ဆောင်းပါး

တခေတ်တခါက အထင်ကရ မြန်မာအမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေအတွက် သာတူညီမျှ အခွင့်အရေးရရှိဖို့၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဆန်းသစ်တီထွင် နိုင်စွမ်းတွေ တိုးမြှင့်စေဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့မှာ မြန်မာအမျိုးသမီးများနေ့ကို ကျင်းပလေ့ ရှိပါတယ်။ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့တဲ့နေ့ကို အစွဲပြုပြီး မြန်မာအမျိုးသမီးများနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပူးပေါင်းပြီး အမျိုးသမီးတွေ ရင် ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အမျိုးသမီးအခွင့်အရေး ရရှိမှု အခြေအနေဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွေ၊ သရုပ်ဖော် တင် ဆက်မှုတွေနဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိကြပေမယ့် ဒီနှစ်မှာတော့ COVID-19 ရောဂါ ဖြစ်ပွားနေတာကြောင့် အခမ်း အနားနဲ့ မကျင်းပတော့ဘဲ အွန်လိုင်းစနစ်နဲ့သာ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုရင်း တခေတ်တခါက သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့မှုတွေကြောင့် အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့ မြန်မာအမျိုးသမီး တချို့ကို ဧရာဝတီက ရွေးချယ်တင်ပြလိုက်ပါတယ်။

မြန်မာ့ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ

မြန်မာ့ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ကျော်၊ ၁၉၂၉ ခုနှစ် ဥပဒေပြုကောင်စီမှာ မြန်မာအမျိုးသမီးတွေ အမတ်ရွေးနိုင်ခွင့် ရှိလာတဲ့အခါ ဒေါ်နှင်းမြဟာ မော်လမြိုင်ကနေပြီး တွဲရေးအမတ်လောင်းအဖြစ် အရွေးခံရကာ မြန်မာအမျိုးသမီးတွေထဲ ပထမဆုံး မင်း တိုင်ပင်အမတ် ဖြစ်လာခဲ့ပါတယ်။

ကိုလိုနီအစိုးရ လက်အောက် ဦးဆောင်လမ်းပြ ရှေ့မှ မားမားမတ်မတ်ရပ်တည်မယ့် အမျိုးသမီးများ ရှားပါးချိန် မင်းတိုင်ပင် အမတ် ဒေါ်နှင်းမြဟာ မြန်မာအမျိုးသမီးတွေ မျက်စိပွင့်စေဖို့ စည်းရုံးဟောပြော လှုံ့ဆော်ပေးခဲ့သလို သဿမေဓ အခွန် မပေးဖို့၊ အသက် ၁၈ နှစ်ပြည့်တဲ့ အမျိုးသမီးတိုင်း မဲဆန္ဒပေးနိုင်ခွင့်ရဖို့၊ လူမျိုးခြားနဲ့ မြန်မာ အမျိုးသမီးတို့ လက်ထပ်ပါက အမွေဆက်ခံရရှိဖို့ စတဲ့ ဥပဒေတွေကို အဆိုသွင်းခဲ့ပါတယ်။

ဒေါ်နှင်းမြကို မွန်ပြည်နယ်၊ ကျိုက်မရောအပိုင် ထပ်ကေးရွာမှာ မွန်သစ်ကုန်သည် သူဌေးကြီး ဦးသာညှင်းနဲ့ အမိ ဒေါ်ရင်တို့ က ၁၈၈၇ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးအနက် ပဉ္စမမြောက် သမီးဖြစ်ပါတယ်။ ဒေါ်နှင်းမြဟာ ပျဉ်းမ နား စက်သူဌေး ၁ ဦးနဲ့ အိမ်ထောင်ကျပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ပါတယ်။

သူဟာ စီးပွားရေး အမြင်ကျယ်သူ ဖြစ်တဲ့အပြင် နိုင်ငံခြားဓနရှင်တွေနဲ့လည်း အပြိုင်အဆိုင် မြန်မာ့စီးပွားရေးကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ်တိုင်လည်း မော်လမြိုင်ကျားတံတား ဆန်စက်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နှင်းမြဟာ ခင်ပွန်းသည် နဲ့အတူ ကွပ်ကဲအုပ်ချုပ်ကာ စပါးကို အကြီးအကျယ်ဝယ်ယူပြီး ဂျာမနီနိုင်ငံနဲ့ တိုက်ရိုက်ဆက်သွယ် ရောင်းချခဲ့ပါတယ်။

သထုံနယ် ဇင်းကျိုက်တောင်၊ လှိုင်းဘွဲ့နယ် ဒေါနတောင်ခြေ၊ မြိတ်ခရိုင်မှာရှိတဲ့ သတ္တုမိုင်းတွေကိုလည်း သူကိုယ်တိုင် ဦးစီး အုပ်ချုပ်ခဲ့ပြီး မိုင်းတွင်းတွေကထွက်တဲ့ သံနဲ့ဝူလ်ဖရမ်တို့ကို ဟယ်ဖရင်စမစ် အင်္ဂလိပ်ကုမ္ဗဏီမှတဆင့် အနောက်နိုင်ငံတွေ ကို တင်ပို့ရောင်းချခဲ့ပါတယ်။ နိုင်ငံခြားသားတွေ အုပ်စိုးနေတဲ့ ခေတ်မှာတောင် သူတို့နဲ့ယှဉ်ပြိုင်ကာ မြန်မာ့ စီးပွားရေး ခေါင်းဆောင် အမျိုးသမီးတဦးအနေနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဗြိတိသျှအစိုးရက ဆရာတော် ဦးဥတ္တမကို ထောင်ဒဏ်ပေးဖို့ ဖမ်းဆီးစဉ်က ဒေါ်နှင်းမြဟာ ဘုရင်ခံ ထံဝင်ပြီး လွတ်မြောက် ရေးအတွက် ပြင်းပြင်းထန်ထန် အတိုက်အခံပြုခဲ့သလို ဆရာတော်ကို ထောင်ဒဏ်ပေးလိုက်တဲ့အခါမှာလည်း ဒေါ်နှင်းမြတို့ ဝံသာနုအမျိုးသမီးတွေ နိုင်ငံခြားကုန်တွေကို သပိတ်မှောက်ပြီး တိုင်းရင်းဖြစ် ပင်နီနဲ့လုံချည်(ထမီ)တွေကိုပဲ ၃ နှစ် ဝတ်ဆင် ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခင်မင်ရင်းနှီးပြီး ဗိုလ်ချုပ်တို့ ဘိလပ်ကို လွတ်လပ်ရေး တောင်းဆိုဖို့ သွားတဲ့အခါ ဒေါ်နှင်းမြဟာ လှည့်လည်အလှူခံပြီး ဟောပြောကောက်ခံ စုဆောင်းပေးခဲ့ပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးနောက် ဖဆပလ အမတ်လောင်း ရွေးတဲ့အခါ သူ့ကို စာရင်းကနေ ချန်လှပ်ထားခဲ့ပေမယ် သဘောထားကြီးစွာနဲ့ ကူညီမြဲ ကူညီခဲ့ပါတယ်။

သူဟာ သခင် ကိုယ်တော်မှိုင်းပါဝင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့မှာလည်း ပါဝင်ပြီး အကြံဉာဏ်တွေ တင်ပြခဲ့ပါသေးတယ်။

ဒေါ်နှင်းမြဟာ ၁၉၇၄ ခု၊ နိုဝင်ဘာ ၈ ရက်၊ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် သူ့ရဲ့ လုပ်ရည် ကိုင်ရည်တွေဟာ မြန်မာအမျိုးသမီး သမိုင်းလမ်းကြောင်းမှာ မှတ်တိုင်ကြီးတခုအဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ

မြန်မာပြည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ၊ မြန်မာ့စာပေစာနယ်ဇင်း လောကရဲ့ မီးရှူးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတွေဘက်က အမြဲရပ်တည်ပေးခဲ့တဲ့ ပြည်သူလူထုချစ်တဲ့ လူထုဒေါ်အမာကို မန္တလေးမြို့ ကုန်သည်ကြီး ဦး တင်နဲ့ ဒေါ်စုတို့က ၁၉၁၅ နိုဝင်ဘာ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ယောက်အနက် စတုတ္ထသမီး ဖြစ်ပါတယ်။

မန္တလေး ဥပစာ ကောလိပ်နဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာဆည်းပူးခဲ့ပြီး ၁၉၃၆ မှာ အင်းလျားဆောင် သဟာယနဲ့ စာဖတ် အသင်းရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ် ကျောင်းသူအဖြစ် တက်ရောက်နေတဲ့ အင်းလျားဆောင်သူ လူထုဒေါ်အမာဟာ ၁၉၃၆ခု ဒုတိယကျောင်းသား သပိတ်ကြီးမှာ ခြင်းကြားမမကြီး၊ မခင်မြတို့နဲ့ အတူ ကျောင်းသားများနဲ့ ယှဉ်ပေါင်တန်းကာ တက်ကြ စွာ ပါဝင်ခဲ့သူ တဦးဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အိုးဝေမဂ္ဂဇင်း၊ ကြီး ပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ကြီးပွားရေး ဦးလှနဲ့ စတင် သိကျွမ်းခဲ့ပြီး ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္စူ ဆိုတဲ့ အမည်တွေနဲ့ ရေး သားခဲ့ပါတယ်။ ၁၉၃၉ နိုဝင်ဘာမှာ ကြီးပွားရေး ဦးလှနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ဇူလိုင်မှာ လူထုဂျာနယ် စတင်ထုတ်ဝေတဲ့အခါ လက်ထောက် အယ်ဒီတာအဖြစ် ဆောင် ရွက်ခဲ့ပြီး ၁၉၄၆ ဧပြီမှာ လူထု သတင်းစာ ထုတ်ဝေတဲ့အခါမှာလည်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၇ မှာ လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလ အဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူရေးသား တိုက်ပွဲ ဝင်ခဲ့ပါတယ်။

၁၉၄၉ မှာ လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်တွေ တည်ရှိရာ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့သလို အဲဒီနှစ် ဧပြီ ၂၄ ရက်နေ့မှာပဲ လူထုသတင်းစာ ပိတ်ပင်ခံရပေမယ့် ၁၉၅၀ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည် ထုတ်ဝေခဲ့ပါတယ်။

လူထုဂျာနယ်နဲ့ လူထုသတင်းစာကို တွဲပြီး ပြန်လည်ထုတ်ဝေခဲ့ချိန်မှစ၍ ခင်ပွန်းနဲ့အတူ သတင်းစာ၊ ဂျာနယ်လုပ်ငန်းတွေ ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး လူထုဒေါ်အမာဟူ၍ အမည်တွင်လာခဲ့ပါတယ်။ ၁၉၆၄ မှာ ပြည်သူချစ်သော အနုပညာရှင်များ ဆိုတဲ့ စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေ ပထမဆုကို ရရှိခဲ့ပါတယ်။

တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ၊ စာရေးဆရာမ၊ သတင်းစာအယ်ဒီတာ၊ ပုံနှိပ်ထုတ်ဝေသူ စတဲ့ ဂုဏ်ပုဒ်တွေအမျိုးမျိုး နဲ့ တိုင်းပြည်က သိကြတဲ့၊ လေးစားကြည်ညိုရတဲ့ လူထုဒေါ်အမာဟာ ၂၀၀၈ ဧပြီ ၇ ရက်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့ နှလုံးရောဂါအထူးကု ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆေးပညာဘွဲ့ကို ပထမဆုံး ဆွတ်ခူးခဲ့သူ ဒေါ်စောဆ 

ဆေးပညာဘွဲ့ကို ပထမဆုံး ဆွတ်ခူးခဲ့သူ ဒေါ်စောဆ

မြန်မာအမျိုးသမီးတွေထဲက ဆေးပညာ (F.R.C.S) ဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး ဆရာဝန်မကြီး ဖြစ်ပါတယ်။

ဒေါ်စောဆကို ၁၈၈၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့၊ ပြည်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မြန်မာအမျိုးသမီး ခေတ်ပညာတတ် အ လွန်ရှားပါးလှတဲ့ခေတ်မှာ ဒေါ်စောဆဟာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

၁၉၀၆ မှာ သူဟာ သာသနာပြုကောလိပ်ကနေ (F.A) စာမေးပွဲအောင်မြင်ခဲ့ပြီးနောက် သူ ဝါသနာပါရာ ဆေးကောလိပ်ကို ဆက်တက်ခဲ့ပါတယ်။ ၅ နှစ်အကြာ ၁၉၁၁ ခုနှစ်မှာ ဆေးကောလိပ်ကနေ (L.M.S) ဘွဲ့ကို ရရှိခဲ့ပြီး စာအလွန်တော်သူ ဖြစ် တာကြောင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒ် ဒပ်ဖရင်၏ ဇနီး လေဒီဒပ်ဖရင်ရဲ့ ပညာသင်ဆုရရှိကာ အိုင်ယာလန်ပြည်၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် (Royal College of Surgeons) မှာ ဆက်လက်တက်ရောက် ပညာဆည်းပူးခွင့် ရရှိခဲ့ပါတယ်။

၁၉၁၂ ခုနှစ်မှာ ခွဲစိတ်ပါရဂူဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပြီး အဲဒီဘွဲ့ကို မြန်မာအမျိုးသမီးတွေထဲမှာမှ ပထမဆုံး ရရှိခဲ့သူလည်း ဖြစ်ပါ တယ်။ အဲဒီနောက် ဆေးပညာတွေကို ဆက်လက်ဆည်းပူးခဲ့ရာ ၁၉၁၃ မှာ Royal College of Physicians ကျောင်းကနေ D.P.H ဘွဲ့နဲ့ Coombes Maternity Hospital ကနေ L.M စာမေးပွဲ အောင်မြင်ခဲ့ပါသေးတယ်။

ဒေါ်စောဆဟာ ရန်ကုန်ဆေးရုံကြီး အမျိုးသမီးဌာနမှာ လက်ထောက် ဆရာဝန်မကြီးအဖြစ်၊ ဒပ်ဖရင်ဆေးရုံကြီးမှာ ဆေးရုံ အုပ်အဖြစ်နဲ့ တာဝန်တွေထမ်းဆောင်ရင်း အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးပါတယ်။ မျက်နှာဖြူတွေ အကြား ဘီးဆံ ထုံးကြီး တကားကားနဲ့ ပဝါစုံချပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ အထက်လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသလို မြန်မာပြည်မှာ မြူနီစီပါယ် လူကြီးအဖြစ် ဦးစွာ ခန့်ထား ခြင်း ခံရသူလည်း ဖြစ်ပါတယ်။ အသင်းအဖွဲ့ပေါင်း များစွာမှာလည်း ပါဝင်ပြီး ကိုယ်အား၊ ဉာဏ်အား၊ ပညာအားပေးပြီး စေတနာအပြည့်နဲ့ ကူညီခဲ့သူပါ။

ဒီလို ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးကြီး ဒေါ်စောဆဟာ ၁၉၆၂ ဖေဖော်ဝါရီလ ၂၈ ရက် အသက် ၇၈ နှစ်အရွယ်မှာ သွေးတိုးရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

လူမှုဝန်ထမ်းလုပ်ငန်းကို ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဒေါ်ဦးဇွန်း

လူမှုဝန်ထမ်းလုပ်ငန်းကို ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဒေါ်ဦးဇွန်း

ယနေ့ မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိတဲ့ အဖိုးအဖွား လူအိုတွေ စောင့်ရှောက်ရေး လူမှုဝန်ထမ်း လုပ်ငန်းကို မြန်မာလူမျိုးတွေထံ ပထမဦးစွာ မျိုးစေ့ချခဲ့ပေးသူကတော့ ဒေါ်ဦးဇွန်း ဖြစ်ပါတယ်။

ဒေါ်ဦးဇွန်းကို မင်းတုန်းမင်းလက်ထက် ရတနာပုံနေပြည်တော်(မန္တလေးမြို့)မှာ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ မိဘတွေကတော့ ပိုးကုန်သည် ဦးအိနဲ့ ဒေါ်မျှင်တို့ဖြစ်ကြပြီး တဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။

အသက် ၁၆ နှစ် အရွယ်ကစလို့ မိဘလုပ်ငန်းဖြစ်တဲ့ ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့ပြီး မောက်မာ ကြွားဝါခြင်းမရှိ၊ ခြိုးခြံစွာကျင့်သုံး နေထိုင်တတ်ပြီး လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူတို့ အပေါ်မှာလည်း ရက်ရောစွာ ပေးကမ်းစွန့်ကြဲ တတ်သူ ဖြစ်ပါတယ်။

၁၈၉၀ ပြည့်နှစ် ဒေါ်ဦးဇွန်း အသက် ၄၀ အရွယ်၊ မိဘနှစ်ပါးစလုံး တနှစ်အတွင်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားချိန်မှာ သူနေထိုင်တဲ့ တိုက်အိမ်၊ ငွေသား ၁ သိန်းခွဲခန့်နဲ့ လယ်ယာမြေ စတဲ့ အမွေအနှစ်တွေကို ရလိုက်ပါတယ်။ မိဘတွေ ကွယ် လွန်ချိန်ကစလို့ လွမ်းတဲ့စိတ်နဲ့ မပျော်ပိုက်တာကြောင့် စိတ်ပြေလက်ပျောက် ရန်ကုန်ကို ထွက်လာခဲ့ပါတယ်။

ရန်ကုန်ကို ရောက်တဲ့အခါ ကန်တော်လေးရပ်မှာရှိတဲ့ ပြင်သစ်လူမျိုး ခရစ်ယာန်ဗရင်ဂျီဘုန်းကြီး ဘီဂန်ဒက်စ် တည်ထောင် တဲ့ ဘုန်းကြီးနဲ့သီလရှင်တွေ သာသနာပြုလူအိုရုံကို သွားရောက်ကြည့်ရှုရာကနေ သားထောက်သမီးခံမရှိတဲ့ လူအိုတွေကို မိဘတွေကိုယ်စား စောင့်ရှောက်ကျွေးမွေးရ ကောင်းမယ်လို့ အကြံဖြစ်ပေါ်လာပါတယ်။

ဒီလိုနဲ့ ဒေါ်ဦးဇွန်းဟာ ၁၉၁၅ ခု၊ မန္တလေးမြို့မှာ ပထမဦးဆုံး လူအိုရုံတည်ဆောက်ရေးနဲ့ ပတ်သက်လို့ မန္တလေးမြို့ရှိ မြို့မျက် နှာဖုံးလူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးမြို့၊ စစ်ကိုင်းတောင်ရိုးရှိ အရိယမဂ္ဂချောင် ဆရာတော် ဘုရားကြီးကို လျှောက်ထားပြီး မင်းကွန်းခေါင်းလောင်းကြီး တည်ရာအနီးမှာ ဘီအိုင်အေ ဦးမောင်ကြီး၊ ဦးဘချမ်းတို့နဲ့ အတူ သူကိုယ်တိုင် ခုတ်ထွင်မြေညှိပြီး ကမ္မဋ္ဌာန်းကျောင်း ၃ ကျောင်း ဆောက်လုပ်ကာ လူအိုရုံကို ၁၂၇၈ မှာ စတင် တည်ထောင် လိုက်ပါတယ်။

အသက် ၉၅ နှစ်အရွယ် အဖိုးအို ၁ ယောက်၊ အသက် ၉၂ နှစ်နဲ့ ၈၁ နှစ်အရွယ် အဖိုးအို ၂ ယောက်တို့ကို အရင်ဆုံး လက်ခံ ပြီး သူကိုယ်တိုင် အဖော်မိန်းကလေးတဦးနဲ့အတူ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ရာ ၁၉၁၈ ခုနှစ် ရောက်တဲ့အခါမှာတော့ အဖိုးအဖွား ၂၀ ခန့်ကို လက်ခံစောင့်ရှောက်နိုင်တဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မင်းကွန်းလူအိုရုံအသင်း ကိုလည်း စတင် ဖွဲ့စည်းခဲ့ပါတယ်။

အသင်းတည်ထောင်စဉ်က အားပေးကူညီသူ နည်းပါးတာကြောင့် ရုန်းကန်ဆောင်ရွက်ခဲ့ရပေမယ့် နောက်ပိုင်း ရန်ပုံငွေ တိုးပြီးရရှိခဲ့တာကြောင့် အဖိုးအဖွား ၂၅၀ ထိ လက်ခံနိုင်ခဲ့ပါတယ်။ ၁၂၈၉ မှာ သထုံမြို့ မြသပိတ်တောင်ခြေ၊ ၁၂၉၀ မှာ ပေါင်းတည်မြို့၊ ၁၂၉၅ မှာ ရန်ကုန်မြို့ နှင်းဆီကုန်းနဲ့ ၁၂၉၉ မှာ ပခုက္ကူမြို့ တို့မှာ လူအိုရုံတွေကို သူ့ကိုယ်ပိုင်ငွေနဲ့ မတည်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မြန်မာပြည် ဘုရင်ခံဝန်ကြီးတွေဖြစ်တဲ့ ပညာရေးဝန်ကြီး ဒေါက်တာဘမော်၊ သစ်တောရေးရာဝန်ကြီး ဦးဘဖေ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုတို့ ကိုယ်တိုင် မင်းကွန်းလူအိုရုံကို လာရောက်လေ့လာခဲ့ပြီး ဒေါ်ဦးဇွန်းရဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူး ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ကြပါတယ်။

အသက် ၆၀ အရွယ်မှာ ပေါင်းတည်လူအိုရုံမှာပဲ လူဝတ်ကြောင်ကိုစွန့်ပြီး သီလရှင် ဝတ်လိုက်ပါတယ်။ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးပြု လုပ်ငန်းကို လုပ်ဆောင်တဲ့ ဒေါ်ဦးဇွန်းကို အင်္ဂလိပ်အစိုးရက အသိအမှတ်ပြုတဲ့အနေနဲ့ တီပီအက်စ် ခေါ် တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင့်သလို မီးရထား၊ မီးသင်္ဘောတို့နဲ့ မြန်မာနိုင်ငံ အနှံ့အပြား ပထမတန်းကနေ အခမဲ့ စီး နင်းသွားလာခွင့်ကိုလည်း ပေးထားပါတယ်။

၂၈ နှစ်လုံးလုံး လူအိုတွေအတွက် စည်းစိမ်နဲ့လုပ်အားကို ပေးအပ်ဆောင်ရွက်ခဲ့တဲ့ ကျောင်းအမကြီး ဒေါ်ဦးဇွန်းဟာ ၁၉၄၄ မေလ ၁၁ ရက် အသက် ၇၆ နှစ်အရွယ်မှာ မင်းကွန်းလူအိုရုံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်ဦးဇွန်းရဲ့ကြေးရုပ်ကို ထုလုပ်ပြီး မင်းကွန်းလူအိုရုံမှာ ထားရှိထားပါတယ်။

ရှေးဦး မြန်မာအမျိုးသမီးသမဂ္ဂ တည်ထောင်သူ ဒေါ်ဒေါ်စု

၁၉၁၈ လောက်ကစပြီး နိုင်ငံချစ်၊ အမျိုးကိုချစ်တဲ့ စိတ်ဓာတ်နဲ့ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို တိုက်ယူခဲ့ ရာမှာ အစဦးဆုံး ပါဝင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ ဒေါ်ဒေါ်စုကို ၁၈၇၈ ခု လက်ပံတန်းမြို့မှာ အဖ ဦးချောင်း လိန်နဲ့ အမိ ဒေါ်နှင်းဦးတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အကြီးဆုံး ဖြစ်ပါတယ်။

၁၉၁၉ နိုဝင်ဘာ ၁၆ ရက်နေ့မှာ မြန်မာကုမ္မာရီအသင်း(ခ)မြန်မာအမျိုးသမီးသမဂ္ဂကို စတင်ဖွဲ့စည်း တည်ထောင်ရာမှာ ဒေါ်ဒေါ်စုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက အသင်းဝင်ဦးရေ ၃၀၀ ခန့်ရှိပြီး အမြို့မြို့အနယ်နယ်မှာ အသင်းခွဲတွေလည်း ဖွဲ့စည်းထားပါတယ်။

အသင်းရဲ့ရည်ရွယ်ချက်ကတော့ မြန်မာအမျိုးသမီးတွေရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်ဖို့၊ ပညာဗဟုသုတအတွက် အားပေးဖို့၊ မြန်မာလူမျိုးတို့ရဲ့ ကိစ္စတစုံတရာ ပေါ်ပေါက်လာတဲ့အခါ အသင်းက ကူညီအားပေးဖို့ ဖြစ်ပါတယ်။

ဂျီစီဘီအေ (ခ) မြန်မာတိုင်းရင်းသားအသင်းချုပ်ကြီးရဲ့ မူဝါဒလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး ဂျီစီဘီအေ ပြည်လုံး ဆိုင်ရာ ကွန်ဖရင့်ကိုလည်း မြန်မာအမျိုးသမီးသမဂ္ဂ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရခဲ့ပြီး အမျိုးသမီးရေးရာ ကိစ္စ ရပ်တွေကို အဆို တင်သွင်းခဲ့ကြပါတယ်။ အသင်းရဲ့ ဆောင်ရွက်မှုကြောင့် ဓာတ်ရထား၊ မီးရထားတို့မှာ အမျိုးသမီးတွေ သီးသန့်စီးနိုင်ဖို့ မိန်းမတန်း ဆိုပြီး နေရာသီးသန့် ခွဲခြားပေးတဲ့အထိ အခွင့်အရေးတွေ ရခဲ့ပါတယ်။

ဒေါ်ဒေါ်စုဟာ ၁၉၂၀ မှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ၇ လမ်းမှာ အောင်ဇေယျာ မင်္ဂလာကျောင်းကို ပွဲစားကြီး ဦးဖော့နဲ့ အတူ တည်ထောင်ပြီး ကျောင်းအုပ်ဆရာမကြီးအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။ ၁၉၂၀ ကနေ ၁၉၂၈ အထိ မြန်မာအမျိုး သမီး သမဝါယမအသင်း ဥက္ကဋ္ဌ၊ ၁၉၂၃ မှစပြီး နှစ်စဉ် ဧပြီလရောက်တိုင်း ကလေးပြိုင်ပွဲ၊ ကျန်းမာရေးပြပွဲ၊ ကျောင်းအားက စားပြိုင်ပွဲ၊ ပန်းဥယျာဉ်ပြပွဲတွေမှာလည်း အုပ်ချုပ်ရေးအပိုင်းကနေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ဒေါ်ဒေါ်စုဟာ ၁၉၇၅ ခု စက်တင်ဘာ ၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပထမဆုံး မြန်မာအမျိုးသမီး သတင်းစာဆရာမကြီး အင်ဒီပင်းဒင့် ဒေါ်စန်း

ပထမဆုံး မြန်မာအမျိုးသမီး သတင်းစာဆရာမကြီး အင်ဒီပင်းဒင့် ဒေါ်စန်း

မြန်မာအမျိုးသမီးတွေအနက် ပထမဆုံး သတင်းစာဆရာမအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်စန်းယုံ (ခ) ဒေါ်စန်းကို ၁၈၈၆ ခု ဖေဖော်ဝါရီလမှာ မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက မြန်မာစာပေမှာ ထူးချွန်ခဲ့သူ ဖြစ်ပါတယ်။

ဒေါ်စန်းဟာ မော်လမြိုင် မော်တင်လိန်းနဲ့ တောင်ငူမြို့ နော်မန်ကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ချိန်ကစပြီး သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ဝတ္ထု၊ ဆောင်းပါးတွေ ရေးသားရေးနဲ့ စာနယ်ဇင်းလောကကို စတင်ဝင်ရောက်လာခဲ့တာပါ။ သူရိယမဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲမှာ မစန်းကြည် ဝတ္ထုနဲ့ ပထမဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ပုဏ္ဏမီ၊ ဗုဒ္ဓဘာသာ မြန်မာမ ဆိုတဲ့ ကလောင်အမည်တွေနဲ့ ဝတ္ထုတိုတွေ၊ ပညာ့အလင်း မဂ္ဂဇင်းမှာ မာတလိနဲ့ ဝိသကြုံ စကားပြောခန်း၊ နိုင်ငံရေးဆောင်းပါးတွေ အများအပြား ရေးသားခဲ့ပါတယ်။

၁၉၂၄ ခုနှစ်မှာ ရန်ကုန်မြို့ လမ်း ၄၀ နဲ့ မဟာဗန္ဓုလမ်းထိပ်မှာ သူပိုင်တဲ့ လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ကိုယ် ပိုင် သတင်းစာ ၁ စောင်ဖြစ်တဲ့ အင်ဒီပင်းဒင့် (လွတ်လပ်သော) အပတ်စဉ် သတင်းစာကို စတင် တည်ထောင် ထုတ်ဝေခဲ့ ပါတယ်။

မျိုးချစ်စိတ်ဓာတ် ထက်သန်တဲ့၊ လွတ်လပ်ရေးကို မြတ်နိုးတဲ့၊ လွတ်လပ်တဲ့ လူမျိုးလို့ ခံယူစိတ်ရှိတဲ့ အမျိုးသမီးပီပီ သူ့ရဲ့ သတင်းစာအမည်ကိုလည်း ဗြိတိသျှအစိုးရက ပေးတဲ့ ဒိုင်အာခီအုပ်ချုပ်ရေးကို မလိုချင်၊ လုံးဝ လွတ်လပ်ရေးကို လိုချင်၍ အိုင်းရစ် သတင်းစာ အင်ဒီပင်းဒင့်အမည်ကို သဘောကျကာ ယူခဲ့ခြင်းဖြစ်တယ်လို့ ဆရာမကြီးက အကျယ်တဝင့် ရှင်း လင်း ပြောဆိုဖူးပါတယ်။

ဒုတိယ အဓိပ္ဗါယ်ကတော့ မလွတ်လပ်တဲ့၊ အနှောင်အဖွဲ့များတဲ့ အိမ်ထောင်သည်ဘဝကို ပြန်မသွားလို့ အဲဒီအမည်ကို ပေး ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်ဒီပင်းဒင့် သတင်းစာဟာ အောင်မြင်မှု ရရှိခဲ့သလို လူထုပရိသတ်ကလည်း လက်ခံခဲ့ပါတယ်။ ဦးကွာစီဆိုတဲ့ ကလောင် နာမည်နဲ့ နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့လို့ သတိပေးမှုကို မကြာခဏ ခံရပါ တယ်။ အင်ဒီပင်းဒင့် သတင်းစာကို ၁၉၂၅ ဒီဇင်ဘာ ၁၇ မှာ စတင်ထုတ်ဝေခဲ့ပြီး ရပ်ဆိုင်းချိန် ၁၉၃၉ ဇူလိုင် ၂၉ အထိဆိုရင် သတင်းစာ သက်တမ်း ၁၄ နှစ်နဲ့ ၇ လကျော် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ အသင်းသား ၁ ဦး ဖြစ်ပြီး ပထမဆုံး အမျိုးသမီး သတင်းစာဆရာမ၊ နိုင်ငံရေး၊ လွတ်လပ်ရေးနဲ့ အမျိုးသမီးရေးရာတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေနဲ့ ထင်ရှားလာခဲ့တဲ့ မြန်မာအမျိုးသမီး တဦး ဖြစ်သူ ဒေါ်စန်းဟာ ၁၉၅၀၊ သြဂုတ် ၃ ရက်၊ ရန်ကုန်မြို့ အရှေ့ပိုင်း ဂန္ဒီဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါ တယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာအမျိုးသမီး သံအမတ်ကြီး ဒေါ်ခင်ကြည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာအမျိုးသမီး သံအမတ်ကြီး ဒေါ်ခင်ကြည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာအမျိုးသမီး သံအမတ်ကြီးဖြစ်တဲ့ ဒေါ်ခင်ကြည်ဟာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် တဦး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်း ဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ၁၉၁၂ ဧပြီ ၁၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မူလတန်းပြဆရာမ၊ သူနာ ပြု၊ လွှတ်တော်အမတ်အပြင် ၁၉၅၃ မှ ၁၉၆၀ ခုနှစ် အထိ လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်း ဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဟာ သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံရဲ့ သြဇာအကြီးဆုံး အမျိုးသမီး တဦး ဖြစ်ခဲ့ပါတယ်။ ဖဆပလရဲ့ တာ ဝန်ပေးချက်အရ လမ်းမတော်အလယ်ပိုင်း မဲဆန္ဒနယ်မှာ အရွေးခံရာ ၁၉၄၇ မှ ၁၉၅၁ အထိ အမတ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရပါတယ်။ မြန်မာအမျိုးသမီးများအသင်း ညွှန်ကြားရေးဝန်၊ လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဋ္ဌတွေ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သူနာပြုလုပ်ငန်းတွေကို မွန်မြတ်တဲ့ ပရဟိတလုပ်ငန်းအဖြစ် အများက စိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေဖို့ ရှေးဦးစွာ စည်းရုံးခဲ့သူ ၁ ဦးလည်း ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး ဇွန်လမှာတော့ နီပေါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ရုံးထိုင်ပြီး သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လမှာ အငြိမ်းစားယူခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဟာ နိုင်ငံကို ကိုယ်စားပြုပြီး ပြည်ပနိုင်ငံတွေကို လှည့်လည် သွားရောက်ခဲ့ရပါတယ်။ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေ ထမ်းဆောင်နေစဉ် ၁၉၄၉ မှာ အိန္ဒိယနိုင်ငံ နယူးဒေလီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာ ညီလာခံ၊ ၁၉၅၀ မှာ ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာ ညီလာခံတွေကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။

မြန်မာအမျိုးသမီး လောကမှာ ပထမဆုံးနဲ့ ယနေ့အချိန်ထိ တဦးတည်းသော မြန်မာအမျိုးသမီး သံအမတ်ကြီးအဖြစ် မော် ကွန်းတင်ခံရသူ ဒေါ်ခင်ကြည်ဟာ ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက် အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီး (ဒေါ်)ကြည်ကြည်ဌေး 

ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီး (ဒေါ်)ကြည်ကြည်ဌေး

မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော်၊ ပြဇာတ်နဲ့ အငြိမ့်မင်းသမီး ဆိုတဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွယ်စုံရ အမျိုးသမီးအနုပညာရှင် တဦးကတော့ (ဒေါ်)ကြည်ကြည်ဌေး ဖြစ်ပါတယ်။

သူ့ကို ၁၉၂၄ မတ်လ ၁၉ ရက်နေ့မှာ အဖ ဦးဖိုးရင်နဲ့ အမိ ဒေါ်အုံးကြွေတို့ကနေ ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွဲသတ် ကျေးရွာမှာ မွေးဖွားခဲ့တာပါ။ ငယ်နာမည် မသိန်းကြင်(ကျင်) ဖြစ်ပြီး မွေးချင်း ၅ ယောက်အနက် အငယ်ဆုံး ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာဘဝအစကို ဇာတ်သဘင်လောကနဲ့ စတင်ခဲ့တာဖြစ်ပြီး ၁၉၅၂ မှာတော့ ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပါ တယ်။ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အေးဝမ်းထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ချစ်သက်ဝေ ရုပ်ရှင်ဇာတ်ကား ပါဝင် သရုပ် ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားနဲ့ပဲ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုခေတ်အခါက အကယ်ဒမီလို့ ခေါ်ဝေါ်ခြင်း မရှိသေးဘဲ အမျိုးသားသရုပ်ဆောင်အတွက် အမျိုးသားပညာသည်ဆု၊ အမျိုး သမီးသရုပ်ဆောင်အတွက် အမျိုးသမီးပညာသည် ဆိုတဲ့ အမည်တွေနဲ့ ပေးအပ်တာ ဖြစ်ပါတယ်။

၁၉၅၆ မှာ ချစ်ခွင့်မပိုင် ဇာတ်ကားနဲ့ အမျိုးသမီးပညာသည်ဆု၊ ၁၉၇၀ မှာ နုနုငယ်ငယ် ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆု၊ ၁၉၇၈ မှာ လူဇော် ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုတွေ ရရှိခဲ့ပါတယ်။ နိုင်ငံတော်ကနေလည်း သူ့ရဲ့ ထူးချွန်ပြောင် မြောက်မှုတွေအတွက် ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ်ကို ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။

(ဒေါ်)ကြည်ကြည်ဌေးဟာ ရုပ်ရှင်ကားပေါင်း ၃၀၀ ကျော် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ စံ ထားလောက်တဲ့ အကယ်ဒမီ လေးထပ်ကွမ်း ဝဏ္ဏကျော်ထင် (ဒေါ်)ကြည်ကြည်ဌေးဟာ ၂၀၀၀ ခုနှစ်၊ မတ်လ ၄ ရက်နေ့ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပထမဆုံး မြန်မာဓာတ်ပုံဆရာမ ပတ္တမြားခင်

ပထမဆုံး မြန်မာဓာတ်ပုံဆရာမ ပတ္တမြားခင်

ဒေါ်ပတ္တမြားခင်ကို သြစတြေးလျလူမျိုး မစ္စတာ ဆန်လီဗိုင်နှင့် ဒေါ်ခင်ခင်မေတို့က ၁၉၂၄ ခု မန္တလေးမှာ မွေးဖွားခဲ့ပြီး ငယ်နာမည် ခင်မကြီး ဖြစ်ပါတယ်။ မန္တလေး စိန့်အင်ဒရူးကျောင်း၊ သံတဲကျောင်းနဲ့ ကွန်ဗင့်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။

သူမရဲ့ မိခင်ဘက်မှ အဆက်အနွယ်တွေဟာ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် အယုဒ္ဓယသို့ သွားရောက် တိုက်ခိုက်ရာမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ယိုးဒယားအမျိုးသမီး နွမ်အီပူမှ ဆင်းသက်လာသူတွေဖြစ်ပါတယ်။

ဒေါ်ပတ္တမြားခင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးရင်း အိမ်ထောင်ကျခဲ့ပြီး စစ်ကြီးအပြီးမှာ ဝါသနာပါရာ ဓာတ်ပုံဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

သူ့အသက် ၁၉ နှစ်မှာ ၈၄ လမ်း၊ လက်ဆည်ကန်အနီးမှာ ‘ခန့်ခန့်ကြီး’ အမည်နဲ့ ဓာတ်ပုံတိုက် ထောင်ခဲ့ပြီး၊ အမျိုးသမီး ဓာတ်ပုံဆရာ မရှိသေးသည့်ခေတ်တွင် ယောကျ်ားသားများနှင့် အပြိုင် ဂျစ်ကားကိုမောင်းကာ ဓာတ်ပုံ အလုပ် လုပ်ကိုင်ခဲ့ ရာ တဖက်တွင် ကဲ့ရဲ့ဝေဖန်မှုများ ခံရသလို တဖက်တွင်လည်း အောင်မြင်မှု အပြည့်အ၀ ရခဲ့သူဖြစ်သည်။

ထို့အတွက် မန္တလေးမြို့ ၂၆(ဘီ)လမ်းမှာလည်း ဆိုင်ခွဲ ထပ်မံ ဖွင့်ခဲ့သလို့ အမျိုးသမီးတွေ ဦးစီးတဲ့ ‘ခန့်ခန့်ကြီး’ ဓာတ်ပုံတိုက် ဟုဆိုကာ ရန်ကုန်မှာ လာပြီး ဖွင့်ရတဲ့အထိ အောင်မြင်ခဲ့သလို ဓာတ်ပုံ ပညာဆိုတဲ့ ခေါင်းစဉ်နဲ့လည်း စာအုပ် ထုတ်ဝေခဲ့ပါသေးတယ်။

သူ့ဘဝတလျှေက် အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် လောကဓံအခက်အခဲများကို ကြိုးစားရင်ဆိုင်ခဲ့သူဖြစ်ပြီး၊ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့ အခြေချခဲ့ပါတယ်။

အမေရိကမှနေ၍ သန္တာစမ်းမှ အလွမ်းစာ အမည်ရှိ ပေးစာကဏ္ဍ၊ ကင်မရာ ကိုင်ခဲ့ရသော ကျမဘဝ အမည်နဲ့ အခန်းဆက်ဆောင်းပါး၊ မိမိဘဝ ဇာတ်ကြောင်းကို အတိတ်လမ်းကို ပြန်လျှောက်ခြင်း ဆိုတဲ့ စာပေတွေနဲ့ ပတ္တမြားခင်ကို စာရေးဆရာအဖြစ်လည်း လူသိများ ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဓာတ်ပုံဆရာမလည်းဖြစ်၊ စာရေးဆရာမလည်းဖြစ်တဲ့ ပတ္တမြားခင်ဟာ ၂၀၁၉ ဖေဖော်ဝါရီလ ၁၇ ရက်၊ အသက် ၉၅ နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ ကွယ်လွန်သွားပါတယ်။

မြန်မာ့ပထမဆုံး ကာတွန်းဆရာမ ဒေါ်သိန်းရှင်

မြန်မာ့ပထမဆုံး ကာတွန်းဆရာမ ဒေါ်သိန်းရှင်

အမျိုးသားတွေနဲ့ ပခုံးယှဉ်ပြီး ရေးဆွဲခဲ့တဲ့ မြန်မာ့ပထမဆုံး ကာတွန်းဆရာမကတော့ ဒေါ်သိန်းရှင် ဖြစ်ပါတယ်။ ဒေါ်သိန်းရှင် ကို ၁၉၀၆ ခုနှစ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အဖ မီးပုံးပျံ ဦးကျော်ရင်နဲ့ အမိ ဒေါ်မမတို့က မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၁၀ ယောက်အနက် တတိယသမီး ဖြစ်ပါတယ်။

ဒေါ်သိန်းရှင်ဟာ ထားဝယ်မြို့မှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းအောင်မြင်တဲ့အခါ ရန်ကုန်ယူနီဗာစီတီကောလိပ်ကို တက်ရောက် ပညာသင် ဆည်းပူးခဲ့ပါတယ်။ ပညာသင်ယူနေစဉ်မှာပဲ ၁၉၂၉ ခုနှစ်ထုတ် ကောလိပ်မဂ္ဂဇင်းမှာ ကာတွန်းတွေ စတင်ရေးဆွဲခဲ့ပါတယ်။

အိုင်အေ (ဥပဇာဝိဇ္ဇာ) အထက်တန်းထိ ပညာသင်ယူပြီးနောက် နေရှင်နယ်ကျောင်းမှာ ဆရာမအဖြစ် အမှုထမ်းခဲ့ပါတယ်။ ဖခင် ဦးကျော်ရင် အစိုးရအထက်တန်းကျောင်းကနေ ပုံဆွဲဆရာအဖြစ် အငြိမ်းစားယူပြီးတဲ့အခါ ဒေါ်သိန်းရှင်က အစိုးရ အထက်တန်းကျောင်းကို ပြောင်းပြီး ပုံဆွဲဆရာမအဖြစ်နဲ့ အမှုထမ်းခဲ့ပါတယ်။

ကျောင်းမှာ တပည့်တွေကို မြန်မာ့ရိုးရာ ဒီဇိုင်း၊ လူပုံ၊ ရှုမျှော်ခင်းပုံ၊ အရာဝတ္ထုပုံနဲ့ နီးဝေးမြင် စနစ်တွေကို သင်ကြားပြသပေး ခဲ့ပါတယ်။ ဒေါ်သိန်းရှင်ဟာ ပထမဆုံး အမျိုးသမီး ကာတွန်းလက်ရာရှင် ဖြစ်သလို အစောဆုံး အမျိုးသမီး ပုံဆွဲဆရာ လည်း ဖြစ်ပါတယ်။

ကာတွန်းဆရာမကြီး ဒေါ်သိန်းရှင်ဟာ ၁၉၆၆ ခု အသက် ၆၀ အရွယ်မှာ ထားဝယ်မြို့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်

ဆက်စပ်လင့်

မြန်မာ့ပထမဆုံးအမျိုးသမီးဝန်ကြီး မစ္စစ်ဘမောင်ချိန်

Did you find apk for android? You can find new Free Android Games and apps.
Loading