မကြာသေးခင်က The Irrawaddy ( မြန်မာလိုတော့ ဧရာဝတီ ) ဒီဂျစ်တယ် သတင်းဝက်ဘ်ဆိုဒ်မှာ ကသည်း သူပုန်တွေရဲ့အကြောင်း ဆောင်းပါးဆက်တွေ ဖော်ပြပါရှိခဲ့တာ တွေ့ရပါတယ်။
မြန်မာနယ်ထဲက စစ်ကိုင်းတိုင်းထဲမှာ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်သူပုန်တွေ ခိုအောင်းလှုပ်ရှား နေခဲ့တာ ကြာခဲ့ပြီ် ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ဧရာဝတီရဲ့ အင်္ဂလိပ်လိုထုတ်ဝေတဲ့ ဝက်ဘ် ဆိုဒ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။
တကယ်တော့ နာဂနဲ့ ကသည်းသူပုန်တွေဟာ စစ်ကိုင်းတိုင်းမှာ ခိုလှုံ လက်နက်စုဆောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို မြန်မာအစိုးရ အာဏာပိုင်တွေဆီကို အိန္ဒိယက အကြိမ်ကြိမ် ပြောပြပြီး ဒီလက်နက်ကိုင်တွေကို ဖိအားပေးဖို့၊ ဖယ်ရှားဖို့ တောင်းဆိုတာတွေ အရင်တုန်းကလည်း လုပ်ဆောင်ခဲ့ဖူးတာ ရှိခဲ့ပါတယ်။
အရင် အစိုးရလက်ထက် (နဝတ- နအဖ စစ်အစိုးရ လက်ထက်ကို ဆိုလိုခြင်းဖြစ်သည်) မှာတော့ အိန္ဒိယအစိုးရဟာ မြန်မာထိပ်ပိုင်း အာဏာပိုင်ထဲက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားခဲ့ပြီး အိန္ဒိယကို အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရင်းနှီးကျွမ်းဝင်လာတဲ့ အခါမှာ နယ်စပ်မှာ ခိုအောင်းလှုပ်ရှားနေတဲ့ နာဂနဲ့ ကသည်းသူပုန်တွေ အကြောင်းကို ပြောကြားပြီး တပ်မတော်ခေါင်းဆောင်ပိုင်းကို စတင်ပြီး ချဉ်းကပ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးတာဝန်ကို ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်စိုးဝင်းက သူ့ရဲ့ “မမျှော်လင့်သော ခရီးရှည်” ဆိုတဲ့ အတ္ထုပ္ပတိစာအုပ်ထဲမှာ ကလောင်ရှင် မြင့်သူက သေသေချာချာ ရေးပြထား တာ တွေ့ရပါတယ်။
ဗိုလ်ချုပ်စိုးဝင်း တိုင်းမှူးဘဝကာလအတွင်းမှာ လက်နက်တွေ ရာနဲ့ချီပြီး ဖော်ထုတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တခုရှိခဲ့တယ်လို့ အခုလို ရေးသားဖော်ပြထားပါတယ်။ (စာ – ၂၆၈)
“အမှန်တော့ ကျနော့်နယ်မြေတွင် ကျနော်တို့နိုင်ငံကို ပုန်ကန်နေသော သူပုန်မရှိ။ သို့သော် အိန္ဒိယနိုင်ငံကို ပုန်ကန်နေ သောသူပုန်တို့က ကျနော်တို့ဘက်လာလိုက် သူတို့ဘက်ပြန်သွားလိုက်နှင့်တော့ ရှိနေသည်။
ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ ဆက်နေသကဲ့သို့ ကျနော်တို့နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ဆက်နေရာ ထိုင်းနိုင်ငံက ကျနော်တို့ကို ပုန်ကန်နေသော အဖွဲ့အစည်းများအား လက်ခံအားပေးနေသော်လည်း ကျနော်တို့က အိန္ဒိယကို ပုန်ကန် နေသော သူပုန်တို့ကို ဘယ်ကာလတုန်းကမျှ လက်လည်းမခံ၊ အားလည်းမပေးခဲ့ပါ။ အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် သာနေခဲ့သည်။ အိန္ဒိယကို ပုန်ကန်နေသော သူပုန်တို့ကလည်း အုပ်စုတော်တော်လေးများသည်။ သူပုန်အုပ်စုပေါင်း ၃၀ ကျော် ရှိသည်။ ကသည်းသူပုန်သည်ပင်လျှင် လေးငါးဖွဲ့ရှိနေသည်။ ကျနော်တို့ လက်နက်ဖမ်းဆီးရမိသည့်အဖွဲ့က UNLF အဖွဲ့အစည်းဖြစ်သည်” ဟု ရေးသားထားပါတယ်။
တကယ်တော့ ကသည်းသူပုန်၊ နာဂသူပုန်တွေဟာ အာဏာပိုင်တွေရဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ ရှိနေသလို လက်လှမ်းမမီတဲ့ နေရာတွေမှာလည်း ခိုအောင်းနေထိုင်နေတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်စိုးဝင်းကတော့ “တချို့သူပုန်တွေဟာ တမူးလို မြို့ကြီးများမှာလည်း လာရောက်ပြီး နေထိုင်နေတတ်ကြသည်” ဟုလို့ ရေးသားဝန်ခံထားပါတယ်။
အရင်ခေတ်က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ နယ်စပ်တလျှောက်က မြို့တွေနယ်တွေမှာ မြန်မာကို တော်လှန်ပုန်ကန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ လာရောက်နေထိုင်ခဲ့ကြတာ အများအပြား ရှိပါတယ်။ အခုအချိန်ထိလည်း ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာ နေထိုင်နေဆဲလည်း ဖြစ်ပါတယ်။
တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးဝင်း နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဖြစ်လာသူက စာအုပ်မှာ ဆက်ပြီးရေးသား ထားတာကတော့ “တချို့ကျတော့လည်း ကျနော်တို့ဘက်မှ ထောက်လှမ်းရေး အဖွဲ့အစည်းများက တဖက်သတင်းရလိုမှုဖြင့် အင်ဖော်မာ သတင်းပေးအဖြစ် မွေးထားကြသည်များလည်း ရှိသည်။ ကသည်းသူပုန်တို့ တမူးတွင် လက်နက်တွေ လှောင်ထား သည့်ကိစ္စသည် ထိုကဲ့သို့ လူမွေးထားရင်းမှ မျက်စိမှောက်ကာ အထုပ်အထည်နှင့် ဖြစ်လာရသည့်ကိစ္စ ဖြစ်သည်” လို့ ရေးထားပါတယ်။
နောက်ဆုံးမှာတော့ ကသည်းသူပုန်တွေကို လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေတဲ့ အချက်အလက် သတင်းတွေကို မြန်မာဖက်က စုံစမ်းသိရှိလို့ ရသွားခဲ့ပါတယ်။
တမူးမြို့ပေါ်မှာရှိတဲ့ တပ်မတော်စစ်ကြောင်းက အိမ်လေးတအိမ်ကို ရုတ်တရက် ဝင်ရောက်စစ်ဆေးလိုက်တဲ့ အခါမှာ တော့ လက်နက် အတော်များများကို ဖမ်းဆီးမိခဲ့ပါတယ်။ လက်နက်တွေကတော့ M 21 ချေမှုန်းရေးလက်နက်၊ 9 MM ပစ္စတို၊ ခြောက်လုံးပြူးတွေကိုလည်း သိမ်းဆည်း ဖမ်းဆီးခဲ့ပြီး သေနတ်အလက်ပေါင်း ၉၃၀ ကျော်၊ ဂြိုလ်တုဆက်သွယ် ရေး စက်တွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ သူ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။
“လက်နက်များက အားလုံး အသစ်စက်စက်တွေချည်း ဖြစ်သည်။ ပါကင်ပင်မခွာရသေး။ အမဲဆီထိုးထားပြီး သေတ္တာ လိုက်၊ သေတ္တာလိုက် လုံးဝ မဖွင့်ရသေးသော အနေအထားဖြင့် ဖမ်းဆီးရမိခြင်း ဖြစ်သည်”။ (ခဲယမ်းမီးကျောက်ကို တော့ မမိဘူးလို့ ဆိုပါတယ်)။ လက်နက်တွေကို လာစစ်ဖို့ ရောက်နေတဲ့ ကသည်းသူပုန်အဖွဲ့ ဥက္ကဌနှင့် သူ့ရဲ့အဖွဲ့ဝင် တွေကိုပါ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
တကယ် စိတ်ဝင်စားဖို့ ကောင်းတာက ဒီလက်နက်တွေ ဘယ်လို တမူးမြို့ထဲကို ရောက်လာသလဲဆိုတာပဲ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်တွေဟာ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းရဲ့ နယ်မြေထဲကပဲ ဖြတ်သွားတာပဲ ဖြစ်ပါတယ်။
“ကျနော်တို့အနေဖြင့် လုံခြုံရေးကိစ္စကို အလေးထားသော်လည်း ထိုလက်နက်များက မထင်မှတ်သော နည်းလမ်းဖြင့် ပုန်းလျှိူးကွယ်လျှိုးဖြတ်သန်းသွားသောကြောင့် လုံးဝ မသိလိုက်ရခြင်း ဖြစ်သည်” လို့ တိုင်းမှူးဟောင်းက ရေးသားခဲ့ ပါတယ်။
တကယ်တော့ ဒီလက်နက်တွေဟာ တရားဝင်လမ်းကြောင်း ဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်းကနေ ဝင်လာတာဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်းတလျှောက် ကွန်တိန်နာကားဖြင့် သယ်လာခဲ့တာပဲ ဖြစ်ပါတယ်။
“လက်နက်များက တရုတ်လုပ်တွေဖြစ်ပြီး သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်ကို အရင်သွားသည်။ နောက်မှာ မြန်မာနိုင်ငံသို့ ရောက်လာသည်။ ရန်ကုန်ဆိပ်ကမ်းတွင် လုံးဝအစစ်အဆေး မခံရဘဲ ထုတ်ယူခဲ့ကြပုံရသည်။ ပြီးတော့မှ မန္တလေးကို ကွန်တိန်နာကားကြီးဖြင့် မောင်းယူခဲ့ကြသည်” လို့ စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။
၂၀၀၈ မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်းက သူ့ရဲ့ စာအုပ်မှာ ဆက်ပြီး ရေးထားတာကတော့ “ထို အခြေအနေအားလုံးကို အသေအချာ လေ့လာဆန်းစစ်လိုက်သော အခါ ရန်ကုန်ဆိပ်ကမ်းတွင် အကောက်ခွန် အဖွဲ့အစည်းအပါအဝင် သွင်းကုန် စစ်ဆေးရေးနှင့် ပတ်သက်သော တာဝန်ရှိသူ တွေက လာဘ်ငွေယူကာ မသိချင်ဟန်ဆောင်ပြီး ထုတ်ပေးခဲ့ကြသည်။
ကွန်တိန်နာထဲတွင် လက်နက်များပါသည်ဟု သိချင်မှတော့ သိလိမ့်မည်။ သူတို့က လက်နက်မဟုတ် တခြားပစ္စည်း တခုခုပဲ ထင်၍ ဖွင့်မကြည့်ကြခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် ကားလမ်းတလျှောက် သယ်ယူရာတွင်လည်း အနှောင့်အယှက်မရှိစေရန် အကာအကွယ်ပေးခဲ့ကြသော အခြားအဖွဲ့အစည်းတွေကလည်း ရှိသေးသည်။
ထို့ကြောင့် ထိုလက်နက်များ မန္တလေးသို့ ချောချောမွေ့မွေ့ ရောက်လာခဲ့ခြင်းဖြစ်သည်” (စာ – ၂၇၀) လို့ စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။
မန္တလေးရောက်တော့မှ ကုန်တင်ကားကြီးတွေနဲ့ လက်နက်တွေကိုခွဲသယ်ပြီး တမူးမြို့ကို ပို့ကြပါတယ်။ အဲဒီအချိန်က ကုန်တင်ကားကြီးတွေမှာ ဓာတ်ဆီတိုင်ကီတွေ နှစ်လုံးသုံးလုံး တပ်ကြပါတယ်။ အဲဒီဆီတိုင်ကီ အလွတ်ကြီးတွေထဲမှာ လက်နက်တွေကိုထည့်ပြီး တခါသယ် ၁၀ လက်၊ ၁၅ လက်နဲ့ သယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို လက်နက်ပစ္စည်းတွေကို ဆိပ်ကမ်းမှာ တာဝန်ရှိသူတွေနဲ့ ပေါင်းရိုက်ပြီး သယ်ယူထုတ်ယူခဲ့ခြင်းဖြစ်တယ်၊ အလွန် ပင် ထိတ်လန့်စရာကောင်းပါတယ်လို့ စာအုပ်ထဲမှာ ရေးသားထားတာ ဖတ်ရပါတယ်။ တိုင်းမှူးဘဝ တာဝန်ကျချိန် ၂၀၀၀ ခုနှစ်အစောပိုင်းမှာ သူတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို တိုင်းမှူးဟောင်းက ရေးသားခဲ့တာပါ။
ဒီလို လက်နက်တွေကိုသယ်တာ တကြိမ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဘယ်နှစ်ကြိမ်တောင် လွတ်သွားခဲ့တယ် ဆိုတာကိုတော့ မသိနိုင်ပါဘူး။
ဒီလို လက်နက်ပေါင်းများစွာကို ပြည်သူပြည်သားတွေ ကြောက်ရတယ်ဆိုတဲ့ စစ်အစိုးရလက်ထက်မှာ ခပ်တည်တည်နဲ့ လာဘ်ထိုးပြီး သယ်ခဲ့တာဆိုရင် အကြိမ်ပေါင်းများစွာ သယ်ခဲ့တာတွေရှိနိုင်သလို အခြားအဖွဲ့အစည်းတွေလည်း ဒီလိုပဲ တရားမဝင် လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် သယ်ယူခဲ့မယ်ဆိုတာလည်း သံသယရှိစရာလိုမယ် မထင်ပါဘူး။
မြန်မာနိုင်ငံမြောက်ဖျားက ဘိန်းအပါအဝင် မူးယစ်ဆေးဝါးတွေဟာလည်း တောလမ်းတွေကနေ သွားနေတာ ထက် စာရင် ကွန်တိန်နာတွေနဲ့ပဲ ရန်ကုန်ဆိပ်ကမ်းကနေထွက်သွား တင်ပို့ရောင်းချနေတာတွေလည်း ဖြစ်နိုင်သလားလို့ မေးခွန်းထုတ်ရမှာပါ။
ဒီလိုပဲ အခု သောင်းကျန်းသူလို့ တရားဝင် ကြေငြာခံထားရတဲ့ ရခိုင့်တပ်မတော် Arakan Army (AA) ရဲ့ လက်နက် တွေဟာလည်း တရုတ်-မြန်မာ နယ်စပ်ကနေ ရခိုင်ပြည်ထဲကို ဘယ်လို စီးဆင်းနေသလဲဆိုတာ စဉ်းစားဆက်စပ်လို့ ရမှာပါ။
လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်း ရန်ကုန်-မန္တလေး စတဲ့ မြို့ကြီးတွေမှာ လက်နက်တွေမိတဲ့သတင်းတွေ ဖတ်ခဲ့ကြရတယ်။ တချို့မိပြီး မဖော်ပြတဲ့ သတင်းတွေလဲ ရှိနိုင်ပါတယ်။
တိုင်းပြည်မှာ တဖက်က တရားဥပဒေစိုးမိုးမှု လျှော့ပါးလာတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ ဆူပူမှုတွေ ရှိနေဆဲ ဖြစ်တယ်။ လက်နက်ကိုင် အဖွဲ့တွေကလည်း ဘယ်လမ်းကြောင်းတွေကနေ ဘယ်လိုထိုးဖောက်ပြီး လာဘ်ထိုးပြီး သယ်လို့ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်သွားခဲ့ပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပ လက်နက်မှောင်ခို ရောင်းဝယ်သူတွေနဲ့ ဒေသတွင်း Criminal Organizations တွေ ချိတ် ဆက်မိသွားပြီး ဒီလက်နက်မှောင်ခိုနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ပြည်တွင်းပြည်ပနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကောင်းကောင်းလုပ်နေပြီ ဆိုတာပဲဖြစ်ပါတယ်။
ပြည်တွင်းစစ်လို့ပဲခေါ်ခေါ် လက်နက်ကိုင်ပဋိပက္ခလို့ပဲ နာမည်တပ်တပ် သေနတ်သံ ဗုံးသံမစဲတဲ့ မြန်မာဟာ သူတို့တွေအတွက်တော့ တကယ့်ဈေးကွက်ပါပဲ။ ။
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ
ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ