အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် နိုဝင်ဘာလတွင် ကျင်းပမည်ဟု မျှော်လင့်ရသည့် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် အမတ်လောင်းများကို ရွေးချယ်ရန် လုပ်ဆောင်နေသည်။ ပြည်နယ်များမှ တိုင်းရင်းသားပါတီအများအပြားသည်လည်း အမတ်လောင်းလျှောက်လွှာများကို ခေါ်ယူကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြသည်။
ဧရာဝတီ သတင်းဌာနသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်များမှ အင်အားအကြီးမားဆုံး တိုင်းရင်းသားပါတီများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ၊ သေနင်္ဂဗျူဟာများနှင့် ၎င်းတို့ဖွဲ့စည်းထားသည် တိုင်းရင်းသားပါတီ မဟာမိတ်များ အကြောင်း ဆွေးနွေးမေးမြန်းခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှအပ တိုင်းရင်းသားပါတီများသည်၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ပေါင်းစည်းခဲ့ကြပြီး ပြည်နယ်လွှတ်တော်များတွင် အများစုနေရာများ အနိုင်ရရေးနှင့် ပြည်နယ်အတွင်း အမျိုးသားလွှတ်တော်နေရာ အများဆုံးအနိုင်ရရေး မျှော်မှန်းချက်ဖြင့် ညီညွတ်သော တပ်ပေါင်းစုများကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းတို့၏ အန္တိမ ရည်မှန်းချက်မှာ NLD သည် ၎င်းတို့၏ တိုင်းရင်းသားပြည်နယ်အသီးသီးအတွက် ကျေနပ်လောက်သော တိုးတက်မှုများ ယူဆောင်မပေးနိုင်ဟု ယူဆသောကြောင့် NLD အပေါ် အနိုင်ရရေးဖြစ်သည်။ ထို့အပြင် ကချင်၊ ကရင်၊ ကယား၊ မွန် နှင့် ချင်းပြည်နယ်များမှ ပေါင်းစည်းထားသောပါတီများသည် တပ်ပေါင်းစုတခုကိုလည်း ဖွဲ့စည်းထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ညီညွတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းတို့သည် မဟာမိတ်ဖွဲ့ရန် သဘောတူထားပြီး အခြားတိုင်းရင်းသားပါတီများ သို့မဟုတ် တိုင်းရင်းသာ အခွင့်အရေးကို အာမခံပြီး ၂၀၂၀ တွင် ဖက်ဒရယ်ပြည်နယ်များ ဖွဲ့စည်းရန် ကြိုးစားမည့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန်လည်း သဘောတူထားသည်။
ကွမ်ဂရောင် အောင်ခမ်း
ဒုတိယ ဥက္ကဋ္ဌ
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
“ကျနော်တို့က ကိုယ်စားလှယ်လောင်းရွေးနေတုန်းပဲ။ မြို့နယ် ၁၈ မြို့နယ်မှ ပြိုင်မှာဆိုတော့ ကချင်ပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ ပြိုင်မှာပေါ့။ ကိုယ်စားလှယ်လောင်းရွေးတာနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ပါတီက သက်ဆိုင်ရာ မဲဆန္ဒနယ်က အဆိုပြုတဲ့အပေါ်ကို အဓိကထားတယ်။ ဗဟို အလုပ်အမှုဆောင်ကော်မတီက နောက်ဆုံး ဆုံးဖြတ်ချက်ချမှာပေါ့။ ကိုယ်စားလှယ်လောင်းရွေးရာမှာ လူငယ်တွေအတွက် တံခါးဖွင့်ထားပေးပြီး အမျိုးသမီးတွေကိုလည်း ဦးစားပေးတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကို ဇူလိုင်လထဲမှာချဖို့ မှန်းထားပေမယ့် အဲဒီထက်လည်း စောရင်စောမယ်။”
“ကချင်ပြည်နယ်မှ KSPP ရဲ့အဓိက ပြိုင်ဖက်က NLD နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပဲဖြစ်လိမ့်မယ်။ကျနော်တို့ပြည်နယ်မှ ဘယ်ပါတီက နေရာအများစုရမယ်ဆိုတာကို ကျနော်တို့ ကြိုတင်မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့် အခြေအနေတွေက မတူတော့ဘူးဆိုတာကိုတော့ ကျနော်ပြောနိုင်တယ်။ KSPP ကို ကျနော်တို့ (အဓိက ကချင်ပါတီ ၆ ခု) ပေါင်းစည်းထားတယ်။ ဒီလိုလုပ်ရတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုမိုအင်အားကြီးမားတဲ့ ယှဉ်ပြိုင်သူဖြစ်လာစေလိုတဲ့ ရည်မှန်းချက်ရှိတဲ့ ကချင်တိုင်းရင်းသားတွေက တွန်းအားပေးလို့ဖြစ်တယ်။ ကျနော်တို့ပါတီက ကချင်တိုင်းရင်းသားတွေကိုသာမက ကချင်ပြည်နယ်ထဲမှ နေထိုင်တဲ့ တိုင်းရင်းသားအားလုံးကိုလည်း ကိုယ်စားပြုပါတယ်။
“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တိုင်းပြည်ကို ၅ နှစ်အုပ်ချုပ်ပြီးပြီ။ NLD ကလည်း အခုဆိုရင် တိုင်းပြည်ကို အုပ်ချုပ်လာတာ ၅ နှစ်ပြည့်တော့မယ်။ ဒါကြောင့် သူတို့ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို ကျနော်တို့ သိပြီးပြီ။ အထူးသဖြင့်ကတော့ တိုင်းပြည်ကို သူတို့ ဘယ်လို အုပ်ချုပ်လဲဆိုတာပေါ့။ NLD နဲ့ပါတ်သက်ပြီး ကျနော်တို့က မျှော်လင့်ချက်တွေ အများကြီးထားခဲ့တယ်။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။ သူတို့က ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့သိသိသာသာ ဘာလုပ်ဆောင်မှုမှ မလုပ်ဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း အကျပ်အတည်းဖြစ်နေတယ်။ နိုင်ငံစီးပွားရေးက အကြီးအကျယ် နှေးကွေးနေပြီး သူတို့က သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့တောင် ပျက်ကွက်နေတယ်။”
“ဒါကြောင့်ကျနော်တို့က အခြားတိုင်းရင်းသားပါတီ ဒါမှမဟုတ် တိုင်းရင်းသားအခွင့်အရေးတွေကိုအာမခံနိုင်ပြီး ၂၀၂၀ မှာ ဖက်ဒရယ်ပြည်နယ်တွေ ဖွဲစည်းဖို့ အာမခံနိုင်တဲ့ ဘယ်သူမဆိုနဲ့ ညွုန့်ပေါင်းအစိုးရတရပ်ဖွဲနိုင်ဖို့ မျှော်လင့်တယ်။ ဒီအတွက် ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားပြီးပြီ။ ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အများစုအနေအထားနိုင်ဖို့ အရမ်းကို အရေးကြီးတယ်။ ဒါကြောင့် ရွေးကောက်ပွဲနိုင်ခြင်းဟ ကျနော်တို့အခွင့်အရေးတွေ ပိုမိုတိုးတက်အောင်လုပ်ဖို့ ကျနော်တို့ကို လုပ်ပိုင်ခွင့် ပေးမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကိုအာရုံစိုက်ဖို့ အခွင့်အလမ်းရဖို့ ကျနော်တို့ မျှော်လင့်နေတယ်။”
“နိုင်ငံမှာ အခုဖြစ်နေတဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော ညွုန့်ပေါင်းအစိုးရတရပ်ရှိဖို့ပဲလို့ကျနော်ယုံကြည်တယ်။ ညွုန့်ပေါင်းအစိုးရတရပ်ဟာ ပြဿနာအားလုံးကိုအတူတကွ ဖေါ်ထုတ်ဖြေရှင်းဖို့ အခွင့်အလမ်းပေးလိမ့်မယ်။ ညွန့်ပေါင်းအစိုးရဟာ အဓိကပါတီကြီးတွေ (ဥပမာ NLD) နဲ့တိုင်းရင်းသားပါတီတွေအကြား ညွန်ပေါင်းအစိုးရဖြစ်နိုင်သလို တိုင်းရင်းသားပါတီအချင်းချင်းကြား ညွန့်ပေါင်းအစိုးရလည်းဖြစ်နိုင်တယ်”။
စိုင်းလိတ်
အထွေထွေ အတွင်းရေးမှူးနှင့် ပြောခွင့်ရသူ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
“ကျနော်တို့က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကော်မတီ ဖွဲ့ထားပြီးပြီ။ နောက်တော့ ပြည်နယ်အဆင့် ကော်မတီတွေဖွဲ့မယ်။ ဒီကော်မတီတွေက ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ရုံးချုပ်ကို တင်မယ်။ ပါတီဝင်သက်တမ်း ၆ လရှိတဲ့သူတွေ အကုန်လုံး ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားနိုင်မယ်။ အရည်အချင်းတူနေရင် လူငယ်တွေနဲ့ အမျိုးသမီးတွေကို ပိုဦးစားပေးမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စာရင်းမထုတ်ပြန်သေးတော့ မဲဆန္ဒနယ် ဘယ်လောက်ပြိုင်မယ်ဆိုတာကို ကျနော်တို့ မပြောနိုင်သေးဘူး။ ၂၀၁၅ တုန်းက ကော်မရှင်က မဲဆန္ဒနယ် နှစ်ခုကို ရွေးကောက်ပွဲ နီးမှ စာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျနော်တို့ နိုင်တဲ့မဲဆန္ဒနယ်မြေအားလုံးမှာ ကျနော်တို့ သေချာပေါက်နိုင်လိမ့်မယ်။ အခြားမဲဆန္ဒနယ်မြေအားလုံးမှာလည်း ကောင်းကောင်းပြင်ဆင်ထားပြီး အဲဒီနယ်မြေတွေက ကျနော်တို့ လှုပ်ရှားမှုတွေကို အားဖြည့်ထားတယ်။
“ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရာမှုရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားနေတာ နှစ်ပေါင်းများစွာကြာပြီ။ကျနော်တို့အားလုံးက ဖက်ဒရယ်ပြည်ထောင်စုကိုလိုချင်ပြီး ကျနော်တို့ ရည်မှန်းချက်က အဲဒီပန်းတိုင်ကိုရောက်ဖို့ပဲ။ ရှမ်းပြည်နယ်က တိုင်းရင်းသားအားလုံးက ကျနော်တို့ကို ယုံကြည်ပြီး မဲပေးမယ်လို့ ကျနော်မျှော်လင့်တယ်”။
ဒေါ်အေးနုစိန်
ဒုတိယ ဥက္ကဋ္ဌ
ရခိုင်အမျိုးသားပါတီ (ANP)
“ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းစာရင်း အပြည့်အစုံကို ရှေ့လမှ အပြီးလုပ်မယ်။ ANP အနေနဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ ပြိုင်ဖို့ ဆုံးဖြတ်ထားပြီး ဧရာဝတီတိုင်းက တချို့နေရာတွေမှာ အထူးသဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပြိုင်မယ်။ တခြားပါတီတွေလိုပဲ လူငယ်နဲ့ အမျိုးသမီးတွေကို အမတ်လောင်းအဖြစ် ပိုမိုသဘောကျတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျမတို့မှာ လူငယ်အများအပြားရှိပေမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ရှာဖို့ခက်တယ်။”
“ကျမတို့က နေရာအားလုံးမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပေမယ့် ရခိုင်က ဘယ်နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပဘူးလဲဆိုတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လာမှာ။ တချိန်တည်းမှာပဲ ရခိုင်က မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မနိုင်နဲ့ပတ်သက်ပြီး UEC ကနေ ဘာသံမှ မကြားရသေးဘူး။ အမှန်ကတော့ မောင်တော၊ ဘူးသီးတောင်၊ ပုဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အန်း နဲ့ စစ်တွေက တချို့နေရာတွေမှာ (မြန်မာ့တပ်မတော်နဲ့ အေအေတပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့်) လုံခြုံရေး ပြဿနာတွေရှိနေတယ်။ ဒေသခံတွေက နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတယ်။ တချို့ စစ်ဘေးရှောင် စခန်းတွေမှာ နေနေရတယ်။ တချို့ သူတို့ရွာတွေ မီးရှို့ခံရ လို့ပြန်စရာ နေရာတောင် မရှိတော့ဘူး။
“ဒီလိုအခြေအနေတွေက မဲဆန္ဒရှင်တွေရော မဲရုံအရာရှိတွေအတွက်ပါ လုံခြုံရေး စိန်ခေါ်မှုဖြစ်နေတယ်။ နောက်ထပ် စိန်ခေါ်မှုတခုကတော့ ကိုဗစ်-၁၉ ပဲ။ မောင်တောနဲ့ ဘူးသီးတောင်မှာ ကိုဗစ်-၁၉ ကူးစက်မှု ၇ မှုတွေ့ထားပြီးပြီ။ အရေးအကြီးဆုံးကတော့ အဲဒီကူးစက်ခံရသူ အားလုံးဟာ နိုင်ငံထဲကို တရားမဝင်ခိုးဝင်လာသူတွေ ဖြစ်နေတာပဲ။ ဒါကြောင့် သူတို့ရဲ့ အဆက်အသွယ်တွေကို ခြေရာခံဖို့ခက်နေတယ်။ ဒါကြောင့် ကိုဗစ်-၁၉ က ရခိုင်ပြည်နယ်ထဲက တခြားနေရာတွေမှာ အချိန်မရွေး ပျံ့နှံ့ ကူးစက်နိုင်တယ်။
“မဲဆန္ဒနယ် ဘယ်လောက်နိုင်မယ်ဆိုတာကို မစဉ်းစားခင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင် ကျမတို့ အရင်စဉ်းစားရမယ်။ ပြည်နယ်ထဲမှာ ငြိမ်းချမ်းဖို့နဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရမှာ တာဝန်အပြည့်အဝရှိတယ်။ ငြိမ်းချမ်းတဲ့နေရာတွေမှာသာ ရွေးကောက်ပွဲကျင်းပနိုင်မယ်။ အစိုးရတရပ်အနေနဲ့လုပ်ဖို့ လိုအပ်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ နိုင်ငံရေးအရအဖြေရှာဖို့ဖြစ်တယ်။”
“အစိုးရအနေနဲ့ အခြားပါဝင်ပတ်သက်သူတွေကို နောက်ထပ်အပြစ်ပုံချမနေဖို့ ကျမတို့မျှော်လင့်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အတူတကွ အဖြေရှာဖို့ ကျမတို့အားလုံး မျှော်လင့်ထားတယ်။ ရခိုင် နိုင်ငံရေးနဲ့ရခိုင့်အမျိုးသားရေး ခံယူချက်တွေ ရခိုင်ပြည်သူတွေမှာ တည်ရှိနေသရွေ့ ကျမတို့ ရခိုင်ပါတီ နိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်။”
ဦးငွေသိန်း
ဒု ဥက္ကဋ္ဌ
မွန်ညီညွတ်ရေးပါတီ (MUP)
“၂၀၂၀ ရွေကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးနေတယ်။ ကျနော်တို့က မွန်ပြည်နယ်မှာသာမက ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာလည်း ပြိုင်မယ်။ မြို့နယ်ပါတီ ကော်မတီတွေက ဒီလကုန်မှာ အမတ်လောင်းတွေရွေးမယ်။ ပြီးတော့မှအဲဒီကိုယ်စားလှယ်လောင်းတွေကို ဗဟိုကော်မတီကို တင်သွင်းပြီး ကျနော်တို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမယ်။
“အခု ကိုယ်စားလှယ်လောင်းတင်သွင်းမှုတွေအရ ကျနော်တို့မှာ အမျိုးသမီးအနည်းငယ်ပဲရှိတယ်။ ဒါပေမယ့် ကျနော်တို့က အမျိုးသမီး ကိုယ်စားလှယ်လောင်း ပိုမိုလိုချင်ပြီး အမျိုးသမီးတွေကို ပိုရွေးဖို့ မြို့နယ်တွေကို ပြောထားပါတယ်။ ပဲခူးနဲ့ ရန်ကုန်မှာအနည်းဆုံး မဲဆန္ဒနယ် နှစ်ခုစီလောက်ယှဉ်ပြိုင်မယ်။
“အဓိကမြို့နယ်တွေ အထူးသဖြင့် ကရင်ပြည်နယ်ထဲက ဘားအံနဲ့ ကော့ကရိတ်၊ မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံ မြို့နယ်တွေမှာ ကျနော်တို့ နိုင်ဖို့မျှော်လင့်တယ်။ မွန်တိုင်းရင်းသား အများအပြားက ၂၀၁၅ ခုနှစ်မှာ NLD အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး မဲပေးခဲ့ကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် မထူထောင်နိုင်လို့ ပြည်သူတွေက ပိုမို စိတ်ပျက်လာကြပြီ။ NLD က ကျနော်တို့တိုင်းရင်းသားတွေရဲ့အသံကို ကိုယ်စားမပြုပေးလို့တိုင်းရင်းသားတွေက စိတ်မရှည်နိုင်ကြတော့ဘူး။ အထူးသဖြင့် သူတို့ အာဏာရတဲ့ သက်တမ်းအတွင်း တိုင်းရင်းသားအခွင့်အရေးဆိုတာကို မပြောသလောက်ကို ဖြစ်နေတယ်။”
“သူတို့ကလည်း မွန်တိုင်းရင်းသားတွေထဲကပဲ ကိုယ်စားလှယ်လောင်းရွေးမယ်ဆိုတာကို ကျနော်သေချာသိနေတယ်။ ဒါပေမယ့်အဲဒီလူတွေဟာ သူတို့ရဲ့ အထက်က ပြောတာကိုပဲနားထောင်မယ်သူတွေဖြစ်တယ်ဆိုတာကို ကျနော်တို့အများအပြားက သိနေပြီ။သူတို့က ဘာပဲလုပ်လုပ် ဗဟိုကပြောတာကို အရင်နားထောင်ရတယ်။ အထက်ကညွှန်ကြားမှသာ လုပ်နိုင်ကြတာ။ NLD က ပြည်သူတွေနဲ့ ကင်းကွာလာပုံရတယ်။ ဒါကြောင့် ပြည်သူတွေက သူတို့ကို ယုံကြည်ဖို့ခက်နေပါပြီ။”
ဦးငိုင်ဆာခ့်
ဥက္ကဋ္ဌ
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)
အခုလောလောဆယ်တော့ ကိုဗစ်-၁၉ ကြောင့် ကျနော်တို့ လူထုအစည်းအဝေးတွေ မကျင်းပနိုင်သေးဘူး။ ဒါပေမယ့် မြို့နယ်အဆင့်မှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို ကျနော်တို့အခုလက်ခံနေပြီ။ ကိုယ်စားလှယ်လောင်းလျှောက်ထားဖို့ နောက်ဆုံးရက်က ဇွန်လ ၂၇ ရက်နေ့ပဲ။ မြို့နယ်အဆင့် ကော်မတီတွေက ဒီလျှောက်လွှာတွေကို စိစစ်ပြီး ဒီလျှောက်လွှာတွေကို ဇူလိုင်လ၁၉ ရက်နေ့နောက်ဆုံးထားပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို တင်ရမယ်။ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဇူလိုင်လ ၂၅ ရက်နေ့ ဒါမှမဟုတ် အဲဒီလကုန်မှာ ကြေညာမယ်။”
“ကျနော်တို့မှာ ကိုယ်စားလှယ်လောင်းရွေးဖို့ စံနှုန်းတွေ အများကြီးရှိတယ်။ ချင်းပြည်နယ်က မြို့နယ်အားလုံးပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အားလုံးဟာ ချင်းတိုင်းရင်းသားတွေပဲ ဖြစ်ရမယ်။ သူတို့တွေက NLD လိုအခြားပါတီဝင်တွေ ဖြစ်ခဲ့ဖူးရင် အဲဒီပါတီက နေသူတို့ တရားဝင်နုတ်ထွက်ရမယ်။ အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းခြင်းတူနေရင် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ ဦးစားပေးမယ်။
“ချင်းပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ ကျနော်တို့ ပြိုင်မယ်။ အဲဒီအပြင် မကွေး၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းတွေက တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ကျနော်တို့ပြိုင်မယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးပြဿနာတွေကြောင့် အခြေအနေကိုကျနော်တို့ စောင့်ကြည့်ရဦးမယ်။ ပြည်နယ်လွှတ်တော်နေရာတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက် အနည်းဆုံးနိုင်ပြီး ပြည်ထောင်စုလွှတ်တော်မှ ချင်းပြည်နယ်ရဲ့ မဲဆန္ဒနယ်အများစုကို နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။
“ကျနော်တို့ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေး ရပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ပဲ။ ပြည်နယ်အဆင့်မှာ ချင်းတိုင်းရင်းသားတွေညီညွတ်ရေးအတွက် ချင်းတိုင်းရင်းသားတွေ နိုင်ငံရေးအရ စီးပွားရေးအရ လူမှုရေးအရ အကျိုးရှိမယ့် အခြေခံအဆောက်အအုံတွေကို အကောင်အထည်ဖေါ်ဖို့ ကျနော်တို့ ကြိုးစားမယ်။”
“ NLD တို့ USDP တို့ မလုပ်နိုင်ခဲ့တဲ့ ချင်းအမျိုးသားရေးလက္ခဏာကို ပြန်လည်အသက်သွင်းဖို့ ကျနော်တို့ကြိုးစားမယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ စာပေ နဲ့ အစဉ်အလာတန်ဖိုးတွေကို ကျနော်တို့အားပေးမယ်။ ချင်းအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုအားပေးတဲ့ ဥပဒေတွေ ကျနော်တို့ ပြဋ္ဌာန်းမယ်။ အရေးအကြီးဆုံးကတော့ အဂတိလိုက်စားမှုကင်းတဲ့ ပြည်နယ်ဖြစ်ဖိုပဲ။ ပြည်နယ်အဆင့်မှာ အစိုးရဖွဲ့နိုင်ရင် အဂတိလိုက်စားမှု ကင်းတဲ့အစိုးရမျိုးကို ကျနော်တို့ ဖန်တီးမယ်။ ပြည်နယ်လွှတ်တော်မှာ နေရာအများစုကို ကျနော်တို့နိုင်ရင် ပြည်နယ်အစိုးရကို အပြန်အလှန်ထိန်းကြောင်းပြီး သူတို့တွေ အဂတိလိုက်စားမှုကင်းအောင် တွန်းအားပေးမယ်။”
“ပိုမိုခိုင်မာစွာရပ်တည်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေ ညီညွတ်ရမယ်လို့ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။ ညွန့်ပေါင်းအစိုးရအတွက် ကျနော်တို့ တိုင်းရင်းသားပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရဖို့ လိုလိမ့်မယ်။”
မန်းအောင်ပြည်စိုး
ဒုဥက္ကဋ္ဌ
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)
“မြို့နယ်အဆင့်မှာ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးထားပြီးပြီ။ ဗဟို အလုပ်အမှုဆောင်ကော်မတီက နောက်ဆုံးဆုံးဖြတ်ချက်တွေ မချရသေးဘူး။ ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လကုန် ဒါမှမဟုတ် သြဂုတ်လ ပထမပါတ်အတွင်း ကျနော်တို့ ကြေညာမယ်။ KNDP က ကရင်ပြည်နယ်မှ အနည်းဆုံး ခြောက်နေရာနဲ့ ကရင်တိုင်းရင်းသား အများအပြားနေထိုင်တဲ့ မွန်ပြည်နယ်က တချို့မြို့နယ်တွေမှာ ကျနော်တို့ ပြိုင်မယ်။ မဲကွဲမှာကို ရှောင်ဖို့ မြိုနယ် တခုတည်းမှာ တိုင်းရင်းသားပါတီချင်း မယှဉ်ပြိုင်ဖို့ အခြားတိုင်းရင်းသားပါတီတွေနဲ့ ကျနော်တို့ သဘောတူထားပြီးပြီ။”
“အခုချိန်အထိတော့ နေရာအားလုံး နိုင်မယ်လို့ ကျနော်တို့ မပြောနိုင်သေးဘူး။ ကျနော်တို့ အကောင်းဆုံး ကြိုးစားမယ်။ တိုင်းရင်းသားတွေအတွက် တန်းတူညီမှုမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဲ့နေသေးတာ အားလုံးအသိပဲ။”
“ကျနော်တို့ပါတီက ကရင်ပါတီ လေးခုပေါင်းထားတဲ့ပါတီဖြစ်တယ်။ ကရင်တိုင်းရင်းသား ပါတီအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဟာ ရေရှည်ငြိမ်းချမ်းရေးကို အာမ မခံနိုင်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှမှု ကင်းမဲ့နေသမျှ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်လို့မရဘူးလို့ ကျနော်တို့ယုံကြည်တယ်။ ဒါကြောင့် ကရင်၊ ကချင်၊ ကယား၊ မွန် နဲ့ ချင်းပြည်နယ်က ပေါင်းစည်းထားတဲ့ပါတီတွေက တပ်ပေါင်းစုဖွဲ့ထားပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ အခြားတိုင်းရင်းသားပါတီတွေနဲ့မဟာမိတ်ဖွဲ့ဖို့ ကျနော်တို့ သဘောတူထားတယ်။”
“အဲဒီလို လုပ်ခြင်းအားဖြင့် ကျနော်တို့ ကိုယ်ပိုင်ရည်မှန်းချက်တွေ ချနိုင်ဖို့အခွင့်အလမ်းရပြီး ကျနော်တို့ တိုင်းရင်းသားတွေရဲ့အသံကို ကြားအောင်လုပ်နိုင်မယ်။ ဥပမာပြောရရင် USDP က နေရာတွေရဲ့ ၂၀ ရာခိုင်နှုန်းကို နိုင်ရင် သူတို့မှာက တပ်မတော်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မဟာမိတ်ရှိနေတယ်။ အစိုးရတရပ်ကိုဖွဲ့ဖို့ သူတို့ နောက်ထပ်နေရာတွေ လိုတယ်။ ဒါကြောင့်ညွန့်ပေါင်းအစိုးရဖွဲ့ပြီး ကျနော်တို့နဲ့အပေးအယူလုပ်ပြီး ပူးပေါင်းလုပ်ဖို့ သူတို့ကို ဖိတ်ခေါ်မယ်။ ကျနော်တို့ရဲ့ တခုတည်းသော ရည်မှန်းချက်က မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ်ထူထောင်ဖို့ဖြစ်တဲ့အတွက် ကျနော်တို့လည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။”
ဦးစိုင်းနိုင်နိုင်ထွေး
ဒု ဥက္ကဋ္ဌ -၂
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)
“၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးတဲ့ လုပ်ငန်းကို လုပ်နေတုန်းပဲ။ အဆိုပြု ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို ကျနော်တို့ စိစစ်နေတယ်။ UEC ကရွေးကောက်ပွဲရက်ကို မကြေညာသေးလို့ အခြေအနေကိုလည်း ကျနော်တို့ စောင့်ကြည့်နေတယ်။
“ကယားပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ ကျနော်တို့ ပြိုင်မယ်။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်က ကယား (ကရင်နီ) တိုင်းရင်းသားတွေရဲ့အကျိုးအတွက် နိုင်ငံရေး စနစ်တခုကို ထူထောင်ဖို့ဖြစ်တယ်။ ကျနော်တို့ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးခွင့်ရှိဖို့ ကယားတိုင်းရင်းသားတွေဟာ ကယားနိုင်ငံရေးပါတီတွေကို မဲပေးသင့်တယ်။ ကယားပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေ တိုးတက်မှုကို အထောက်အကူပြုမယ့် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ ကျနော်တို့ ပြင်ဆင်နေတယ်။”
“ခုချိန်အထိတော့ ကယားပြည်သူတွေက ကယားပါတီတွေက သူတို့အသံကို ထင်ဟပ်မယ်၊ သူတို့ဆန္ဒကို ဆောင်ရွက်မယ်၊ သူတို့အကျိုးအတွက် လုပ်မယ်လို့ ယုံကြည်တဲ့အတွက် ကယားပါတီတွေကိုပဲ အပြည့်အ၀ထောက်ခံတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်ရှိတဲ့အတွက် ကချင်၊ ကရင်၊ ချင်း၊ မွန် စတဲ့ အခြားတိုင်းရင်းသာပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားပြီးပြီ။ ကျနော်တို့ ရည်မှန်းချက်ကိုရောက်အောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။
You may also like these stories:
ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ
မှတ်ပုံတင် မရှိသည့် ကရင်နီ ဒုက္ခသည်များ မဲပေးရန် ဆန္ဒရှိ
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော