အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သောအစိုးရ၏ ၅ နှစ်တာအုပ်ချုပ်မှုကာလအတွင်း စီမံခန့်ခွဲမှု အလွဲများနှင့် အငြင်းပွားဖွယ်ရာ လုပ်ရပ်များကြောင့် အဝေဖန်ခံရဆုံး တိုင်းဝန်ကြီးချုပ်ကို ညွှန်ပြရလျှင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုသာ ပြဆိုရမည်ဖြစ်သည်။
“ကွီးဖြိုး” ဟု နှစ်သက်သူများက ချစ်စနိုးခေါ်ဆိုခြင်းခံရသော ဦးဖြိုးမင်းသိန်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ခဲ့သူတဦးလည်း ဖြစ်သည်။
NLD ပါတီ ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း အထူးကြည်ညို လေးစားသူတဦး ဖြစ်သည်။
ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်မှစ၍ ၎င်းအုပ်ချုပ်မှု သက်တမ်း ၅ နှစ်နီးပါး ကြာလာပြီးနောက်တွင် ရန်ကုန်လူထု၏ ထောက်ခံမှု လက်ခုပ်သံများသာမက ဝေဖန်စွပ်စွဲပြစ်တင်မှုများကိုပါ တပြိုင်တည်း ရသည့် နိုင်ငံရေးသမားတဦးလည်း ဖြစ်သည်။
ဦးဖြိုးမင်းသိန်း၏ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝအထိ နိုင်ငံရေးဖြတ်သန်းမှု လမ်းကြောင်းမှာလည်း ချိုတလှည့် ခါးတလှည့်ဖြင့် စိတ်ဝင်စားဖွယ် နိမ့်မြင့်တက်ကျ အချိုးအကွေ့များ ထွေပြားနေလျက်ရှိသည်။

ကွီးဖြိုး ၏ လူငယ်ဘဝ နိုင်ငံရေး
ဦးဖြိုးမင်းသိန်းကို ဧပြီလ ၁၃ ရက် ၁၉၆၉ ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဦးခင်ထွန်းနှင့် ဒေါ်ခင်ခင်အေးတို့၏ သားသမီးလေးဦးအနက် အငယ်ဆုံး သား ဖြစ်သည်။
၁၉၈၈ ခုနှစ်၊ ၈လေးလုံး အရေးတော်ပုံ ကာလတွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေတွင် ဒုတိယနှစ် ရူပဗေဒအထူးပြု ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး သန်လျင်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူး အဖြစ်လည်းတာဝန်ယူခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (အောက်ဗမာပြည်) တွင်လည်း ပါဝင် လှုပ်ရှားခဲ့သည်။
အရေးတော်ပုံ ကာလတွင် ၎င်းသည် ဗိုလ်တထောင်နယ်မြေနှင့် သန်လျင်မြို့နယ် အစိုးရအတိုက်အခံ ဆန္ဒပြပွဲများတွင် ကျောင်းသားခေါင်းဆောင်တဦး အဖြစ်ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင်လည်း ပါဝင်ခဲ့သည်။
၈ လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သောကြောင့် ဦးဖြိုးမင်းသိန်းကို စစ်အစိုးရက ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ပြီး ၁၉၉၁ ခုနှစ် မေလတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
၁၉၉၅ ခုနှစ်၊ အင်းစိန် ထောင်တွင်းရှိနေစဉ်အတွင်း ဦးဖြိူးမင်းသိန်းသည် ဟံသာဝတီဦးဝင်းတင်နှင့် နီးစပ်ခဲ့ပြီး ဟံသာဝတီဦးဝင်းတင်နှင့် စာပေးစာယူကိစ္စများ ဆောင်ရွက်ခဲ့သဖြင့် စစ်အစိုးရက ထောင်ဒဏ်ထပ်တိုးကာ ၎င်းကို တောင်ငူထောင်သို့ ပို့ခဲ့သည်။
ဦးဖြိုးမင်းသိန်းသည် တောင်ငူထောင်သို့ ရောက်စဉ်က ကွန်မြူနစ်အုပ်စုမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကြီးအကျယ် ပြဿနာတက်ခဲ့ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကဆိုသည်။
တောင်ငူထောင်၌ ကွန်မြူနစ်အုပ်စုမှ ရဲဘော်ကျော်မြကို ဦးဖြိုးမင်းသိန်းနှင့် ရင်းနှီးသူ ၂ ယောက် ဝိုင်းဝန်းထိုးကြိတ်ရာ ရဲဘော်ကျော်မြတို့ဘက်မှလည်း ပြန်လည်ထိုးကြိတ်သဖြင့် ထောင်ဆူသကဲ့သို့ ဖြစ်ခဲ့သည်။
စစ်ထောက်လှမ်းရေးများက ပါဝင်သူများအား စစ်ဆေးသောအခါ ဦးဖြိုးမင်းသိန်းက ကွန်မြူနစ်များက ထောင်ဖောက်ရန် ကြိုးစားနေပါသဖြင့် ကျန်လူများအား အမှုမပတ်ရန် ဝိုင်းဝန်းတားဆီးရာမှ ရန်ပွဲဖြစ်ပွားခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
“သူကလိမ်ပြောတာပေါ့။ အဲဒီမှာ ထောက်လှမ်းရေးက ပြောတယ်။ ခင်ဗျားတို့ အချင်းချင်းပဲ ။ နိုင်ငံရေးသမားအချင်းချင်းပဲ ပြေလည်အောင်လုပ်ကြပါဆိုတော့ ဖြိုးမင်းသိန်းက ဒီအဆိုမှန်ပါတယ်ဆိုတော့ ထောက်လှမ်းရေးတွေလည်း မှတ်တမ်းတင်ရတော့တာပေါ့။ အဲဒီအခါ ကိုကျော်မြတို့က သရက်ထောင်ကို အပို့ခံလိုက်ရတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားဟောင်း နိုင်ငံရေးသမား ဖြစ်သည့် ဦးညိုထွန်းက ဆိုသည်။

ဦးဖြိုးမင်းသိန်းသည် ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပြီး ၈၈ မျိုးဆက် ကျေင်းသားခေါင်းဆောင် တဦးလည်း ဖြစ်သည့် ကိုဌေးကြွယ်၏ ညီမ ဖြစ်သူ ဒေါ်ခင်မိမိကြွယ်နှင့် အိမ်ထောင်ပြုသည်။
ဒေါ်ခင်မိမိကြွယ်သည် ရတနာ ကုန်သည်တဦးဖြစ်ပြီး ရတနာအရောင်းဆိုင်များ လည်းပိုင်ဆိုင်သူ ဖြစ်သည်။
တတိယအင်အားစုတွင် လှုပ်ရှားခြင်း
နိုင်ငံရေးသမားအချို့နှင့် နိုင်ငံရေးလေ့လာသူများကမူ ဦးဖြိုးမင်းသိန်းသည် ထောင်ကထွက်လာပြီးနောက်တွင် မြန်မာနိုင်ငံအား ပြည်ပအရေးယူပိတ်ဆို့မှုမှ ဖယ်ရှားပေးရေး လှုပ်ရှားသည့် တတိယအင်အားစုဆိုသော နိုင်ငံရေးအုပ်စုတွင် ပါဝင်ခဲ့ကြောင်း ဆိုကြသည်။
စစ်အစိုးရက ၎င်းတို့ကို ဝေဖန်မှုအား လက်မခံသော်လည်း အခြားသော နိုင်ငံရေးလှုပ်ရှားမှုကို ခွင့်ပြုသည့်အနေနှင့် တတိယအင်အားစုများ၏ လှုပ်ရှားမှုများကို မျက်စိမှိတ်ထားခဲ့ကြောင်း နိုင်ငံရေးသမား အချို့က ပြန်ပြောင်းပြောပြသည်။
“တတိယအင်အားစုတွေက အမေရိကန် ပိတ်ဆို့မှု ဆန့်ကျင်ရေးလုပ်ကြတယ်။ EU ကို ပိတ်ဆို့မှုတွေဖယ်ပေးဖို့လော်ဘီ လုပ်ကြတယ်။ သူကတော့ အမေရိကန် ဆန့်ကျင်ရေး မလုပ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက တတိယ အင်အားစုမှာပါပြီး စစ်အစိုးရခင်းတဲ့ လမ်းကိုလျှောက်ခဲ့တာပဲ” ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးသီဟသွေးက ပြောကြားသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တောင်ငူထောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အပါအဝင်၊ တတိယအင်အားစုတွင် ပါဝင်လှုပ်ရှားဖြစ်ခဲ့မှုများနှင့် ပတ်သက်၍ မေးမြန်းခွင့်ရရန် ဧရာဝတီက ဇွန်လ ၃၀ ရက်တွင် စာပေးပို့ ခွင့်တောင်းခဲ့သော်လည်း ဦးဖြိုးမင်းသိန်းက အကြောင်းမပြန်သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
ဆက်လက်၍ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။
စစ်အစိုးရက ဒီမိုကရေစီစနစ်ကို သွားရန် ၂၀၁၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးမည်ဟု ကြေညာသောအခါ တတိယအင်အားစုများသည်လည်း နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလာခဲ့သည်။
ယင်းသို့ အသွင်ပြောင်းလာသည့် နိုင်ငံရေးပါတီများထဲတွင် ဦးဖြိုးမင်းသိန်းတည်ထောင်သည့် ပြည်သူ့ဒီမိုကရေစီပါတီလည်း ပါဝင်ကြောင်း နိုင်ငံရေးလေ့လာသူများထံမှ သိရသည်။
ထို့နောက် ဦးဖြိုးမင်းသိန်းသည် ကွယ်လွန်သူ နိုင်ငံရေးသမားကြီး ဦးရွှေအုန်း၏ ပြည်ထောင်စုဒီမိုကရေစီမဟာမိတ်နှင့် ပူးပေါင်းကာ ပြည်ထောင်စုဒီမိုကရေစီပါတီ အဖြစ် စုဖွဲ့လိုက်ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
ထိုစဉ်က NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဟုကြေညာထားပြီး နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းထားသော တတိယအင်အားစုများကမူ ရွေးကောက်ပွဲ ဝင်မည်ဟု ကြေညာထားသည်။
တတိယ အင်အားစုများမှ အချို့ပုဂ္ဂိုလ်များသည် ယခင်စစ်အစိုးရ၏ သဘောထားတင်းမာသော အုပ်စုမှ အဓိကပုဂ္ဂိုလ်များဖြစ်သည့် ဦးအောင်သောင်း၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းတို့နှင့် နီးစပ်မှုရှိခဲ့သော်လည်း ထိုစဉ်က ဦးဖြိုးမင်းသိန်းသည် ယင်းပုဂ္ဂိုလ်များနှင့် တတ်နိုင်သမျှ ခပ်ကင်းကင်းနေခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

ကွယ်လွန်သူ ဦးအောင်သောင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်ကြိုးပမ်းသည့် ဒီပဲယင်းအရေးအခင်းတွင် နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဟု ယူဆရသူလည်း ဖြစ်သည်။
ထိုစဉ်က တပ်မတော် အငြိမ်းစားများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အင်အားကောင်းသည့် ကာလဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင် ယင်းပါတီကသာ အနိုင်ရမည့် အခြေအနေတွင်ရှိနေသည်။
USDP အများစု အနိုင်ရမည့် လွှတ်တော်နိုင်ငံရေးကို အတိုက်အခံ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေး တက်ကြွသူများက တတိယအင်အားစုများကို ဝန်းရံခဲ့ကူညီခဲ့ကြသေးသည်။
ဦးဖြိုးမင်းသိန်းသည် အစပိုင်းတွင် ရွေးကောက်ပွဲ ဝင်ရမည်ဟု ပြောဆိုနေခဲ့သော်လည်း တကယ်တမ်းရွေးကောက်ပွဲ နီးလာသော အခါ ရွေးကောက်ပွဲ လမ်းကြောင်းကို မယုံကြည်ဟု ဆိုကာ ပါတီဥက္ကဋ္ဌ ရာထူးမှလည်း နှုတ်ထွက်လိုက်သည်။
ဦးဖြိုးမင်းသိန်း ပါတီဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်လိုက်ခြင်းသည် နေအိမ်အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်လာသဖြင့် NLD ပါတီ သို့ဝင်ရောက်ရခြင်းဖြစ်ကြောင်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။
၁၉၉၀ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အထွေထွေရွေးကောက်ပွဲ ဖြစ်လာသည့်၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလ ၁၃ ရက်တွင် NLD ၏ ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များက နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည်။
ယင်းနောက် ဦးဖြိုးမင်းသိန်းသည် ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသည့် ဒေါ်ဖြူဖြူသင်းတို့နှင့် ချိတ်ဆက်မိကာ NLD ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ဝါရင့်နိုင်ငံရေးသမားများက ပြောဆိုကြသည်။
ဒေါ်ဖြူဖြူသင်းကမူ အဆိုပါပြောဆိုချက်များ မမှန်ကန်ဟု တုံ့ပြန်ပြောကြားသည်။
“အဲဒီတုန်းက ဟိုဘက်ပါတီကနေ ဒီဘက်ပါတီကို ချိန်းတာ။ သူ့ဟာသူ အောင်နိုင်ရေး ဝင်မယ်ဆိုရင် အမတို့ကြောင့်ရယ်လည်း မဟုတ်ပါဘူး။ သူ့ဟာသူ ဝင်ချင်လို့လည်း ဝင်တာပါ” ဟု ဧရာဝတီကိုပြောသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၀ ခုနှစ်တွင် ဦးဖြိုးမင်းသိန်းသည် NLD ပါတီသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။
“အမတို့တွေ တွဲပြီး အလုပ်ဖြစ်ခဲ့တယ်။ အမေ့အိမ်ပညာဒါနကျောင်းပေါ့။ အဲဒါ အမတို့စလုပ်တာပေါ့။ လူကလည်း ငယ်တော့ သူလည်း အားသွန်ခွန်စိုက် အလုပ်လုပ်ပါတယ်” ဟု ၎င်းက ပြောသည်။
NLD ထဲ ဝင်ရောက်ပြီးနောက်
NLD ထဲဝင်ရောက်ပြီးနောက် ဦးဖြိုးမင်းသိန်း ၏ နိုင်ငံရေးကံဇာတာမှာ စန်းထလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းထိန်ကဲ့သို့ ပါတီခေါင်းဆောင်များကို အလိုလိုက် အကြိုက်ဆောင်သူ တက်သစ်စ လူငယ်နိုင်ငံရေးသမားတဦးဖြစ်လာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လှည်းကူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်လာသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် ဦးအောင်သောင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ပါဝင်ခဲ့သည်။

အဆိုပါကော်မတီတွင် ဝင်ရောက်လှုပ်ရှားစဉ်က ဦးဖြိုးမင်းသိန်းသည် ၎င်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် NLD အမတ်များနှင့် မနီးစပ်ဘဲ ဦးအောင်သောင်းနှင့် နီးစပ်မှုပိုရှိခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများ၏ ရှုမြင်ခြင်း ခံခဲ့ရသည်။
ဦးဖြိုးမင်းသိန်း၏ ထိုကဲ့သို့ အငြင်းပွားဖွယ် လုပ်ရပ်များကြောင့် နိုင်ငံရေးလေ့လာသူများက ဦးဖြိုးမင်းသိန်းသည် ၎င်း အောင်မြင်နိုင်ရေးအတွက်ဆိုပါက မည်သူ့ကိုမဆို ပေါင်းသင်းဆက်ဆံရေး ဝန်မလေးသူဖြစ်ပြီး ပြတ်သားစွာ ဘက်ပြောင်းတတ်သူဟု ကင်ပွန်းတပ်ကြသည်။
ထင်ရှားသော အခြားအငြင်းပွားစရာ ဖြစ်ရပ်မှာ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် စစ်ထောက်လှမ်းရေးအဖွဲ့၏ ခေါင်းကိုင်ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တရင်းတနှီး နှုတ်ဆက်ခြင်းအပါအဝင် အများနည်းတူ အောက်က ထိုင်ကန်တော့ခဲ့သည်။
ထိုပြင် ဦးဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေးများဖြစ်သော ဦးကျော်နေဝင်း၊ ဦးအေးနေဝင်းတို့နှင့် နီးစပ်မှုများလည်း ရှိခဲ့သည်။
အာဏာရှင်ဟောင်း၏ မြေးများနှင့် အရောတဝင်ရှိသဖြင့် ဦးဖြိုးမင်းသိန်းကို ၈ လေးလုံးအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ဖူးသော နိုင်ငံရေးသမားများက စိတ်ပျက်ခဲ့ကြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်သော အချို့သော ပွဲလမ်းအခမ်းအနားများတွင် ဦးကျော်နေဝင်းတို့ အနောက်တွင် ကပ်ပါလာလေ့ရှိသည်။
ဦးကျော်နေဝင်းနှင့် ဦးအေးနေဝင်းတို့သည် ၎င်းတို့၏ အဖိုးဖြစ်သူ တိုင်းပြည်အုပ်ချုပ်ခဲ့စဉ်ကာလက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းစကားပင် တခါမှ ပြောဆိုခဲ့သူများ မဟုတ်ပေ။
“ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့ အဖိုးက မှားခဲ့တာတွေ ရှိပါတယ်။ ကျနော့်အဖိုးမှားခဲ့တာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ အဲလိုမျိုး တချက်ကလေးဝန်ခံလိုက် ကိုယ် ပေါင်းရဲတယ်။ အခုကျတော့ အဲလိုမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတွေကို အပိုင်စီးထားတယ်။ ဒီလိုလူတွေကို လက်ခံပြီးပေါင်းတဲ့ နိုင်ငံရေးအဆင့်အတန်း ဘယ်လိုလဲဆိုတာ စဉ်းစားရင် ပေါ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းနှင့် တချိန်က လက်တွဲခဲ့ဖူးသော ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးညိုထွန်းက ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက်တွင် ၎င်းသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်အဖြစ် အချိန်တိုအတွင်း ရာထူးတိုးတက်သွားသည်။
ယင်းသို့ အချိန်တိုအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာပြီး ပါတီဦးဆောင်အဖွဲ့ဝင်ဖြစ်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နောက်ပိုင်း ဆက်ခံမည့် မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တဦးဟု ဒေသတွင်း အထူးသဖြင့် ဂျပန် သံတမန်အသိုင်းအဝိုင်းနှင့် သတင်းစာများက ထင်မြင်ရေးသားလာကြသည်။
“သူ့ရဲ့အအောင်မြင်ဆုံးကာလတွေက ဝန်ကြီးချုပ်ဖြစ်ပြီး သိပ်မကြာဘူး။ CEC ဖြစ်သွားတာပေါ့” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသီဟသွေးက မှတ်ချက်ပေးသည်။
လက်ခုပ်သံနှင့် ဝေဖန်သံများ
ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်တာဝန်ယူကာစတွင် ရန်ကုန်လူထုက ၎င်းကို လက်ခုပ်သံများဖြင့် သြဘာပေး၍ ကြိုဆိုခဲ့ကြသည်။
၎င်းကလည်း ရန်ကုန်လူထု၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းသည့်အနေနှင့် ပြုပြင်ပြောင်းလဲမှုများကို စလုပ်ခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းအစိုးရ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် စီးပွားဖြစ်ပြုလုပ်မည့် သင်္ကြန်မဏ္ဍပ်များကို ဆောက်ခွင့်မပေးတော့ဟု ကြေညာခဲ့ပြီး မြန်ရိုးရာ သင်္ကြန်ပွဲတော်အဖြစ် ဆောင်ရွက်မည်ဟု ဆိုခဲ့ရာ ရန်ကုန်လူထုက ထောက်ခံကြိုဆိုကြသည်။
မေလတွင် ရန်ကုန်မြို့ရှိ ကာရာအိုကေ၊ အရက်ဆိုင်၊ ဘား၊ နိုက်ကလပ်အစရှိသော ဖျော်ဖြေရေးဆိုင်များကို ည ၁၁ နာရီပိတ်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖြေလျှော့ပေးခဲ့ရသည်။
ယင်းနှစ် မေလမှာပင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ပြုပြင်ပြောင်းလဲမှု၏ နောက်ထပ် ခြေလှမ်းတခုကို ထပ်လှမ်းလိုက်သည်။ ရန်ကုန်တွင် အပြီးသတ် အတည်ပြုချက်မရသေးသော ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများကို ချက်ချင်း ရပ်တန့်ရန် အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

အကျိုးဆက်အနေနှင့် လည်ပတ်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အားလုံးနီးပါး ရပ်ဆိုင်းသွားပြီး ယင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော အောက်ခြေပန်းရံသမားက အစ အင်ဂျင်နီယာများအလယ် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းသူများအဆုံး လုပ်ငန်းမလည်ပတ်နိုင်တော့ပေ။
သို့ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တိုင်းအစိုးရ၏ လုပ်ဆောင်ချက်သည် ပြင်းထန်လွန်းသည်ဟု ဝေဖန်ခဲ့ကြသည်။
“ဈေးကွက်ပျက်ပြားအောင်လို့ တခါထဲ ဟိုမလုပ်နဲ့ဒီမလုပ်နဲ့ဆိုပြီး သူတက်တက်လာချင်းမှာ အထပ်မြင့်တွေပျက်တယ်။ နောက်ပါမစ်တွေရပ်တယ်။ အဲ့တွက်ကြောင့် တော်တော် များများဆောက်လုပ်ရေးကုမ္ပဏီမှာထိခိုက်ကုန်တယ်” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
ယင်းကာလကတည်းက အခက်အခဲ အကြပ်အတည်းများကြား ရုန်းကန်ခဲ့ရသော ဆောက်လုပ်ရေးလုပ်ငန်းများသည် COVID -19 ကပ်ရောဂါ ကြုံတွေ့နေရသည့် လက်ရှိကာလရောက်သည့်တိုင်အောင် နာလံမထူနိုင်တော့ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
ထို့နောက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူမရှိစေ ရေးစီမံချက်ကို စတင်သည်။
ကျူးကျော်များနေထိုင်ရန် အိမ်ယာများကို တွံတေး – လှိုင်သာယာကားလမ်း အနောက်ဘက်ရှိ မြေဧကပေါင်း ၂၇၀၀ မှာ ဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး ကျူးကျော်များနေထိုင်ရန် အိမ်ရာများနှင့် အလုပ်အကိုင်များပါ ဖန်တီးပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားဝင်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအစိုးရသစ်သည် “ဘူဒိုဇာအစိုးရ မဖြစ်ချင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များ စာရင်းကို ကောက်ယူခဲ့ပြီး ကျူးကျော်များကို စမတ်ကတ်ထုတ်ပေးခဲ့သည်။
ရလဒ်အနေဖြင့် ကျူးကျော်များ နှစ်ဆတိုးလာသည်။ လက်ရှိအချိန်အထိ ကျူးကျော်အားလုံးအတွက် အလုပ်အကိုင်နှင့် နေအိမ်များ အပြည့်အဝ မရသေးပေ။
“အဲဒါသာ အကောင်အထည်ပေါ်လာရင် သိပ်ကောင်းတာပေါ့။ အဲဒါသာ အကောင်အထည်ပေါ်လာရင် NLD ပါတီကို တခြားပါတီတွေက လက်ညိုးထိုးစရာတောင် မလိုတော့ဘူး။ သို့သော်လည်း အဲဒီရဲ့ရလဒ်က ဒီနေ့ကောင်းခဲ့သလားဆိုတော့ မကောင်းခဲ့ဘူး” ဟု NLD ပါတီဝင်ဖြစ်ခဲ့ပြီး ယခုပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်သည်။
ထို့နောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး YBS စနစ်သစ်ကို အစားထိုးဆောင်ရွက်ခဲ့သည်။
ရမ်းကားသော ဘတ်စ်ကားတွေ၊ ကားစပါယ်ယာတွေကြောင့် လူထုစိတ်အနှောင့်အယှက်ဖြစ်ရမှုများ ကင်းကာ လေအေးပေးစက်ဖွင့်ထားသည့် ကားသစ်များဖြင့် ခရီးသွားရသဖြင့် YBS စနစ်သစ်ကို ရန်ကုန်သား အများစုက ကြိုဆိုခဲ့ကြသည်။
ဦးဖြိုးမင်းသိန်းသည် အမျိုးသားရေးနှင့် ဘာသာရေး အစွန်းရောက်သည်ဟု ဒီမိုကရေစီလိုလားသော အလယ်အလတ်သမားများက စွပ်စွဲထားသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို မလိုအပ်ဟုဆိုပြန်သည်။ ဒီမိုကရေစီအရေး အလယ်အလတ်သဘောထားရှိသူများက ဦးဖြိုးမင်းသိန်းကို ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။
ထိုနည်းတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးအဆင့်အတန်းကိုလည်း ဝေဖန်သည်။ သို့သော် ယင်းတိုက်ပွဲကို ပါတီထောက်ခံသူများက ဝိုင်းအားပေးခံရသော်လည်း ပါတီခေါင်းဆောင်များအတွက် အကြပ်ရိုက်စရာ ဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ် ဇူလိုင်တွင် ဆီဒိုနားဟော်တယ်၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဦးဖြိုးမင်းသိန်းက ဒီမိုကရေစီခေတ်တွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမရှိကြောင်း ပရိုတိုကောအရဆိုပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညွန်ကြားရေးမှူးချုပ်အဆင့်သာရှိကြောင်း ပြောဆိုခဲ့ရာ NLD အစိုးရနှင့် တပ်မတော်တို့အကြား မျက်နှာပျက်စရာ ဖြစ်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများရှိခဲ့သည်။
တပ်မတော်ဘက်က ဦးဖြိုးမင်းသိန်းသည် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးကို ခက်ခဲစေသူဟု ကြေညာခဲ့ပြီး ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်သည် အစိုးရ၏ သဘောထားမဟုတ်ဟုဆိုခဲ့သည်။
ဇူလိုင်လ ၁၃ ရက်တွင် ဦးဖြိုးမင်းသိန်း ပြန်လည်တောင်းပန်ခဲ့ရသည်။
ဦးဖြိုးမင်းသိန်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ၎င်းကို ဝေဖန်လာပါကလည်း သိပ်သည်းမခံတတ်ပေ။
အထူးသဖြင့် Eleven Media Group ကို ၂ ကြိမ်တိုင် တရားစွဲခဲ့သည်။ Eleven Media ကို နောက်ဆုံးတရားစွဲဆိုမှုသည် ဆောင်းပါးရှင် ဖြိုးဝေ၏ ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်များကို ကိုးကားရေးထားသည့် ဆောင်းပါးကြောင့် ဖြစ်သည်။
နိုင်ငံရေးသမားများကို ဖိနှိပ်ခဲ့သည့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဦးဖြိုးမင်းသိန်းက ဖမ်းဆီး တရားစွဲသောအခါ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ ဆိုသည့် ပုံရိပ်နှင့် ရှေ့နောက်မညီ ဖြစ်ခဲ့ရသည်။
ယင်းနောက် သမ္မတရုံးကပါ ဝင်ပါလာရပြီး သမ္မတဦးဝင်းမြင့်က ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၏ လုပ်ဆောင်ချက်များကို လက်မခံဘဲ သတင်းမီဒီယာ ကောင်စီ Myanmar Press Council (MPC) သို့ ရှေ့ ဦးစွာ တိုင်ကြားရန်၊ သတင်းမီဒီယာ ဥပဒေဖြင့် ဖြေရှင်းရန် လမ်းညွှန်ခဲ့ရသည်။
ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းလွှတ်တော်အမတ်များအပေါ်လည်း စိတ်ပျက်စေမှုများ ရှိခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းလွှတ်တော် အမတ်များက ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုသစ် YBS စနစ်ကို ကွပ်ကဲသည့် YRTA အဖွဲ့၏ ငွေကြေးသုံးစွဲမှုကို ပွင့်လင်းမြင်သာစွာ သုံးသပ်ပေးရန် တောင်းဆိုခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီ ၂၄ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ YBS စနစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင်လည်း ဦးဖြိုးမင်းသိန်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် လွှတ်တော်အမတ်များက ဦးဖြိုးမင်းသိန်းအား ဝေဖန်ခဲ့ကြသည်။
ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာပါ အချက်အလက်များအရ တိုင်းလွှတ်တော်တွင် ဝေဖန်ခံခဲ့ရသည့် အတွက် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာ အပြည့်အစုံကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးရမည်ဖြစ်သော်လည်း ဖြန့်ဝေမှု မရှိခဲ့ပေ။
စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြန်လည်သုံးသပ်ထားသည့် အစီရင်ခံစာ အကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ပြစ်တင်ဝေဖန်ခဲ့ကြပြန်သည်။
တိုင်းပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြန်လည်သုံးသပ်ထားသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင်လည်း ရန်ကုန်တိုင်းအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ဝေဖန်ထောက်ပြစရာ များစွာရှိခဲ့သည်။
နောက်ဆုံး လူအများ ထောက်ပြဝေဖန်စရာ ဖြစ်ခဲ့သည့် ကိစ္စမှာ ဗိုလ်တထောင်တွင် ရှင်ဥပဂုတ္တမထေရ် ရေမျှောပွဲ ကိစ္စဖြစ်သည်။
ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဘုရားတွင် “ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်ရေး”ဟု အမည်တပ်သည့် ပွဲတခုကျင်းပခဲ့ရာ လူစုလူဝေးမှုကို ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ စုဝေးမှုသည် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားထားသော အမိန့်များအား ချိုးဖောက်သည့် သဘောသက်ရောက်သဖြင့် ပြည်သူများအကြား ဝေဖန်မှု ပြင်းထန်ခဲ့ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်ကြားမှုများလည်း ရှိသည်။
လူစုလူဝေးဖြစ်စေမှုနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်းကို NLD ပါတီက သတိပေးထားပြီး သမ္မတရုံးကလည်း ထုချေခိုင်းသည်။
သိပ်မကြာမီကာလမှာပင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းကာ စွပ်စွဲပြစ်တင်မှုများ ပေါ်ပေါက်လာသည်။ စွပ်စွဲပြစ်တင်မှုသည် ရှုံးနိမ့်သွားသဖြင့် ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်ရာထူးမှ ဆင်းမပေးလိုက်ရသော်လည်း NLD အစိုးရလက်ထက်တွင် စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံး တိုင်းဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားသည်။
ဦးဖြိုးမင်းသိန်း ဘယ်လိုခေါင်းဆောင်မျိုးလဲ
အလွဲများစွာ ရှိနေသည့် ဦးဖြိုးမင်းသိန်း၏ စီမံခန့်ခွဲမှု ၊ ပြောဆိုနေမှုများနှင့် ပတ်သက်၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ယခုကဲ့သို့သုံးသပ်ပြသည်။
“လူကိုတော့ မပြောချင်ဘူး။ မူကိစ္စတော့ စဉ်းစားမိတယ်။ ကျနော်တို့ မူအရပြောမယ်ဆိုရင် အပြောကြီးတယ်ပေါ့။ အပြောကြီးတယ်ဆိုတာက လူတွေကို Expectation ပေးလိုက်တယ်။ မျှော်လင့်ချက်ပေးလိုက်တယ်။ ပြီးရင်ပြန်မဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားဖြစ်တာပေါ့” ဟု၎င်းက ဆိုသည်။
ဦးဖြိုးမင်းသိန်း၏ နာမည်ကျော် ပြောဆိုချက်များဖြစ်သည့် “ရန်ကုန်မြို့ကို ဒီရေတောကြီးနှင့် ကာပစ်မည်” ၊ “ရန်ကုန်မြစ်ကို မြို့လည်သို့ ပို့ပစ်မည်” စသည့် ပြောဆိုချက်များကို ဥပမာပေးကာ ဦးအောင်သူငြိမ်းက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
ကိုယ်ပြောထားသည့် ကိစ္စကို ပြီးမြောက်အောင်မြင်သည်အထိ မဆောင်ရွက်နိုင်ပါက ကတိပျက်သည့် သဘောဖြစ်ရာ ဦးဖြိုးမင်းသိန်းပြောဆိုချက်နှင့် လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ပါက ကတိပျက်မှု အတော်များသည်ဟု တွက်ဆရမည့် အခြေအနေရှိသည်။
ဦးအောင်သူငြိမ်းက ဦးဖြိုးမင်းသိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းပြီး တိုင်ပင်ညှိနှိုင်းတတ်သည့် ခေါင်းဆောင်မျိုးမဟုတ်ဟုလည်း ဆိုသည်။
“တချို့ဟာတွေ တော်တော်များများကလည်း စာရင်းစစ်ချုပ်အစီရင်ခံစာ ကိစ္စမျိုးတွေ မရှင်းပြဘူး။ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်လို ဟာမျိုးတွေကိုလည်း ဒီမိုကရေစီသဘောမှာတော့ လုပ်ထားတာတွေကို လေးလေးစားစားနဲ့ ရှင်းပြရမယ့် သဘောမျိုးရှိတာပေါ့။ အဲဒီလို သဘောတွေ မရှိဘူး” ဟု ၎င်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ ဦးဖြိုးမင်းသိန်းသည် ၂၀၂၀ ရွေးကောက်ပွဲ ကို ၎င်းခံစားနေရသော နှလုံးရောဂါ အကြောင်းပြ၍ ရွေးကောက်ပွဲမဝင်ဟု ဆိုထားသည်။ အဆိုပါ ပြောဆိုချက်အရ ဦးဖြိုးမင်းသိန်း တယောက် အဝေဖန်ခံရမှုများကြောင့် မြန်မာ့နိုင်ငံရေး ကို စိတ်ပျက်သွားပြီလားဟု မေးခွန်းထုတ်ဖွယ်ရာ ရှိသည်။
ဦးဖြိုးမင်းသိန်းကို အနာဂတ်၏ ခေါင်းဆောင် တဦးဟု ပြောဆိုခဲ့ဖူးသော NLD နာယက ဦးဝင်းထိန်ကမူ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲမဝင်တော့ဟု တင်ပြလာမှုအပေါ် NLD ပါတီက လက်မခံသေးကြောင်း BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။
“အဓိက မပါချင်တော့တာက Stress တွေကြောင့်ပါ။ YBS ကတည်းက ထိပ်ပေါက်ခေါင်းကွဲဖြစ်တာ များလာပြီ။ အဲဒါဖိအားတွေများလာတဲ့အခါကျတော့ အဲဒါတွေမကြုံမှ ဒီကောင်အသက်ရှည်မှာ။ ဒါကြောင့် သူမလုပ်ချင်တော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် ပါတီက လက်မခံသေးဘူး” ဟု ၎င်းက မှတ်ချက်ပေးထားသည်။
ဦးဖြိုးမင်းသိန်းသာ ရန်ကုန်တိုင်းကို ၅ နှစ်အတွင်း ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ပါက ၎င်းသည် ပြည်ထောင်စုအဆင့်ရာထူးအထိ တက်ရောက်နိုင်သည်ဆိုသော ခန့်မှန်းချက်များ ကနဦးတုန်းက ထွက်ပေါ်ခဲ့ဖူးသော်လည်း ဝန်ကြီးချုပ်တာဝန်ယူမှု ၅ နီးပါး ပြည့်လာပြီးနောက်တွင် အဆိုပါ သုံးသပ်ချက်များ ထပ်မံ ထွက်ပေါ်မလာတော့ချေ။ တိတ်ဆိတ်နေသည်။
သေချာသည်က ဦးဖြိုးမင်းသိန်းကို CEC အဖွဲ့ဝင် အဖြစ် NLD ပါတီက တိုတောင်းသော ကာလအတွင်းမှာပင် ဆွဲခေါ်ထားသည်ဖြစ်ရာ ၎င်းအပေါ်တွင် NLD သည် မျှော်လင့်ချက် တစုံတရာ ထားပုံရသည်ဟု ဆိုနိုင်သည်။ လွှတ်တော်နိုင်ငံရေးတွင် ဦးဖြိုးမင်းသိန်း မပါဝင်နိုင်တော့သည့်တိုင်အောင် ပါတီနိုင်ငံရေးတွင် ဆက်ရှိနေဦးမည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူမျာက အကဲခတ်ကြသည်။
မည်သို့ပင်ဖြစ်စေ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူးအထိ တက်လှမ်းခဲ့ပြီး NLD ပါတီ၏ CEC အဖွဲ့ဝင်အဖြစ် ရှိနေသည့် ဦးဖြိုးမင်းသိန်း (ခေါ်) ကွီးဖြိုးကို ရန်ကုန်လူထုအပါအဝင် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက ၎င်းလုပ်ကိုင်ဆောင်ရွက်ခဲ့သော အကောင်းအဆိုးများနှင့်အတူ မှတ်မှတ်ရရ ရှိနေကြမည်သာ။
You may also like these stories:
ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း ပျောက်နေသည်
ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုက NLD ကို အကျပ်အတည်းဖြစ်စေ
ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကိုယ်စားလှယ်လောင်း မတင်သော်လည်း မြို့နယ်က ရွေးထား
လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို