမှ ပြင်ဆင်ထားမှု မရှိသေးပါဘူး။ နဂိုကတည်းက ဇီးရိုးဖြစ်တဲ့အတွက် ပိုဇီးရိုးဖြစ်သွားလို့ ဘာမှ မထူးပါဘူး ” ဟု ပြောသည်။
လတ်တလောတွင် ပွင့်လင်းကာလနှင့် လူအများ လမ်းပေါ်ပြန်ထွက်လာမည့် အချိန်အတွက် သီချင်းအသစ်များ ထွက်ရှိနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် Covid 19 ရောဂါပိုးတွေ့ရှိနေရသည့် အခြေအနေများ နှင့် ထိုရောဂါအတွက် ကာကွယ် ဆေး၊ ကုသဆေး မပေါ်သေးခြင်းကြောင့် ဂီတသမားများဘက်က မျှော်လင့်နေသော ပွင့်လင်း ရာသီကာလတွင် လူစုလူဝေးဖြင့် ပြုလုပ်ရလေ့ရှိသည့် ဂီတဖျော်ဖြေပွဲများသည် အချိန်တိုတိုတွင်း ပြန်ဖြစ်လာရန် အလှမ်း ဝေနေအုန်းမည် ဖြစ်သည်။
ထိုသို့ ဂီတဖျော်ဖြေပွဲ၊ ရှိုးပွဲများ ပြန်လည်ကျင်းပခွင့် မရသေးသည် ကာလများတွင် ဂီတ သမားများအတွက် ၎င်းတို့ တေးသီချင်း ထုတ်လုပ်မှုပြီး ပရိသတ်ထံသို့ ဖြန့်ဝေသွားမည့် စနစ် နှင့် Covid 19 အလွန်ကာလတွင် New Normal ပုံစံသစ်ဖြင့် ပရိသတ်များနှင့် ထိတွေ့မှုကို မည်သို့ မည်ပုံ လုပ်ကိုင်သွားကြမည်ဆို သည့် မေးခွန်းတခု ရှိလာနေပြီ ဖြစ်သည်။
ဗိုင်းရပ်စ်က ပေးသည့် သတိပေးသံ
ကမ္ဘာ့ကပ်ရောဂါ Covid 19 သည် ပြည်တွင်း ဖျော်ဖြေရေးလုပ်ငန်းများကို ပုံမှန်ပုံစံသွားနေရမှ ပုံစံသစ်တခုကို ပြောင်းလဲလုပ်ဆောင်ရန် သတိပေးနေပြီဖြစ်သည်။
Covid 19 ကြောင့် တကမ္ဘာလုံးက လူများ နေအိမ်ထဲတွင်ပဲ နေထိုင်ခဲ့ရသည့် Lockdown ကာလများတွင် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားဆင်ခြင်းများကို အွန်လိုင်း streaming များ နှင့် ဒစ်ဂျစ်တယ် App များက ပရိသတ်များ အကြိုက်တွေ့စေခဲ့သည်။
ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်သည့် Netflix ကုမ္ပဏီ၏ အဆိုအရ Lockdown ကာလ တွင် ၎င်းတို့ ဒစ်ဂျစ်တယ် Streaming မှ ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုရန်အတွက် အကောင့်အသစ် ပြုလုပ်သူပေါင်း ၁၆ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း ဖျော်ဖြေရေးလုပ်ငန်းများကို အွန်လိုင်းနှင့် ဒစ်ဂျစ်တယ် Streaming များမှ ကြည့်ရှုသူနှုန်းများတွင် တဟုန်ထိုး တိုးတက်လာသည့် အခြေအနေ ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံက လူငယ်ပရိသတ်များကြား ရေပန်းအစားဆုံး အဆိုတော်တဦး ဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ကျင်းပသော ၎င်း၏ မွေးနေ့ ရှိုးပွဲကို ယခုနှစ်တွင် Covid 19 ကြောင့် App ကနေ Live Streaming ဖြင့် ဖျော်ဖြေခဲ့ရသည်။
သူ၏ ဖျော်ဖြေမှုသည် မြန်မာနိုင်ငံတွင် Live Streaming ဖြင့် ပထမဆုံးပြုလုပ်သော ရှိုးပွဲတခုဖြစ်ခဲ့ပြီး ၎င်း၏ ယခင်နှစ်များက မွေးနေ့ရှိုးပွဲများထက် ကြည့်ရှုသည့် ပရိသတ်အရေအတွက် ဆယ်ဆကျော်အထိ ရှိခဲ့သည်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ယခင်က ဖျော်ဖြေရေးကွင်းများထဲတွင် ကျင်းပသည် မွေးနေ့ရှိုးပွဲများသည် ကွင်းထဲထိလာရောက် အားပေးခဲ့ကြသည့် ပရိသတ်အရေအတွက်သည် သောင်းဂဏန်း အထိသာ ရှိခဲ့ပြီး ယခု Live Streaming ပေါ်မှ ကြည့်ရှုအားပေးခဲ့သည် ပရိသတ်အရေအတွက်သည် သိန်းဂဏန်းအထိ ရှိခဲ့သည်။
“ကိုဗစ်ဖြစ်သွားတဲ့ ကာလမှာ လူတွေအကုန်လုံးက Live Stream ကို ပိုကြည့်လာကြတာကို အရင် တုန်းက ဒါတွေကို ကြောက်စရာမလိုခဲ့ဘူး၊ သူတို့ကတဖက် ကျနော်တို့ကတဖက် သူပရိသတ်နဲ့ သူပဲပေါ့။ အခုက အရင်က မကြည့်တဲ့သူတွေတောင် ကြည့်လာကြတဲ့ culture ကို တခုပြောင်းလာပြီး ကျနော်တို့ ကို ခြိမ်းခြောက်လာနေလာပြီ” ဟု Paradiso ရုပ်ရှင်ရုံကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာက ပြောဆိုသည်။
ထို စိန်ခေါ်မှုများအတွက် ရုပ်ရှင်ရုံကုမ္ပဏီများနှင့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ပုံမှန်လုပ်နေကျ အတိုင်း သွား၍ မရတော့ဘဲ ရုပ်ရှင်ရုံများဘက်တွင် ပြသသည့် နည်းပညာစနစ်ကို 4D၊ 5D အထိသို့ မြှင့်တင်ရန် လိုအပ်လာမည်ဖြစ်သလို ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများသည် ပရိသတ်ကို ဆွဲဆောင်နိုင်မည့် အရည်အသွေး ကောင်းမွန်သည့် ရုပ်ရှင်ဇာတ်ကားများ ပိုမို ထုတ်လုပ်လာရန် လိုအပ်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

နိုင်ငံတကာတွင်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများသည် အွန်လိုင်းစနစ် နှင့် App များဘက်သို့ ပြောင်းလဲ ပြင်ဆင်နေကြပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ နောက်ကျနေဆဲ ဖြစ်ကာ အနာဂတ်တွင် ပြောင်းလဲလာတော့မည့် အကူးအပြောင်းကို ပြည်တွင်းရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများလည်း သတိထားလာနေသည်။
“ တကယ်ဆိုရင် ဒီလိုလုပ်ငန်းတွေဖက်ကို ခွပြီး လုပ်ထားသင့်တာပေါ့။ ကျနော်တို့ ၂၀၁၂ ခုနှစ်လောက်ကတည်းက လုပ်ထားသင့်တဲ့ အရာတခုကို မလုပ်ထားမိတဲ့ အမှားလို့ပဲ ပြောရမှာပေါ့” ဟု ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးကျော်လင်းထွန်းက ပြောသည်။
သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ယင်းသို့ အွန်လိုင်းနှင့် App များ လုပ်ကိုင်နေသူများသော်လည်း ထိုအရာများမှ ရရှိသောဝင်ငွေသည် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် စီးပွားရေးတခုအဖြစ် ရပ်တည်နိုင်သည့် အနေအထား မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။
ယင်းသို့ အွန်လိုင်း Streaming များ နှင့် ဒစ်ဂျစ်တယ်စနစ်များအပေါ် ဂီတ သမားများဘက်တွင်လည်း ပြင်ဆင်ပြောင်းလဲမှုများ ရှိလာနေပြီဖြစ်သည်။
“ကျနော်တို့ အခုကြုံရသလောက်တော့ အများစုက သွားဖို့ ကြိုးစားနေကြပြီ။ အရင်နှစ်တွေကနဲ့ မတူတော့ဘူး။ အဓိကက Physical မှာ ကျတာလေ၊ Album မှာ ကျတယ်လေ။ အဲ့ဒီတော့ ဒစ်ဂျစ်တယ်ဘက်က သွားချင်နေကြတယ်” ဟု တေးသံသာ တေးထုတ်လုပ်ရေး၏ အမှုဆောင်ဒါရိုက်တာ ဦးစိုးသူရရွှေက ပြောသည်။
မြန်မာ့ဂီတ အခြေအနေသည် အကျဈေးကွက်ဘက် ရောက်ရှိနေပြီဖြစ်သော အခွေထုတ်လုပ်ရေးထက် ဒစ်ဂျစ်တယ်ဘက်ကို အရွှေ့တခု ပြောင်းလဲလာနေပြီဖြစ်ပြီး Covid 19 ကြောင့် နောက်ထပ်တွန်းအားဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့သို့ တေးထုတ်လုပ်ရေးများနှင့် အဆိုတော်၊ တေးဂီတ အဖွဲ့များဘက်က ဒစ်ဂျစ်တယ်ဘက်သို့ ကူးပြောင်းရန် ပြင်ဆင်နေကြသော်လည်း ဒစ်ဂျစ်တယ်ပေါ်တွင် အခကြေးငွေပေးကာ တေးသီချင်းများ နားထောင်လေ့ မရှိသော ပရိသတ်များက စိန်ခေါ်မှု ဖြစ်နေလျက်ရှိသည်။
အဆိုတော် ဖြူဖြူကျော်သိန်းက “ပွဲတွေ မရှိတဲ့ ကာလမှာတော့ အွန်လိုင်းဖျော်ဖြေရေးပွဲတွေဘက်ကို သွားကြရလိမ့်မယ်။ ဒီကိုဗစ်ကြီးကို ထွက်သွားအောင် မလုပ်နိုင်သေးသရွေ့တော့ လုပ်နေရလိမ့်မယ်” ဟု ပြောသည်။

ပရိသတ်များကို ပြည်တွင်းတေးထုတ်လုပ်ရေး ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ယခုထက် ပိုပြီး နာလည်းကာ အားပေးစေလိုကြောင်း၊ ယင်း ပလက်ဖောင်းများ ရှင်သန်နိုင်မှသာ အဆိုတော်များအနေဖြင့် တေးသီချင်း အသစ်များကို ဖန်တီးပြီး ဆက်ပြီး ရှင်သန်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် ၎င်းတို့ တတ်နိုင်သော နှုန်းထားတရပ်ဖြင့် အနုပညာကြေးပြန်ပေးလျက်ရှိသော်လည်း ထိုဝင်ငွေသည် အဆိုတော်များအတွက် အားထားစရာကောင်းသည့် ပမာဏတော့ မဟုတ်သေးပေ။
ယင်းသို့ ဂီတ ဖျော်ဖြေရေးလုပ်ငန်းများဘက်တွင် ဒစ်ဂျစ်တယ်အကူးအပြောင်းတွင် အခက်အခဲစိန်ခေါ်မှုများ ရှိနေသလို ရုပ်ရှင်လုပ်ငန်းများဘက်တွင်လည်း အွန်လိုင်းပေးချေမှုစနစ် အားမကောင်းသေးခြင်း၊ ပရိသတ်အများစုသည် ဒစ်ဂျစ်တယ် နှင့် ပတ်သက်သည့် အလေ့အကျင့်အတွက် အချိန်တခု စောင့်ရမည်ဖြစ်သည်။
လက်ရှိအခြေအနေများအရ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ် Streaming များဘက်သို့ ဖျော်ဖြေရေးလုပ်ငန်းများ အရွေ့တခုရှိလာနေပြီဖြစ်သော်လည်း ရုပ်ရှင်ရုံထဲတွင် ရုပ်ရှင်ဇာတ်ကား ကြည့်ရှုရသည့်ခံစားမှုနှင့် စမတ်ဖုန်း ပေါ်တွင် ကြည့်ရှုရသည့် ခံစားမှုများသည် မတူညီသည့်အတွက် ထိုဈေးကွက်နှစ်ခုကိုလည်း နှိုင်းယှဉ်ပြောရန် ခက်ခဲကြောင်း နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို သုံးသပ်သည့် ဆောင်းပါးများရေးသားနေသူ ကိုကြည်သာမောင် (Motaku)က ဆိုသည်။
သို့သော်လည်း အွန်လိုင်းနှင့် ဒစ်ဂျစ်တယ် Streaming များသည် လာမည့်နှစ်များတွင် အားကောင်းလာမည့် ကိစ္စသည် အသေအချာပင်ဖြစ်သလို ပြည်တွင်းလုပ်ငန်းရှင်များလည်း လိုက်ပါပြောင်းလဲသင့်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကိုကြည်သာမောင်က “ကျနော်တို့ဆီမှာ စမတ်ဖုန်းနဲ့ အင်တာနက်အသုံးပြုမှုက အများကြီးတိုးတက်နေသလို တယ်လီကွန်းကုမ္ပဏီတွေကလည်း သူတို့ရဲ့ကွန်နက်ကို ရသလောက် ချဲ့ထွင်မှာ ဖြစ်တဲ့အတွက် Streaming တွေ အသုံးပြုလို့ရတဲ့ မြို့တွေကလည်း အများကြီးတိုးလာစရာရှိတယ်။ နောက်ထပ် ၃ နှစ်လောက်ဆိုရင် ဗီဒီယို Streaming က လုံးဝကို ပိုက်ဆံအရဆုံး ဖျော်ဖြေရေးတခုဖြစ်လာလိမ့်မယ် ” ဟု ပြောသည်။
You may also like these stories:
Birthday Show မှရရှိတဲ့ ငွေကြေးများအားလုံး လှူဒါန်းပြီးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်
မြန်မာ့ခရီးသွားလုပ်ငန်း New Normal ဖြင့် ပြန်လည် စတင်မည်
စီးပွားရေးလုပ်ငန်း ၃ ပုံ ၂ ပုံနီးပါး ကပ်ရောဂါကြား ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရ