ဆောင်းပါး

ကိုကိုးကျွန်းသို့ တကျော့ပြန်

Want create site? Find Free WordPress Themes and plugins.

မတ်လ ၇ ရက် ၂၀၂၀ ခုနှစ်။ ဒီစိတ်ကူးလေးကို စိတ်ကူးမိတာ အနှစ် သုံးဆယ် လောက်ရှိခဲ့ပါပြီ။ အခုတော့ တကယ်ပဲ လက်တွေ့ အကောင်အထည်ဖော်နိုင်တော့မယ်။

ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ရန်ကုန်တိုင်းအစိုးရက တလတခေါက် အခမဲ့ပို့ပေးမယ်တဲ့။ ဒီသတင်းကို ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်းများထဲက တဦးဖြစ်တဲ့ ဦးကျော်နိုင် (စာရေးဆရာ ထက်မြက်) က ပြောလာပါတယ်။ ကျနော် ဝမ်းသာသွားတယ်။

ဖေဖော်ဝါရီလထဲမှာ ကိုကိုးကျွန်းနိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြတဲ့ ဦးမြအေး၊ ဦးတင်ဝင်း၊ ဦးဇော်လွင်တို့ ၃ ဦးသွားခဲ့ကြတယ်။ ကျနော် အလွန်ပဲ လိုက်ချင်ပါတယ်။ မိခင် KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အဖွဲ့အစည်း နိုင်ငံရေး လုပ်ငန်းတွေနဲ့မို့ မလိုက်နိုင်ခဲ့ဘူး။ ဒုတိယ အခေါက်ကတော့ လိုက်ဖြစ်အောင်လိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။

မတ်လ ၇ ရက်နေ့မှာ ဦးဇော်လွင်နဲ့ ကျနော်တို့နှစ်ယောက်သွားဖြစ်တယ်။ ဒါတောင် ကျနော် ကိုကိုးကျွန်းကို ရောက်နေတဲ့အချိန် မတက်မဖြစ် တက်ရမယ့် UPDJC ( ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) အစည်းအဝေးကျင်းပတော့ တက်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်။ ရှိစေတော့၊ ဒီပွဲတွေက တပွဲတည်းနဲ့ ပြီးမယ့်ပွဲမဟုတ်ဘူး။ ပွဲပေါင်းများစွာ ကျင်းပရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်ကြီးဆိုတော့ တပွဲတလေ လွတ်ပါစေတော့။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့မှာ နိုင်ငံရေး အသွေးအရောင် အမျိုးမျိုးရှိကြတဲ့ နိုင်ငံရေးသမားများ ကျောင်းသားလူငယ်များ အလုပ်သမားများ ၂၃၃ ဦးကို ဦးနေဝင်းအစိုးရက ဖမ်းပြီး ပြည်တော်ညွှန့်သင်္ဘောနဲ့ ပို့ခဲ့တယ်။ အဲဒီအထဲ ကျနော် ပါခဲ့တယ်။ ကိုကိုးကျွန်းမှာ နေထိုင်ခဲ့ရတဲ့ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ ကိုကိုးကျွန်းမှာ အစာငတ်ခံ နိုင်ငံရေးတိုက်ပွဲကြီးတွေ ၄ ကြိမ် တိတိဖြစ်ခဲ့တယ်။

ရက်ပေါင်း ၅၃ ရက် အစာငတ်ခံတိုက်ပွဲ၊ ရက်ပေါင်း ၄၉ ရက် အစာငတ်ခံတိုက်ပွဲ၊ ရက်ပေါင်း ၄၀ အစာငတ်ခံတိုက်ပွဲ၊ ရက်ပေါင်း ၁၅ ရက် အစာငတ်ခံတိုက်ပွဲ၊ အဲ့ဒီလို အစာငတ်ခံနိုင်ငံရေး တိုက်ပွဲကြီးတွေဖြစ်ခဲ့တယ်။ ဒီတိုက်ပွဲတွေမှာ နိုင်ငံရေးအင်အားစု အသီးသီးက ရဲဘော်များ၊ ရဲမေများ၊ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေ ၁၃ ဦး ကိုကိုးကျွန်းမှာ ကျဆုံးခဲ့ကြတယ်။

ဒီကျဆုံးသွားခဲ့တဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးပြီး အလှူအတန်း လုပ်ပေးချင်တယ်။ ဒီဆန္ဒ ဒီစိတ်ကူးဟာ ဟိုးလွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက စိတ်ကူးရှိခဲ့တယ်။ အခုတော့ ကျနော့်ဆန္ဒပြည့်ဝပါတော့မယ်။ ဦးကျော်နိုင် ဒီသတင်းကို ပြောလာကတည်းက ကျနော့်စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။

အလှူလုပ်ပေးဖို့အတွက် ပရိက္ခရာရှစ်ပါးကို ဝယ်တယ်။ ကန်တော့ပွဲအတွက် လိုအပ်တာတွေ ဝယ်ယူ စုဆောင်း တယ်။ တကယ်သွားဖို့လုပ်တဲ့အခါကျတော့ ကျနော်တယောက်တည်း ဖြစ်နေတယ်။ တယောက်တည်းဆို အထီးကျန် ခြောက်ကပ်ကပ်နဲ့ မဖြစ်ဘူး။ ဦးကျော်နိုင်တို့ ဦးတင်ဝင်းတို့ ဦးမြအေးတ်ို့ကို တယောက်ယောက် နောက်ထပ် အဖော်လိုက်ပေးဖို့ အကူအညီတောင်းရတယ်။

၁၉၆၉ ခုနှစ်ကနေ အခု ၂၀၂၀ ခုနှစ်အထိဆိုရင် အနှစ် ၅၀ တောင်ရှိခဲ့ပြီ။ ကျနော်က ဒီနှစ်ကာလတွေ အတွင်းမှာ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အယောက် ၅၀ လောက်တော့ ရှိဦးမယ်လို့ ထင်ခဲ့တယ်။ ဦးကျော်နိုင် စာရင်းလိုက်လံ ကောက်ယူတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ၃၀ ကျော်ပဲ ရှိတော့တယ်တဲ့။

ဦးကျော်နိုင်ကိုလည်း အကူအညီတောင်းရတယ်။ ကျနော်နဲ့အတူ အဖော်လိုက်ဖို့အတွက် ဘယ်သူများရှိမလဲပေါ့။ ဦးကျော်နိုင် ပြန်အကြောင်းကြားတဲ့ သတင်းကတော့ အားရှိစရာပဲ။ ဒီနိုင်ငံရေးအကျဉ်းသားဟောင်း ၃၀ ကျော်ထဲက အများစုဟာ အိုမင်းမစွမ်းတွေက အများစုပဲတဲ့၊ မလိုက်နိုင်ကြဘူး။ ကျွန်းပြန် နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများဟာ ဘဝလောကဓံ၊ နိုင်ငံရေး လောကဓံတွေရဲ့ အထုအထောင်း အနိပ်အစက်ဒဏ်တွေကြောင့် အခုလို လက်တွေ့ဘဝတွေက မသန်မစွမ်းနိုင်တော့တာ သဘာဝ ယုတ္တိရှိတယ်လို့ပဲ မှတ်ယူရတော့မှာပဲ။

ကျနော် ထပ်ပြီးတော့ အကူအညီတောင်းရတယ်။ အများစုမလိုက်နိုင်လည်း သွားပြီးသား သုံးယောက်ထဲက တယောက်ယောက်တော့ ထပ်ပြီး ကျနော်နဲ့လိုက်ပေးပါလို့။ ပထမ တခေါက် သွားပြီးခဲ့တဲ့ သုံးယောက်ထဲက တယောက်လောက် အဖော်လိုက်ပေးဖို့ ပြောယူရတယ်။ ကိုကိုးကျွန်းကို အလှူသွားလုပ်တာ တယောက်ထဲဆိုရင် အတော့်ကို မတင့်တယ်တဲ့ကိစ္စပဲ။ ဦးဇော်လွင်က အဖော်လိုက်ပေးပါမယ်တဲ့။ ကျန်နှစ်ယောက်ကတော့ ဆင်ခြေဆင်လက် အကြောင်းပြချက်တွေနဲ့ မလိုက်နိုင်ကြတော့ဘူး။ ကိစ္စမရှိဘူး။ ဦးဇော်လွင်တစ်ယောက် အဖော်ပါရင် တော်ပါပြီ။

လှိုင်းများကို ကျော်ဖြတ်ခြင်း

မတ်လ ၇ ရက်နေ့ မနက် ၇ နာရီလောက်ကတည်းက ကြယ်ငါးပွင့်သင်္ဘောဆိပ်ကမ်းကို ရောက်တယ်။ ဧည့်ခန်းနားနေဆောင်မှာ ဦးဇော်လွင်နဲ့ ကျနော် ရောက်နေတယ်။ နာရီဝက်လောက်ကြာတော့ ဦးတင်ဝင်းရောက်လာပြီး နှုတ်ဆက်တယ်။ သတင်းမီဒီယံသမားတွေလည်း လာပြီးမေးကြ၊ သတင်းယူကြတယ်။ မုဒိတာစကားတွေပဲ ပြောလိုက်ပါတယ်။

လိုက်ရမယ့် သင်္ဘောက သဟာပတိ အမည်ရတဲ့ သင်္ဘောဖြစ်တယ်။ ၁၀ နာရီလောက်မှာ သင်္ဘောပေါ်ကို တက်ဖို့ ဧည့်ခန်းဆောင်မှာ ကျန်းမာရေးစစ်ဆေးမှုနဲ့ အခြားလိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး သင်္ဘောပေါ် တက်ခဲ့တယ်။ သင်္ဘောကတော့ ကမ်းထိုး ကုန်တင်သင်္ဘောဝမ်းပြား သင်္ဘောမျိုးပါ။ သင်္ဘောကိုကြည့်ပြီး ကျနော် အရမ်းအံ့သြသွားတယ်။ သင်္ဘောကြီးက သံချေးတွေတက်ပြီးတော့ လက်ရာကလည်း အင်မတန်ကြမ်းတယ်။ ဒုတိယ ကမ္ဘာစစ် လက်ကျန်သင်္ဘောလို့ပဲ ထင်တယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ က ဒီပင်လယ်ပြင်ကို လှေငယ်တစီးနဲ့ ဖြတ်ခဲ့ဖူးတယ်/မန်းငြိမ်းမောင်

မနက် ၁၀ နာရီခွဲလောက်မှာ သင်္ဘောစပြီး ထွက်တယ်။ သင်္ဘောထွက်ဖို့ စက်နှိုးလိုက်တော့ အင်မတန် ပြင်းထန်တဲ့အသံနဲ့ ဆူညံတဲ့အသံဟာ နားမခံနိုင်လောက်အောင် ခံရခက်တယ်။ နှလုံးရောဂါ ရှိတဲ့လူဆိုရင် တခုခုဖြစ်သွားနိုင်တယ်။ နောက်ထပ်ပြသနာတခုကတော့ အင်မတန်ညှော်ပြီး အနံ့ပြင်းထန်လှတဲ့ သဘောင်္စက်ဆီ အနံ့့ဆိုးပဲ။ သာမန်ခရီးသည်တွေကို သဘောင်္ဝမ်းခေါင်းထဲမှာ နေရာချထားပြီးတော့ အနည်းစုကိုတော့ သဘောင်္ရဲ့ပဲ့ပိုင်းမှာ အထပ်ခိုးလေးတခု ရှိပြီးတော့ အခန်းတွေ လေးခန်းလောက် အခန်းဖွဲ့ထားတယ်။ အဲ့ဒီအခန်းတွေကို VIP အခန်းတွေလို့ခေါ်တယ်။ ကျနော်နဲ့ ဦးဇော်လွင်ကို အဲ့ဒီ VIP အခန်းဆိုတဲ့နေရာမှာ နေရာချထားပေးတယ်။

အတွေ့အကြုံကတော့ အသစ်ပဲ။ ၁၉၆၉ ခုနှစ်တုန်းက ပြည်တော်ညွှန့်သင်္ဘောဝမ်းခေါင်းရဲ့အောက်ထပ်မှာ အခန်းအလုံပိတ် ထည့်ထားခံရတယ်။ အခု ဒုတိယအခေါက်မှာတော့ လွတ်လပ်မှုတော့ရှိပါတယ်။ သင်္ဘောစက်ဆီ အနံ့ ကတော့ မခံနိုင်လောက်အောင်ပဲ။ ရန်ကုန်မြစ်ထဲကနေ ရေကြောင်းလမ်းပြနဲ့ တရွေ့ရွေ့ ထွက်လာတယ်။ ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြစ်ဝ (ပင်လယ်ဝ) ကို ရောက်လာတယ်။ ရေကြောင်းလမ်းပြတွေ နားနေတဲ့ရေပေါ်အဆောက်အဦးကို လာကြိုတဲ့သင်္ဘောနဲ့ ရေကြောင်းလမ်းပြက လိုက်ပါသွားပြီးနောက်မှာတော့ သဟပတိသင်္ဘောရဲ့ ဦးစီးမှူးက ကိုယ်တိုင်ဦးစီးပြီးမောင်းနှင်နေတော့တယ်။

ရန်ကုန်မြစ်ထဲက ထွက်လာခဲ့တဲ့လမ်းတလျှောက်လုံးမှာ ရေတွေက ရွံ့နှစ်ရောင်ရေတွေကြီးပဲ။ အခုပင်လယ်ဝကိုရောက်လာတော့ ပင်လယ်ရေပြာကို စတွေ့ရတယ်။ နေဝင်ဖြိုးဖြမှာ လေတိုက်နှုန်း အတော်လေးပြင်းလာတယ်။ လေကနည်းနည်း ပြင်းလာတော့ လှိုင်းက အတော်လေးကြီးလာတယ်။ သင်္ဘောက ဝမ်းပြားကြီးဆိုတော့ လှိုင်းတွေပေါ်မှာ ပုခက်လွဲသလိုပဲ အတော့်ကို မသက်မသာနဲ့ လိုက်ပါစီးနင်းခဲ့ရတယ်။

နေဝင်ခါနီးမှာတော့ ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ပြင်ကြီးထဲကို ရောက်လာပါတယ်။ မှောင်စလည်းပြိုးလာပြီ။ ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက် ကမ်းမမြင်လမ်းမမြင်တဲ့ မြင်ကွင်းကြီးပဲ။ ထူးထူးဆန်းဆန်း အတွေးတခုဝင်လာတယ်။

ငါဟာ လွန်ခဲ့တဲ့အနှစ် ၅၀ တုန်းက အခုလို ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ပြင်ကို တကိုယ်တော် ဖြတ်ခဲ့တဲ့ စွန့်စားမှုတခုကို လုပ်ဆောင်ခဲ့ပါလားဆိုတာပါ။ တဆက်တည်းမှာပဲ နောက်ထပ် နက်ပြာ မဲမှောင်နေတဲ့ ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ပြီးတော့ ကျောထဲက စိမ့်ပြီး အလိုလိုကြောက်လာတယ်။ ကိုယ့်ကိုယ်ကိုလည်း အံ့သြမိတယ်။ လွန်ခဲ့တဲ့ အသက် ၂၀ ကျော်တုန်းက စိတ်ဓါတ်နဲ့ အခုအသက် ၇၀ ကျော်လာတဲ့ စိတ်ဓာတ် ကွာခြားသွားပုံကိုလည်း အံ့သြခြင်းမက အံ့သြလွန်းလှတော့တယ်။

ဟိုတုန်းကတော့ အသက် ၂၀ ကျော် လူငယ်တယောက်ရဲ့ စိတ်ဓာတ်မျိုးနဲ့ စွန့်စားရဲတဲ့စိတ်၊ ဆုံးဖြတ်ချက်ကျရင် ဘယ်အရာကိစ္စမဆိုဆောင်ရွက်ရဲတဲ့စိတ်။ ကိုကိုးကျွန်း နိုင်ငံရေး အကျဉ်းစခန်းမှာတုန်းက တည်ဆောက်ခဲ့တဲ့ နိုင်ငံရေး အတွေးအခေါ်တွေကလည်း ကိုယ်ကျိုးစွန့်ရမယ်။ အနစ်နာခံရမယ်။ ဒီလိုတွေကိုး။ ကျွန်းကျတွေထဲ ပါလာတဲ့ စာရေးဆရာ ဦးမြသန်းတင့်က ကျနော်တို့လူငယ်တွေကို အခါများစွာ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ခင်ဗျားတို့လူငယ်တွေဟာ တော်လှန်ရေးသမားကောင်းတယောက် ဖြစ်လာဖို့ဆိုရင် တော်လှန်ရေးရဲ့ မိုးသက်မုန်တိုင်းထဲမှာ ဖြတ်သန်းရမယ်။ တော်လှန်ရေးထဲမှာ သံသားလို ခိုင်မာနေရမယ်တဲ့။

ကျွန်းမှာတုန်းက နားထဲမှာ စွဲခဲ့ရတဲ့ သန္နိဌာန်ချ အသက်စွန့်ရန် မကြောက် အခက်အခဲဖယ်ရှား အောင်ပွဲအရယူ ဆိုတဲ့ကြွေးကြော်သံမျိုး၊ ရဲရင့်တဲ့ သန္နိဌာန်ဟာ တောင်ကိုဖြို ပင်လယ်ကို မှောက်လှန်ပစ်နိုင်တယ်ဆိုတဲ့ ကြွေးကြော်သံမျိုး၊ ဒါတွေဟာ အမြဲတမ်းကြားနေရတယ်။ နောက်ပြီးတော့ ကိုကိုးကျွန်း နိုင်ငံရေး အကျဉ်းစခန်းမှာတုန်းက နိုင်ငံရေးပါတီတွေကလည်း အသွေးအရောင် အင်မတန်စုံတယ်။ စကားကြီး စကားကျယ်တွေ ပြောကြ ဆိုကြတာတွေဟာလည်း နေ့စဉ်နဲ့အမျှ မကြားချင်အဆုံးပဲ။ ပါတီတွေကလည်း ခေါင်းဆောင်မှုရရှိဖို့ အပြိုင်အဆိုင် လုံးပန်းကြတယ်။

အမှောင်ထုထဲမှာ နှေးကွေးစွာ ဖြတ်သန်းနေတဲ့ သင်္ဘောကြီးပေါ်မှာ ကိုကိုးကျွန်းရဲ့ အတိတ်က အတွေးပုံရိပ် တွေဟာ တခုပြီးတခုပေါ်လာကြတယ်။ ကိုယ်ကျိုးစွန့်သွားကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ရုပ်ပုံလွှာတွေကလည်း အထင်အရှားပီပြင်စွာ အတွေးအာရုံမှာ ပေါ်လာကြတယ်။

ကျနော်တို့ စီးနင်းလိုက်ပါလာတဲ့ သင်္ဘောရဲ့အပေါ်ထပ် ဧည့်ခန်းလေးထဲမှာ ကျနော်နဲ့ ဦးဇော်လွင်တို့ဟာ ဆူညံနေတဲ့ သင်္ဘောစက်သံနဲ့ သင်္ဘောစက်ဆီ ညော်နံ့့တွေကြောင့် ပင်ပန်းစွာ မသက်မသာနဲ့ လိုက်ပါလာခဲ့ရတယ်။ အိပ်လို့လည်းသိပ်မပျော်ဘူး။ စကားပြောရင်လည်း သင်္ဘော စက်သံရဲ့ ဆူညံတဲ့အသံကြောင့် အသံကိုမြင့်ပြီးပြောရတယ်။ အတိတ်ရဲ့ နုပျိုစဉ်တုန်းက ရှေးဟောင်းနောက်ဖြစ်တွေ ပြောဖြစ်ကြတယ်။

ပင်ပန်းစွာနဲ့ တညတာကို ဖြတ်သန်းပြီးတဲ့နောက် နောက်တနေ့ မတ်လ ၈ ရက်နေ့ကို ရောက်ရှိလာပါတယ်။ လွန်ခဲ့တဲ့အနှစ် ၅၀ ပြည်တော်ညွန့် သင်္ဘောနဲ့ ကိုကိုးကျွန်းကို ပို့ခြင်းခံခဲ့ရစဉ်တုန်းက မွန်းကြပ် လှောင်ပိတ် နေတဲ့ သင်္ဘောဝမ်းခေါင်းထဲကနေ လိုက်ပါခဲ့ရစဉ် နောက်တနေ့အခုလို နေ့ရက်မျိုးမှာ အပြင်ဖက် ပင်လယ်ပြင်ကို ကြည့်လိုက်တော့ ဆုံးစမထင်တဲ့ ပင်လယ်ပြင်ကြီးကိုမြင်တွေ့ရတယ်။ ပင်လယ်ပြင်ပေါ်မှာ ကိုက် လေးငါးဆယ်လောက် ပျံသန်းနိုင်တဲ့ ပင်လယ်ငါးပျံတွေ၊ တလံလောက်ရှိတဲ့ ငါးမန်းအုပ်တွေနဲ့ သိန်းသန်းချီ အကောင် မရေမတွက်နိုင်တဲ့ ဧရာမငါးအုပ်ကြီးတွေကို တွေ့ခဲ့ရတယ်။ အခု အနှစ် ၅၀ ကြာလာတဲ့ အခုကာလမှာတော့ အဲ့ဒါတွေဟာ တခုမှ မတွေ့ရှိရတော့ပါဘူး။

ငြီးငွေ့ဖွယ်ရာ တနေ့တာကို ပင်ပန်းစွာ လိုက်ပါခဲ့ရပြီးတဲ့နောက် ဒုတိယညကို ရောက်လာခဲ့ပြန်ပါတယ်။ ဦးဇော်လွင်နဲ့ ကျနော်တို့နှစ်ယောက်ဟာ အသက်အရွယ်အရ သက်တောင့်သက်သာမရှိတဲ့ သင်္ဘောစီး လာခဲ့ရတဲ့အတွက် ပင်ပန်းတဲ့ဒဏ်ကို အတော်ခံရပါတယ်။

ပြန်လည် ခြေချခြင်း

တတိယမြောက် မတ်လ ၉ ရက်နေ့ မနက်မှာ ကိုကိုးကျွန်းကို ရောက်တော့မယ်ဆိုတဲ့ အသိကြောင့် ပင်ပန်း နွမ်းနယ်မှုတွေလည်း အတော်လေးပြေပျောက်ပါတယ်။ မနက် ၁၀ နာရီလောက်မှ ကိုကိုးကျွန်းရဲ့ မြောက်ဖက်ဖျား အရှေ့ ဖက်ကမ်းခြေကို သဟပတိသင်္ဘောဟာ ဆိုက်ကပ်ပါတယ်။ သင်္ဘောပေါ်ကို သက်ဆိုင်ရာ ကျွန်းအာဏာပိုင်အဖွဲ့တွေ တက်လာပြီး နာမည်စစ်၊ ကျွန်းပေါ်ကို တဦးချင်း ဆင်းသက်စေပါတယ်။ ကိုကိုးကျွန်းကိုအသွား သင်္ဘောပေါ်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးအမတ် ဦးအောင်နိုင်နဲ့ ရင်းနှီးလာကြပါတယ်။ ကျနော်တို့က လာတဲ့ရည်ရွယ်ချက်ကို ပြောပြပြီး လိုအပ်တဲ့ အကူအညီပေးဖို့ အကူအညီတောင်းခံခဲ့တယ်။ လိုအပ်တဲ့အရာကို ကူညီပေးမယ်လို့လည်း သူကလိုလိုလားလားပဲပြောပါတယ်။

ကိုကိုးကျွန်းကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ဦးဇော်လွင်၊ ဦးတင်ဝင်း နှင့် ဦးမြအေးတို့ ပထမတခေါက်လာတုန်းက ကျွန်းရဲ့ဧည့်ရိပ်သာမှာ နေရာချထားပေးတယ်။ အခု ကျနော်တို့ လာတဲ့အခေါက်မှာတော့ ထူးခြားမှုလည်း ရှိ၊ ရှုပ်ထွေးမှုလည်းရှိတယ်။ ဒီတခေါက်ခရီးစဉ်မှာ သင်္ဘောပေါ်မှာ အတူလိုက်ပါလာတဲ့ ခရီးသည်တွေထဲမှာ ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်တွေ၊ NLD ပါတီက ကိုယ်စားလှယ်တွေ၊ ဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တွေ ပါလာကြတယ်။ လူတွေစုံလှတဲ့အတွက် ကျွန်းအာဏာပိုင်တွေက ရိပ်သာမှာ တဲခိုခွင့်မပေးတော့ပါဘူး။ ကျွန်းရဲ့ဘုန်းတော်ကြီးကျောင်း တောင်ပေါ်မှာ ဆောက်လက်စ မပြီးသေးတဲ့ ဓမ္မာရုံမှာ နေရာချတယ်။

ကျဆုံးသူများကို ရည်စူး လှူဒါန်းဖို့ ကိုကိုးကျွန်းပေါ် ပြန်ပြီး ခြေချခဲ့တယ်/မန်းငြိမ်းမောင်

ဦးဇော်လွင်နဲ့ ကျနော်တို့နှစ်ယောက်ကို ဦးအောင်နိုင်က ကားနဲ့လာကြိုသွားပြီး သူ့အိမ်မှာ နေရာချ တည်းခိုခွင့်ပေးပါတယ်။ မနက် ၁၁ နာရီလောက်မှာ ကျွန်းပြည်ခိုင်ဖြိုးပါတီရုံးမှာ နေ့လည်စာနဲ့ ကျွေးမွေးဧည့်ခံပါတယ်။ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးဆီကို ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း နှုတ်ဆက်ပါတယ်။ ဦးခင်မောင်စိုးကလည်း ကျနော်တို့ကို လိုအပ်တဲ့ အကူအညီပေးဖို့ ကျွန်းပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များကို ညွှန်ကြားပါတယ်။

ကျွန်းကိုလာပြီး အလှူလုပ်ဖို့စဉ်းစားတုန်းက ကျနော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းနေထိုင်ခဲ့တဲ့ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းစခန်းဟောင်းမှာ ကျွန်းက ဘုန်းတော်ကြီးတွေကို အကျဉ်းစခန်းဟောင်းကို ပင့်ပြီး အလှူလုပ်ပေးချင်တယ်။ ဒါပေမယ့် ကျွန်းအာဏာပိုင်များက ခွင့်မပြုပါဘူး။ ခွင့်မပြုတဲ့အပြင် ကျွန်းအာဏာပိုင်များက အရိပ်တကြည့်ကြည့်နဲ့ သွားလေရာနောက်ကို တကောက်ကောက် ထပ်ချပ်မကွာ လိုက်ပါစောင့်ရှောက်ပေးပါတော့တယ်။

အကျဉ်းအကျပ်ထဲက စိတ်ချမ်းသာစရာလည်း ကြုံခဲ့ရပါတယ်။ မူလအလှူလုပ်ချင်တဲ့အစီစဉ်ဟာက သံဃာတော်တွေပင့်ပြီးတော့ ပရိက္ခရာရှစ်ပါး၊ ကန်တော့ပွဲ လေးနဲ့ အကျဉ်းရုံး အလှူလုပ်ပေးဖို့ပါပဲ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ရန်ကုန်တိုင်း ဥက္ကဋ္ဌက လိုအပ်တဲ့အကူအညီပေးပါလို့ ကျွန်းပါတီကို ညွှန်ကြားတဲ့အတွက် သင်္ဘောပေါ်မှာ အတူလိုက်ပါလာတဲ့ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တောင်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးလွင်ဦးက ပရိတ်သတ် ၅၀ စာအတွက် ကျွေးမွေးဧည့်ခံဖို့ စီစဉ်ပေးပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာ ကိုကိုးကျွန်းရဲ့ ဘုန်းတော်ကြီးကျောင်းမှာ စည်စည်ကားကားနဲ့ ကျွန်းမှာ ကျဆုံး သွားခဲ့ကြတဲ့ ရဲဘော် ၁၃ ဦးကို ရည်စူးပြီး အလှူအတန်းကို ဝမ်းမြောက်ဝမ်းသာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ကျနော်နဲ့ ဦးဇော်လွင်တို့နှစ်ဦးဟာ ဒီအလှူလေးလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျေနပ်အားရမှုလည်း ရှိခဲ့ပါတယ်။ ဒီအတွက် အစစ အရာရာ စောင့်ရှောက်ကူညီပေးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကို အထူးကျေးတင်မိပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ မူလရည်မှန်းထားတဲ့ အလှူပေးချင်တဲ့ကိစ္စလည်း ပြီးမြောက်အောင်မြင်သွားပြီးပြီဆိုတော့ ရက်အားဖြစ်ပါတယ်။ ဦးအောင်နိုင်ရဲ့ ကျွန်းအာဏာပိုင်များနဲ့ ညှိုနှိုင်း စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ကျနော်တို့ တကျွန်းကျစဉ်တုန်းက ကျနော်တို့ နာမည်ပေးထားတဲ့ အလယ်စတို (ဆန်သန့်-ဆန်ဟောင်း ဆန်အောက် တွေကို သန့်ရတဲ့အတွက် ဆန်သန့်)လို့ အမည်ပေးထားတဲ့ နေရာလေးဆီ ပြန်ရောက်ဖြစ်တယ်။ နေရာလေးက ကမ်းခြေက လခြမ်းကွေး သဏ္ဍာန် သဲသောင်နဲ့ လှပသန့်ပြတ်တဲ့နေရာလေးပါ။ အခုနေရာက ကျွန်းရဲ့ မြောက်ဖက်ကနေ ကျွန်းရဲ့တောင်ဖက် နိုင်ငံရေးအကျဉ်းစခန်းဟောင်း (အခုတော့ ခုနှစ်မိုင်) အထိ ခရီးတဝက်လောက်မှာ ရှိပါတယ်။ အခုတော့ ကျွန်း အရှေ့ဖက် ကမ်းခြေအတိုင်း ကျွန်းကိုပတ်တဲ့ ကတ္တရာလမ်းကို ဖောက်ထားပါတယ်။

ကာလကြာမြင့်စွာ ကိုကိုးကျွန်းက ပင်လယ်ရေကို ချိုးချင်ခဲ့တဲ့ဆန္ဒတွေ ဒီကမ်းခြေပြန့်ပြန့်လေးမှာ ပြည့်ဝသွားခဲ့ပါတယ်။ ပင်လယ်ရေကို တဝချိုးခွင့် ရခဲ့ပါတယ်။ ဦးအောင်နိုင်စီစဉ်ပေးတဲ့ အုန်းရေကိုလည်း တဝသောက်ခွင့်ရခဲ့ပါတယ်။ ကိုကိုးကျွန်းအုန်းရေဟာ ထူးခြားပါတယ်။ လေးလေးပင်ပင်နဲ့ အရသာထူးပါတယ်။ ကိုကိုးကျွန်းကိုပြန်ရောက်တဲ့ အချိန်ကာလတိုအတွင်း ကိုကိုးကျွန်းက ပင်လယ်ရေကို သုံးကြိမ်ချိုးခဲ့ရပါတယ်။ ကိုကိုကျွန်းက ပင်လယ်ရေကို တောင့်တောင့်တတနဲ့ ချိုးချင်ခဲ့တဲ့ဆန္ဒဟာ ဘယ်လောက်ပြင်းပြနေခဲ့သလဲဆိုရင် ပင်လယ်ရေကို ချိုးပြီးတိုင်း ရေချိုနဲ့ပြန်မချိုးပါဘူ။း တကယ်က ပင်လယ်ရေဆိုတာ ချိုးပြီးရင် ကပ်စီးကပ်စီးနဲ့နေလို့ မပျော်ပါဘူး။ ကျနော်ကတော့ ပင်လယ်ရေ ကပ်စီးစီးနဲ့ လိမ်းကျံထားတဲ့ ကိုယ်ခန္ဓာနဲ့ နေရထိုင်ရတာက နေလို့ ထိုင်လို့ အင်မတန်ပျော်ပါတယ်။

လွမ်းတမြေ့မြေ့

မတ်လ ၁၂ ရက်နေ့မှာတော့ ကျနော်တို့ ပြန်ရတော့မှာဖြစ်ပါတယ်။ မနက် ၈ နာရီ ခွဲမှာ ကမ်းခြေမှာ ဆိုက်ကပ်ထားတဲ့ သဟာပတိ သင်္ဘောပေါ်ကို တက်ခဲ့ပါတယ်။ သင်္ဘောပေါ်ကနေ ကျွန်းမကြီးကိုပြန်ကြည့်ပါတယ်။ ကျွန်းတို့ရဲ့ သဘာဝ အတိုင်း လှပသာယာပြီးတော့ ရှုမောဖွယ်ရာဖြစ်ပါတယ်။ သင်္ဘောပေါ်ကနေ လှမ်းပြီးမြင်နေရတဲ့ ကိုကိုးကျွန်းရဲ့ အရှေ့ဖက်ကမ်းခြေကို ဓာတ်ပုံရိုက်မှတ်တမ်းပြုခဲ့ပါတယ်။

ကျွန်းတိုက်ပွဲမှာ ကျဆုံးသွားသူများအတွက် အလှူ/မန်းငြိမ်းမောင်

ကျွန်းရဲ့တောင်ဘက်ဖျား အဆုံး မှုန်ပျပျသာ လှမ်းမြင်နေရတဲ့ ဂျယ်ရီကျွန်းဘက်ကိုလည်း ငေးမောရင်း အတိတ်ကို ပြန်မြင်ယောင်ပါတယ်။ ကိုကိုးကျွန်းရဲ့တောင်ဘက်ဖျားအဆုံးမှာ ရေလက်ကြားလေးတခု ခံပြီးတော့မှ တဆက်တည်း တည်ရှိနေတဲ့ ဒီကျွန်းကလေးမှာ လှေတစင်းကို ကျနော်တို့ လျှို့ဝှက်စွာနဲ့ တည်ဆောက်ခဲ့တယ်။ အဲဒီလှေကလေးနဲ့ ဘင်္ဂလား ပင်လယ်ပြင်ကို အဖော် ၂ ယောက်နဲ့ ဖြတ်သန်းခဲ့တယ်။ ဒီဂျယ်ရီကျွန်းကလေးကိုလည်း သွားကြည့်ချင်တဲ့ ဆန္ဒလည်းမပြည့်ဝခဲ့ပါဘူး။ ကိုကိုးကျွန်းမှာ အကန့်အသတ်တွေက အင်မတန်များပါတယ်။ ကိုကိုကျွန်းဟာ ကျနော်တို့တိုင်းပြည်ရဲ့ ရေပိုင်နက် လုံခြုံရေးအတွက် အင်မတန် အရေးကြီးပြီးတော့ မဟာဗျူဟာအရလည်း အလွန်အရေးပါ ပါတယ်။

သဟာပတိ သင်္ဘောဟာ သူတင်ဆောင်သွားရမယ့် ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို တင်ဆောင်ပြီးသွားချိန် ၁၀ နာရီခွဲ လောက်မှာ ကမ်းကနေ ခွာခဲ့ပါတယ်။ ကိုကိုးကျွန်းကို မဝသောကြည့်ခြင်းဖြင့် မမှိတ်မသုန်ကြည့်ခဲ့ပါတယ်။ သင်္ဘောဟာ တဖြည်းဖြည်းနဲ့ ကျွန်းနဲ့ဝေးဝေးလာခဲ့ပါပြီ။ မြင်ကွင်းကနေပျောက်သွားတဲ့အထိ မဝသောကြည့်ခြင်းဖြင့် ကြည့်ခဲ့ပါတယ်။ ရင်ထဲ နှလုံးသားထဲမှာ ဖော်မပြနိုင်တဲ့ ဝေဒနာများစွာကို လွမ်းတမြေ့မြေ့နဲ့ ခံစားရင်း ကျွန်းကနေ အပြန်ခရီးကို ဆက်ခဲ့ပါတယ်။

ငါတို့သည် ဤကျွန်းသို့ အဓမ္မ ပို့ဆောင်ခြင်းခံခဲ့ကြရ၏။ ငါတို့၏ဆန္ဒမပါပဲ နေထိုင်ခဲ့ကြရ၏။ ငါတို့သည် အာဏာပိုင်တို့၏ အထွေထွေ ဖိနိပ်မှုများကို စည်းလုံးညီညွှတ်သောအားဖြင့် အံတုဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြ၏။ ငါတို့သည် ကိုယ်ကြိုးစွန့်ခဲ့ကြ၏။ ငါတို့ သည် ပြည်သူတို့အား အလုပ်အကျွေးပြုခဲ့ကြ၏။ ငါတို့သည် အဖိနိပ်ခံဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူတို့၏ တော်လှန်သော သမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင်ခဲ့ကြ၏။ ကိုကိုးကျွန်းတွင် ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့ကြသော ကိုကိုးကျွန်း အာဇာနည်သူရဲကောင်းတို့၏ တော်လှန်သောသမိုင်းသည် ဥဒါန်းတွင်ပါစေသတည်း။

ကျွန်းတိုက်ပွဲမှာ ကျဆုံးသွားသူများအတွက် အလှူ/မန်းငြိမ်းမောင်

နှစ်ပေါင်း ၅၀ ပင် ကြာခဲ့ငြားသော်လည်း ရဲဘော်ဖိုးသံချောင်းတို့ မန္တလေးက ရဲဘော်တသိုက် ပြည်တော်ညွှန့်သင်္ဘောပေါ်တွင် သီဆိုကြွေးကြော်ခဲ့ကြသည့် တော်လှန်သည့် သီချင်းများကို ကြားယောင်နေဆဲပင်။

ကိုကိုးကျွန်းနိုင်ငံရေးအကျဉ်းစခန်းတွင် ကျဆုံးခဲ့ကြသည့် ရဲဘော်ရဲနီများ၏ စာရင်း
၁) ရဲဘော်သိန်းကြည် (အမှုထမ်း)
၂) ရဲဘော်ချစ်ဆွေ (မဲကြီး) ပြည်ကျောင်းသားခေါင်းဆောင်
၃) ရဲဘော်အုန်းမော် (ရေတပ်)
၄) ရဲဘော်စိန်ချင်း (အလုပ်သမား)
၅) ရဲဘော်ထွန်းမြင့် (အမှုထမ်း)
၆) ရဲဘော်လေးမောင် (မန္တလေး တ က သ)
၇) ရဲဘော်ကိုလတ် (ခ) မောင်မောင်စိုး (မန္တလေး တကသ)
၈) ရဲဘော်ထွန်းဝင်း (လေတပ်)
၉) ရဲနီဘိုကြူ
၁၀) ရဲနီတင်ငြိမ်း
၁၁) ရဲနီမြင့်သိန်း
၁၂) ရဲနီနယ်လင်း
၁၃) ရဲဘော်ထွန်းရှိန် (မသုံးလုံးခရိုင်ခေါင်းဆောင်)

(မန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံးတွင် ဗဟိုကော်မတီဝင် တဦးဖြစ်သည်။ ကိုကိုးကျွန်းမှ လှေငယ်တစီးဖြင့် ပင်လယ်ဖြတ် ထွက်ပြေးသော သူ၏အတွေ့အကြုံကို “မုန်တိုင်းကိုဆန်၍ ပင်လယ်ပြင်ကို ဖြတ်သောအခါ” အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ဖူးသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading