လပိုင်းမျှလောက် အချိန်အတွင်းမှာ ကမ္ဘာပေါ်က လူသားတွေအဖို့ တချို့သော လူနေမှု ပုံစံတွေနဲ့ အသားကျဖို့ ကြိုးစားလာခဲ့ကြရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် အသစ်တမျိုး ဖြစ်တဲ့ ကိုဗစ် ၁၉ က ဒီလို ဖြစ်အောင် တွန်းပို့ခဲ့တာပါ။ လူတွေအဖို့ လက်ဆွဲနှုတ်ဆက်တာတွေ ရပ်လိုက်ရပါတယ်၊ တယောက်နဲ့တယောက် လူမှုအကွာအဝေးနဲ့ ခပ်ခွာခွာ နေလာကြရပါတယ်၊ လက်ဆေးတာကို စနစ်တကျ အလေးဂရုပြု လုပ်လာကြရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး ဖြစ်တဲ့ ကိုဗစ် ၁၉ ပျံ့နှံ့ကူးစက်မှုတွေအတွက် ကောင်းနိုးရာရာ လိုက်နာလုပ်ဆောင်ကြရင်း ယဉ်ကျေးမှု၊ လူမှုရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အပြုအမူတွေ ပြောင်းလဲလာကြရပါတော့တယ်။
လူ့သဘာဝအရ ရောဂါပိုး ကူးစက်ပျံ့ပွားမှုကို ဂရုစိုက်လွန်းသူ၊ အတန်အသင့် ဂရုစိုက်သူ၊ လုံးဝ ဂရုမစိုက်သူ ဆိုပြီး ကွဲပြားနေစေ ကိုဗစ်က လူတိုင်းကို ထိခိုက်စေနိုင်တယ်လို့ သတိမူမိရာက အားလုံး ကျင့်သုံးလာရတာပါပဲ။ ထပ်ခါထပ်ခါ လုပ်ဆောင်မှုတွေကနေ အကျင့်ဖြစ်လာကြတာပါပဲ။
ဒီ ကပ်ဘေးကြီးကြောင့် ကောင်းတဲ့ အရာလို့ ပြောဖို့ မသင့်ပေမဲ့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကောင်းမွန်တဲ့ အမူအကျင့်တွေတော့ အလေးထားလာကြတာ မြင်ရမှာပါ။ ဒါတွေက နောက်ပိုင်းမှာလည်း လုပ်ငန်းခွင်၊ ကျောင်းတွေ နဲ့ တကွ လူမှုဝန်းကျင်မှာ ဆက်လက် မြင်တွေ့လာရမယ့် အနေအထားတွေကို ချန်ရစ်နေပြီ ဆိုတာ သိသာပါတယ်။
လက်ဆွဲနှုတ်ဆက် ခက်ကြပြီ
ကိုရိုနာ ဆိုတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ပျံ့နှံ့လာကတည်းက ရှောင်ကျဉ်လာကြတာက လက်ဆွဲ နှုတ်ဆက်ခြင်းပါဘဲ။ လူမှု အကွာအဝေးနဲ့ ဆက်ဆံကြဖို့ကို ယဉ်ကျေးမှုနယ်ပယ်မှာ ထည့်သွင်းစဉ်းစားလာရတော့မှာ သံသယဖြစ်ဖွယ်မရှိပါဘူး လို့ ကျန်းမာရေး ပညာရှင် Dr Nesoshi Okeke Igbokwe က ဆိုပါတယ်။
လက်ဆွဲနှုတ်ဆက်တာ၊ လက်ဝါးချင်းရိုက်တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာတွေက နှုတ်ဆက်ခြင်းမှာ စွန့်ပစ်ခဲ့ရတော့မယ့် လှုပ်ရှားမှုတွေ ဖြစ်ကုန်ပါပြီ။
လူမှုရေးအရ နှုတ်ဆက်ကြတဲ့အခါ လက်တွေကို နှလုံးသားထဲမှာထားလို့၊ ခေါင်းကလေးညိမ့်လို့ စသဖြင့် လူချင်းထိတွေ့မှု မရှိဘဲ ပျူငှာတဲ့ အမူအရာတွေ ရွေးချယ်ကြဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။
တွင်ကျယ်လာမယ့် လက်သန့်ဆေး
ကိုဗစ် ကာလ အလွန်မှာ ရုံးတွေ၊ ကျောင်းတွေ၊ အများနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ဖျော်ဖြေရေး လုပ်ရာတွေမှာ လက်သန့်ဆေးတွေ ပိုပြီး မြင်တွေ လာရဖို့ များနေပါပြီ။ ဥပမာ ဧည့်ကြိုကောင်တာတွေ၊ အင်တာဗျူးခန်း အပြင်ဖက်တွေမှာ လက်သန့်ဆေးရည်တွေ ထားလာကြတော့မှာပါလို့ အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီ တခုက ပညာရှင် CJ Xia က ပြောပါတယ်။
“အင်တာဗျူး စားပွဲတွေပေါ်မှာတောင် လက်သန့်ဆေးရည်တွေ မြင်လာရနိုင်တယ်လို့ဆိုပါတယ်။ ရုတ်တရက် အခု ပစ္စည်းပြတ်တာမျိုးလို ထပ်ဖြစ်စရာ မရှိနိုင်တော့ပါဘူး” လို့ ဆိုပါတယ်။
အခုလို လက်သန့်ဆေးတွေ မြင်သာတဲ့ နေရာမှာ ထားပေးတာကိုကလည်း လူတွေအတွက် အမြဲသတိမူနေဖို့ ဖြစ်နေမှာပါ။ စင်တင်ဖျော်ဖြေပွဲတွေ၊ စတိုးဆိုင်တွေ၊ အားကစားခန်းတွေ မှာ လက်ဆေးသန့်စင်စရာတွေ ထားရှိလာကြတော့မှာပါ။
စားသောက်ဆိုင်တွေ၊ ဘုရားကျောင်းတွေ နဲ့ တခြား လူအများစုရာတွေမှာ လက်သန့်ဆေးတွေ မြင်လာရမယ့် ကောင်းကွက် တခုလို့လည်း တွက်ဆကြပါတယ်။
စားသုံးသူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ရရှိလာနိုင်ပါတယ်
ကိုဗစ် ၁၉ ကပ်ကျရောက်လိုက်တာက လူတွေအတွက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးလိုက်တာပါ။ အဆင့်ဆင့် တင်ပြ အစီရင်ခံ ဆောင်ရွက်နေရတာတွေထက် အဆင်ပြေချောမွေ့အောင် ရုတ်တရက် လုပ်ဆာင်ရတာတွေဖြစ်လာတယ်လို့ ဝန်ထမ်းလေ့ကျင့်ရေးနည်းပြနဲ့ စာရေးသူတဦးဖြစ်တဲ့ Joanne Cleaver က ဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ ဝန်ထမ်းတွေထဲက မရှိမဖြစ် ထူးခြားတဲ့ အရည်အသွေးရှိသူတွေကို ရှာဖွေ တွေ့ရှိပြီး ထိန်းထားဖို့တွေ ဖြစ်လာပြီ လို့ဆိုပါတယ်။ ကိုဗစ် အလွန် ကာလတွေ ရောက်ရင် အလုပ်ရှင်တွေအဖို့ အကျဉ်းအကျပ် အခြေအနေအတွက် ဖြည့်စွက် သင်တန်းတွေ၊ ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာရပါလိမ့်မယ်၊ ကုမ္ပဏီတွေအဖို့ ဖြစ်တောင့် ဖြစ်ခဲ အနေအထားမှာ အားကိုးရမယ့်သူတွေ ခန့်အပ်ဖို့ ဗျူဟာတွေ စီစဉ်လာကြပါလိမ့်မယ် လို့ ထပ်ဆောင်း ပြောကြားပါတယ်။
စားသောက်ဆိုင်တွေနဲ့ ဆက်နွယ်မှု ပုံစံတွေ ပြောင်းလာမယ်
အခုအချိန်မှာကို အစားအသောက်ကို အထုတ်ဆွဲတာ၊ အိမ်တိုင်ရာရောက် ပို့ဆောင်ဖို့ မှာယူတာတွေ ပိုတိုးပြီး ပုံသဏ္ဍန်ပြောင်းနေပါပြီ။ စားသောက်ဆိုင်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး inKind ဆိုင်တည်ထောင်သူ Johann Moonesinghe က “စားသောက်ဆိုင်တွေအဖို့ စားသုံးသူလျော့ပါးတာနဲ့အတူ အရောင်းကျဆင်းလာတာတွေအပေါ် အသေအချာသုံးသပ်ဖို့လိုလာပါပြီ။ အရင်ကတည်းက ထိုင်စားသူသိပ်မများတဲ့ bakery မုန့်ဆိုင်တွေအဖို့ အခုလည်း အရောင်းအဝယ် ပိုများနေတာကိုတောင် မြင်ရမှာပါ။ ဒါက ဘယ်နေရာမျိုးတွေကို လူတွေသွားစားကြသလဲ ဆိုတာထက် ဘာတွေ ပိုစားကြသလဲ ဆိုတာ ဆင်ခြင်စရာဖြစ်လာတာပါ။ ကာဘိုဒိုက်ဒရိတ် နဲ့ သကြားပါတဲ့ အစားအသောက်တွေ ဒီကာလမှာ ပိုရောင်းနေရတာ မြင်နိုင်ပါတယ်” လို့ဆိုပါတယ်။
စားသောက်ဆိုင်တွေအဖို့ အိမ်ကို ပါဆယ်ဆွဲတာ၊ အိမ်တိုင်ရာရောက်ပို့ဆောင်တာတွေက ပိုကျယ်ပြန့်ပြီး ဆိုင်ထိုင် အလေ့အထတွေ လျော့ပါးသွားမလား မသေချာသေးပေမယ့် ဆိုင်ရဲ့ သန့်ရှင်းသပ်ယပ်မှု ဆိုင်ရာတွေ လူမှုကွန်ယက်မှာ အပြိုင်တင်လာကြရဖို့လည်း ဖြစ်လာနေပါပြီ။
ရေပန်းသုံးသူတွေ ပိုများလာတော့မယ်
အခု နှစ်အနည်းငယ်အတွင်းမှာ အိမ်သာတွေထဲ ကိုယ်လက်သန့်စင်ရေးမှာ ရေပန်းတွေ ပိုသုံးလာနေကြတာပါ။ အခု ကိုဗစ် ဖြစ်ချိန်မှာတော့ အသုံးပြုမှုက ဆယ်ဆ လောက်မြင့်တက်သွားတယ်လို့ အမေရိကန်က ဒီ ပစ္စည်းထုတ်လုပ်တဲ့ TUSHY ကုမ္ပဏီက ဆိုပါတယ်။ အခု လပိုင်းမှာကို အရင် တနှစ် ရောင်းရတာထက် ၂ ဆကျော် ပိုပြီး ရောင်းရတယ်လို့ဆိုပါတယ်။ အမေရိကန်မှာက အရင်ကဆို တစ်ရှုးကို ပိုပြီးသုံးကြတာပါ။ အခု ကပ်ဘေး ကျရောက်ချိန်မှာ တစ်ရှုးစက္ကူတွေ ပြတ်လပ်မှုကလည်း အံ့မခန်း ဖြစ်ခဲ့တာပါ။ ဒါကြောင့် အခုကနေ ရှေ့လျှောက်တော့ အိမ်သာမှာ ရေပန်းသုံးစွဲမှုက သိသိသာသာ တိုးမြင့် လာတော့မယ်လို့ဆိုကြပါတယ်။
အဝေးက အလုပ်လုပ်သူတွေ ပိုများလာတော့မယ်
အခု ကာလမှာ လိုအပ်ချက်အရ အိမ်က အလုပ်လုပ်တာတွေ အမြောက်အများ ဖြစ်လာကြသလို ကပ်ဘေး အလွန်မှာ ဒါက လုပ်ငန်းခွင် ယဉ်ကျေးမှုသစ် ဖြစ်လာပါတော့မယ်။ ကုမ္ပဏီများစွာကလည်း ဒါရဲ့ အကျိုးအမြတ်ကို ခံစားရပြီကိုး။ စီးပွားရေးလုပ်ငန်းတွေရော၊ ဝန်ထမ်းတေါရောကလည်း အိမ်ကနေ အလုပ်လုပ်တာက အဆင်ပြေသလို တချို့ပိုပြီး အလုပ်ဖြစ်တာ မြင်လာကြပါတယ်။ ရုံးတက်တဲ့ ယဉ်ကျေးမှုတွေ ပြောင်းလာတော့မယ့် နိမိတ်ပါဘဲ။ အဝေးကနေ အလုပ်လုပ်စေတာက ရောဂါပိုး ကူးစက်ခံရမှု လျော့နည်းစေတာသာ မကတော့ဘဲ အလုပ်ချိန်၊ လုပ်ခ သက်သာစေမယ့် နည်းလမ်း တခု ဖြစ်လာမှာပါ။ အဲဒီအတွက် ကပ်အလွန်မှာ ကျန်းမာရေး အာမခံ လိုမျိုး တွင်ကျယ်လာမယ့် လုပ်ငန်းကတော့ ဖုံး၊ အင်တာနက်တွေနဲ့ ဆက်သွယ်ရေးဆောင်ရွက်ရမယ့် telecommuting တွေပါဘဲ။
ခလုတ်နှိပ်စရာတွေ ပေါ်လာလေမလား
ကိုဗစ် ၁၉ ဖြစ်လိုက်တာက လူတွေအဖို့ ရောဂါပိုး ကူးစက်ပျံ့ပွားဖို့ လွယ်ကူတဲ့ အများထိတွေ့ ကိုင်တွယ်ရာတွေကို သတိပြုမိလာကြပါတယ်။ ဘဏ်က ငွေစက္ကူထုတ်စက်တွေ ၊ စတိုးဆိုင်တွေက ကတ်သုံးတဲ့ နေရာတွေ၊ ဓာတ်လှေကား တွေမှာ ရှိတဲ့ ခလုတ်တွေက သတိမပြုမိဘဲ အထိအကိုင်လုပ်နေတာတွေပါ။ ကျန်းမာရေး ပညာရှင် Dr Nesoshi Okeke Igbokwe အဆိုအရ လူတွေက အခုဆို ဓာတ်လှေကား ခလုတ်တွေကို တံတောင်ဆစ်နဲ့ နှိပ်တာ ဒါမှမဟုတ် ဘောပင်နဲ့ နှိပ်တာမျိုး တော်တော်တွေ့လာရပြီလို့ဆိုပါတယ်။ အဲသလိုဘဲ ဘဏ်က ငွေထုတ်စက်တွေ ငွေထုတ်ယူဖို့နဲ့ စတိုးဆိုင်က ငွေရှင်းကတ် သုံးရာတွေမှာ စကားဝှက် ကိန်းဂဏန်းတွေနှိပ်ဖို့ရာ လက်ချောင်းတွေနဲ့တိုက်ရိုက် နှိပ်နေတာတွေက အတိတ်မှာ ချန်ထားသင့်ပြီလို့ဆိုပါတယ်။
Nikola Djordjevic ( MD, cofounder of HealthCareers ) ကလည်း လူအများသုံးတဲ့ မျက်နှာပြင်တွေ ၊ ခလုတ်တွေက ရောဂါဖြန့်ဖြူးရေး ကြားခံတွေ ဖြစ်တာမို့လက်နဲ့ တိုက်ရိုက်နှိပ်တာထက် အစားထိုး နှိပ်စရာတွေ လိုအပ်တယ်လို့ဆိုပါတယ်။ လက်အိတ်လို ကြားခံရှိနေတာမျိုးနဲ့ နှိပ်တာ ဒါမှမဟုတ် ရိုးရိုးလေးဘဲ တံတောင်ဆစ်နဲ့ နှိပ်တာမျိုးတွေက ကိုဗစ် အတွက်သာမက တခြား ရောဂါပိုးတွေ ကာကွယ်ရေးမှာပါ အရေးပါ အရာရောက်ကြပါတယ်၊ လက်နဲ့ နှိပ်မိပြီးရင်လက်ဆေးပြီးတဲ့အချိန် မရောက်ခင်အထိ မျက်နှာကို ထိတွေ့တာမျိုး မလုပ်ဖို့ သတိထားနေရတာကတော့ ပိုခက်ခဲပါလိမ့်မယ်။
လက်ရေတပြင်တည်းတွေ ပြီးဆုံးပြီ
အလှုအတန်းတွေ လိုမျိုးမှာ စားစရာကို တခုတည်းမှာ ထည့်ပြီး အားလုံးဝိုင်းစားတာမျိုးက ရိုးသားစွာ ဆိုရရင် မလုပ်သင့်တာပါ။ အဲဒီ လူအများကြီးက အိမ်သာသွားထားသူတွေ ရှိမယ်၊ လက်မဆေးသူတွေ ရှိမယ်၊ ပြီးတော အဲဒီ အများစားမယ့် ထည့်စရာတခုတည်းက အစားအသောက်တွေ ကိုင်တွယ်ကြပါလိမ့်မယ်၊ အတော် အန္တရာယ်များတာပါ။ ကိုဗစ် ကပ်ဘေးအချိန်မှာ ဒါက ပိုပြီး သတိထား သိမြင်လာကြပါတယ်။ ဘူဖေးလို ကြိုက်ရာယူ နေရာမျိုးတွေမှာ အစားအသောက်တွေ ကိုင်တွယ်တာသာမက စားသောက်စရာ ကိရိယာ ဇွန်း၊ ခရင်းတွေ အတူသုံးစွဲတာကလည်း ရောဂါပိုးကူးစက်မှု အားပေးတာပါဘဲလို့ Dr. Okeke-Igbokwe က ဆိုပါတယ်။ လူတွေအဖို့ ဝယ်ယူစားသောက်ရတာတွေထက် ကိုယ့်အိမ်မှာ ကိုယ့်ဖာသာ သန့်ရှင်း စနစ်ကျအောင် ပြင်ဆင် ချက်ပြုတ်တာတွေအပေါ် ပိုပြီး အာရုံစိုက်လာကြဖို့ များတယ်ိလု့လည်း တွက်ဆပါတယ်။
ကိုယ်ပိုင် နေရာ ရှာဖွေကြ
ကိုဗစ် မှာ ခေတ်စားလာတဲ့ လူမှု အကွာအဝေးက ရောဂါပိုးကူးစက်မှု ကာကွယ်ရေးမှာ အခရာ ဖြစ်လာပါတယ်။ အနည်းဆုံး လူတယောက်နဲ့တယောက် ၆ ပေခွာဖို့ဆိုတာလည်း အပါအဝင်ပေါ့။ ဒီ အလေ့အထကလည်း ကိုဗစ် အလွန်မှာ အနည်းနနဲ့ အများတော့ အကျိုးသက်ရောက်မှု ကျန်နေမယ့် ကိစ္စ ဖြစ်လာပါပြီ။ လူတွေအဖို့ လက်ခံနိုင်လောက်တဲ့ လူမှု အကွာအဝေး အမျိုးမျိုးကို လက်ခံကျင့်သုံး လာကြဖို့ များနေသလို ယဉ်ကျေးမှု အပြောင်းအလဲ တခု ဖြစ်လာနိုင်တယ်လို့ ချိန်ဆ နေကြပါပြီ။ လူတွေ ဆုံတဲ့အခါ ပြေးပြီး ပွေ့ဖက် နှုတ်ဆက်တာတွေထက် အသံကျယ်ကျယ် ၊ အပြုံးလှလှတွေက ပိုပြီး အလုပ်ဖြစ်လာကြမှာပါ။
လက်တွေ ပိုဆေးကြတော့မယ်
ကိုဗစ် ရောဂါပိုး ပျံ့နှံ့မှု ကာကွယ်ရေားမှာ ထပ်ခါထပ်ခါ ကြားရပြီး လိုက်နာ ကျင့်သုံးလာကြတာက လက်ဆေးတာပါ။ သာမန် ပြီးစလွယ် မဟုတ်ဘဲ စနစ်တကျနဲ့ စက္ကန့် ၂၀ မှာ နေရာစုံအောင် ဆေးတာမျိုးကို သိမြင် လာကြပါပြီ။ အနည်းဆုံး အရက်ပျံ ၆၀% ပါဝင်တဲ့ လက်သန့်ဆေးရည် သုံးစွဲမှုတွေ ရှိလာပါပြီ။ ကပ်အသွင် ရောဂါ ကူးစက်မှုတွေ အပြီးမှာ လက်ဆေးတဲ့ အကျင့်က မဖြစ်မနေ ပျိုးထောင်ရမယ့် ကိစ္စလို့ သိမြင် လာကြပါတယ်။
တကယ်တော့ လက်ကို ဘယ်လို ဆေးရမယ် ဆိုတာက ခုမှ ထပြီးပေါ်လာတဲ့ လမ်းညွှန်ချက် မဟုတ်ပါဘူး။ လက် စနစ်တကျ ဆေးဖို့ သတိမူရေးကိုသာ ထပ်ဆင့် လုပ်ဆောင်လာရတာပါ။ လက်ဆေးတာက ရောဂါ ကာကွယ်ရေးမှာ အရေးကြီးဆုံး နေရာက ပါဝင်တာကို မြင်သာအောင် မီးမောင်းထိုးပြနေရတာပါ။
လူစု လူဝေး ရှောင်ကျဉ်ရေး
ပွဲကြီးလမ်းကြီး စည်ကားရာတွေမှ လူစုလူဝေး မဟုတ်ပါဘူး။ အလျင်စလို ဖြစ်နေချိန်တွေ ဆိုရင် အဆမတန်ပြည့်နေတဲ့ ကားတွေ၊ ရထားတွေကိုလည်း လုယက် တက်တတ်ကြပါတယ်၊ လူအရမ်းများနေတဲ့ ဓာတ်လှေကားထဲလည်း ပြေးဝင်လိုက်တာပါဘဲ၊ အခုတော့ ဒါတွေက ဆင်ခြင်စရာ ဖြစ်လာပါပြီ။ သက်တောင့်သက်သာ မရှိသလို ရောဂါ ကူးစက်ဖို့ အခွင့်အလမ်းတွေ ပေးနေတာမျိုးပါ။ နောက်ပိုင်းမှာတော့ ကျန်းမာရေး နဲ့ အုပ်ချုပ်ရေး တွဲဖက် အစီအစဉ်တွေနဲ့ လူထုရဲ့ အသိအမြင်အရကိုဘဲ သယ်ယူပို့ဆောင်ရေးတွေ ၊ လူအများနဲ့သက်ဆိုင်တဲ့ နေရာထိုင်ခင်းတွေမှာ စည်းကမ်းသတ်မှတ်ချက်တွေ ရှိလာကြတော့မှာ သေချာပါတယ်။
ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျင့်ဝတ်များ နားလည်မှု
ကိုဗစ် နဲ့ပတ်သက်ရင် အများဆုံး အထွန့်တက်ကြတာ ကြည့်လိုက်မယ် ဆိုရင် ကိုယ် မဖြစ်လို့ ပူပင်စရာ မလိုဘူး ဆိုတဲ့သူတွေပါ။ ဒါပေမဲ့ အဲဒီလူတွေ သတိမထားမိတာက သူတို့ရော အရင်လို သွားချင်သလိုသွား၊ စားချင်သလိုစား၊ နေချင်သလို နေ လုပ်ခွင့်တွေ ဆုံးရှုံးခဲ့ရတာကိုပါ။ တချို့က အဦးပိုင်းမှာ အပိုတွေလို့ ထင်ခဲ့ကြတဲ့ အိမ်မှာဘဲနေတာ၊ လူမှုအကွာအဝေး ကျင့်သုံးတာ၊ နှာခေါင်းစည်းတပ်တာတွေက နောက်ပိုင်းကျတော့ အရေးပါတဲ့ ကာကွယ်မှုတွေဆိုတာ လက်ခံလာခဲ့ရတာပါဘဲ။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာသာ မဟုတ်ဘဲ တခြား ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသူတွေအတွက်ပါ အကာအကွယ်ပေးတာလို့ နားလည် သဘောပေါက်ခဲ့ကြရတာပါဘဲ။
ဒီ ကပ်ဘေးကြီးက ပြည်သူ့ကျန်းမာရေး ကျင့်ဝတ်ဆိုင်ရာတွေ သင်္ခန်းစာပေးခဲ့ပါတယ်။ အငေါ်တူးပြီး လုပ်ချင်ရာလုပ်ခဲ့ကြတာတွေ၊ တဦးတယောက်ကြောင့် တပြုံတမ ကူးစက်ပျံ့နှံ့တာတွေက တရားပြခဲ့ပါတယ်။ ဘာဘဲပြောပြော ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုက်နာကျင့်သုံးရမယ့် အချက်တွေအပေါ် အလေးဂရု ပြုမှုတော့ ပိုမြင်လာခဲ့ရပါတယ်။
ကျောင်းတွေနဲ့ ခပ်ခွာခွာ သင်ကြားရေး
ကိုဗစ် ကပ်ဘေးကြောင့် မြင်သာတဲ့ အချက်တခုက လူတွေရဲ့ နေ့စဉ်ပြုမူဆောင်ရွက်မှုတွေ မှာ အပြောင်းအလဲတွေ လုပ်ကြဖို့ ဖြစ်လာပြီး ဒါက ပညာရေးကိုပါ ဂယက်ရိုက်ခဲ့တာပါ။ ကျောင်းတွေ ပိတ်ခဲ့ရတယ်၊ တက္ကသိုလ်တွေက အွန်လိုင်းစာသင်ကြားမှုတွေ ပြောင်းလဲကျင့်သုံးခဲ့ကြရတယ်။ ဒါတွေက အနာဂတ် ပညာရေး အပြောင်းအလဲကို လမ်းပြပေးတာပါဘဲ။ ကောလိပ်ပညာသင်ကြားရေးတွေက အွန်လိုင်းစနစ်အပေါ် ညွတ်ကျလာရသလို အခြေခံကျောင်းတွေ အတွက်ပါ ဒီလို အရေးပေါ်အနေအထားတွေ ကြုံလာရင် ပြောင်းလဲ အသုံးပြုရဖို့ ဖြစ်လာပါတယ်။ တချို့သော ဘာသာရပ်တွေအတွက်လည်း လက်တွေ့လေ့ကျင့်ခန်းတွေမှာပါ သင်ထောက်ကူ ပစ္စည်းတွေ အများကြီး ရင်းနှီးမြှုပ်နှံစရာမလိုဘဲ အွန်လိုင်းပို့ချမှု လုပ်ဆောင်လာနိုင်တာ တွေ့လာရပါတယ်။
ကပ်ဘေးကြောင့် အပြုအမူ အပြောင်းအလဲတွေ အများကြီးကို အလျင်အမြန် ကျင့်သုံးလိုက်ကြရပါတယ်။ ရောဂါရဲ့ သဘာဝ အနေအထားအရ ဒါတွေကို နင်နေငါသွား ချန်ထားလို့ မရနိုင်တာတွေ ဖြစ်လာနေပါပြီ။ ဒီထဲကမှ ပြုမူနေကျတွေထက် ပိုပြီး အကျိုးရှိတာလေးတွေလည်း ထုတ်နှုတ်ယူလာနိုင်ကြပါတယ်။ အဲဒါကြောင့် ကိုဗစ် ၁၉ ကပ်အလွန်မှာ အပြောင်းအလဲ တချို့ကတော့ မူလ အခြေအနေကို ပြန်သွားဖို့ မဖြစ်နိုင်တော့သလို ကပ်အတွင်း အမူအကျင့်အချို့က ဆက်လက် ကျင့်သုံးစရာတွေ အဖြစ် တည်ရှိနေကြမယ်လို့ ထင်မြင်မိပါတော့တယ် ။
ကိုးကား။ ။ Reader’s Digest မှ Elizabeth Yuko ၏ 13 Everyday Habits That Could (and Should) Change Forever After Coronavirus
You may also like these stories:
ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက
ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်လာသော ဘေ့ဂျင်းတွင် ကန့်သတ်ပိတ်ဆို့မှု ပြန်လုပ်
မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ
ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ