ဆောင်းပါး

ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာ

Want create site? Find Free WordPress Themes and plugins.

“အခုတော့ ဘယ်မှလည်း မသွားချင်တော့ဘူး။ ကိုယ့်မိသားစုနဲ့ပဲ တကျပ်ရရ၊ နှစ်ကျပ်ရရ။ ကလေးတွေ ရှေ့ရေး ရှိသေးပေ မယ့် ထွက်ပြီး အလုပ် လုပ်ပြန်ရင်လည်း လူလိမ်လူညာတွေနဲ့ တွေ့မှာကြောက်တယ်” လို့ ဖွင့်ဟပြောဆိုလာသူက အသက် ၂၃ နှစ် အရွယ် မဝါဝါ(အမည်လွှဲ) ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းက ကျေးရွာ ၁ ရွာမှာ နေထိုင်တဲ့ မဝါဝါဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်က တရုတ်ပြည်ဘက်ကို လူကုန်ကူးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင် ရက်ပိုင်းကမှ မြန်မာနိုင်ငံကို တရုတ်-မြန်မာ နယ်စပ်ဂိတ် မူဆယ်မြို့ကနေ တဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အခုဆိုရင် တိုက်ကြီးမြို့နယ်အတွင်းက သတ်မှတ်နေရာမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူရင်း Quarantine ဝင်နေတာ ၁၅ ရက်ရှိပါပြီ။ ကိုဗစ် ရှိ၊ မရှိ ဆေးစစ်ချက် အဖြေအရ Negative ဖြစ်တယ်လို့လည်း သိရပါတယ်။

လူကုန်ကူး ပွဲစားတွေက မဝါဝါကို တရုတ်ပြည်၊ မိန်းတိန်ဘက် ရွာ ၁ ရွာက တရုတ်အမျိုးသားတဦးနဲ့ လက်ထပ်ဖို့ ရောင်း စားခဲ့တာဖြစ်ပြီး အခုလို သူ ထွက်ပြေးလာချိန်မှာတော့ တရုတ်အမျိုးသားနဲ့ရတဲ့ လသားအရွယ် သမီးလေး ၁ ယောက် ကျန်နေခဲ့ပါတယ်။

မိုးတွေရွာနေတဲ့ အဲဒီနေ့က သူ့ယောက္ခမနဲ့ တရုတ်ယောကျ်ားကို အိမ်သာတက်အုံးမယ်ဆိုကာ အကြောင်းပြ၊ ထီး ၁ ချောင်း ယူပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ အိမ်သာဆီ ဦးတည်လျှောက်သွားပြီးနောက် လာကြိုမယ့် ကားရှိရာဆီ တိတ်တဆိတ် ထွက်ခဲ့ တယ်လို့ ဝါဝါက သူထွက်ပြေးလာတဲ့နေ့က အကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။

“ကြောက်ပေမယ့် ဘုရားကိုလည်း တတယ်။ လုံအောင်ပုန်းပြီး၊ ကာကွယ်ပြီး ထွက်လာတာပေါ့။ သူငယ်ချင်းတွေ မရှိတော့ ဘူးဆို ညီမ ပြန်မလာတတ်တော့ဘူး” လို့လည်း သူက ရှင်းပြပါတယ်။

 

သူပြောတဲ့ သူငယ်ချင်းတွေဆိုတာ တရုတ် အက်ပလီကေးရှင်း တခုဖြစ်တဲ့ WeChat ကနေ ချိတ်ဆက်မိရင်းက ရင်းနှီးလာ တဲ့၊ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ ဘဝတူ မြန်မာအမျိုးသမီးတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ကိုယ်နဲ့ သိကျွမ်းခြင်း မရှိ၊ ဘာသာစကား၊ အနေအထိုင် စရိုက်ချင်းလည်း မတူတဲ့ အသိုင်းအဝိုင်းထဲကို စရောက်ကတည်း က သူ့အနေနဲ့ မပျော်ပိုက်သလို မွေးရပ်မြေကိုသာ ပြန်ချင်နေခဲ့ပါတော့တယ်။

ဒါပေမယ့် တရုတ်စကား မတတ်၊ နားမလည်တဲ့ သူ့အဖို့ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်လို့ သူ မကြိုးစားခဲ့ပါဘူး။ WeChat မှာ ဆက်သွယ်မိတဲ့ သူငယ်ချင်းတွေကြောင့်သာ အခုလို အရဲစွန့်ပြီး ပြန်လာဖြစ်တာလို့ သူက ဆိုပါတယ်။

“ပထမ ၁ နှစ်လောက်က တော်တော်ငိုရတယ်။ နောက်ပိုင်းကျတော့ ကိုယ့်ကိုယ်ကို အားတင်းတယ်။ ညီမ စိတ်ဓာတ် ကျသွားရင် အဲဒီမှာ သေသွားရင် ဘာမှမဖြစ်တော့ဘူး။ ကိုယ့်နေရာရောက်မှ သေသွားတာက ဖြေသာသေးတယ်။ အဲဒီလို စိတ်နဲ့ မစားချင်လည်း ကြိတ်မှိတ်စားတယ် ရှိတာလေးနဲ့။ ပြန်ဖို့ကို ရင်ဆိုင်ကြိုးစားလာရတာ” လို့ မဝါဝါ က ပြောပြတယ်။

အခုလို အရောင်းစားခံရပေမယ့် အဲဒီ တရုတ်အမျိုးသားနဲ့ မိသားစုက သူ့ကို အနိုင်ကျင့်တာ၊ ရိုက်နှက်တာမျိုး မရှိလို့ ကံကောင်းတယ် ဆိုရပါမယ်။ ဖုန်းကိုတော့ ၁ နှစ်ကျော်လောက် အကြာမှာမှ သူ့ကို ပေးသုံးခဲ့တာပါ။

“တရုတ်နဲ့ပေါင်းရတယ်။ ချက်လိုက်ပြုတ်လိုက်။ အဝတ်လျှော်လိုက်။ ဈေးသွားတော့လည်း တယောက်တည်း မဟုတ်ဘူး။ တရုတ်အမျိုးသားနဲ့ သွားရတယ်။ ပိုက်ဆံလည်း ပေးမသုံးဘူး။ ဝယ်ခြမ်းတော့ ကျွေးတယ်” လို့ သူက ပြောပြပါတယ်။

သူ အခုလို ထွက်ပြေးလာချိန်မှာ ဝမ်းနဲ့လွယ်မွေးပြီး နို့တိုက်ခဲ့ရတဲ့ တရုတ်အမျိုးသားနဲ့ရတဲ့ ကလေးကို သတိရမိပေမယ့် အနေအစား ဆင်းရဲလှတဲ့ မြန်မာပြည်က သူ့ကလေးတွေက ပိုသနားစရာ ကောင်းတယ်လို့ တွေးရင်း ဖြေသိမ့်ရပါတယ်။

မဝါဝါ ဟာ အသက် ၁၅ နှစ်လောက်မှာ တရွာတည်းသား အမျိုးသား ၁ ဦးနဲ့ ချစ်ကြိုက်အိမ်ထောင်ကျပြီး သမီးလေး ၂ ယောက်၊ သားလေး ၁ ယောက် ရခဲ့ပါတယ်။ အငယ်ဆုံးသားလေး မွေးပြီးလို့ နို့တောင်မပြတ်သေးချိန်မှာပဲ ယောကျ်ား ဖြစ်သူ အိမ်ကနေ ထွက်သွားလိုက်တာ ဒီနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

ပညာလည်းမတတ်၊ ဗဟုသုတလည်း မကြွယ်တဲ့ သူ့အနေနဲ့ ရွာမှာ တနေ့ကို ၂၀၀၀၊ ၂၅၀၀ ကျပ်လောက်နဲ့ ပဲနုတ်၊ စပါး ရိတ် လက်လုပ်လက်စား လိုက်လုပ်ရင်း သားသမီးတွေနဲ့အတူ ဘဝကို ကျပ်ကျပ်တည်းတည်း ဖြတ်သန်းခဲ့ရပါတယ်။

ဒီလိုအချိန်မှာ ယောကျ်ားဘက်က ဆွေးမျိုးမကင်းဘူးလို့ ပြောတဲ့ လှိုင်သာယာမှာနေသူ မခိုင် ဆိုတဲ့ အမျိုးသမီး ၁ ယောက် ရွာကိုရောက်လာပြီး လားရှိုးက လက်ဖက်စက်ရုံမှာ အလုပ်လုပ်ရင် ၁ လကို လစာငွေကျပ် ၂ သိန်း ရမယ်လို့ဆိုတဲ့အခါ ယုံကြည်မိခဲ့တယ်လို့ သူက ပြောပြပါတယ်။

စီးပွားရေးကလည်း မပြေလည်၊ ကလေး ၃ ယောက်အတွက် ကျောင်းစားရိတ်၊ ဝတ်ဖို့စားဖို့ကလည်း ရှိသေးတာကြောင့် ရန်ကုန်မြို့ပေါ်ကိုတောင် မရောက်ဖူးတဲ့ မဝါဝါ ၁ ယောက် လားရှိုးမှာ အလုပ်သွားလုပ်ဖို့ အရဲစွန့်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။

“ဒီလိုရောင်းစားမယ် ဘာညာဆို ဘယ်လိုက်မလဲ။ ညီမကို အေးလည်းအေးတယ်။ စာလည်းမတတ်ဘူးဆိုပြီး လုပ်ချင်တာ လုပ်တာ။ ပြန်လာလို့ မရဘူးဆိုပြီး အပြတ်ရောင်းလိုက်တာ” လို့ သူက ရှင်းပြတယ်။

သူ ထွက်သွားတုန်းက သမီးအကြီးမလေးက ၇ နှစ်၊ အလတ်မလေးက ၅ နှစ်နဲ့ အငယ်ကောင်လေးက ၃ နှစ်လောက်သာ ရှိသေးပြီး အခုလို သူပြန်ရောက်လာတဲ့အခါ ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

အခုတော့ သူ့ကို တရုတ်ပြည် ရောင်းစားခဲ့တဲ့ ပွဲစားတွေဖြစ်တဲ့ မခိုင်အပါအဝင် ၄ ဦးကို သက်ဆိုင်ရာ ရဲစခန်းမှာ လူကုန်ကူး မှုနဲ့ အမှုဖွင့်ထားသလို ၃ ဦးကို ဖမ်းဆီးရမိထားပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူကုန်ကူးမှု အမျိုးအစားတွေအနက် မဝါဝါလို တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့ အမျိုးသမီးတွေကို ရောင်းစားရတဲ့ အမှုတွေက အများဆုံး ဖြစ်နေပါတယ်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၂၀၁၉ မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးမှုပေါင်း ၂၃၉ မှုအနက် တ ရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့ ရောင်းစားတဲ့ အမှုက ၁၈၈ မှု ပါဝင်နေသလို ၂၀၂၀ ဇန်နဝါရီကနေ မေလအထိ စာရင်းအရ ၄၃ မှုမှာ ၂၆ မှုက တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမှုတွေပဲ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေအရ မြန်မာအမျိုးသမီးတွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားမှု ဘယ်လောက်များနေသလဲဆိုတာ ဆန်းစစ်နိုင်သလို ရဲတပ်ဖွဲ့ဆီကို မရောက်လာတဲ့ အမှုပေါင်းများစွာလည်း ရှိနေနိုင်ပါသေးတယ်။

“အရောင်းစားခံရတဲ့ မြန်မာမိန်းကလေးတွေ တော်တော်များတယ်။ လိုင်းပေါ်တက်လိုက်ရင် အဲဒီလိုချည်းပဲ။ တရုတ်အမျိုး သားနဲ့ အိမ်ထောင်ကျနေကြတာ များတယ်” လို့ ပြောပြလာသူက မနီနီ(အမည်လွှဲ) ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် မနီနီဟာ ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ ကျေးရွာတရွာက ဖြစ်ပြီး မဝါဝါနဲ့ We Chat ကနေတဆင့် ချိတ်ဆက်ပြီး အတူပြန်လာသူပဲ ဖြစ်ပါတယ်။

သူလည်းပဲ မဝါဝါနဲ့အတူ Quarantine ဝင်နေပြီး ရက်ပြည့်သွားတဲ့အခါ ဇာတိမြေကိုပြန်ကာ မိခင်ဖြစ်သူထံ အရင်ဦးဆုံး သွားတွေ့မယ်လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။

“ပြန်ရောက်လာတာ ပျော်တာပေါ့။ ထွက်လာတဲ့လမ်းမှာ အလုံပိတ်ကားတွေနဲ့ ၆ ရက်လောက် ဆက်တိုက်စီးရတာဆိုတော့ အရမ်းပင်ပန်းတယ်။ စိတ်ထဲမှာလည်း မတင်မကျတွေနဲ့။ ခုလောလောဆယ်တော့ မရောက်တာကြာပြီဖြစ်တဲ့ အမေ့ဆီပြန် ပြီး အေးအေးဆေးဆေးပဲ နေချင်တယ်။ နောက်မှ အလုပ်လုပ်ဖို့ စဉ်းစားရမှာပေါ့” လို့ သူက ဆိုပါတယ်။

ငယ်စဉ်က ကျောင်းမနေခဲ့ရပေမယ့် ၆ တန်းထိ အတန်းပညာသင်ဖူးတဲ့ မိခင်ဖြစ်သူက သင်ပေးလို့ သေစာရှင်စာလောက် ဖတ်တတ်တဲ့ သူဟာ ရွာမှာ ကောက်စိုက်၊ ပျိုးနှုတ်၊ ဈေးရောင်းတဲ့ မိခင်ကို ဝိုင်းကူရင်းနဲ့ပဲ ဘဝကို ဖြတ်သန်းခဲ့ပါတယ်။

သူ့အသက် ၁၇ နှစ်လောက်မှာ အိမ်ထောင်ကျခဲ့ပြီး ၆ လလောက်အကြာမှာ သူ့အမျိုးသားဟာ လောင်းကစားမှုနဲ့ ထောင် ကျသွားတဲ့အခါ ယောက္ခမတွေနဲ့ ဆက်နေလို့ အဆင်မပြေတာကြောင့် ရန်ကုန်ကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ်။

ရန်ကုန်ရောက်တဲ့အခါ အဆင်ပြေသလို နေထိုင်ရင်း၊ အနှိပ်ခန်းတွေမှာ အလုပ်ဝင်လုပ်ရင်း ၂ နှစ်လောက် ကြာလာပေမယ့် သိပ်လည်း အဆင်မပြေတာကြောင့် ကလပ်မှာသိတဲ့ အမျိုးသား ၂ ဦးထံ အကူအညီ တောင်းလိုက်မိတယ်လို့ ဆိုပါတယ်။

“သူတို့နဲ့ ကလပ်မှာသိတာ။ ၄ ရက်လောက်ပဲ ရှိသေးတယ်။ ကိုယ်က အရမ်းအဆင်မပြေဖြစ်တော့ အကူအညီတောင်း လိုက်မိတာမှာ ပါသွားတာ။ သူတို့က အဲဒီလိုပဲ လိုက်လုပ်နေတယ် ထင်တယ်။ ရွှေပြည်သာမှာနေတယ် ပြောတယ်။ လူ လတ်ပိုင်း အရွယ်တွေပဲ” လို့ မနီနီ က ပြောပြပါတယ်။

အဲဒီနောက်မှာတော့ လားရှိုး-မူဆယ် ကနေတဆင့် တရုတ်လို ခေါပိန်လို့ ခေါ်တဲ့ဒေသက တရုတ်အမျိုးသား ၁ ဦးနဲ့ လက် ထပ်ဖို့ ရောင်းစားခံခဲ့ရတယ်လို့ ဆိုပါတယ်။

အစကတော့ အလုပ်လုပ်ရမယ်လို့ပဲ ထင်နေခဲ့ပြီး ရောင်းစားခံလိုက်ရပြီလို့ သိလိုက်ချိန်မှာ အရာအားလုံး နောက်ကျသွားပါ ပြီ။ သူ့ကို ချိတ်ဆက်ပို့ဆောင်ပေးတဲ့ သူတွေနဲ့လည်း အဆက်အသွယ် လုံးဝ မရတော့သလို ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုး စားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် အဲဒီမှာ ၄ နှစ်လောက် ကြာသွားပါတယ်။

“ရောက်ရောက်ချင်း လစာလည်းမပေးဘူး။ ပိုက်ဆံ ပေးကိုင်တာတွေလည်း မလုပ်ဘူး။ အဝတ်အစားနဲ့ လိုအပ်တာတွေ တော့ ဝယ်ပေးတယ်။ ဘာမှလည်း မလုပ်ရဘူး။ ၃၊ ၄ လကြာတော့ ထမင်းချက်တာတွေ ဘာတွေ သင်ပေးတယ်။ အိမ်အ လုပ်ပဲ လုပ်ရတယ်” လို့ နီနီက ပြောပြပါတယ်။

တချို့ဆို ဖုန်းပေးမကိုင်တာတွေ၊ အပြင်မထွက်ရတာတွေ၊ အခန်းထဲ တံခါးသော့ပိတ်ထားတွေ ရှိပေမယ့် သူကတော့ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီလိုတွေ မကြုံတွေ့ရပါဘူး။

၂ နှစ်လောက်အကြာ သူ့ကို ဖုန်းပေးကိုင်တဲ့အခါ We Chat apps အသုံးပြုရင်းက မြန်မာလူမျိုးတွေနဲ့ ချိတ်ဆက်မိလာပြီး တယောက်အကြောင်း တယောက် ရင်ဖွင့်ပြောကြရင်း တရုတ်မှာ အိမ်ထောင်ကျတဲ့ မိန်းကလေးတွေ အများကြီးရှိနေတာ၊ သူ့လိုပဲ ပြန်ချင်ကြတဲ့သူတွေ ရှိနေတယ်ဆိုတာ သူ သိလိုက်ရပါတယ်။

အဲဒီအပြင် ပိုက်ဆံစုထားပြီး ပြန်လို့ရတဲ့ အကြောင်းတွေလည်း သူ သိလာတာကြောင့် တရုတ်မိသားစုကပေးတဲ့ မုန့်ဖိုးတွေ ကို မသုံးပစ်တော့ဘဲ စုထားပါတယ်။ မဝါဝါနဲ့ သိကျွမ်းသွားပြီးနောက်မှာတော့ အတူတူပြန်ကြဖို့ နှစ်ယောက်သား ဆုံးဖြတ်ခဲ့ ကြပါတယ်။

လမ်းမှာတင် တဆင့်ပြန်လည် ရောင်းစားခံရမလား၊ ကားသမားတွေက ပိုက်ဆံယူပြီး လိမ်လည်သွားမလား ဆိုတဲ့ စိုးရိမ်ပူ ပန်စိတ်တွေနဲ့ ၆ ရက်လောက် ကားစီးရတဲ့ သူတို့ရဲ့ အိမ်ပြန်ခရီးဟာ ရှည်ကြာလွန်းတယ်လို့ ထင်မိပါတယ်။

“ညီမတို့က ကံကောင်းတာ။ ဘုရားတနေရတာ။ ထပ်ဖြစ်သွားမှာ ကြောက်တယ်။ စီးတော့လည်း ညဘက်တွေချည်း စီးရ တာ။ ပြန်ချင်ဇောနဲ့သာ အားတင်းလာရတာ။ တကယ်တော့ ကြောက်တယ်” လို့ မနီနီက ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ် ခိုးဝင်ပေါက်ကို ဖြတ်ချိန်မှာလည်း မှောင်မှောင်မည်းမည်းထဲ တောတွေ၊ ခြုံတွေ၊ ချိုင့်ဝှမ်းတွေ၊ ချောင်းတွေမြောင်းတွေကို မမြင်မစမ်းနဲ့ ၁ နာရီခွဲကြာလောက် ဖြတ်လျှောက်ခဲ့ရချိန်ဟာ သူတို့အတွက် မမေ့နိုင်စရာ အတွေ့အကြုံပဲလို့ ဆိုပါတယ်။

“သေချင်စိတ်တွေ ပေါက်နေရင်တောင် ဟိုမှာ မသေချင်ကြဘူး။ ကိုယ့်မြန်မာပြည်မှာပဲ ပြန်ပြီးတော့ သေချင်ကြတယ်။ အ ကုန်လုံးက အဲဒီမှာရောက်နေကြတာ ၃၊ ၄ နှစ်တွေချည်းပဲ။ တချို့ဆိုရင် ၁၅ နှစ်လောက် ရှိပြီပြောတယ်။ ပွဲစားတွေကတော့ အကုန်အပြတ်ရောင်းခဲ့တာချည်းပဲ။ ပြန်လာတတ်ရင် ပြန်လာ။ မပြန်လာတတ်ရင်တော့ အဲဒီမှာပဲ” လို့ မနီနီက ဆိုပါတယ်။

လူကုန်ကူးတဲ့ ပွဲစားတွေဟာ အလုပ်အကိုင် အဆင်မပြေတာ၊ မိသားစုနဲ့ကွဲတာ၊ စားဝတ်နေရေး မပြေလည်တာ စတဲ့ ဘဝ ရပ်တည်ဖို့ ခက်ခဲတဲ့သူတွေကို ပစ်မှတ်ထားပြီး စည်းရုံးလေ့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူး ရဲမှူးမင်းခိုင်က ရှင်းပြပါတယ်။

တရုတ်ဘက် ဦးတည်တဲ့ လူကုန်ကူးမှုတွေ များတာကြောင့် တရုတ်နိုင်ငံ ဝင်/ထွက်ပေါက်လို့ ပြောလို့ရတဲ့ မူဆယ်ဟာ အဓိ က လမ်းကြောင်းလို ဖြစ်နေပြီး မူဆယ်ဘက်မှာ စစ်ဆေးမှုတွေ သိပ်ကျပ်လာတဲ့အခါမှာတော့ ချင်းရွှေဟော်နဲ့ ပန်ဆိုင်းဘက် ကနေလည်း လှည့်သွားတတ်ကြတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ တဖက်ခြမ်း ရွှေလီဘက် ကနေ တဆင့် ၄၊ ၅ ရက်လောက် ခရီးဆက်သွားတဲ့အခါ ရှန်းတုံ၊ ဟယ်နန်၊ ဟူးဘေး စတဲ့ တရုတ်ပြည်ရဲ့ အလယ်ပိုင်း ဒေသတွေဘက်ကို ရောက်ရှိမှာဖြစ်ပြီး အများစုက အဲဒီဒေသတွေဘက်ကို ရောင်းစားခံရတာ များတယ်လို့လည်း ရဲမှူးမင်းခိုင်က ပြောပြပါတယ်။

“အဲဒီဘက်က စီးပွားရေး သိပ်မပြေလည်ဘူး။ တောင်ပေါ်ဒေသတွေ။ မြေကြမ်းတဲ့နေရာတွေ။ အဲဒီမှာရှိတဲ့ အမျိုးသားတွေ အတွက် ဒီဘက်က ပစ်မှတ်အနေနဲ့ ဖြစ်နေတာ” လို့ သူက ပြောပါတယ်။

ရဲမှူးရဲ့ ပြောဆိုသုံးသပ်ချက်တွေကို မဝါဝါနဲ့ မနီနီတို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက သက်သေထူနေပါတယ်။ သူတို့ကို တရုတ်ငွေ ယွမ် ၁ သိန်းလောက်နဲ့ ပွဲစားတွေဆီကနေ ဝယ်ယူခဲ့တဲ့ တရုတ်အမျိုးသားတွေဟာ ကျောက်တောင်ဖြိုတဲ့ဆီမှာ၊ လက်ဖက်ခြံမှာ အလုပ်လုပ်ကြတဲ့ သာမန်အလုပ်သမားတွေပဲ ဖြစ်ပါတယ်။

“သူတို့ တရုတ်မတွေကိုယူရင် အိမ်ရှိရမယ်။ ကိုယ်ပိုင် အလုပ်ရှိရမယ်။ ပိုက်ဆံရှိရမယ်။ သူတို့ မပြောပြပေမယ့် ကိုယ်တွေ လည်း သိပါတယ်။ တရုတ်မကိုယူရင် ရှိသမျှ စည်းစိမ်ပေးရတယ်။ မြန်မာလူမျိုးကျတော့ သူတို့ရှိတာလေးနဲ့ ယူလို့ရတယ်။ သူတို့ မျိုးဆက်ရမယ်။ ညီမတို့ကို ယူရင် သူတို့စည်းစိမ်ဘာမှ မပေးရဘူးလေ” လို့ ဝါဝါက ပြောပြပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့ မြန်မာက တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကတော့ ဒီလို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာ၊ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ရောင်းစားခံရတာတွေကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီး တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ပေးဖို့ လိုတယ်လို့ အကြံပြုပါတယ်။

“လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအတွက် ထုတ်ဖော်ပြောဆိုနိုင်တဲ့ နားခိုရာ နေရာတွေ၊ သူ တို့ရဲ့ ရပ်တည်မှုအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူမှုအထောက်အပံ့ ပေးတဲ့အစီအစဉ်တွေ အစိုးရအနေနဲ့ လုပ် ပေးဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ လူကုန်ကူးခံရတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေရလမ်းတွေ ရှိမနေတဲ့အခါ ဒီ လမ်းကြောင်းကိုပဲ ပြန်ရောက်သွားတတ်တယ်လို့ သူက ပြောပါတယ်။

မဝါဝါနဲ့ မနီနီတို့ကတော့ ဘဝနဲ့ရင်းပြီး သင်ခန်းစာ ရသွားပါပြီ။ နောက်ထပ် ဒီလို အဖြစ်မျိုး မကြုံချင်တော့သလို တခြား သူတွေကိုလည်း သူတို့လို မဖြစ်ရအောင် တတ်နိုင်သလောက် ပြောပြပြီး အတွေ့အကြုံတွေကို ပြန်လည်ဝေမျှသွားမယ်လို့ ဆိုပါတယ်။

လာမယ့် အနာဂတ်အတွက် အများကြီး စဉ်းစားထားတာမျိုး မရှိသေးဘဲ မိသားစုနဲ့အတူ စည်းစည်းလုံးလုံး အေးအေး ချမ်းချမ်း နေချင်တယ်လို့ပဲ သူတို့တွေရဲ့ ဆန္ဒကို ပြောပြပါတယ်။

အကြောင်းအရင်းကို ဂဃဏန မသိရဘဲ အလုပ်သွားလုပ်ရမယ်၊ လစာဘယ်လို ရမယ်ဆိုပြီး ပြောဆိုစည်းရုံးလာတဲ့အခါ လွယ်လွယ်နဲ့ မယုံ ကြဖို့၊ သူတို့နှစ်ဦးရဲ့ အဖြစ်ကို သင်ခန်းစာယူပြီး ဆင်ခြင်နိုင်ဖို့ သတင်းစကား ပါးလိုက်ပါတယ်။ ။

ဆက်စပ်ဖတ်ရှုရန်

မြန်မာ့ အရှေ့တံခါးကိုလည်း ဂရုစိုက်ပါ

သန်လျင်လူကုန်ကူးမှုတရားခံ ၅ ဦးကို အမှုဖွင့်

အစ်မအရင်းက တရုတ်ပြည်ကို ရောင်းစားတာ ခံခဲ့ရတဲ့ အမျိုးသမီး

ဥပဒေအရ ကင်းလွတ်ခွင့် မပေးနိုင်ဘူးဆိုတဲ့ ရဲမှူးကြီး သက်နောင်နှင့် တွေ့ဆုံခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading