ဒေါ်သန်းဝင်းတယောက် နေအိမ်အနီးရှိ လှေသွင်းလှေထုတ် ပြုလုပ်သော ရေမြောင်းထဲတွင် မြေးဖြစ်သည့် မယမင်းသူနှင့် အတူ ရေချိုးနေသည်။ သူ တဖက်လှည့်၍ ဆပ်ပြာတိုက်နေစဉ် မြေးဖြစ်သူ၏ “အမေကြီးရေ”ဟု ကြောက်လန့်တကြား အော်သံကြောင့် လှည့်ကြည့်လိုက်ရာ အရှည် ၁၅ ပေခန့်ရှိသည့် မိကျောင်းကြီးတကောင်က မြေးမလေး၏ လက်ကို ကိုက်ခဲထားသည်။
ကလေး၏ ဘယ်ဘက်လက်ဖျံ တချောင်းလုံးက မိကျောင်းပါးစပ်ထဲ ရောက်နေရာ ကလေးကို မိကျောင်းဆွဲ မသွားနိုင် အောင် လက်တဖက်ဖြင့် ကိုင်ထားရင်း “လာကြပါဦး ဒီမှာ ကလေးကို မိကျောင်း ဆွဲနေလို့”ဟု ဒေါ်သန်းဝင်း အော်လိုက် သည်။
ဒေါ်သန်းဝင်း၏ အော်သံကြောင့် နေအိမ်ပေါ်ရှိ မယမင်းသူ၏ဖခင်နှင့် အဖိုးဖြစ်သူတို့ ထိတ်ထိတ်ပြာပြာဖြင့် ပြေးလာကာ ရေထဲ ခုန်ဆင်းပြီး မိကျောင်းပါးစပ်ထဲ ရောက်နေသောကလေးငယ်ကို ပြန်ပြီး ဆွဲကာ လုယူကြသည်။ ကလေးကိုလုကြရင်း ရေမြောင်းဘေးရှိ ဓနိပင်များကြားထဲသို့ ရောက်ရှိသွားပြီးနောက် မယမင်းသူ၏ ဖခင်နှင့် အဖိုးတို့မှာ ဓနိပင်များကို ခြေကန် ဆွဲရင်း ကလေးကို ပြန်လုကြသည်။ အခြေအနေ မဟန်သဖြင့် မိကျောင်းမှာ ကလေးလက်ကို လွှတ်၍ နောက်ပြန်ဆုတ်ကာ ချောင်းထဲသို့ လျောဆင်းသွားခဲ့သည်။
“မိကျောင်းဆွဲတဲ့အချိန် အိမ်မှာ သူ့အဖေနဲ့ သူ့အဖိုး ရှိနေလို့သာပေါ့။ မဟုတ်လို့ကတော့ ကျမမြေးလေး မိကျောင်း ပါးစပ်ထဲ ပါသွားလောက်ပြီ”ဟု ဘိုကလေးမြို့နယ်၊ ဂရမ်းအုပ်စု၊ ရွာသစ်ကျေးရွာတွင် နေထိုင်သည့် ဒေါ်သန်းဝင်းက ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က အဖြစ်အပျက်ကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောပြသည်။ ထိုအဖြစ်အပျက်သည် သူ့ဘဝတလျှောက် တခါမျှ မကြုံဖူးသည့် ဖြစ်ရပ် ဖြစ်ပါသည်။
မိကျောင်းများ ကျက်စားသည့် မိန်းမလှကျွန်းနှင့် ဒေါ်သန်းဝင်းတို့နေထိုင်သည့် ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စုက ၃ မိုင်ခန့်ဝေးသည်။ မိန်းမလှကျွန်းသို့ မော်တော်ဖြင့်သွားလျှင်ပင် ၁ နာရီကျော် မောင်းရသည်။ ယခင်က သူမတို့ရွာ အနီး တဝိုက် မိကျောင်းကိုက်သည်ဟူ၍ မရှိခဲ့ပါ။ အသက် ၉ နှစ်အရွယ် မြေးမလေး မယမင်းသူက သူတို့ရွာ အုပ်စုတွင် ပထမဆုံး မိကျောင်းကိုက်ခံရသူ ဖြစ်သည်။ ကံ ကောင်း၍ အသက်မသေသော်လည်း မိကျောင်းကိုက်သည့်ဒဏ်ကြောင့် ဘယ်ဘက်လက်ဖျံရိုး သွင်သွင်ကျိုးသွားခဲ့ပြီး လက်အရေပြားမှာလည်း ၆ လက်မခန့် စုတ်ပြဲ သွားခဲ့သည်။ မယမင်းသူ မိကျောင်း ကိုက်ခံရမှုတွင် အထူးခြားဆုံးအချက်က မိန်းမလှကျွန်းမှာ ကျင်လည်ကျက်စားသည့် မိကျောင်းက ၃ မိုင်ဝေးသည့် ဂရမ်းကျေးရွာ အုပ်စုအထိ အစာလာရှာရင်း လူကို ကိုက်သည့် အဖြစ်အပျက် ဖြစ်သည်။
“ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် မိကျောင်းတွေဟာ မိန်းမလှကျွန်း ပတ်ဝန်းကျင် သာမက မိန်းမလှကျွန်းနဲ့ဝေးတဲ့ ဘိုကလေးနယ်ထဲက တခြားသောလူနေကျေးရွာတွေအနီးမှာပါ ကျင်လည်ကျက်စား အစာရှာနေပြီဆိုတာ ထင်ရှားပါတယ်။ ပြီးတော့ လူနဲ့မိကျောင်းရဲ့ပဋိပက္ခဟာ အရင်ကထက် ပိုဆိုးလာပြီဆိုတာ သိနိုင်တဲ့အချက် ဖြစ်ပါတယ်”ဟု ဘိုကလေး မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ပြောသည်။
ဘိုကလေးမြို့နယ်၌ လူကို မိကျောင်းကိုက်သည့်ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်ဝန်းကျင်က စတင်၍ လက်ရှိ ၂၀၂၀ ခုနှစ်အထိ နှစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ၂၀၁၃ ခုနှစ်တွင် ဘိုကလေး မြို့နယ်၊ ရွှေပြည်အေး ကျေးရွာမှ တတိယတန်းကျောင်းသား ၁ ဦး၊ ၂၀၁၄ ခုနှစ်တွင် ဆတ်ကျွန်းရွာမှ ကိုရင်လေး ၁ ပါး မိကျောင်း အကိုက် ခံရသည့် အတွက် သေဆုံးခဲ့သည်။
ကိုရင်လေးကို ကိုက်၍သတ်ဖြတ်ခဲ့သည့် ပေ ၂၀ ခန့် ရှည်လျားသော “အာပဲ့”ဟု သစ်တောဌာနက အမည် ပေးထားသည့် မိကျောင်းကြီးမှာ ထိုကာလက ဆိုးသွမ်းလွန်းသည့်အတွက် ဒေသခံများက လိုက်လံရှာဖွေကာ ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်းအုပ်စု၊ ရေကမြင်းကျေးရွာမှ တံငါသည် ၁ ဦး၊ ၂၀၁၆ ခုနှစ်တွင် လှေလုံးကွဲ ကျေးရွာမှ တံငါ သည် ဦးစောနောင်၊ ၂၀၁၇ ခုနှစ်တွင် ကြိမ်ချောင်းကြီးအုပ်စု၊ ဆင်အိုင်ကျေးရွာမှ မခိုင်ခိုင်ဦး၊ ၂၀၁၈ ခုနှစ်တွင် စက်ဆန်း ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မသင်းသင်း၊ ၂၀၁၉ ခုနှစ်တွင် ဆတ်ကျွန်း ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ရေလုပ် သား ကိုငထွန်းတို့မှ မိကျောင်း အကိုက်ခံရသည့်အတွက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဂရမ်းအုပ်စု၊ ရွာသစ်ကျေးရွာမှ အသက် ၉ နှစ်အရွယ် မယမင်းသူကို မိကျောင်း ကိုက်ခဲ့ပြီးနောက် ၁၆ ရက်အကြာ ဇူလိုင်လ ၁၄ ရက်နေ့တွင် သဲချောင်းအုပ်စု၊ သဲဖြူ ကျေးရွာတွင် နေထိုင်သူ အသက် ၃၂ နှစ်အရွယ်ရှိ ကိုမျိုးဇော်ကို မိကျောင်းကိုက်မှု ထပ်မံ ဖြစ်ပွားခဲ့သည်။
လယ်ထဲမှ ပြန်လာပြီး နေအိမ်ရှေ့ရှိ ၁၂ ပေကျယ်သော ရေမြောင်းထဲ ရေဆင်းချိုးနေသည့် ကိုမျိုးဇော်ကို မိကျောင်း ကိုက်သည့် အတွက် ခြေထောက် ၂ ဖက်စလုံးတွင် ဒဏ်ရာရရှိခဲ့သည်။ ၁ လအတွင်း မိကျောင်းကိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အဒေါ်တို့တော့ မြေးလေးမိကျောင်းကိုက်ခံရတာ မြင်ပြီးကတည်းက ရေထဲ မဆင်းဝံ့တော့ဘူး။ အဒေါ်တင် မဟုတ်ဘူး။ တရွာလုံးကလူတွေလည်း မြစ်ထဲ ရေဆင်းမခပ်ရဲကြတော့ဘဲ ရွာထဲက ရေတွင်းတွေကနေ ရေခပ်သုံးနေကြတယ်”ဟု မိကျောင်းကိုက်ခံရသူ မယမင်းသူ၏အဘွား ဒေါ်သန်းဝင်းက ပြောပြသည်။
မိကျောင်းများမှာ နှစ်စဉ်မိုးဦးကျကာလများဖြစ်သည့် ဧပြီလမှ မိုးလယ်ကာလဖြစ်သည့် သြဂုတ်လအထိ မိတ်လိုက်ခြင်းနှင့် အသိုက်ကိုက် (အသိုက်ဆောက်) ခြင်းများ ပြုလုပ်လေ့ရှိသည်။ မူလကတည်းက ရက်စက် ကြမ်းကြုတ်၍ အသားစားကြူး သည့် မိကျောင်းများမှာ အသိုက်ကိုက်ချိန်တွင် ပို၍ရန်လိုတတ်ကြသည်။
ထို့ကြောင့် သစ်တောဌာနက မိကျောင်းအသိုက်ကိုက်ချိန်မတိုင်မီတွင် မိန်းမလှကျွန်းအနီးရှိ ကျေးရွာများ၌ နှစ်စဉ် ပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ “မိကျောင်းအန္တရာယ်ရှိသည်၊ ရေထဲမဆင်းရ” ဟူသော ဆိုင်းဘုတ် များ စိုက်ထူသည့် လုပ်ငန်းများ ဆောင်ရွက်ကြသည်။
“မိကျောင်းတွေက မိတ်လိုက်ချိန်၊ အသိုက်ကိုက်ချိန်ဆိုရင် ပိုပြီးရန်လိုတယ်။ သားဇောကြောင့်ပေါ့။ သူတို့မှာ အသိုက်ကို စောင့်ရှောက်ရ၊ အစာလည်းရှာရဆိုတော့ အဲဒီအချိန်မှာ လူတွေက ရေချိုးနေတာမျိုးဆိုရင် အစာအဖြစ် ဆွဲတာပေါ့။ သက်သက်မဲ့ လူကိုချည်းတော့ လိုက်ကိုက်နေတာ မဟုတ်ပါဘူး။ ဒီနေရာမှာ မိကျောင်းရှိပါတယ်။ ရေထဲ မဆင်းပါနဲ့လို့ ပြောထားလို့ ရေထဲမဆင်းရင် အန္တရာယ် မဖြစ်ပါဘူး။ မိကျောင်း ကိုက်တယ်ဆိုတာ လူတွေက ဂရုမစိုက်တာလည်း ပါပါတယ်”ဟု တောခေါင်း ဦးစိုးဝင်းက ပြောသည်။
တောခေါင်း ဦးစိုးဝင်းသည် မိန်းမလှကျွန်းကြီးအား ဘေးမဲ့တော့အဖြစ် စတင် သတ်မှတ်ခဲ့သည့် ၁၉၉၄ ခုနှစ် ဝန်းကျင် ကတည်းက စတင်ကာ ယနေ့အထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ဘိုကလေးမြို့နယ်၌ မိကျောင်းကိုက်ခံရသည့်ဖြစ်စဉ်များကို ပြန်ကြည့်လျှင် မြစ်ချောင်းအတွင်း ရေဆင်းခပ်ခြင်း၊ ရေချိုးခြင်း၊ ရေထဲဆင်း၍ ပိုက်ထောင်ချိန်တို့တွင် မိကျောင်းအကိုက်ခံရသည်ကို တွေ့ရသည်။
“ကျနော်တို့ဒေသမှာ အသက်မွေးကြတဲ့ အဓိက လုပ်ငန်းက လယ်ယာနဲ့ ရေလုပ်ငန်း ၂ မျိုးပဲရှိတယ်။ လယ်လုပ်ငန်း ကလည်း ရာသီချိန်လောက်ပဲ ရှိတာ။ လယ်လုပ်ငန်းပြီးသွားရင် အများစုက ရေလုပ်ငန်း လုပ်ကြတယ်။ အများစုက တနေ့လုပ်မှ တနေ့စားရတဲ့သူ များပါတယ်။ သစ်တောဌာနက ရေထဲမဆင်းဖို့ ဆိုင်းဘုတ်ထောင်ထားပေမယ့် ဒေသခံ တွေက တံငါလုပ်မှ ထမင်းစားရတော့ မိကျောင်းရန်ကြောက်ပေမယ့် ရေထဲဆင်းပြီး အလုပ်လုပ်ရတာပဲ။ အဲဒီတော့ မိကျောင်းကိုက်တာတွေက နှစ်စဉ်ဖြစ်နေတာပေါ့”ဟု ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးက ပြောသည်။
မိကျောင်းက လူကိုကိုက်သည့်အတွက် ဒေသခံတို့က လူကိုက်သည့်မိကျောင်းများကို လိုက်ရှာ၍သတ်ဖြတ်ခွင့် မရှိပါ။ တောရိုင်း တိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ မိကျောင်းမှာ သာမာန်ကာကွယ်ထားသော တောရိုင်းတိရိစာ္ဆန်ဖြစ်သည်။ မြန်မာနိုင်ငံဥပဒေအရ မိကျောင်းသတ္တဝါအား ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရ ဖြစ်စေခြင်း၊ ယင်းတောရိုင်းတိရိစာ္ဆန်ကိုဖြစ်စေ၊ တိရိစာ္ဆန်၏ အစိတ်အပိုင်းကိုဖြစ်စေ ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၃ သောင်းကျပ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ထို့ကြောင့် ဘိုကလေးဒေသခံများအနေဖြင့် မိကျောင်းများရှိသည့် မြစ်ချောင်းများအနီး နေထိုင်သော်လည်း မိကျောင်း ကို အန္တရာယ်ပြုခွင့်မရှိဘဲ မိကျောင်းအကိုက်မခံရအောင်သာ သတိထားနေထိုင်ကြရသည်။ မိကျောင်း ကိုက်ခံရလျှင် မည်သူ့ကိုမျှ အမှုဖွင့်တရားစွဲ၍မရ၊ ကိုယ့်စရိတ်နှင့်ကိုယ် ဆေးကုကြရသည်။ မိကျောင်းကိုက် သဖြင့် ခြေပြတ်လက်ပြတ် ဖြစ်သူတို့မှာ ဒုက္ခိတဘ၀ဖြင့် လက်ကျန်ဘဝကို ဖြတ်သန်းကြရသည်။
“မိကျောင်းအန္တရာယ်က ကျမတို့ဒေသမှာ တော်တော်လေးကြီးနေပြီ။ အခုမြေးလေးကို ကိုက်ခဲ့တဲ့ မိကျောင်းကြီးက ရွာနားတဝိုက်မှာ စုန်ရေဆန်ရေကူးနေပြီး ချောင်းနေတာ။ အိမ်က သားမက်ကလေး မွေးထားတဲ့ဘဲက အရင်က အကောင် ၁၆၀ ရှိတာ အခု အကောင် ၁၀၀ လောက်ပဲ ကျန်တော့တယ်။ အကောင် ၅၀ ကျော်က မိကျောင်းစားလို့ ကုန်ပြီ။ ရေလုပ်ငန်း လုပ်စားတဲ့လူဆိုလည်း ဒီအလုပ်နဲ့ ထမင်းစားနေရတော့ ရေထဲမဆင်းလို့ မဖြစ်ပြန်ဘူး။ ဒီအတိုင်းဆို ကျမတို့မှာ ရှေ့လျှောက် ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး”ဟု ဂရမ်းအုပ်စု၊ ရွာသစ်ကျေးရွာမှ ဒေါ်သန်းဝင်းက စိတ်ပျက်စွာဖြင့် ပြောပြသည်။
ဒေသတွင်း၌ မိကျောင်းကိုက်သည်နှင့် ဒေသခံများက သစ်တောဌာနကို အပြစ်တင်လေ့ရှိကြသည်။ သစ်တောဌာနက မွေးထား၍ ၎င်းတို့ကို မိကျောင်းကိုက်ရသည်ဟု မြင်ကြသည်။ လူ့အသက်ထက် တိရိစာ္ဆန် မိကျောင်းက ပိုအရေးကြီး သလားဟု သစ်တောဌာနကို မေးခွန်းထုတ်ကြရာ သစ်တောဝန်ထမ်းများမှာလည်း အကျပ်ရိုက်လျက် ရှိသည်။
“မိကျောင်းကိုက်မှုဖြစ်လာတိုင်း ဒေသခံတွေက ကျနော်တို့ သစ်တောဌာနက ဒီမိကျောင်းတွေ မွေးထားလို့ သူတို့အကိုက် ခံရတယ်ဆိုပြီး အပြစ်မြင်ကြတယ်။ ကျနော်တို့ကလည်း နိုင်ငံတော် မူဝါဒအရ ဒီမိကျောင်းတွေကို သဘာဝအတိုင်း ထိန်းသိမ်းထားရတာ။ ပြီးတော့ မိန်းမလှကျွန်းဆိုတာ အာဆီယံ အမွေအနှစ်ဥယျာဉ်၊ ကမာ္ဘ့ရမ်ဆာဒေသ စာရင်းဝင်နေရာ ဖြစ်တဲ့အတွက် ထိနိးသိမ်းရတာ။ မိကျောင်းဆိုတဲ့ အကောင်ကလည်း ရေထဲနေတာဆိုတော့ ဟိုမသွားနဲ့ ဒီမသွားနဲ့ဆိုပြီး လုပ်လို့ရတာလည်း မဟုတ်။ အဲဒီတော့ မိကျောင်း ကိုက်တိုင်းမှာ ဒေသခံတွေက ကျနော်တို့ကို အပြစ်မြင်နေတာက တော်တော်ခက်တယ်”ဟု လုပ်သက်ရင့် သစ်တောဝန်ထမ်း ဦးစိုးဝင်းက အခက်အခဲကို ပြောပြသည်။
လူသားများက နေရာချဲ့ထွင်ခြင်း၊ သစ်ခုတ်ခြင်း၊ ဂေဟစနစ် ပျက်စီးစေသည့်နည်းလမ်းများဖြင့် ငါးဖမ်းဆီးခြင်း တို့ကြောင့် မိကျောင်းများအတွက် အသိုက်အမြုံပျက်စီးကာ အစာရှားပါးသည့်ဒုက္ခ ကြုံတွေ့ရသလို ဒေသခံ များမှာလည်း မိကျောင်း လက်ချက်ကြောင့် လူမှုစီးပွားဘ၀ ထိခိုက်ခြင်း၊ ဒဏ်ရာရကာ အသက်သေဆုံးခြင်းများ ဖြစ်ပွားနေသည်။ မိကျောင်းနှင့်လူ ပဋိပက္ခက အချိန်ကြာလာသည်နှင့်အမျှ ဒေသအတွင်း၌ ပိုမိုကြီးထွား လျှက်ရှိနေသည်။
မိကျောင်းများပျော်စံရာ မိန်းမလှကျွန်း
ရေချိုနှင့်ရေငန်စပ်မိကျောင်း (သိပ္ပံအခေါ် Crocodylus porosus) တို့မှာ ရှေးနှစ်ပေါင်းများစွာကပင် ရေချိုရေငန်စပ် ဒေသဖြစ်သည့် ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း၊ ကဒုံကနိနှင့် ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းများ တဝိုက်တွင် ရှင်သန် နေထိုင်ကြသည်။ ကျင်လည်ကျက်စားခဲ့ကြသည်။ ထိုမိကျောင်းများမှာ မိန်းမလှကျွန်း နှင့်အတူ ထင်ရှားကျော်ကြားသည့် နတ်တပါးဖြစ်သော ရေငန်ပိုင် ဦးရှင်ကြီး နတ်၏အစောင့်အရှောက်များဖြစ်သည်ဟု ဒေသခံများက ရိုးရာစွဲများဖြင့် ယုံကြည်ကြသည်။
အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၅ ခုနှစ်တွင် မိန်းမလှကျွန်းကို ထင်းကြိုးဝိုင်းအဖြစ် စတင်သတ်မှတ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် သမ္မတ ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက မိန်းမလှကျွန်း တိုးချဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ် ခဲ့သည်။ ဦးနေဝင်းအစိုးရလက်ထက် ၁၉၇၂ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းကော်ပိုရေးရှင်းက မြန်မာနိုင်ငံရှိ မိကျောင်းများကို နိုင်ငံခြားသို့ တရားဝင်တင်ပို့ ရောင်းချခဲ့သည်။ ထိုသို့ ရောင်းချခဲ့သည့် အကျိုးဆက်ကြောင့် ဘိုကလေး ဒေသရှိ မိကျောင်းများ တစထက်တစ ရှားပါးခဲ့ပြီး မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
“သမ္မတ ဦးနေဝင်းအစိုးရလက်ထက်မှာ မိကျောင်းတွေကို နိုင်ငံခြားကို တရားဝင် ကုန်သွယ်ရောင်းချခွင့် ပေးခဲ့တယ်။ အဲဒီတော့ လူတွေက မိကျောင်းအသိုက်က ဥဆိုလည်းယူတယ်။ အကောင်ပေါက်လည်း ယူတယ်။ အကောင်ကြီးလည်း ဖမ်းတယ်။ သတ်ဖြတ်တယ်။ မိကျောင်းမျိုးပွားတဲ့ပမာဏနဲ့ လူတွေသတ်ဖြတ်တဲ့နှုန်းက မမျှတတော့ မိကျောင်းတွေက မျိုးသုဉ်းပျောက်ကွယ်မယ့် အခြေအနေအထိ ရောက်ခဲ့တယ်”ဟု မိန်းမလှကျွန်း ဘေးမဲ့တောမှ တောခေါင်း ဦးစိုးဝင်းက ရှင်းပြသည်။
ရှားပါးတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုကို ဝိုင်းဝန်း ကန့်ကွက်သည့်အတွက် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ မိကျောင်းများ နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းခဲ့သည်။ မိကျောင်းများ အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံရှိ မိကျောင်းများ အကောင်ရေ အလွန် နည်းပါး သွားခဲ့ပြီး မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေ ရင်ဆိုင်နေရသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ – နဝတစစ်အစိုးရက ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် မိကျောင်းများ ကျင်လည် ကျက်စားသောကျွန်းကို “မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော”အဖြစ် သတ်မှတ်ခဲ့သည်။
ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောဂေဟစနစ်ကို ကာကွယ်ရန်၊ ငါး၊ ပုဇွန်များ မျိုးပွား ခိုလှုံရာ ဒေသများကို ကာကွယ်ရန်နှင့် မျိုးသုဉ်းမည့် အန္တရာယ်ရင်ဆိုင်နေရသော မိကျောင်းများ သဘာဝအတိုင်း ရှင်သန် ပေါက် ဖွား နိုင်စေရန် ဖြစ်သည်။ ထို့ကြောင့် မိန်းမလှကျွန်းဘေးမဲ့တောကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ဖြတ်သန်းသွားလာခွင့် မရှိသော ဒေသ အဖြစ် အစိုးရက တားမြစ်ပြီး ထိန်းသိမ်းကာကွယ်ခဲ့သည်။
နဝတအစိုးရက ၁၉၉၃ ခုနှစ်တွင် မိန်းမလှကျွန်းဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းကာ မိကျောင်းများ အပါအဝင် တောရိုင်းတိရိစာ္ဆန်များ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ဥပဒေဖြင့် တားဆီး ကာကွယ်ခဲ့သည်။ သစ်တောဌာန ဝန်ထမ်းများကိုလည်း မိန်းမလှကျွန်းတွင် အမြဲနေထိုင်စေ၍ မိကျောင်းများကို သဘာဝအတိုင်း ပေါက်ဖွား ကြီးပြင်းနိုင်ရန် ထိန်းသိမ်း ကာကွယ်စေခဲ့သည်။
“မိန်းမလှကျွန်း စတည်ချိန်ကဆို မိကျောင်းက အရမ်းနည်းတယ်။ ကျနော်တို့မှာ မိကျောင်းအမတွေ ဥထားတဲ့ အသိုက်ကို စောင့်ရှောက်ရတယ်။ အကောင်ပေါက်လာရင်လည်း စခန်းမှာ မွေးထားပြီး သူတို့ကြီးထွားလာချိန်၊ အန္တရာယ် ရှောင်ရှား နိုင်တဲ့ အချိန်ကျမှ ချောင်းထဲကို ပြန်လွှတ်ပေးတာတွေလုပ်ပြီး မိကျောင်းအကောင်ရေ ပြန်လည် တိုးပွားလာအောင် လုပ်ခဲ့ရတာ။ အဲဒီလို ထိန်းသိမ်းခဲ့လို့ အခုအချိန် မိကျောင်းတွေ ကျန်နေသေးတာ။ အချိန်မီသာ မကာကွယ်ခဲ့ရင် အခုချိန် မိကျောင်းကို မြင်ရဖို့ မလွယ်လောက်ဘူး”ဟု မိန်းမလှကျွန်း တည်ထောင်စဉ်က စတင်၍ တာဝန်ထမ်းဆောင်ခဲ့သူ သစ်တောဝန်ထမ်း ဦးစိုးဝင်းက ရှင်းပြသည်။
သစ်တောဌာနမှ အကောင်ပေါက်များ မွေးမြူ၍ ပြန်လွှတ်ပေးခြင်းနှင့် သဘာဝအတိုင်း ရှင်သန်ပေါက်ဖွားနိုင်ရန် ထိန်းသိမ်း ကာကွယ်ခြင်းတို့ကြောင့် မိကျောင်းအကောင် အရေအတွက် ပြန်လည်တိုးပွားလာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် သစ်တော ဌာနမှ ကောက်ယူခဲ့သည့် စာရင်းအရ မိန်းမလှကျွန်းတွင် အရွယ်အစားမျိုးစုံ မိကျောင်း အကောင်ရေ ၁၁၀ ကျော် ရှိကြောင်း သိရသည်။ မိကျောင်းအကောင်ရေ များပြားလာခြင်းကြောင့် မိန်းမလှကျွန်းမှာ မြန်မာနိုင်ငံတွင် မိကျောင်းများကို သဘာ၀ အတိုင်း ထိန်းသိမ်းကာကွယ်ထားသော အကြီးဆုံး ဒေသ ဖြစ်လာခဲ့သည်။
မိန်းမလှကျွန်းမှာ အကျယ်အဝန်း ၃၃၇၇၆ ဧက (၅၂.၇၈ စတုရန်းမိုင်) ရှိပြီး ဖျာပုံခရိုင်၊ ဘိုကလေးမြို့မှ ရေမိုင် ၁၂ မိုင် ခရီး ကွာဝေးသော ဘိုကလေးမြစ်ဝတွင် တည်ရှိသည်။ ကျွန်း၌ ဒီရေရောက်ဒေသများတွင် ပေါက်ရောက် ရှင်သန်သည့် ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသည့်တို့အပါအဝင် အပင်ပေါင်း ၂၉ မျိုး ရှင်သန် ပေါက်ရောက်ပြီး မြန်မာနိုင်ငံ၌ ဧကအနည်းငယ်သာ ကျန်ရှိသော ဒီရေတောများထဲတွင် မိန်းမလှကျွန်းရှိ ဒီရေတောမှာ အကြီးဆုံးဖြစ်ကြောင်း သစ်တောဌာန ထံမှ သိရသည်။
ဘေးမဲ့တောအတွင်း၌ မိကျောင်းများအပြင် ဖျံ၊ ဒရယ်၊ လိပ်၊ တောဝက်၊ တောခွေး၊ ငှက်များ၊ လိပ်ပြာများ၊ ဧရာဝတီ လင်းပိုင်နှင့် ရေဝက်တို့ မှီတင်းနေထိုင်ကျက်စားကြသည်။ သစ်တောဌာနက ပြုစုထားသည့် စာရင်းအရ နို့တိုက်သတ္တဝါ ၁၈ မျိုး၊ ငှက် ၁၉၀ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါ ၃၈ မျိုး၊ ငါး ၁၁၀ မျိုး၊ ဂဏန်း ၆ မျိုး၊ ပုဇွန် ၁၄ မျိုး၊ လိပ်ပြာ ၃၅ မျိုးနှင့် သစ်ခွ ၆ မျိုးတို့ နေထိုင်ပေါက်ရောက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဇီဝမျိုးစုံမျိုးကွဲများစွာ မှီတင်းနေထိုင်ရာ မိန်းမလှကျွန်း တောရိုင်းတိရိစာ္ဆန် ဘေးမဲ့တောကို အရှေ့တောင် အာရှ နိုင်ငံများအသင်း – ASEAN က ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမာ္ဘ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသအဖြစ် နိုင်ငံတကာ ရမ်ဆာကွန်ဗန်းရှင်းအဖွဲ့က သတ်မှတ်ခဲ့သည်။
မိကျောင်းများကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများစွာ တည်ရှိခြင်းကြောင့် နှစ်စဉ် နိုင်ငံခြားသားများစွာမှာ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းသို့လာရောက် လေ့လာကြသည်။
“အင်တာနက်နဲ့ လူမှုကွန်ရက်တွေ၊ ရုပ်သံလိုင်းတွေ၊ ဗီဒီယိုတွေမှာ မိန်းမလှကျွန်းအကြောင်းပါလာရင် လည်ချင်စရာ ကောင်းတဲ့၊ ပျော်စရာကောင်းတဲ့ဒေသအဖြစ် တွေ့ရတယ်။ ဒါပေမယ့် ဘိုကလေးမှာနေသူတွေ ကတော့ မြေပြင်မှာ ဖြစ်နေ တဲ့ မိကျောင်းနဲ့ လူတွေကြား ပဋိပက္ခ ပိုကြီးလာနေတာတွေ၊ ယိုယွင်းပျက်စီး လာနေတဲ့ မိန်းမလှကျွန်း အခြေအနေတွေ မြင်ပြီး ရင်မောနေရတယ်”ဟု ဘိုကလေးမြို့ခံ ဦးကျော်လင်းက ပြောသည်။
လိုအပ်ချက်များရှိနေဆဲ မိန်းမလှကျွန်းထိန်းသိမ်းရေး
မိန်းမလှကျွန်းဘေးမဲ့တော၏ အကျယ်အဝန်းက ဧက ၃ သောင်း ၃ ထောင်ကျော်ရှိသည်။ ထိုမျှကျယ်ဝန်းသော ဘေးမဲ့တောကြီးကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ထားသည့် သစ်တောဝန်ထမ်းက ဌာနဖွဲ့စည်းပုံအရ ၁၀ ဦး သာရှိသည်။ သစ်တောဝန်ထမ်းများကို ကူညီရန် ခန့်ထားပေးသည့် နေ့စားဝန်ထမ်း များနှင့် ပေါင်းပါမှ လူအင်အားက ၁၄ ဦးသာ အများဆုံးရှိခဲ့သည်။
မိန်းမလှကျွန်း ဘေးမဲ့တော စတင်တည်ထောင်ချိန်၌သာ ဖွဲ့စည်းပုံအတိုင်း ခန့်အပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် သစ်တော ဝန်ထမ်းများမှာ ပင်စင်ယူခြင်း၊ ကွယ်လွန်ခြင်း၊ နေရာပြောင်းရွှေ့ခြင်းများကြောင့် အမြဲတမ်း သစ်တောဝန်ထမ်းများ လျော့နည်း သွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်အစားထိုး ခန့်အပ်နိုင်ခြင်း မရှိသေးကြောင်း သစ်တောဝန်ထမ်းများထံမှ သိရသည်။
မိန်းမလှကျွန်းပတ်လည်တွင် သစ်တောကင်းစခန်း ၅ ခုရှိပြီး လက်ရှိအချိန်တွင် ထိုစခန်းများ၌ တာဝန် ထမ်းဆောင်နေသူ အမြဲတမ်းသစ်တောဝန်ထမ်း ၄ ဦး ရှိသည်။ နေ့စားဝန်ထမ်း ၂ ဦးနှင့်ပေါင်းပါက ဧက ၃ သောင်းကျော်ရှိသည့် ဘေးမဲ့ တောကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဝန်ထမ်း ၆ ဦးသာ ရှိသည်။
“လက်ရှိ မိန်းမလှကျွန်းမှာရှိတဲ့ဝန်ထမ်းအားလုံးပေါင်းရင် ၆ ဦးပဲ ရှိပါတယ်။ အဲဒီ ၆ ဦးက ကျွန်းဧရိယာ ဧက ၃ သောင်း ကျော်ကို ထိန်းသိမ်း စောင့်ရှောက်နေရတယ်ဆိုတော့ ဝန်ထမ်းအင်အားနဲ့ ထိန်းရတဲ့ ဧရိယာက ဘယ်လိုမှ မမျှတဘူး ဆိုတာ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်” ဟု သစ်တောဝန်ထမ်း ဦးစိုးဝင်းက ပြောဆိုသည်။
ထိန်းသိမ်းရသည့် မိန်းမလှကျွန်းဧရိယာ ကျယ်ပြန့်ခြင်း၊ ကျွန်း၏ဝင်ပေါက်ထွက်ပေါက် များပြားခြင်း၊ သစ်တော ဝန်ထမ်း အင်အား နည်းပါးခြင်း၊ ကျွန်းပေါ်တက်၍ ဥပဒေချိုးဖောက် လုပ်ကိုင်သူများပြားခြင်းနှင့် ကျွန်း၌ တာဝန်ထမ်းဆောင်နေသူ သစ်တောဝန်ထမ်းများအတွက် လုံခြုံရေးဆိုင်ရာပစ္စည်းများ ထောက်ပံ့မှု အားနည်းခြင်းတို့ကြောင့် မိန်းမလှကျွန်း ထိန်းသိမ်း ရေး က ဗရမ်းဗတာအခြေအနေသို့ ရောက်ရှိနေသည်။
“မိန်းမလှကျွန်းဧရိယာက ချောင်းမြောင်းပေါတယ်။ အပေါက်တွေ ပေါတယ်။ အပေါက်ပေါင်းစုံကို ပိတ်ဆို့ ကာကွယ် တားဆီးဖို့၊ ထိန်းသိမ်းဖို့ဆိုတာက လက်ရှိဝန်ထမ်းအင်အားနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ အဲဒီတော့ ကျွန်းထဲကို ဝင်ရောက် ကျူးကျော်ငါးဖမ်း၊ ထင်းခုတ်လုပ်တာတွေသိပေမယ့် အဲဒီနေရာကို သွားရောက်ဖို့တောင် ကျနော်တို့မှာ အသုံးပြုစရာ စက်လှေမရှိဘူး။ ဥပဒေချိုးဖောက်လုပ်နေတာတွေ သိပေမယ့် အချိန်မီ တားဆီးကာကွယ်ဖို့ ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်”ဟု တောခေါင်း ဦးစိုးဝင်းက တာဝန် ထမ်းဆောင်စဉ် ကြုံတွေ့ရသည့် အခက်အခဲကို ရှင်းပြသည်။
သစ်တောဝန်ထမ်းများမှာလည်း အခက်အခဲရှိသလို ကျွန်းပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ကျေးရွာများမှ ဒေသခံများ မှာလည်း ၎င်းတို့၏ ဝမ်းစာအတွက် အလုပ်လုပ်ရန်မှာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ထင်းခုတ် အမဲလိုက်ကဲ့သို့သော ကျပန်း အလုပ်သာ ရှိကြသည်။
မိန်းမလှကျွန်း ပတ်ဝန်းကျင်တွင် ချောင်းဗြဲကြီး၊ ထော်ပိုင်၊ စက်ဆန်း၊ ကျွန်းညို၊ ဆတ်ကျွန်း၊ ကျွန်းသာယာ၊ ကြိမ်ချောင်း၊ လမုအုပ်၊ ပျဉ်ဘိုးကြီးစသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၂၂ ရွာ တည်ရှိသည်။ အဆိုပါ ကျေးရွာများမှ လက်လုပ် လက်စား ရေလုပ်သား၊ ထင်းခုတ်သမားတို့က နေ့စဉ်ကျွန်းထဲဝင်၍ ထင်းခုတ်ကြသည်။ တောကောင်များကို အမဲလိုက် ကြသည်။ အဆိပ်ချငါးဖမ်း၊ ကဏန်းထောင်၊ ဘတ္ထရီရှော့ခ်တိုက်ငါးဖမ်းတာတွေ လုပ်ကြပြီး မြေယာခုတ်ထွင်၍ သီးနှံ စိုက်ပျိုးကြကြောင်း ဘိုကလေးဒေသခံများထံက သိရသည်။
“ကျနော်တို့ဒေသမှာက အလုပ်အကိုင်အခွင့်အလမ်းက မရှိဘူး။ သူတို့က မနက်မိုးလင်းလို့ မျက်နှာသစ်တာနဲ့ အရင်ဆုံး တွေ့ရတာက မိန်းမလှကျွန်းပဲ။ တဖက်က ကဒုံကနိကြိုးဝိုင်းပေါ့။ အဲဒါက သူတို့ရဲ့ ထမင်းအိုးပဲ။ သူတို့ အတွက်က လှေ တစင်းနဲ့ ဓားတလက်လောက်ရှိရင် ထမင်းစားလို့ရတာကိုး။ အဲဒီတော့ သစ်ခုတ်၊ ငါးဖမ်းပြီး ဝမ်းရေးကို ဖြေရှင်း နေကြ ရတာ”ဟု မိန်းမလှကျွန်းအနီးရှိ စက်ဆန်း ၁ ရွာမှ အမည်မဖော်လိုသော ဒေသခံ တစ်ဦးက ပြောသည်။
သစ်တောဝန်ထမ်းများအဆိုအရ မိန်းမလှကျွန်းပတ်လည်ရှိ ရွာပေါင်း ၂၂ ရွာမှ ဘေးမဲ့တောထဲသို့ နေ့စဉ် ဝင်ရောက်၍ ထင်းခုတ်၊ ငါးဖမ်း၊ အမဲလိုက်၊ စိုက်ပျိုးရေး လုပ်သူ ဦးရေမှာ နေ့စဉ် လူ ၅၀၀ ထက်မနည်း ရှိနေသည်ဟုဆိုသည်။ မိန်းမလှကျွန်းကို ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်ထမ်းက ၆ ဦး သာရှိသည့်အတွက် ကျွန်းထိန်းသိမ်းသူ ဝန်ထမ်း အရေအတွက်နှင့် ကျူးကျော်လုပ်ကိုင်သူ အရေအတွက်က အဆ ၈၀ ခန့် ကွာခြားနေသည်။
“သစ်တောဝန်ထမ်းက အကုန်လုံးပေါင်းမှ လူ ၆ ဦးပဲရှိတာ။ သစ်ခုတ်၊ ငါးဖမ်းတဲ့လူက အင်အားက အများကြီး။ သူတို့ အကုန်စုပြီး သွားဖမ်းရင်တောင် ဟိုကဝိုင်းချလိုက်ရင် သူတို့ခံသွားရမှာ။ အဲဒီတော့ သစ်တောဝန်ထမ်းတွေလည်း ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ပြီး တောထဲမှာ လုပ်ချင်တိုင်း လုပ်နေကြတဲ့ကိစ္စကို ဒီလိုပဲ မသိချင်ယောင်ဆောင် နေကြရတာ” ဟု ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာမှ ဒေသခံ ဦးကျော်လင်းက ရှင်းပြသည်။
မိန်းမလှကျွန်းအနီး နေထိုင်ကြသည့် ဘိုကလေးဒေသခံများ၏ အဆိုအရ ၂၀၁၈ ခုနှစ်မတိုင်မီက ကျွန်းပေါ်တွင် အမြဲတမ်း နေထိုင်၍ တာဝန်ထမ်းဆောင်ကြသည့် သစ်တောဝန်ထမ်းများမှာ လှေများဖြင့် ချောင်းမြောင်းများထဲသို့ ကင်းလှည့်လေ့ ရှိကြသည့်အတွက် သစ်ခုတ်၊ ငါးဖမ်း၊ ကဏန်းထောင်သူများမှာ ကင်းလှည့်သူ မရှိသည့် ညဘက်အချိန်များတွင်သာ ကျွန်းထဲသို့ ဝင်ရောက်၍ အလုပ်လုပ်လေ့ရှိကြောင်း သိရသည်။သို့သော် ၂၀၁၈ ခုနှစ်တွင် မိန်းမလှကျွန်း၌ ကင်းလှည့်သည့်ပုံစံ ပြောင်းလဲသွားခဲ့သည်။
တိရိစာ္ဆန်မျိုးစုံနှင့် သစ်ပင် ပန်းမန် များ ထိန်းသိမ်းရေးအဖွဲ့ – Fauna and Flora International – FFI အဖွဲ့နှင့် သစ်တောဌာနတို့ ပူးပေါင်း၍ ရဲတပ်ဖွဲ့၊ သစ်တောဌာန၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာသားများပါဝင်သော ပူးပေါင်း အဖွဲ့များဖြင့် မိန်းမလှကျွန်းကို ကင်းလှည့်မှုများ ဆောင်ရွက်ကြသည်။ မော်တော်ဘုတ် ၂ စီးဖြင့် မိန်းမလှကျွန်းကို ပတ်၍ ၁ လလျှင် ၁၀ ရက် ကင်းလှည့်ကြသည်။
ဒေသခံရေလုပ်သားများ အဆိုအရ ပူးပေါင်းအဖွဲ့ဖြင့် ကင်းလှည့်ပြီးသည့်နောက် မိန်းမလှကျွန်းအတွင်း သစ်တောဝန်ထမ်း များက ကင်းလှည့်မှုများ မလုပ်ကြတော့သည့်အတွက် ၎င်းတို့အနေဖြင့် ကျွန်းပေါ်သို့ နေ့ရောညပါ ဝင်ရောက်၍ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ သစ်ခုတ်ခြင်းများ ဆောင်ရွက်နိုင်ကြသည်ဟု ပြောပြသည်။
“သူတို့တွေ ကင်းလှည့်တာက မြစ်ရိုးတလျှောက် မော်တော်ဘုတ်နဲ့ လျှောက်မောင်းနေတာ။ ချောင်းကြား မြောင်းကြားထဲ ကင်းလှည့်တာ မဟုတ်ဘူး။ သစ်ခုတ်၊ ငါးဖမ်းတဲ့လူတွေက ချောင်းရိုးထဲမှာ အလုပ်လုပ်ကြတာ။ ပြီးတော့ ပူးပေါင်းအဖွဲ့နဲ့ ကင်းလှည့်ပြီးရင် ပြီးသွားပြီ။ ကျွန်းပေါ်မှာ တခြားကင်းလှည့်တာတွေ မရှိတော့ဘူး။ အဲဒီတော့ သစ်ခုတ်၊ ငါးဖမ်း၊ပိုက်ထောင် သူတွေက နေ့ရောညပါ အေးအေးဆေးဆေး လုပ်နေကြတော့တာ။ အကယ်၍ ကင်းလှည့်တဲ့အဖွဲ့နဲ့ သွားတိုးလို့ ဖမ်းလည်း သူတို့က လှေအခွံပဲသိမ်းသွားပြီး ပိုင်ရှင်မဲ့လုပ်ပစ်လိုက်တာ”ဟု စက်ဆန်းကျေးရွာမှ အမည်မဖော် လိုသော ဒေသခံ တဦးက ပြောပြသည်။
ဘိုကလေးမိကျောင်း လူကိုကိုက်သည့်အကြောင်းအရင်း
ရေလုပ်သားများအနေဖြင့် မိန်းမလှကျွန်း ဘေးမဲ့တောအတွင်း ငါးဖမ်းရာတွင် လယ်ယာစိုက်ပျိုးရာ၌ အသုံးပြုသည့် ပိုးသတ် ဆေးများကို ချောင်းအတွင်း လောင်းသွန်၍ အဆိပ်ချ ငါးဖမ်းကြသည်။ ရေထဲသို့ အဆိပ်ချ လိုက်သည်နှင့် ငါးအကြီးအသေး အရွယ်အစားမျိုးစုံနှင့်အတူ ရေသတ္တဝါ အသေးအမွှားတွေပါ သေဆုံးကြသည်။
ထိုသို့ အဆိပ်ချငါးဖမ်းခြင်းကြောင့် ဂေဟစနစ် ဆိုးရွားစွာပျက်စီးသလို မိန်းမလှကျွန်းအတွင်း နေထိုင်ကျက်စားကြသည့် မိကျောင်းများ၏ အစာကွင်းဆက်များ ပျက်စီးရှားပါးမှုများ ဖြစ်ပေါ်လာခဲ့သည်။
“တံငါဆိုတဲ့လူတွေက နည်းပေါင်းစုံနဲ့ ငါးရှာဖွေတယ်။ ဒီလိုရှာဖွေရာမှာ တချို့က ဘတ္တရီရှော့ခ်တိုက်တယ်။ တချို့က အဆိပ်ချတယ်။ အဓိကတော့ ရေထဲမှာ အဆိပ်ချတာများတယ်။ အဲဒီလိုအဆိပ်ချ ငါးဖမ်းတော့ ရေထဲမှာ ရှိတဲ့ အကောင် တွေ အကုန်သေတယ်။ မိကျောင်းရဲ့အစာကွင်းဆက်ဖြစ်တဲ့ သားငါးပုဇွန်က ရှားလာတယ်။ တဖက်မှာလည်း မိကျောင်း အကောင်ရေက များလာပြီး အစာကရှားလာတော့ သူတို့က ကျွန်းအပြင်ကို ထွက်တော့တာ။ အပြင်ထွက်လို့ ရွာတွေနား ရောက်တော့ ဘဲတွေ့ရင် ဘဲဆွဲမယ်။ ခွေးတွေ့ရင် ခွေးဆွဲမယ်။ လူတွေ့ရင် လူကိုဆွဲမှာပဲ။ သူတို့ကတော့ ခွဲခြားနေမှာ မဟုတ်ဘူး”ဟု မိန်းမလှကျွန်းဘေးမဲ့တောမှ လုပ်သက်ရင့် သစ်တောဝန်ထမ်း ဦးစိုးဝင်းက ပြောပြသည်။
ရေချိုရေငန်စပ် မိကျောင်းတို့မှာ ယခင်ကတည်းက ဘိုကလေးမြို့နယ်ရှိ၊ မိန်းမလှကျွန်း၊ ကဒုံကနိနှင့် ပျဉ်ဒရယ် သစ်တော ကြိုးဝိုင်းတဝိုက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ ဘိုကလေးဒေသ၌ လူဦးရေ ထူထပ် များပြားလာခြင်း၊ လူတို့၏ ကျေးရွာ များ၊ လူနေအိမ်များ နယ်မြေတိုးချဲ့တည်ဆောက်ခြင်း၊ လယ်ယာမြေတိုးချဲ့ လုပ်ဆောင်ခြင်းတို့ကြောင့် မိကျောင်းတို့ ရှင်သန်ရာနယ်မြေ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည့်အချက် ကလည်း မိကျောင်းနှင့်လူ ပဋိပက္ခကို ပိုမိုကြီးထွား စေခဲ့သည်။
“လူဦးရေထူထပ်လာပြီးတော့ လူတွေက နေရာတွေတိုးချဲ့ပြီး ရွာတွေတည်၊ အိမ်တွေဆောက်ကြတဲ့အခါမှာ လူတွေက မိကျောင်းတွေနေတဲ့နေရာထဲ တဖြည်းဖြည်း ရောက်လာကြတယ်။ အဲ့လိုနေရင်း လူတွေက မိကျောင်းအန္တရာယ်ကို သတိမမူဘဲ ပေါ့ဆလိုက်တဲ့အချိန်မှာ မိကျောင်းက အစာထင်ပြီးဆွဲတော့ မိကျောင်း ကိုက်ခံရတဲ့ကိစ္စတွေ ဖြစ်လာတာ”ဟု ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးက ပြောသည်။
လူနှင့်မိကျောင်း ပဋိပက္ခကို အဖြေရှာခြင်း
ဘိုကလေးမြို့နယ်အတွင်း တစထက်တစ ပိုမိုကြီးထွားလာနေသည့် လူနှင့်မိကျောင်းပဋိပက္ခကို ဖြေရှင်းရန် နည်းလမ်း ရှာမည်ဆိုလျှင် မိန်းမလှကျွန်းဘေးမဲ့တောအား စနစ်တကျထိန်းသိမ်းရေးကို အမြန်ဆုံး လုပ်ဆောင် ရမည်ဟု သစ်တော ဌာနမှ ဝန်ထမ်းများနှင့် ဒီရေတော၏ တန်ဖိုးကို နားလည်ကြသော ဘိုကလေးဒေသခံများက ပြောဆိုသည်။ အဘယ့်ကြောင့်ဆိုသော် လတ်တလောကာလတွင် မိန်းမလှကျွန်းအတွင်း ဝင်ရောက်၍ ထင်းခုတ်၊ ငါးဖမ်းနေမှုက တဝမ်းတခါး ရှာဖွေစားသည့်အဆင့်ထက်ကျော်လွန်၍ စီးပွားဖြစ် ဆောင်ရွက်နေကြသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် အချိန်မီ မထိန်းသိမ်းနိုင်ပါက မိန်းမလှကျွန်းကြီး ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
“အခုက လူတွေက တနိုင်တပိုင်ရှာစားတဲ့အဆင့် မဟုတ်တော့ဘူး။ စီးပွားဖြစ်လုပ်နေကြတာ။ ကျွန်းထဲမှာ ငါးဝင်ဖမ်းတဲ့ တံငါလှေတွေဆီကို ကုန်သည်က စက်လှေနဲ့ ငါးလိုက်ဝယ်တယ်။ အဲဒီတော့ ရေလုပ်သားက ရေထဲကဖမ်းပြီး ချောင်းထဲမှာ တင် တခါတည်း ကုန်သည်ကို ရောင်းရုံပဲ။ တချို့ကျတော့ လှေနဲ့ ငါးဖမ်းတဲ့အဆိပ်ကို ငါးဒိုင်က ထုတ်ပေးတယ်။ကျွန်းထဲမှာ အဆိပ်ချ ငါးဖမ်းပြီးရင် လှေထုတ်ပေးထားတဲ့ ဒိုင်ဆီကိုပဲ ပြန်လာသွင်း ရတယ်။ သစ်ခုတ်တာဆိုရင်လည်း ဘိုကလေး တနယ်လုံး ရောင်းရုံတင်မဟုတ်ဘူး ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တွေပါ ပို့ပေးပြီးရောင်းနေတာ။ အဲဒီ တော့ မိန်းမလှကျွန်းက မပျက်ဘဲနေမလား”ဟု မိန်းမလှကျွန်းအနီး နေထိုင်သည့် အမည်မဖော်လိုသော ဒေသခံတဦးက ပြောပြသည်။
မိန်းမလှကျွန်း တောရိုင်းတိရစာ္ဆန်ဘေးမဲ့တောမှာ ဖြတ်သန်းသွားလာခွင့် မရှိသည့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသောဒေသ ဖြစ်ပြီး တောရိုင်း တိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ ကျွန်းထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သူမှန်သမျှကို ဖမ်းဆီးခွင့်ရှိသည်။ သို့သော် သစ်တောဌာန၏ ဝန်ထမ်းအင်အား နည်းပါးသည့်အတွက် ကျွန်းကိုကောင်းမွန်စွာ မထိန်းသိမ်းနိုင်ဘဲ တရား ဥပဒေမစိုးမိုးသည့် အခြေအနေ ဆိုက်ရောက် ခဲ့ရသည်။
မိန်းမလှကျွန်း၌ သစ်တောရဲကဲ့သို့ သစ်တောဌာန၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အစောင့်ချ တာဝန်ပေးခြင်း၊ သစ်တော ဝန်ထမ်းအင်အား တိုးမြှင့်ချထားပေးခြင်းနှင့် ကျွန်းတွင်တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် လိုအပ်သည့် စက်လှေနှင့် လုံခြုံရေးဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးမည်ဆိုပါက ဥပဒေချိုးဖောက်၍ ကျူးကျော် ဝင်ရောက်သူများကို တားဆီးကာ မိန်းမလှကျွန်းအား ပိုမိုလုံခြုံစွာ စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း လုပ်သက်ရင့်သစ်တောဝန်ထမ်း ဦးစိုးဝင်းက အကြံပြုပြောဆိုသည်။
“ပုသိမ်ခရိုင်မှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရတဲ့အတွက် သစ်တောရဲတပ်ဖွဲ့ဝင်တွေ ချထားပြီး ဖမ်းဆီး ဆောင်ရွက်ခဲ့ တယ်။ အဲဒီနောက်ပိုင်း ဆင်သတ်ခံရမှုတွေ လျော့ကျသွားတယ်။ အခု မိန်းမလှကျွန်းမှာလည်း အဲဒီလိုမျိုး ချထားပေး မယ်ဆို ပိုကောင်းမှာပါ။ ပြီးတော့ သစ်တောဌာနဝန်ထမ်းကို ဖွဲ့စည်းပုံအပြည့် ခန့်အပ်မယ်၊ အကူလုပ်သားကိုလည်း စခန်း ၁ ခုမှာ ၄ ဦးလောက်စီ ထားပေးမယ်၊ ဝန်ထမ်းတွေအတွက် လိုအပ်တဲ့မော်တော်တွေ၊ လုံခြုံရေးဆိုင်ရာပစ္စည်းတွေ ထောက်ပံ့ မယ်ဆိုရင် လူအင်အား နိုင်နင်းစွာနဲ့ ကျွန်းကို ထိန်းသိမ်းနိုင်မယ်။ ဥပဒေချိုးဖောက်သူတွေကို ထိရောက်စွာ တားဆီးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ထောက်ပြသည်။
မိန်းမလှကျွန်းအနီးတွင် ကျေးရွာပေါင်း ၂၂ ရွာရှိသည်။ အဆိုပါကျေးရွာများက ထမင်း၊ ဟင်းချက်ရန် ထင်းလောင်စာနှင့် စားဝတ်နေရေးအတွက်က မိန်းမလှကျွန်းနှင့် ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့ကို မှီခိုနေရသည်။
မိန်းမလှကျွန်းဘေးမဲ့တောကို လူဝင်ရောက်ခွင့်မပြုဘဲ ထိန်းသိမ်းမည်ဆိုပါက ကျွန်းအနီးရှိ ကျေးရွာများမှ ဒေသခံ မိသားစုများအတွက် ထင်းစိုက်ခင်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ဘိုကလေးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ပြောဆိုသည်။
“ဘိုကလေးမြို့နယ် အောက်ဘက်ခြမ်းဒေသတွေမှာ လျှပ်စစ်မီး မရှိဘူး။ ထမင်းဟင်းချက်ဖို့ လောင်စာမရှိဘူး။ ထင်းရှိမှ ထမင်းဟင်း ချက်လို့ရတာ။ အဲဒီတော့ မိန်းမလှကျွန်းကို ထိန်းသိမ်းဖို့ဆိုရင် အနီးနားကျေးရွာတွေမှာ ထင်းကြိုးဝိုင်းတွေကို စနစ်တကျနဲ့ အောင်မြင်အောင် အစိုးရပိုင်းက အကောင်အထည်ဖော်ဖို့လိုတယ်။ ဒေသခံများအတွက် တနိုင်တပိုင် စိုက်ပျိုး ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။ ဒေသခံတွေ စားဝတ်နေရေးအဆင်ပြေနေရင် ဘယ်သူမှ မိကျောင်းအန္တရာယ်ရှိတဲ့ မိန်းမလှကျွန်းထဲ မသွားပါဘူး”ဟု ဦးစံမင်းအောင်က ၎င်း၏အမြင်ကို ပြောပြသည်။
မိန်းမလှကျွန်းဘေးမဲ့တောသည် ၂၀၀၈ ခုနှစ၊် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကာလတွင် ဒေသခံ အများ အပြား၏ အသက်ကို ဒီရေတောများဖြင့် ကာကွယ်၍ ကယ်တင်ပေးခဲ့သည်။ ဇီဝမျိုးစုံ၊ မျိုးကွဲများစွာ တည်ရှိမှုကြောင့် အာဆီယံအမွေအနှစ်ဥယျာဉ်နှင့် ကမာ္ဘ့အရေးပါသော ရေဝပ်ဒေသစာရင်းဝင်နေရာ ရမ်ဆာ ဒေသအဖြစ် သတ်မှတ်ခြင်း ခံထားရသောကျွန်းလည်း ဖြစ်သည်။ ရေချိုရေငန်စပ် မိကျောင်းများကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားခြင်းကြောင့် နှစ်စဉ် နိုင်ငံခြားသားများစွာ စိတ်ဝင်တစား လာရောက်လည်ပတ်ကြည့်ရှုကြသည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသောနေရာလည်း ဖြစ်သည်။
ထိုသို့ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများစွာ တည်ရှိနေသောကျွန်းကြီး မပျက်စီးမီ နိုင်ငံတော်အစိုးရက အချိန်မီထိန်းသိမ်း ကာကွယ်နိုင်ခဲ့လျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်မည်ဖြစ်သလို လူနှင့်မိကျောင်းတို့၏ ပဋိပက္ခ လျော့နည်းသွားနိုင်ကြောင်း လုပ်သက်ရင့် မိကျောင်း ထိန်းသိမ်းရေးဆောင်ရွက်သူများက ပြောဆိုကြသည်။
“အဓိကက မိကျောင်းတွေရဲ့ Habitits (ကျက်စားနေထိုင်ရာနေရာ) တွေ၊ သစ်ပင်သစ်တောတွေ ပျက်စီးတဲ့ အတွက် သူတို့အပြင်ထွက်ကြတာ။ အဲဒီတော့ သူတို့ရဲ့ Habitits တွေ ပြန်လည်တိုးပွားလာအောင်လုပ်မယ်၊ အစာရေစာ ပေါများလာမယ်ဆိုရင် မိကျောင်းက ကျွန်းအပြင်ဘက်ကို ထွက်တာနည်းလာနိုင်တယ်။ တိရစာ္ဆန်ဆိုတာ အစာရှိရင် နေတယ်။ အဲဒီလိုနေပြီး အပြင်မထွက်ရင် လူတွေနဲ့ ထိတွေ့မှုနည်းလာမယ်၊ ဒါဆိုရင် လူနဲ့ မိကျောင်းဖြစ်နေတဲ့ ပဋိပက္ခလည်း တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်”ဟု တောရိုင်းတိရိစာ္ဆန် ထိန်းသိမ်း ကာကွယ်ရေးအသင်း – WCS Myanmar ၌ အကြီးတန်းပူးပေါင်းဆောင်ရွက်ရေးဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မိကျောင်းထိန်းသိမ်းရေးလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူ ဦးဝင်းကိုကိုက ပြောသည်။
မြေးမလေး မိကျောင်းကိုက်ခံရသည်ကို အနီးကပ်မြင်တွေ့ခဲ့ရသည့် ရွာသစ်ကျေးရွာမှ ဒေါ်သန်းဝင်းကမူ ဘဝတလျှောက် မိကျောင်းအန္တရာယ်ကို ကြောက်စရာမလိုဘဲ အေးချမ်းစွာ နေထိုင်နိုင်ရေးကိုသာ မျှော်လင့်နေသည်။ ဘိုကလေး မြို့နယ်အတွင်းမှ ဒေသခံများမှာလည်း ဒေါ်သန်းဝင်းကဲ့သို့ပင် မိကျောင်း အန္တရာယ်ကင်းဝေးသည့်ဘဝကို ရောက်ရှိရန် မျှော်လင့်နေကြသည်။
“ကျမတို့တော့ မိကျောင်းရန် တထိတ်ထိတ်နဲ့ နေထိုင်သွားလာနေရတဲ့ဘဝကို မလိုချင်ပါဘူး။ ကိုယ့်ဒေသမှာ မိသားစုတွေ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်ရှာဖွေစားသောက်တဲ့ဘဝနဲ့ နေရဖို့ပဲ မျှော်လင့်ပါတယ်”ဟု ဒေါ်သန်းဝင်းက ၎င်း၏ မျှော်လင့်ချက်ကို ပြောသည်။
မိန်းမလှကျွန်းကြီးကို ထိန်းသိမ်းကာကွယ်နေရန်၊ လူနှင့် မိကျောင်းများကြားက ပဋိပက္ခအား ဖြေရှင်းနိုင်ရန် ဘေးမဲ့တော တခုတည်းအား ဝန်ထမ်းအင်အား အနည်းငယ်မျှဖြင့် ထိန်းသိမ်းရုံဖြင့် မရနိုင်သလို အလုပ်အကိုင်ရှားပါးသော၊ လျှပ်စစ်မီး မရှိသဖြင့် စားသောက်ရေးအတွက် ထင်းကအစ လိုအပ်နေသော ကျွန်းတဝိုက်ရှိ ဒေသခံများအတွက်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သက်ဆိုင်ရာက အမြန်ဆုံး လုပ်ဆောင်ပေးရန်မှာ လိုအပ်နေကြောင်း မိကျောင်းကိုက်မှုတိုင်းက သတိပေးနေသည်။
You may also like these stories:
မိန်းမလှကျွန်းကို ကမ္ဘာလုံးဆိုင်ရာ ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်
ဘိုကလေးမြို့နယ်တွင် ကလေးငယ်တဦး မိကျောင်းကိုက်ခံရ
အသားနှင့် သားရေထုတ်ရန် စီးပွားဖြစ် မိကျောင်း မွေးမြူခွင့်ပြု
ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း