ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းဒေသတွင်းရှိ လယ်မြေ ဧက ၂၀၀၀ နီးပါးနှင့် ပတ်သက်ပြီး မြေယာအငြင်းပွားမှုများ ရှိနေသည်။ ဒေသခံတောင်သူတဦးဖြစ်သူ မိုးဘဲ့ကမူ ထိုမြေသည် သူမကဲ့သို့သော တောင်သူများ ပိုင်ဆိုင်ပြီး စစ်တပ်က အာဏာဖြင့် မြေသိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု နားလည်နေသည်။
၁၉၉၀ ခုနှစ်များအစောပိုင်းကပင် ထိုနေရာမှ မြေဧက ၁၉၀၀ ကျော်တွင် သီးနှံများ စိုက်ပျိုးနေခဲ့သည့် လယ်သမား ၂၀၀ ကျော်အနက် အသက် ၅၈ နှစ်ရှိပြီဖြစ်သော တောင်သူ ပအိုဝ်းအမျိုးသမီး မိုးဘဲ့လည်း ပါဝင်သည်။ မေလ အစောပိုင်းအထိ ထိုပအိုဝ်းတိုင်းရင်းသား လယ်သူမကြီးသည် နောင်ကျောကျေးရွာအုပ်စုမှ သူ ပိုင်ဆိုင်သောမြေ ၈ ဧကတွင် ပြောင်းနှင့် စပါးပျိုးခင်းကို စိုက်ပျိုးခဲ့သည်။ သို့သော် မေလ ၁၇ ရက်နေ့တွင်မူ တောင်သူများ စိုက်ပျိုးနေသည့်နေရာသို့ တပ်မတော်သားများ ရောက်ရှိလာပြီး၊ ထိုမြေများသည် တပ်ပိုင်မြေဖြစ်သည့်အတွက် စိုက်ပျိုးခွင့်မပြုဟု ဆိုကာ စိုက်ခင်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တပ်ပိုင်မြေဟု ဆိုသော ဧက ၂၀၀၀ နီးပါးတွင် အနည်းဆုံး ကျေးရွာ ၆ ရွာ ပါဝင်ပြီး တောင်သူများ၏ ထွန်ယက်စ လုပ်ငန်းများကို ရပ်တန့်ခြင်းလည်း ခံခဲ့ရသည်။
ထို့ပြင် အခက်အခဲဖြစ်နေသော တောင်သူများထံမှ စစ်သားများက လက်တွန်း လယ်ထွန်စက် ၂၉ ခုကို သက်သေအဖြစ် သိမ်းယူလိုက်ပြီး မိုးဘဲ့ အပါအဝင် လယ်သမား ၃၀ နီးပါးကို ကျူးကျော်မှုဖြင့် အမှုဖွင့်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၄၇ ဖြင့် တရားစွဲရန် တိုင်တန်းထားသည်။ ပုဒ်မ ၄၄၇ တွင် ရာဇဝတ်ကြောင်းအရ ကျူးကျော်သူ မည်သူမဆိုကို ထောင်ဒဏ် ၃ လအထိ ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ ၅၀၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်မျိုးလုံးပေးနိုင်သည်ဟု ဖေါ်ပြထားသည်။
“ဒီမြေကို စစ်တပ်က မတရား သိမ်းဆည်းထားတာ။ တောင်သူတွေက ၂၀၁၈ ကျမှ သိကြတယ်။ အရင်က အကြောင်းကြားခြင်းလည်း မရှိ။ အသိပေးခြင်းလည်း မရှိ။ လျော်ကြေးပေးခြင်းလည်း မရှိ။ အဲဒါကြောင့်မို့ တရားဝင် သိမ်းဆည်းထားခြင်း မရှိဘူးလို့ တောင်သူတွေက သိထားတော့ တောင်သူတွေပဲ စိုက်နေပါတယ်” ဟု မိုးဘဲ့က ဆိုသည်။
သက်ကြီးအမျိုးသမီးများအပါအဝင် အခြားတောင်သူများကလည်း ၎င်းတို့တွင် တောင်ယာစိုက်ပျိုးရန်မှအပ အခြားရွေးချယ်စရာ နည်းလမ်းမရှိသည့်အပြင် မြေမှလွဲပြီး အခြားဘာမှ မရှိသည့်အတွက် ဆက်လက်စိုက်ပျိုးမည်ဖြစ်ပြီး၊ တရားစွဲရင်လည်းခံမည်၊ အမှုရင်ဆိုင်သွားမည်ဟု ဆိုကြသည်။
ခါးသည်းသော ဆိုးမွေ
တပ်မတော်၏ မြေသိမ်းဆည်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင် စနစ်၏ ဆိုးမွေများအနက် တခုဖြစ်သည်။ စစ်အစိုးရသည် အစိုးရဌာနများအတွက်သာမက ၎င်းတို့ ကိုယ်တိုင်အတွက်လည်း မြေများသိမ်းယူခဲ့သည်။ မြေဧကပေါင်းမည်မျှ သိမ်းယူခဲ့သည်ကို အတိအကျ မသိရပေ။ မြေယာအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ယခင်အစိုးရလက်ထက် ကော်မတီစတင်ဖွဲ့စည်းသည့်အချိန်မှ ယမန်နှစ်အထိ အသုံးမပြုသော လယ်မြေနှင့် အခြားမြေဧက ၅ သိန်းကျော် (၅၂၆၀၉၆ ဧက) ကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အနက် ၅၀၈၈၅၂ ဧကကို ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ပြည်သူ့လွှတ်တော်တွင် မေးခွန်းတခုကို ဖြေကြားရာ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားခဲ့သည်။
တပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံတဝန်း သိမ်းယူထားသည့် မြေများအနက် မြေဧက ၂ သိန်းကျော်ကို ၂၀၁၃ ခုနှစ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းချိန်မှ စတင်ပြီး တစတစ ပြန်လည်ပေးအပ်ခဲ့ကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ အစောပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်တွင်လည်း မြေယာပြဿနာများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ မြေယာဆိုင်ရာတိုင်ကြားမှု အများအပြားသည်လည်း ဖြေရှင်းရန် ကျန်ရှိနေသေးသည်။ မေလအတွင်း ပအိုဝ်းလယ်သမားများနှင့် စစ်တပ်အကြား ထိပ်တိုက်တွေ့မှုသည် နောက်ဆုံးပေါ်ပေါက်လာသော မြေယာအငြင်းပွားမှုဖြစ်ရပ်ဖြစ်သည်။
၁၉၉၂ ခုနှစ်အထိ ၎င်းတို့ဒေသတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ မရှိခဲ့ဟု ဆီဆိုင်ဒေသခံများက ဆိုသည်။ ယင်းမတိုင်မီက ထိုဒေသကို ဦးအောင်ခမ်းထီ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ပအိုဝ်း အမျိုးသားအစည်းအရုံး (PNO) က ထိန်းချုပ်ထားခဲ့သည်။ PNO က ၁၉၉၁ ခုနှစ် ဧပြီလတွင် တပ်မတော်ခေါင်းဆောင်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်သောအခါ တပ်မတော်တပ်ဖွဲ့များ ထိုဒေသသို့ စတင်ရောက်ရှိလာကြသည်။
PNO သည် ထိုနောက်တွင် ပအိုဝ်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လုံခြုံရေးကိုစီမံသည့် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းလိုက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တပ်မတော် အစိုးရက ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နယ်မြေတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ PNO ခေါင်းဆောင်များသည် တပ်မတော်နှင့် တပ်မတော်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများအဖြစ် ဆက်လက်ရှိနေကြသည်။
၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်းတွင် စစ်တပ်သည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မြို့တော်များကို ဆက်သွယ်သည့် တောင်ကြီး-ဆီဆိုင်-လွိုင်ကော်လမ်း၏ အရှေ့ဖက်နှင့် အနောက်ဖက်မှ မြေဧကပေါင်း ၂၄၀၀ ကျော်ကို သိမ်းဆည်းလိုက်သည်။ ထိုမြေများကို တပ်မတော် ခြေမြန်တပ်ရင်းနှစ်ရင်းဖြစ်သည့် အမှတ် ၄၂၃ နှင့် ၄၂၄ အတွက် အခြေစိုက်စခန်းများ တည်ဆောက်ရန် သိမ်းခြင်း ဖြစ်သည်။ မြေ ၁၅၁ ဧကအတွက် တပ်မတော်က လျော်ကြေးပေးသော်လည်း ကျန်မြေများကိုမူ မြေလွှတ်မြေရိုင်းများအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်က နောက်ထပ်မြေဧက ၂၀၀ ကို ဒေသခံလယ်သမားများထံ ပြန်လည်ပေးအပ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ အဆိုအရ သိရသည်။ ယခုအငြင်းပွားနေသည့် မြေဧက ၁၉၀၀ ကို တပ်က ပြန်လည်စွန့်လွှတ်ခြင်း မရှိသေးပေ။
တပ်မတော်သည် ပြန်လည်ပေးအပ်နိုင်သမျှမြေများကို ပြန်လည်ပေးအပ်ထားပြီး ဖြစ်သောကြောင့် ကျန်မြေများကို ထိုဒေသတွင် တပ်စွဲထားသည့် တပ်ဖွဲ့များအတွက် ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လအစောပိုင်းက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသည်။
တပ်ရင်းများ၏ လုံခြုံရေး၊ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုဝင်များကို ထားရှိရန် အဆောက်အအုံများအတွက် ထိုမြေကို တပ်မတော်က လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
အစိုးရ၏ မြေယာ မူဝါဒအရ တပ်မတော်သည် ပြန်လည်ပေးအပ်ခြင်းမရှိသည့် မြေများအတွက် ဒေသခံများကို လျော်ကြေးပေးရမည်ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွင် မြေယာလျော်ကြေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ကျပ်ငွေသန်း ၇၀၀ ချထားပေးခဲ့သည်။ မေလနှောင်းပိုင်းက ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေအသုံးစရိတ် ချထားရေးကိစ္စဆွေးနွေးစဉ် ကာကွယ်ရေးဝန်ကြီးဌာနက မြေယာလျော်ကြေးပေးသော အခြားအသုံးစရိတ်ခေါင်းစဉ်အောက်မှ နောက်ထပ် ကျပ်ငွေ ၂၁၄၉.၁၈၇ သန်း တောင်းခံသည်။ သို့သော် ထိုငွေကို တပ်မတော်က မစွန့်လွှတ်သော မြေများအတွက် လျော်ကြေးပေးမည် မပေးမည်ကို တပ်မတော်ပြောခွင့်ရသူက ထည့်သွင်းပြောကြားခြင်းမရှိပေ။
ဆယ်စုနှစ်ပေါင်းများစွာ ထွန်ယက်ခဲ့သော မြေများ
၁၉၉၆ ခုနှစ်ကတည်းက ဒေသခံလယ်သမားများသည် မည်သည့် ပြဿနာမျှမရှိဘဲ ထိုမြေများတွင် သီးနှံများ နှစ်စဉ်စိုက်ပျိုးခဲ့သည်ဟု မိုးဘဲ့က ဆိုသည်။ တပ်မတော်ကလည်း လွန်ခဲ့သောလအထိ ထိုမြေတွင် စိုက်ပျိုးရန် လယ်သမားကို ယာယီအဖြစ် ခွင့်ပြုခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော နှစ်တွင်မူ တပ်မတော်က ကျေးရွာများ၏ အချို့အစိတ်အပိုင်းများကို ပိတ်ဆို့ပြီး ထိုမြေများကို တပ်မတော်ကပိုင်သည်ဟုဆိုကာ ကျူးကျော်သူများကို တရားစွဲမည်ဟု ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်။ မိုးဘဲ့ အပါအဝင် ဒေသခံ ၇၀ ကျော်သည် ၂၀၁၉ ခုနှစ် သြဂုတ်လမှ စတင်ပြီး ၎င်းတို့ကို စွဲဆိုထားသည့် အမှု ၄ ခုနှင့် ရင်ဆိုင်နေကြရသည်ဟု ဆီဆိုင်မှ လယ်သမားများကို ကူညီနေသော ပအိုဝ်းလူငယ် နန်းဘို၏ အဆိုအရ သိရသည်။ ရဲတပ်ဖွဲ့သည် ထိုအမှုများကို စုံစမ်းစစ်ဆေးနေသော်လည်း မည်သည့်အမှုကိုမျှ တရားရုံးသို့ တင်သွင်းခြင်း မရှိသေးပေ။
နောက်ဆုံးအမှုဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် စစ်သား ၃၀ ရောက်လာပြီး သီးနှံများကို ဖျက်ဆီးကာ လယ်ထွန်စက်များကို သိမ်းဆည်းသည်။ လယ်သမားကို တရားစွဲမည်ဟု ခြိမ်းခြောက်သည်။ ထိုမြေများတွင် တောင်သူများ ဆက်လက်စိုက်ပျိုးလုပ်ကိုင်သောအခါ တပ်ပိုင်မြေဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ထောင်လိုက်သည်။
နောက်ထပ်ဆိုင်းဘုတ်များတွင် တောင်သူများသည် ဆီဆိုင်ရဲစခန်းတွင် ပုဒ်မ ၄၄၇ အရ တရားစွဲ တိုင်တန်းထားခံရသူများဖြစ်ပြီး အမှုကို တရားရုံးက ဖြေရှင်းပေးသည်အထိ တပ်ပိုင်မြေတွင် စိုက်ပျိုးခွင့်ကို ခွင့်ပြုမည် မဟုတ်ကြောင်း ရေးသားထားသည်။ ထိုသတိပေးချက်ကို မလိုက်နာသူများကို ကျူးကျော်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်းလည်း ထိုဆိုင်းဘုတ်များတွင် ရေးသားထားသည်။
တောင်သူများက သီးနှံစိုက်ပျိုးခြင်းသည် ၎င်းတို့၏ တခုတည်းသော အသက်မွေးဝမ်းကြောင်းဖြစ်သဖြင့် ထိုသို့ဟန့်တားခြင်းကို လက်မခံကြပေ။ စိုက်ပျိုးရန်လည်း အစိုးရထံမှ စိုက်ပျိုးစရိတ်ချေးငွေ ရယူထားပြီးကြောင်း ပြောသည်။
အသုံးမပြုဘဲထားသော ထိုမြေများကို ပြန်ပေးရန်နှင့် ၎င်းတို့၏ မြေယာပိုင်ဆိုင်ခွင့်ကို လေးစားရန် တောင်သူများက စစ်တပ်ကို တောင်းဆိုကြသည်။
“ကျနော်တို့ တောင်သူတွေက သူတို့မြေကို လိုချင်တယ်။ စိုက်ပျိုးစရာ မြေမရှိလို့ သူတို့မြေကို သူတို့ကို ပြန်ပေးဖို့ တောင်းဆိုကြခြင်း ဖြစ်တယ်” ဟု ဆီဆိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက ပြောသည်။
ဇွန်လ ၂ ရက်နေ့တွင် ထိုအငြင်းပွားနေသော မြေတွင် ပင်စုံကျေးရွာအုပ်စုမှ ထီမန်း၊ နောင်လုံ၊ ကောင်းမှုဘွာ ကျေးရွာများ၊ ဆီဆိုင်မြို့နယ် ဟိုခဲရပ်ကွက်နှင့် နောင်ကျောကျေးရွာအုပ်စုမှ မီးသွေးကန်နှင့် ကောင်းသောင်ရိုးကျေးရွာများမှ တောင်သူ ၁၅၀ ခန့် ပြန်လည် စိုက်ပျိုးရန် ထွန်ယက်ကြသည်။
“တောင်သူတွေက ဒီမြေမှာမှ မစိုက်ရင် အကြွေးနွံနစ်မှာ” ဟု ပအိုဝ်း လူငယ် အစည်းအရုံး (PYO) အကြီးအကဲ ခွန်ဦးက ဆိုသည်။ PYO သည် ဒေသခံတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးများအတွက် ကူညီပေးသော အဖွဲ့လည်း ဖြစ်သည်။
ဇွန်လ ၃ ရက်နေ့တွင်မူ PYO အပါအဝင် လူမှုအခြေပြု အဖွဲ့အစည်း ၁၉၀ ကျော်နှင့် ရွာသားများက ကြေညာချက်တစောင်ထုတ်ပြန်ပြီး ထိုမြေများကို ပြန်ပေးရန် တပ်ကို တောင်းဆိုကြသည်။
တင်းမာမှုများ မြင့်မားလာသည့်အခါ ဇွန် ၄ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။ ထို့နောက် သိမ်းဆည်းထားသော လယ်ထွန်စက်များကို ပြန်လည်ပေးအပ်သည်။ သို့သော် ထိုမြေကို ထပ်မံ ထွန်ယက်ခြင်း မပြုရန် ကတိဝန်ခံချက်ကို တောင်သူများက ရဲတပ်ဖွဲ့ထံတွင် လက်မှတ်ထိုးခဲ့ရသည်ဟု မိုးဘဲ့က ဆိုသည်။
နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ကျော်နိုင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တွေ့ဆုံအပြီးတွင် သက်သေအဖြစ် သိမ်းထားသော လယ်ထွန်စက်များ ပြန်ပေးမည်ဟု ကတိပြုခဲ့သော်လည်း တောင်သူများကို မိရိုးဖလာပိုင်မြေတွင် ထွန်ယက်ခွင့်ပေးရန် တောင်းဆိုမှုကို သဘောမတူဘဲ လယ်သမားကို စွဲဆိုထားသည့် အမှုများကို ရုတ်သိမ်းရန်လည်း ကတိပေးခဲ့ခြင်းမရှိဟု ဆိုသည်။
ထို့အပြင် သီးနှံစိုက်ပျိုးခွင့်ရလိုပါက ထိုမြေများကို တပ်ပိုင်မြေအဖြစ် အသိအမှတ်ပြုရန် တိုင်းမှူးက တောင်သူများကို ပြောဆိုသည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဆိုအရ သိရသည်။
ထိုမြေကို ဒေသခံများပိုင်ဆိုင်ကြောင်းနှင့် ထိုမြေသည် ဒေသခံများ ဆက်လက် ရှင်သန်ရေးအတွက် တခုတည်းသော မှီခိုရာဖြစ်ကြောင်းလည်း မိုးဘဲ့နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။
“မှန်မှန်ကန်ကန် လမ်းပဲ ဆက်လျှောက်နေတယ်။ ကျမတို့ မတရားတာ မဟုတ်ဘူး။ ကိုယ့်ခြံကိုယ့်ယာ ကိုယ့်မြေမို့ ဆက်စိုက်နေတဲ့အတွက်ကြောင့် ကျမတို့ ရင်ဆိုင်ဖို့ပဲ။ တရားစွဲလည်း အစွဲခံမှာပေါ့။ ကျမတို့ မြေဖြစ်တယ်။ ဒါအမှန်တရားပဲ” ဟု မိုးဘဲ့ကလည်း ဆိုသည်။
တချိန်တည်းတွင် ထိုအမှုသည် အစိုးရ၏ လယ်ယာမြေစီမံခန့်ခွဲမှု ဗဟိုကော်မတီထံသို့လည်း ရောက်ရှိနေသည်။
ထိုပြဿနာကို ဖြေရှင်းပေးရန်တောင်းဆိုသော စာတစောင်ကို တောင်သူများက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အစိုးရသို့ မေလ ၂၅ ရက်နေ့တွင် ပေးပို့ခဲ့သည်။ တရားဝင်ပြန်ကြားချက်ကိုမူ လယ်သမားက ဇွန်လအစောပိုင်းကအထိ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်သည်။
ဗဟိုကော်မတီသည် ထိုအမှုများကို စဉ်းစားသုံးသပ်နေကြောင်းနှင့် မကြာမီ ထိုဒေသသို့ လာရောက်လေ့လာမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆီဆိုင်သို့ ဇွန် ၇ ရက်က သွားရောက်ခဲ့ချိန်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။
မြေပိုင်ဆိုင်ခွင့် ဆုံးရှုံးနေခြင်း
မြေယာ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်အတွင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခေါင်းဆောင်များကလည်း တင်းမာမှုများ လျှော့ကျစေရန် တတ်နိုင်သမျှ လုပ်ဆောင်နေသည်။
တောင်သူများ၏ စိုးရိမ်ပူပန်မှုများကို ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် သိမ်းဆည်း လယ်မြေများ စိစစ် စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြပေးကာ ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြီးအကဲ ဦးခွန်စန်းလွင်ပြောသည်။
ဇွန်လ ၃ ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တွေ့ဆုံရာတွင် ယခုနှစ်ရာသီတွင် လယ်သမားကို ထိုမြေတွင် ထွန်ယက်ခွင့်ပေးရန် တပ်မတော်ကို တောင်းဆိုကြောင်း ပအိုဝ်းအမျိုးသား အစည်းအရုံး၏ ဥက္ကဋ္ဌလည်းဖြစ်သော ဦးခွန်စန်းလွင်က ဧရာဝတီသို့ ပြောဆိုသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းမှာ ယာယီဖြေရှင်းမှုသာ ဖြစ်ကြောင်းလည်း သူက ဆိုသည်။
လယ်သမားများ၏ စိုးရိမ်ပူပန်မှုများကို အထက်သို့ တင်ပြပေးမည် ဖြစ်ကြောင်းသာ တိုင်းမှူးက ဆိုခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများသည် ကြီးမားသော ပြဿနာအဖြစ် ဆက်လက်တည်ရှိနေသည်။ သိမ်းဆည်းမြေများသည် မြေလွတ်မြေရိုင်းဟု အာဏာပိုင်များက သတ်မှတ်ပြီး ဒေသခံများ၏ မိရိုးဖလာ မြေအသုံးပြုမှုနှင့် ပိုင်ဆိုင်မှု အလေ့အထများနှင့် ဆန့်ကျင်နေသည်။
ဒေသခံများသည် ထိုမြေကို ရွှေ့ပြောင်းတောင်ယာအဖြစ် စိုက်ပျိုးနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း မြေယာပိုင်ဆိုင်ခွင့်စာရွက်စာတမ်း ပုံစံ ၁၀၅ မရှိသဖြင့် မြေပိုင်ဆိုင်ခွင့် ဆုံးရှုံးရသည်။ မြေယာပိုင်ဆိုင်ခွင့် စာရွက်စာတမ်း မရှိသည့်အတွက် သိမ်းဆည်းမြေများကို စစ်တပ်က မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ခြင်းကြောင့် ဖြစ်သည်။
စစ်အစိုးရလက်ထက်တွင် ပအိုဝ်းတောင်ပေါ်ဒေသ၌ ကြေးတိုင်နှင့် မြေခွန်ရုံး မရှိသောကြောင့်လည်း မြေပိုင်ဆိုင်ခွင့် ရရှိရေးမှာ ထိုကာလက ခက်ခဲကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး “(စစ်အစိုးရလက်ထက်) ၁၉၉၆ တုန်းက တပ်က မြေဧက ၂၂၀၀ ထဲက လျော်ကြေးပေးတာ ဧက ၁၅၀ ကျော်ပဲ။ အဲ့တုန်းက ပုံစံ ၁၀၅ ဆိုတာ လုပ်လို့မရဘူး။ ပုံစံ ၁၀၅ မရှိတော့ စာရင်းမပေါက်ဘူး။ ဒါပေမယ့် စိုက်တဲ့လူက ရှိတယ်။ ရွာကို ရှိတာ။ အဲဒီနောင်လုံရွာဆိုရင် တပ်ဧရိယာပါတော့ ရွာတောင်ရွှေ့ပေးရတယ်။ … ကျန်တာ တပ်မတော်စစ်အစိုးရလက်ထက်မှာ စာရင်းဇယား မရှိတော့ လျော်ကြေးမရဘူး။ တိုင်းရင်းသားဒေသမှာ မြေဆိုတာ တနေရာမှာပဲ နှစ်တိုင်းစိုက်လို့မရဘူး။ အဲ့တုန်းကတော့ လူကလည်းနည်းသေး။ မြေကလည်း များသေးတယ်။ တနှစ် နှစ်နှစ် စိုက်ပီးရင် ရွေ့တာ။ ရွှေ့ပြောင်းတောင်ယာပေါ့” ဟု ရှင်းပြသည်။
လယ်သမားများသည် အရပ်သားအစိုးရ၏ မြေယာမူဝါဒသစ်နှင့်အညီ မြေပိုင်ဆိုင်ခွင့်ရယူရန် ကြိုးစားနေကြောင်းလည်း သူကပြောသည်။ ၂၀၁၆ ခုနှစ်က ချမှတ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ မြေယာမူဝါဒသစ်အရ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြေယာအသိမ်းခံရပြီး မြေပိုင်ဆိုင်မှု စာရွက်စာတမ်းမရှိသော လယ်သမားများသည် ရပ်မိရပ်ဖများက အတည်ပြုပေးလျှင် ထိုမြေကို ပိုင်ဆိုင်ခွင့် တောင်းခံနိုင်သည်။ အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို ပအိုဝ်းတောင်သူများ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
တချိန်တည်းတွင် ဒေသခံလယ်သမားများသည် မြေယာပိုင်ဆိုင်နိုင်ခွင့် အခွင့်အရေးကို ပိုမိုနားလည်လာသည့်အတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပေါ်နေသည့် မြေယာ အငြင်းပွားမှုမျိုး တနိုင်ငံလုံးတွင် ဆက်လက်ဖြစ်ပေါ်မည့် အလားအလာ ရှိနေသည်။
လတ်တလော ဆီဆိုင်တွင်မူ မိုးဘဲ့ ကဲ့သို့သော တောင်သူများမှာ သောင်မတင်ရေမကျ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ ၎င်းတို့၏ တိုင်ကြားမှုများအတွက် ပြည်ထောင်စုအဆင့် မြေယာအငြင်းပွားမှု ဖြေရှင်းရေးကော်မတီထံမှ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ရဲတပ်ဖွဲ့ က တရားစွဲလာမည့်အရေးကို ရင်ဆိုင်ကာ နောက်ဆက်တွဲ အခြေအနေကို စောင့်ဆိုင်းနေသူများရှိသကဲ့သို့ ယခုအခါ မိုးရာသီ ကျရောက်လာသောကြောင့် ထိုမြေများတွင် စွန့်စား စိုက်ပျိုးလုပ်ကိုင်နေသူ အချို့လည်း ရှိသည်။
“တပ်မလာခင်ကတည်းက ဒီမြေမှာ တောင်သူစိုက်တယ်။ တပ်ရောက်လာပီးလည်း တောင်သူတွေ စိုက်တယ်။ ယနေ့အချိန်ထိလည်း တောင်သူစိုက်တယ်။ တရားစွဲလည်း အစွဲခံမှာပေါ့” ဟု မိုးဘဲ့က ဆိုသည်။
(Nyein Nyein ၏ “This Is Our Land-and That”s the Truth” :Pa-O Farmers Challenge Myanmar Military ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့