မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအကြီးအကဲ တဦး ၎င်းရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ လက်အောက်ငယ်သား ရဲမေ တဦးကို ရာထူးတိုးဖို့အတွက် အပေးအယူအနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံထားရပါတယ်။
ဇွန် ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲအကြီးအကဲရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို တိုင်ကြားထားတယ်ဆိုတဲ့ ကိစ္စအပေါ် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းမှ အတည်ပြု ဖြေကြားသွားပါတယ်။
ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက “တိုင်ကြားစာကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ စစ်ဆေးပြီးရင် ပေါ်ပေါက်ရင် တပ်ချုပ်၊ ရဲတရားရုံးတို့ ကနေ တဆင့် ဆက်လက်အရေးယူမှာ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို ပြန်ပြီး ပြောပါမယ်”လို့ ပြောသွားခဲ့ပါတယ်။
အဲဒီအပြင် နောက်ထပ် ရဲမေ ၁၈ ဦး ဝန်းကျင်ကလည်း ရာထူးတက်ဖို့အရေး “ဒုတိယ ဗစ်တိုးရီးယား မဖြစ်ချင်ဘူး” ဆိုပြီး သူတို့ရဲ့ အကြီးအကဲတွေက သူတို့အပေါ် လိင်စော်ကား ထိပါးမှု ပြုလုပ်ခဲ့တာတွေကို တိုင်ကြားထားတယ်ဆိုတဲ့ သတင်းတွေပါ ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့အပေါ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို မေးမြန်းရာမှာ ယခုတိုင်ကြားခံထားရသူမှာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းဖြစ်ကြောင်း၊ အမှုအား စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း အတည်ပြုပေမယ့် အမှု အသေးစိတ်ကို ဖြေဆိုခြင်း မပြုပါ။ “စစ်ဆေးဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ ပြောကြားလို့ မရသေးပါ”လို့ပဲ ဧရာဝတီကို ပြန်လည်ဖြေကြားပါတယ်။
ဧရာဝတီရဲ့ နီးစပ်ရာ အမည်မဖော်လိုတဲ့ ရဲအသိုင်းအဝိုင်းကလည်း ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို နေပြည်တော်က ရဲအချုပ်မှာပဲ ထိန်းသိမ်းထားတယ်လို့လည်း ပြောကြပါတယ်။
ဒီကိစ္စဟာ စုံစမ်းစစ်ဆေးဆဲဖြစ်တာကြောင့် တရားဥပဒေအရ ဘာအမှုနဲ့ ဘယ်လို အရေးယူမယ်ဆိုတာလဲ စောင့်ကြည့်ကြရဦးမှာပါ။
အစိုးရ အဆက်ဆက်မှာကတည်းက ရဲတပ်ဖွဲ့အတွင်း ရာထူးတဆင့် တက်ခွင့်ရဖို့၊ ဝေးလံခေါင်ဖျားဒေသတွေကို မရောက်ဖို့ စတဲ့ ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာ ဌာနအကြီးအကဲကို လာဘ်ငွေပေးရတဲ့ အခြေအနေတွေက ရဲတပ်ဖွဲ့များကြား ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေပါ။
“ရာထူးတက်တာကတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့အပေါ် ကြည့်တယ်။ ဖွဲ့စည်းပုံများတဲ့ ဌာနတွေက ရာထူးတက်တာ ပိုမြန်တယ်။ ဖွဲ့စည်းပုံများတယ်ဆိုတာက ဌာနမှာ ဒုရဲမှူး နေရာ ဘယ်နနေရာ၊ ရဲမှူးနေရာ ဘယ်လောက်ဆိုပြီး လူများများရှိတာ ကို ပြောတာ။ ရာထူးတက်ဖို့ကတော့ ပုံမှန်အတိုင်း လုပ်ကြတာ များတယ်။ အဲဒီမှာ စကားပြောတာက နေရာဒေသပေါ့။ နေရာကောင်းရဖို့ အတွက် ငွေပေးတာတွေ လုပ်ကြတာ”လို့ အမည်မဖော်လိုသူ အငြိမ်းစား ရဲအရာရှိကြီး ၁ ဦးက ပြောပြပါတယ်။
ရာထူးတက်ခွင့်ရဖို့၊ ရာထူးတက်ပြီးနောက် နေရာကောင်းရဖို့ ငွေပေးရပေမယ့် ယခုလို လိင်အမြတ်ထုတ်တဲ့ ကိစ္စမျိုးကတော့ အင်မတန်ရှားတယ်လို့ အငြိမ်းစား ရဲအရှာရှိကြီးက ရှင်းပြပါတယ်။
ရဲတပ်ဖွဲ့ဝင်များကို ပြစ်မှုထင်ရှားရင်တော့ အများအားဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူတာ၊ ရာထူးက ဖယ်ရှားတာ၊ နှစ်တိုး ရပ်ထားတာ စတဲ့ ပြစ်ဒဏ်များ ပေးလေ့ရှိပါတယ်။ ယခု ဖြစ်ခဲ့တဲ့ လိင်အမြတ်ထုတ်မှု ဖြစ်စဉ်ကတော့ အဂတိလိုက်စားမှုနဲ့ သက်ဆိုင်နေတယ်လို့လည်း ဝေဖန် ထောက်ပြမှု တွေလည်း ရှိပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ အပိုဒ် ၃ မှာ လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစုံတရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် ပြုလုပ်ပါက လာဘ်ပေးလာဘ်ယူမှု မြောက်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက “ကော်မရှင်အနေနဲ့က တိုင်ကြားစာ ရောက်လာရင် ဘယ်သူတိုင်တိုင် လျှို့ဝှက်အဖြစ် သတ်မှတ်တယ်ဆိုတာ ဥပဒေမှာလည်း ပါတယ်။ တိုင်ကြားစာတွေ ရောက်လာလို့ရှိရင် အထောက်အထား၊ သက်သေ၊ ဓာတ်ပုံအထောက်အထား စုံစမ်းစစ်ဆေးပြီးမှ စိစစ်ရင်း ကျူးလွန်တယ်ဆိုရင် အရေးယူတာတွေ ရှိပါတယ်”လို့ ရှင်းပြပါတယ်။
လက်ရှိကိစ္စမှာ လာရောက်တိုင်ကြားမှု ရှိ၊ မရှိကိုလည်း ဥပဒေအရ ဖြစ်တာကြောင့် ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ၎င်းတို့ လုပ်ဆောင်ချက်တွေကို တရားဝင်သတင်းထုတ်ပြန်မှုတွေ အမြဲ ပြုလုပ်တယ်လို့သာ သူက ပြောပြပါတယ်။
မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး ကတော့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။
“နဂိုကတည်းက တည်ဆဲဥပဒေကို မလိုက်နာတာ။ အကျင့်စာရိတ္တ ပျက်ပြား တာ အဂတိလိုက်စားတာ။ လူတယောက်ကို ရာထူးတိုးပေးရမှာကို မတိုးပေးဘဲနဲ့ အခြားနည်းလမ်းနဲ့လုပ်တာ။ ဒါတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိနေသမျှ၊ မပြင်နိုင်သမျှ ရှိနေမှာဘဲ။ ရဲဆိုရင်လည်း ရဲစစ်စစ်တွေ မဟုတ်ဘူး။ တပ်က အသွင် ပြောင်းတွေကနေ ရောက်လာတာ။ အဲဒီတော့ သာမန်ရဲတပ်ဖွဲ့ဝင် တွေက ပုံမှန်နည်းအားဖြင့် ရာထူးတက်ဖို့ မဖြစ်နိုင် တော့ဘူး။ သူတို့ထိပ်မှာ တပ်က အသွင်ပြောင်းတွေက ပိတ်နေတာ။ အဲဒီလိုဆိုတော့ ရိုးရိုးသွားလို့ မရဘူးဆိုပြီး မလျော် ကန်တဲ့နည်းတွေ သုံးတာ ”လို့ သုံးသပ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဆီကို တိုင်ကြားခံထားရသူ ရဲမှူးချုပ် ဇော်မိုးသန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်ကာ တပ်ဘက်က ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်တယ်။
လက်ရှိဖြစ်စဉ်မှာ တကယ်ကျူးလွန်ခဲ့တာ မှန်ကန်ရင် မြန်မာနိုင်ငံ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူတာ အသင့်လျော်ဆုံးဖြစ်ကြောင်း၊ စွပ်စွဲချက် မှန်၊ မမှန်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း ဦးသိန်းသန်းဦးက ပြောပါတယ်။
ဒါပေမယ့် ရဲလက်စွဲနဲ့ ရဲဥပဒေတွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတာ မရှိဘဲ အကျင့်စာရိတ္တဆိုတာ တခုကိုသာ ယေဘုယျ ဆန်ဆန် ရေးသားထားတာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း ထိပါးနှောက်ယှက်ခံရ၊ လိင်အမြတ်ထုတ်ခံရတဲ့ အမျိုးသမီးတွေအတွက် ဥပဒေတွေဟာ လိုအပ်ချက်များစွာ ရှိနေတယ်လို့ ဥပဒေကုစားရေးအဖွဲ့ မြန်မာ ရဲ့ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သုံးသပ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရာဇသတ်ကြီးဥပဒေများ၊ အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွေကလည်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီးများအပေါ် ထိရောက်စွာ ကာကွယ် ပေးနိုင်တဲ့ ပေါ်လစီ၊ မူဝါဒ မရှိသေးသလို အားနည်းနေတယ်လို့ ဒေါ်လှလှရီက ထောက်ပြပါတယ်။
“အာဏာပါဝါကို အလွဲသုံးစားလုပ်ပြီး လုပ်ငန်းခွင်အတွင်း၊ အလုပ်သဘော ဆက်ဆံရေး ရှိတာမှာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေအတွက် သီးသန့်ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိဘူး။ ပေါ်လစီ၊ မူဝါဒ မရှိဘူး။ အဲဒီအပြင် လက်အောက်ငယ်သားက အထက်အရာရှိကို ရာဇသတ်ကြီးအရ တရားစွဲဖို့လည်း အရမ်းခက်တယ်။ ရာဇသတ်ကြီးမှာ တချို့ပုဒ်မတွေက ရဲအရေးမပိုင်တော့ ကာယကံရှင်က တရားရုံးဦးတိုက်လျှောက်ရင် အလုပ်ဖြုတ်ခံရတာမျိုး ရှိသလို လုံခြုံရေးပိုင်းကလည်း ကာကွယ်မပေးနိုင်ဘူး ”လို့ ဒေါ်လှလှရီက ဆိုပါတယ်။
လတ်တလောမှာလည်း ရဲမေတွေအပေါ် ပြစ်တင်ကဲ့ရဲ့သော ကာတွန်းများ၊ ပို့စ်များ လူမှုကွန်ရက် စာမျက်နှာထက်မှာ တက်လာတာလည်း တွေ့ရပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီး ၁ ဦး အဖြစ် မမြင်ကြဘဲ ရာထူးတက်ဖို့ ခန္ဓာကိုယ်ကို အသုံးချတဲ့သူ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လှောင်ပြောင်ပြောဆိုမှုတွေ လည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ မြင်တွေ့ရပါတယ်။ လိင်အမြတ်ထုတ်သူကို ပြစ်တင်ရှုတ်ချမှုထက် ကာယကံရှင်ကို ဝိုင်းဝန်း ပြစ်တင်မှုတွေက ရဲမေအသိုင်းအဝိုင်းအတွက် ဂုဏ်သိက္ခာထိပါးစေမှု၊ စိတ်ဓာတ်ကျဆင်းစေမှုတွေကိုပါ ဖြစ်ပေါ်စေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
“ဒီဖြစ်ရပ်က မှန်ကန်နေရင် ဥပဒေကို အကောင်အထည်ဖော်နေတဲ့သူက မဖြစ်သင့်တာကို လုပ်တာမို့ ဘယ်လိုမှကို လက်ခံနိုင်စရာ မရှိဘူး။ အဲဒီအပြင် လူမှုကွန်ရက်ထက်မှာ ကာတွန်းတွေ၊ ပို့စ်တွေနဲ့ အကြမ်းဖက်ခံရသူကို ပြစ်တင်ကဲ့ရဲ့ တာတွေ လုပ်နေတာတွေက သူ့ကို ထပ်ပြီး အကြမ်းဖက်သလို ဖြစ်စေတယ်။ နှုတ်ဆိတ်နေအောင် တွန်းအားပေးသလို ဖြစ်နေတယ်”လို့ ဒေါ်လှလှရီက ဆိုပါတယ်။
အမည်မဖော်လိုသူ ရဲအရာရှိ ၁ ဦးကတော့ “ကျနော်တို့ တခြားဌာနဆိုင်ရာတွေကို သွားရင် ဘယ်လို မျက်နှာပြရမလဲ၊ ရဲမေတွေကို တခြား ဦးစီးဌာနတွေက ဘယ်လိုမြင်ကြမလဲ။ လူ့သဘောသဘာဝ အရ ရဲအရာရှိ၊ ရဲမေတွေထဲ သူတို့ကရော လွတ်ပါ့မလား ဆိုတဲ့ အတွေးတွေ မြင်လာနိုင်တယ်”လို့ ပြောပြတယ်။
ရိုက်တာသတင်းထောက်တွေ အမှုမှာ ရဲတပ်ဖွဲ့က မတရားလုပ်ခဲ့ကြောင်း တရားရုံးမှာ ဖော်ထုတ်ခဲ့လို့ တာဝန်က အနားပေးခံရသူ ဒုရဲမှူးဟောင်း မိုးရန်နိုင်က လည်း သဘောတူပါတယ်။
“ဒါဟာ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ကျဆင်းစေတယ်။ ထိပ်ပိုင်းအကြီးအကဲ တယောက်က ပြစ်မှုကို ကျူးလွန်တယ်ဆိုတာက ယုံကြည်အားကိုးမှုကိုလည်း အားနည်းစေနိုင်တယ်။ ပြီးတော့ ပြည်သူလူထုနဲ့ အောက်ခြေမှာ ထိတွေ့နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အများကြီး နစ်နာစေပါတယ်။ အခက်တွေ့စေပါတယ်”လို့ သူက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲမေ ဖြစ်ဖို့ အသက် ၁၈ အောက်မငယ်ရ၊ ၂၅ နှစ်ထက် မကြီးရ၊ ပညာအရည်ချင်း ဒုတိယနှစ် ဖြေဆိုပြီး အောင်မြင်သူဖြစ်ရမည်။ အရပ် ၅ ပေ ၃ လက်မ ရှိရမည်။ ကိုယ်ပေါင်ချိန် ၁၀၀ ရှိရမည်။ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည် ဆိုပြီး သတ်မှတ်ထားပါတယ်။
အခြေခံလစာ ၁၄၄၀၀၀ ကျပ်နဲ့ ရိက္ခာ အတွက် ၅၄၀၀၀ ကျပ် ရရှိမှာဖြစ်ပြီး တစ်နှစ်ကို ရဲယူနီဖောင်း ၂ စုံ၊ မိုးကာ၊ ၁ နှစ်လျှင် ခွင့် ၁ လ ခံစားခွင့် ရရှိမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ခေါ်ယူပါတယ်။
အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ် နောက်ပိုင်းက စတင်ကာ ယခင်ထက် ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခန့်ထားခဲ့ပြီး ရုံးလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်စေသကဲ့သို့ ရဲတပ်ဖွဲ့ ဌာန အသီးသီးမှာလည်း အမျိုးသား တပ်ဖွဲ့ဝင်များနှင့် တန်းတူ တာဝန် ထမ်းဆောင်စေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့မှာ အမျိုးသမီး တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြင့်ဆုံးရရှိမယ့် ရာထူးကတော့ ရဲမှူးကြီး အဆင့် ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် မေလအထိ ရဲအရာရှိ ၂၈၁၇ ဦး၊ အခြားအဆင့် ၆၇၃၀ ဦးတို့ကို ပြစ်ချက်အမျိုးမျိုး အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ရဲအရာရှိ ၁၉ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ အရ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
(နေပြည်တော်ရှိ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။)
You may also like these stories:
သမ္မတရုံး စောင့်ကြည့်မှုအောက်က ဗစ်တိုရီးယား အမှု တရားမျှတမှု ရမလား
ရထား ရဲတပ်ဖွဲ့ မှ ယာယီ ရဲမှူးချုပ် မိုးသန်းအောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
ရှေးဟောင်းပစ္စည်း တရားမဝင် ဝယ်ယူစုဆောင်းမှုကြောင့် ရှေးဟောင်းမြို့တွေ ပစ်မှတ်ဖြစ်လာတယ်