ဆောင်းပါး

အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်

Want create site? Find Free WordPress Themes and plugins.

တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုများကို ကန့်ကွက်ရာတွင် အမေရိကန်ပြည်ထောင်စုသည် ပိုမိုပြတ်သားလာပြီး အတင်းအကျပ် လုပ်ဆောင်မှုများအတွက် တရုတ်အရာရှိများနှင့် လုပ်ငန်းများကို ပိတ်ဆို့အရေးယူမည်ဖြစ်ကြောင်း ထိပ်တန်းအရာတဦးက ပြောကြားလာသည်။

မြေထဲပင်လယ်ထက်ကြီးမားသော ဒေသတွင်အငြင်းမပွားနိုင်သော အချုပ်အခြာအာဏာကို တောင်းဆိုခြင်းနှင့် အခြားသော နိုင်ငံများ၏ အခွင့်အရေးများကို နင်းခြေခြင်းဖြင့် ဘေ့ဂျင်းသည် အာရှတွင် ဆယ်စုနှစ်များစွာ ကြွယ်ဝချမ်းသာစေခဲ့သော လက်ရှိစနစ်ကို ခြိမ်းခြောက်နေကြောင်း ဝါရှင်တန်အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနက ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် စတိုင်းဝဲလ်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုကို အတည်ပြုပြီး တရုတ်နိုင်ငံ၏ “nine-dash line” ရေကြောင်းပိုင်နက်တောင်းဆိုမှုကို ပယ်ချသည့် သဟိဂ်မှ အငြင်းပွားမှု ခုံရုံး၏ ၂၀၁၆ ခုနှစ်က ဆုံးဖြတ်ချက်သည် ယခုအပတ်အတွင်း လေးနှစ်ပြည့်နှစ် ပတ်လည်ကျရောက်မည်ဖြစ်ကြောင်း ပြောကြားပြီး စတိုင်းဝဲလ်က တောင်တရုတ်ပင်လယ်ကို ၎င်း၏ရေကြောင်းအင်ပါယာအဖြစ် တရုတ်နိုင်ငံသတ်မှတ်ခြင်းကို ကမ္ဘာက လက်ခံနိုင်မည်မဟုတ်ဘဲ လက်ခံလိမ့်မည်လည်း မဟုတ်ကြောင်း ပြောသည်။

အရေးယူပိတ်ဆို့မှုများ ဖြစ်နိုင်ခြေကိုမေးသောအခါ သူက “ဘာကိုမဆို မလုပ်ဘဲနေမှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်နိုင်ခြေ သေချာပေါက်ရှိတယ်” ဟု ဖြေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ကြေညာချက်ကို အာရှမှ အစိုးရများသည် အနီးကပ်စောင့်ကြည့်နေပြီး အများအားဖြင့် ကြိုဆိုကြသည်။

ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ မတွန့်ဆုတ်သော ကတိကဝတ်ကို ပွမ်ပီယို၏ ကြေညာချက်ကပြသနေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂျီက အစိုးရအဖွဲ့အစည်း အဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ လွန်ခဲ့သောလက ကျင်းပသည့် ထိပ်သီးစည်းဝေးပွဲတခုတွင် ဘေ့ဂျင်းကို တိုက်ရိုက်အမည်ဖေါ်ခြင်းမရှိသော်လည်း တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံများကလည်း ထိုကြေညာချက်ကို အကြီးအကျယ် ကြိုဆိုခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ စည်းမျဉ်အခြေပြုစနစ်တခု ရှိသင့်တယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ သဘောထားကို ကျနော်တို့ အခိုင်အမာ သဘောတူတယ်” ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာ ပြောသည်။

“နိုင်ငံတကာ ဥပဒေကို လိုက်နာပြီး လက်ရှိ နိုင်ငံတကာ သဘောတူညီချက်တွေကို လေးစားဖို့ နိုင်ငံတကာအသိုင်းအဝန်းက တောင်းဆိုတာကို တရုတ်နိုင်ငံ သတိပြုမယ်ဆိုရင် ဒေသတွင် တည်ငြိမ်မှုအတွက် အကောင်းဆုံးဖြစ်တယ်” ဟုလည်းသူပြောသည်။

အငြင်းပွားမှုဖြေရှင်းရန်အတွက် ပိုင်နက်တောင်းဆိုသော နိုင်ငံတနိုင်ငံက ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်လုပ်ခြင်း သို့မဟုတ် အင်အားသုံးခြင်း ပြုလုပ်ရန် ကြိုးစားသည်ကို အစိုးရက ဆန့်ကျင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျုံး အူးက သတင်းထောက်များကို ပြောသည်။

သို့သော် အခြားနေရာအများအပြားတွင်မူ ဝါရှင်တန်၏ ထိုဒေသနှင့်ပတ်သက်သည့် ကတိကဝတ်အား သံသယများ အခိုင်အမာရှိနေဆဲဖြစ်သည်။

လွန်ခဲ့သော နှစ်နိုဝင်ဘာလက ဘန်ကောက်တွင် ကျင်းပသည့် ASEAN ၏ နောက်ဆုံး ထိပ်သီးဆွေးနွေးပွဲသို့ ထရမ့် မတက်ရောက်သော ဆုံးဖြတ်ချက်ကြောင့် နိုင်ငံအများအပြား ဒေါသထွက်ခဲ့သည့်။ ထိုသို့ ဆုံးဖြတ်ခြင်းသည် ဒေသကို စော်ကားခြင်းဖြစ်သည်ဟု ၎င်းတို့မြင်ကြသည်။ တဖက်တွင်မူ တရုတ်နိုင်ငံသည် ၎င်း၏ ဘဏ္ဍာရေးအင်အားကိုသုံးကာ ထိုဒေသတွင် သြဇာတိုးချဲ့နေပြီး ကမ္ဘောဒီးယားကဲ့သို့သော အုပ်စုတွင်း ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများကို ဆွဲဆောင်ထားသည်။

ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းသောအခါ ဖိလစ်ပိုင်သမ္မတ၏ ပြောခွင့်ရသူ ဟာရီရော့က ပွမ်ပီယို၏ ကြေညာချက်ကို တိုက်ရိုက် ဝေဖန်သုံးသပ်ခြင်း မရှိပေ။ အမေရိကန် နှင့် တရုတ်နှစ်နိုင်ငံလုံးသည် မနီလာကို ၎င်းတို့ဘက်ပါအောင် ကြိုးစားနေသော်လည်း မိမိတို့သည့် မိမိတို့အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်မည်ဖြစ်ကြောင်း သူပြောသည်။

တောင်တရုတ်ပင်လယ်တွင် ရေကြောင်းပိုင်နက် တန်ပြန်တောင်းဆိုနေသာ အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန် မူဝါဒအပြောင်းအလဲကို နည်းလမ်းအမျိုးမျိုး နားလည်မည်ဖြစ်ကြောင်း Rand Corp မှ ဝါရင့်ကာကွယ်ရေး သုတေသီ ဒဲရက် ဂရော့စ်မင်းပြောသည်။

“ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကတော့ ဘေ့ဂျင်းရဲ့ အလွန်အကျွံတောင်းဆိုမှုဒဏ်ကို အခံရဆုံးဖြစ်တော့ ဒီလုပ်ရပ်ကို ကြိုဆိုလိမ့်မယ်။ ဒါပေမယ့် မလေးရှားနဲ့ ဘရူနိုင်းကတော့ ဒါကိုသိပ်ကြိုက်မှာမဟုတ်ဘဲ အမေရိကန်၊ တရုတ်နှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးတွေကို အပြောင်းအလဲမရှိ ထိန်းထားလိမ့်မယ်” ဟု သူပြောသည်။

အင်ဒိုနီးရှားက မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းကြောင်း ဂရော့စ်မင်းပြောသည်။ “ အင်ဒိုနီးရှားနိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ တန်ပြန်ပိုင်နက်တောင်းခံတဲ့ နိုင်ငံမဟုတ်ပေမယ့် နာတန်နပ်စ်ကျွန်းစု ကိစ္စမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို မကြာသေးမီနှစ်များ အထူးသဖြင့် မကြာသေးမီလများမှာ ခံလာရတယ်။ အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့လမ်းအစီအစဉ်ကနေ အကြီးအကျယ် အကျိုးခံစားရပြီး နာတန်နပ်စ်ကျွန်းစု ကိစ္စတင်းမာမှုကို ကိုင်တွယ်နိုင်သေးတော့ အခြေအနေပြောင်းလဲမှာကို လိုလားမယ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

Stimson Center မှ ဝါရင့်သုတေသီ ယွန်ဆွန်းကမူ “ASEAN ရဲ့ ရွေးစရာမရှိတဲ့ အနေအထားကြောင့် ဘယ်ဖက်ကိုမှ လိုက်မှာမဟုတ်ဘူး။ လတ်တလောအပြောင်းအလဲလုပ်မယ်မထင်ဘူး” ဟု သုံးသပ်သည်။

ထိုဒေသ၏ တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းလာသော စီးပွားရေး ဆက်ဆံရေးကို ဆွန်း ထောက်ပြသည်။ “ ဒီနှစ် ပထမ ၆ လအတွင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်လာတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှစီးပွားရေးတွေရဲ့ အပြန်အလှန်မှီခိုအားထားမှုကြောင့်နဲ့ ပထဝီအရ နီးကပ်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကုန်သွယ်ရေးကို ကန့်သတ်ဖို့ ခက်တယ်” ဟုလည်း သူပြောသည်။

“ဘာဘဲဖြစ်ဖြစ် ဒီနိုင်ငံတွေဟာ တရုတ်ထုတ်ကုန်တွေ မသုံးဘဲနေဖို့အတွက် ဥရောပနဲ့ မြောက်အမေရိကက တိုးတက်တဲ့နိုင်ငံတွေလို ကောင်းမွန်တဲ့အနေအထားမှာ မရှိဘူး” ဟု ဆွန်းပြောသည်။

“ဖြစ်နိုင်ရင် အရှေ့တောင်အာရှနိုင်ငံတွေဟာ အမေရိကန်နဲ့ တရုတ်အကြားမှာ မရွေးချယ်ချင်ဘူး” ဟု မက်ဆာချုးဆက် နည်းပညာတက္ကသိုလ်မှ လုံခြုံရေးလေ့လာမှု အစီအစဉ်မှ ဒါရိုက်တာနှင့် နိုင်ငံရေး သိပ္ပံ ပါမောက္ခ တေလာ ဖရာဗယ်ကလည်း ပြောသည်။

“ဒါပေမယ့် သူတို့တွေက သူတို့ရဲ့ ရေကြောင်းပိုင်နက်တောင်းဆိုမှုနဲ့ စီရင်ပိုင်ခွင့်ကိုလည်း ခိုင်မာအောင် လုပ်ချင်ကြတယ်”ဟုလည်း သူပြောသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ရဲ့ပိုင်နက်တောင်းဆိုမှုကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်လိမ့်မယ်လို့ အခြားပိုင်နက်တောင်းခံသူတွေကြားမှာ မျှော်မှန်းချက်တွေကို ဒီကြေညာချက်က ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် ဒီကြေညာချက်က ဒီလိုတာဝန်မျိုးကို မဖန်တီးထားဘူး။ မျှော်မှန်းချက်ဖြစ်စေတာ သက်သက်ပဲ” ဟု သူပြောသည်။

ဘေ့ဂျင်းတွင်မူ တရုတ်နိုင်ငံခြားရေ ဝန်ကြီးဌာနပြောခွင့်ရသူ ကျောင်လီကျင်က ပွမ်ပီယို၏ ကြေညာချက်သည် တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

ဘေ့ဂျင်းသည် nine-dash line ရေကြောင်းပိုင်နက်ကို တရုတ်ရေပိုင်နက်အဖြစ် ၁၉၄၈ ခုနှစ်ကပင် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ ပွမ်ပီယိုပြောသကဲ့သို့ ထိုအချက်ကို ၂၀၀၉ ခုနှစ်ကမှ ထုတ်ပြန်ခြင်းမဟုတ်ကြောင်း သူပြောသည်။ သူ၏နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းမှ သက်ဆိုင်ရာကျွန်းများ၊ သန္တာကျောက်တန်းများနှင့် ရေပိုင်နက်များအပေါ် စီရင်ပိုင်ခွင့်ကျင်းသုံးနေသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီဖြစ်ကြောင်း ကျောင် ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့အထိ အမေရိကန် ထောက်လှမ်းရေး လေယာဉ်များ တရုတ်ပြည်မကြီးအနီး ၃ ရက်ဆက်တိုက်ပျံသန်းမှုကဲ့သို့ တောင်တရုတ်ပင်လယ်ကို ခြိမ်းခြောက်မှုများ တရုတ်နိုင်ငံပိုင် မီဒီယာက ဖေါ်ပြနေစဉ် ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။

ထိုကဲ့သို့ အကြီးအကျယ် သတင်းဖေါ်ပြနေခြင်းသည် တောင်တရုတ်ပင်လယ်တွင် လေကြောင်းကာကွယ်ရေး စိစစ်မှု ဇုန် ထူထောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဘေ့ဂျင်းမှ သံတမန် ရင်းမြစ်များပြောသည်။ ထိုဇုန်မှာ လေယာဉ်များကို ခွဲခြားသတ်မှတ် စောင့်ကြည့်ပြီး ကျူးကျော်လာပါက ကြားဖြတ်ဟန့်တားမည့် ဒေသဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံအနေဖြင့် လေကြောင်းကာကွယ်ရေး စိစစ်မှုဇုန် ထူထောင်ရန် ရှိပါသလားဟု ဇွန်ကလ မေးသောအခါ ကျောင် က နိုင်ငံတိုင်းသည် ထိုလေကြောင်း ကာကွယ်ရေးဇုန် ထူထောင်ရန်နှင့် လေကြောင်းကာကွယ်ရေး လုံခြုံမှုတွင် ရင်ဆိုင်ရသည့် ခြိမ်းခြောက်မှု ပြင်းထန်မှု အပေါ်အခြေခံကာ ထိုဇုန်များကို ထူထောင်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုးကား။ ။Nikkei Asian review

You may also like these stories:

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်

ရဟတ်ယာဉ်တင် သင်္ဘောကို လေယာဉ်တင် သင်္ဘောအဖြစ် ဂျပန် ပြောင်းလဲ

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading