၂၀၂၀ နှစ်ဆန်းလောက်ထိ ပြည်တွင်း/ပည်ပ ခရီးသွားများနှင့် ပုဂံမြေဟာ စည်ကားနေခဲ့သည်။ မတ်လဆန်းပိုင်း အထိပင် ဧည့်သည့် မပြတ်သေး။
ထိုကာလများတွင် ဒေသထွက်ကုန် ရောင်းချသူများ၊ အမှတ်တရပစ္စည်း၊ လက်မှုပစ္စည်း ရောင်းချသူများ အပါအဝင် တုတ် တုတ် ဟုခေါ်သော သုံးဘီးဆိုင်ကယ် ဆွဲသူများ၊ ဆိုင်ကယ်ကယ်ရီ၊ မြင်းလှည်သမားများလည်း လက်မလည်အောင် လုပ်ငန်းကောင်း ဝင်ငွေကောင်း ရနေသည်။
အသေးစား ငွေချေးလုပ်ငန်းများကလည်း အလုပ်အကိုင်ကောင်းလှသည့် ဈေးသည်များ၊ ဆိုင်ကယ်သမားများထံသို့ ချဉ်းကပ်ကာ ငွေကြေးချေးယူနိုင်ခြင်းတို့အတွက် ဘဏ်တွင် ချေးငွေတင်ရသလို ရှုပ်ထွေးခက်ခဲမှုမရှိဘဲ လွယ်လင့်တကူ ရယူနိုင်ရန် မိတ်ဆက်သလို ချေးငွေများလည်း ချထားပေးခဲ့သည်။ တချို့ကား ဈေးအရင်းအတွက် ထိုချေးငွေ ရယူခဲ့သလို တချို့ကမူ သုံးဘီး ဆိုင်ကယ် ဝယ်ယူရန် စသဖြင့် လုပ်ငန်းကို တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံကြသည်။
ယခု အခြေအနေမှာမူ လွန်ခဲ့သော ၄ လ မတိုင်ခင်ကနှင့် ပြောင်းပြန် ဖြစ်ခဲ့ရလေသည်။ အလုပ်မရှိသလို ဝင်ငွေလည်း မရှိကြတော့။ မျှော်စရာ ဧည့်သည်လည်း မရှိသလောက်ပင်။ ထို့အတူ ချေးယူထားခဲ့သည့် အကြွေးများအတွက် ဆပ်စရာငွေ လည်း မရှိ။
သုံးဘီးဆိုင်ကယ် မောင်းသူ ကိုနိုင်ဦးက သူအကြွေးဖြင့် ဝယ်ယူထားသည့် သုံးဘီးကို ပြန်လည် ရောင်းချကာ အကြွေးဆပ်ရမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
ကိုနိုင်ဦးက “သူတို့ကို လုပ်ကျွေးနေရသလိုပဲ။ အရင်း မဆပ်ရတာပဲ ရှိတယ်။ အတိုးက သွားပေးနေရတာပဲ။ ဒါကြောင့် ဘာ မှတော့ မထူးဘူး။ ကျနော်တို့ဆီ ဧည့်သည်လာတဲ့ အချိန်မှာတော့ ၁ ရက်ကို ကျပ်လေးသောင်းခွဲ ၅ သောင်း ဝင်တယ်။ ဒါကြောင့် သူတို့ဆီက ချေးငွေကို တလုံးတည်းရတော့ စုမိတဲ့ ပုံစံမျိုးနဲ့ ယူမိတာ။ အခုတော့ ရှိတဲ့ သုံးဘီးပါ ရောင်းပြီး ပြေး ရမလို ဖြစ်သွားတယ်” ဟု ဆိုသည်။
ယခုအချိန်တွင် အကြွေးဆပ်နိုင်ရန် အိမ်ရှိ အတွင်းပစ္စည်းများ ရောင်းချမှုကလည်း ကုန်သလောက် ရှိနေကြောင်းလည်း ၎င်းက ပြောဆိုသည်။
ပုဂံဒေသတွင် အသေးစား ငွေကြေးလုပ်ငန်း လာရောက် ချေးသည့် အစုအဖွဲ့ ၅ ဖွဲ့နှင့် အထက်ရှိကြောင်း လက်ရှိအချိန်တွင် တချို့အဖွဲ့များက ပြန်ဆပ်ကာလကို ဆွဲဆန့်ပေးခြင်းများရှိသော်လည်း တချို့အဖွဲ့များက ၎င်းတို့ လာရောက်မည့် နေ့ရက်ကို ပြော၍ အတင်းအကြပ် ကောက်ခံခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောပြသည်။
ကူးစက်မြန် COVID-19 ရောဂါ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာသည့် မတ်လတွင်းမှာပင် အရှိန်ရလာသည့် မြန်မာ့ ခရီးသွားလုပ်ငန်း တန့်ခဲ့ရသလို ခရီးသွားကဏ္ဍကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မှီခိုနေရသည့်သူများ အားလုံးလည်း ခက်ခဲသည့် အခြေအနေတရပ်သို့ ရင်ဆိုင်နေရသည်။
ကိုဗစ်ကာလ၏ စီးပွားရေး အကျပ်အတည်း အခက်အခဲများကြောင့် အသေးစား ငွေကြေးလုပ်ငန်းများ (Microfinance) သို့ ပြန်ဆပ်ငွေများ မပေးနိုင်ခြင်းကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ၊ ထွက်ပြေးသွားမှုများ သတင်းမီဒီယာများတွင် ဖော်ပြ လာကြသည်ကို တွေ့လာရသည်။
ကိုဗစ်ကပ်ရောဂါကာလနှင့် ပြည်တွင်းခရီးသွားများ ပြန်လည်ခွင့်ပြုစ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင် စားသောက်နေရာ ပုဂံရှေးဟောင်းအမွေအနှစ်ဒေသသို့ ဧရာဝတီသတင်းအဖွဲ့ မကြာသေးမီက သွားရောက်လေ့လာရာ အကြွေးပူများ မိနေကြောင်း ပြောပြကြသည်။
ညောင်ဦးမြို့ရှိ မြင်းလှည်းသမား ကိုဋ္ဌေးနိုင်က “တချို့ငွေချေးတဲ့ အဖွဲ့တွေက ၅ လတော့ နောက်ဆုတ်ပေးတယ်။ ဒါပေ မယ့် အတိုးတော့ ပေးရတယ်။ ကျနော်က ကျပ်သိန်း၂၀ ယူထားတာ။ အခုချိန်မှာ အခက်အခဲက အများကြီးပဲ။ မပေးရင် လည်း သူတို့က ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ တောင်းနေတာ” ဟု ပြောသည်။
ကိုဋ္ဌေးနိုင်အပြင် အခြား ဒေသခံတွေလည်း အသေးစား ငွေကြေးလုပ်ငန်းများထံက ချေးငွေယူ၍ လုပ်ငန်း လုပ်ကိုင်နေခဲ့ကြသဖြင့် ယခုလို ဝင်ငွေ မရှိသည့်အချိန်မှာ အကြွေးဆပ်ရန် သောကကြီးနေခဲ့ကြသည်။
“တချို့ Microfinance တွေက ကာလ နောက်ဆုတ်ပေးတာ ရှိပေမယ့် ဆွဲဆန့်လိုက်တာ ဖြစ်တဲ့အတွက် အတိုးကတော့ အရင်ထက် ပိုပေးရတာပေါ့။ နိုင်ငံတကာတို့ ဗဟိုဘဏ်တို့က အတိုးနှုန်းတွေ လျှော့တယ်၊ မယူပါဘူး မပြုပါဘူး ဆိုပေမယ့် ဒီချေးငွေ အဖွဲ့တွေက ရက်တွက်နဲ့တောင် အတိုး တောင်းယူတယ်” ဟု လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေကို ကိုဋ္ဌေးနိုင်က ပြောပြသည်။
ပုဂံဒေသအပြင် Microfinance များ ဝင်ရောက်ခဲ့သည့် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်လည်း ယခုလိုကာလမျိုးမှာ ချေးယူ ထားသည့် ငွေကြေးအတွက် ရုန်းကန်နေနေကြရသည်။
ချေးငွေ ချေးပေးသည့် ကုမ္ပဏီများကို အပြစ် မပြောလိုသော်လည်း လုပ်ငန်းများ ပိတ်နေရသည့် ယခုလို အချိန်အခါမျိုး တွင် ချေးငွေများကို ကာလတခုအထိ ဆွဲဆန့်ပေးခြင်းမျိုးကို မျှော်လင့်မိကြောင်း မန္တလေးတိုင်း အင်းဝ ရှေးဟောင်းအမွေအနှစ်ဒေသက မြင်းလှည်းမောင်းသမား မအေမီဝိုင်းကလည်း ဆိုသည်။
“အရင်မတ်လ လောက်တုန်းကတော့ နားပေးတယ်။ အခုကတော့ ပိုက်ဆံတွေ ပြန်ကောက်နေပြီ။ လုပ်ငန်းက အဆင်မပြေ ချေးငွေတွေက တောင်းတော့ ကျွဲ၊ နွား ရှိတဲ့သူကလည်း ရောင်းပြီး ပေးပေါ့။ မရှိတဲ့သူကတော့ အိမ်ခြံမြေ ခဏ ပေါင်ပြီး ပေး ပေါ့” ဟု အခြေအနေကို ပြောသည်။
“အခုဂိတ်မှာ မြင်းလှည်း ၂၀ ကျော် ထိုးထားတာ နေ့လယ် ၁၂ နာရီအထိ ၄ စီးလောက်ပဲ ထွက်ရသေးတယ်။ အဲဒီတော့ ကျမတို့ရဲ့ နေ့စဉ်ရမယ့် ဝင်ငွေက မသေချာဘူး။ စားဖို့တောင် မနည်းရှာနေရတယ်”ဟု မအေမီဝိုင်းက ဆိုသည်။
ပြည်တွင်း၌ ဆောင်ရွက်နေသော Microfinance များကို ကပ်ရောဂါကြောင့် ငွေချေးသူများ၏ စီးပွားရေး အခက်အခဲကို ထောက်ထား၍ ပြန်ဆပ်ရသည့် ချေးငွေများ ဆိုင်းငံ့ပေးရန် အစိုးရက ညွှန်ကြားထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဆိုသည်။
“ဒီကာလမှာ အတင်းအကြပ် ကောက်လို့ တိုင်ရင် သက်ဆိုင်ရာ နယ်မြေတွေမှာ အသင်းရုံးတွေ ရှိတယ်။ တိုင်ကြားတဲ့ ရပ်ကွက်၊ ကျေးရွာတွေနဲ့ အဲဒီရုံးတွေမှာ ညှိပေးတယ်။ တရားဝင် ခေါ်ပြီး ညှိနှိုင်းတယ်။ နိုင်ငံတကာမှာလည်း အစိုးရက ဝင်ပြီး တော့ ဒီအတိုးတွေကို လျှော့ပေးပါတော့ မဆပ်ပါနဲ့လို့ ပြောတာ မရှိဘူး။ ဘာလုပ်ရလဲဆိုတော့ ချေးငွေ ပေးဆပ်မယ့် ကာလနဲ့ အတိုးပေးရမယ့် ကာလကို ရွေ့ပေးတာပဲ လုပ်ရတယ်”ဟု ရှင်းပြသည်။
ထိုသို့ ရွှေ့ဆိုင်းပေးသော နည်းလမ်းကသာ အသင့်တော်ဆုံး နည်းလမ်းတခု ဖြစ်ပြီး လက်ရှိ ငွေကြေးဈေးကွက်အနေဖြင့် အဆင်ပြေသည့်အဆင့်သို့ ရောက်ရှိနေသဖြင့်လည်း လတ်တလော၌ အစိုးရ၏ညွှန်ကြားချက်များ ထပ်မံ ထုတ်ပြန်သွားရန် မရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် Microfinance လုပ်ငန်းများအတွက် ငွေပေါ်လွယ် (Liquidity)စေရန် ချေးငွေလျှောက်ထားခြင်းများကို ကျအောင် လုပ်ပေးခြင်း၊ ချေးငွေ တင်မည့်လုပ်ငန်းများကို မြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း အစရှိသည့်တို့ကိုသာ အစိုးရပိုင်းက ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
ဦးဇော်နိုင်က “တချို့က Liquidity ပြည့်မီတာ ရှိတယ်၊ တချို့က မပြည့်မီတာ ရှိတယ်။ နည်းနေတာရှိတယ်။ ဒါမျိုးကျတော့ သူတို့ ရစရာ ရှိတာကို ကောက်တာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ညွှန်ကြားချက်ကတော့ တကယ်လည်း မပေးဆပ်နိုင်ဘူး ပေးဆပ်နိုင်ခြင်း မရှိတဲ့ ချေးယူသူတွေဆိုရင် ညှိဖို့ ပြောထားပြီးသားပါ” ဟု အစိုးရ ပေါ်လစီကို ရှင်းပြသည်။
အဆိုပါ အသေးစား ငွေကြေးလုပ်ငန်းများကို သီးခြားလွတ်လပ်သော ငွေရေးကြေးရေး ဥပဒေနှင့် ကိုင်တွယ်ခြင်းဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ချေးငွေ ပြန်ဆပ်ကာလ ဆိုင်းငံ့ပေးသည့် Microfinance ကုမ္ပဏီ၊ အစုအဖွဲ့များမှာ Best Merchant Finance ကုမ္ပဏီ၊ BG Microfinance ကုမ္ပဏီ၊ Microfinance Delta International ကုမ္ပဏီ၊ Unique Quality Microfinance (ယူနစ်ကွာလတီ) ကုမ္ပဏီ၊ BNK Capital Myanmar ကုမ္ပဏီ၊ DAWN ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီ၊ BRAC Myanmar ကုမ္ပဏီ၊ ဗွီးရှင်းဖန်း(ဒ်) မြန်မာ၊ ASA Microfinance ၊ Pact Myanmar Microfinance အစရှိသည့် ကုမ္ပဏီများက ပြန်ဆပ်ငွေများ ပေးသည့် ကာလကို ဆိုင်းငံ့ထားကြောင်း လူမှုကွန်ရက်တွင် ကြေညာခဲ့ကြသေးသည်။
သို့သော် ဆိုင်းငံ့ကာလ ပြီးသည့်အချိန်တွင် နှစ်လပေါင်းတောင်းသည့် Microfinance လုပ်ငန်းများလည်း ရှိခဲ့ကြသည်။
သမိုင်းမြို့နယ်ရှိ ဝန်ထမ်းဖြစ်သူ ဦးမင်းမင်းက “ကျနော်ဆိုရင် ယူတာ ဧပြီလမှာ သူတို့ ဆိုင်းငံ့ပေးပေမယ့် ဇွန်လ ကျတော့ နှစ်လစာ ပေါင်းတောင်းတယ်။ အဲဒီတော့ ဆိုင်းငံ့ပေးတာနဲ့ ဘယ်တူမလဲ။ အတင်းတောင်းသလိုပဲ ပေးရတာပဲ” ဟု ပြောပြသည်။
မြန်မာ တနိုင်ငံလုံးတွင် အသေးစားငွေချေး လုပ်ငန်း စုစုပေါင်း ၁၉၃ ခုကို လိုင်စင်ချထားပေးပြီး ရန်ကုန်တမြို့လုံးတွင် အသေးစားနှင့် အလတ်စား ငွေရေး၊ ကြေးရေးလုပ်ငန်း ကုမ္ပဏီ၊ အစုအဖွဲ့များ (Microfinance) လုပ်ငန်းပေါင်း ၉၀ နီးပါး ရှိ သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်ရှိ ဝန်ထမ်း မဇင်မာက “ဒီလို ကြပ်တည်းနေတဲ့ ကာလမှာ ဆိုင်းငံ့ပါတယ်ဆိုတာမျိုး မပြောပါဘူး။ အလုပ်တွေ အဆင်မပြေလို့ မသွင်းနိုင်တဲ့ အနေအထား ဖြစ်ဆိုကာမှ သူတို့ဘက်က ဆက်သွယ်လာတယ်။ ပျက်ကွက်ခဲ့တဲ့ လတွေအစား ပေါင်းသွင်းပေးပါဆိုပြီး။ အဲဒီလိုသာ စုပေါင်းသွင်းရမယ်ဆို ဘာထူး တော့မှာလဲ။ အတင်းအကြပ် ကောက်ခံတာမျိုးပဲ မဟုတ်ဘူးလား” ဟု ကြုံတွေ့ရသည့် အခြေအနေကို ပြောသည်။
ထို့ကြောင့် အသေးစားချေးငွေလုပ်ငန်း ဈေးကွက်မှာ အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ အတင်းအကြပ် ကောက်ခံခြင်းများ ရှိနေသည်။
အထက်နှင့်အောက် ကွဲလွဲမှုများက အခြေခံ လူတန်းစားများ ပြည်သူများအတွက် ယခုလို ကိုဗစ်ကာလတွင် ဝန်ထုပ်ဝန်ပိုး ရှိလာနေသဖြင့် အစိုးရအနေဖြင့် လုပ်ငန်းရှင်နှင့် ပြည်သူ လိုက်လျောညီထွေ ဖြစ်စေရန် မူဝါဒများ ခိုင်မာအောင် ချမှတ် ပေးရန်လည်း လိုအပ်နေသည်ဟု မဇင်မာက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး ကူညီမှုအသင်း (MMFA) အတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က“တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စောင့်ကြည့်တော့ မြေပြင်မှာ ညှိမရ၊ နှိုင်းမရနဲ့ အသံလေးတွေ ထွက်လာတာမျိုး ဟိုတစ ဒီတစတော့ ကြားရပါတယ်။ သူ့ဟာနဲ့သူ သူ့နေရာလေးနဲ့သူ ဖြစ်နေတာ ကြားနေ၊ မြင်နေရတယ်”ဟု ချေးငွေကောက်ခံရာတွင် ပြဿနာ ရှိသည့် အပိုင်းကို ပြောပြသည်။
အသေးစားငွေကြေးလုပ်ငန်းများသည် မတည်ရင်းနှီးလိုက်သည့် ချေးငွေမှ ပြန်လည်ရရှိလာသော အကျိုးအမြတ်ကို အခြားသူသို့ ထပ်မံ ချဲ့ထွင် ချေးငှားသောလုပ်ငန်း ပုံစံဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်ကာလတွင် လုပ်ငန်းအများစုက ရောင်းအားကျခြင်း၊ လုပ်ငန်းများ ပိတ်သိမ်းရခြင်း စသည့် အခြေအနေများကြာင့် ဝင်ငွေလျှော့နည်းလာသဖြင့် ပြန်လည်ကောက်ခံရသည့် ငွေကြေးနည်းပါးကာ ထုတ်ပေးသည့် ချေးငွေလည်း နည်းပါးသွားသည့် အခြေအနေကို ကြုံတွေ့နေရသည်။
ထိုအခြေအနေမျိုးတွင် ပြဿနာဖြစ်သည့် အသံများထွက်လာနိုင်သည်ကို အသင်းအနေနှင့် တွက်ထားခြင်းရှိသဖြင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း ဖြစ်ပွားသော တချို့ငွေချေးသူနှင့် ချေးယူသူ မပြေလည်သည့် ပြဿနာများကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများလည်း ရှိကြောင်း ဒေါ်ဖြူယမင်းမြတ်က ဆိုသည်။
၎င်းက “ပြန်မဆပ်နိုင်တဲ့သူကို မကောက်ပါနဲ့။ ဒါပေမယ့် လုံးဝ လျှော်ပေးလိုက်တာမျိုးတော့ မဟုတ်ဘူး။ တချိန်ချိန်မှာ ပြန်ဆပ်လာနိုင်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ချေးငွေ အစီစဉ်များကို ပြန်ပြီးတော့ ဖြေလျှော့ပေးတာ၊ စီစဉ်ဆောင်ရွက်ပေးတာ လုပ်ပါ။ ကိုဗစ်ကာလအတွင်းမှာ လုံးဝ ထိခိုက်သွားတယ်။ ပြန်မဆပ်နိုင်တော့ဘူးဆိုရင် အချိန်ကာလအရ ပြန်ပြုပြင် ပြောင်းလဲပေးဖို့ အသင်းက တိုက်တွန်းတယ်” ဟု ပြောသည်။
သို့သော် ယခုလို အခြေအနေမျိုးတွင် Microfinance လုပ်ငန်းများကို ငွေပြန်မကောက်ပါနှင့်ဆိုသည့် တားဆီးသည့် အခြေအနေတခုကို ဥပဒေ၊ ညွှန်ကြားချက်များနှင့် ဝင်ရောက်တားဆီးမည်ဆိုလျှင် ငွေလှည့်ပတ်မှုစနစ်ကြီး တခုလုံး ရပ်ဆိုင်းသွားနိုင်သည် ဟုလည်း ပြောဆိုသည်။
ကိုဗစ်ကြောင့် မြန်မာနိုင်ငံတွင် လက်ခစားစနစ် (CMP) လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ အစရှိသဖြင့် ကဏ္ဍများ ထိခိုက်ရသလို ယင်းကဏ္ဍများရှိ လုပ်သားများနှင့် မြန်မာပြည်တဝန်းရှိ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူ တောင်သူလယ်သမားများ၊ တနိုင်တပိုင် မွေးမြူရေးလုပ်ကိုင်ကြသူ မိသားစု အများအပြားကို ချေးငွေ ထုတ်ပေးသည့် Microfinance လုပ်ငန်းများ၏ ငွေ လှည့်ပတ်မှု နှောင့်နှေး ကျုံ့ဝင်သွားခဲ့ခြင်းက မငြင်းန်ိုင်သည့် အခြေအနေ ဖြစ်သည်။
ထို့ကြောင့် အစိုးရ အနေနှင့် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး သက်ရောက်မှုများ ကုစားရေး လုပ်ငန်း ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်သာသော အတိုးနှုန်းနှင့် ချေးငွေ ထုတ်ပေးရန် ကျပ် ဘီလီယံ ၃၀၀ လျာထားပြီး ယင်းအနက်မှ အသေးစား ငွေကြေးလုပ်ငန်းများကို ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဆက်အောင်က ယခုလ ၁၃ ရက်က ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသွားသည်။
Microfinance လုပ်ငန်းများကို အစိုးရ ထုတ်ချေးမည့် ချေးငွေကို ပြည်ထောင်စုအဆင့်သို့ တင်ပြရာ ခွင့်ပြုမိန့် ကျထားပြီး ထုတ်ချေးမည့် အတိုးနှုန်း အသေးစိတ်ကို ဆက်လက် ညိုနှိုင်း ဆောင်ရွက်နေကြောင်း ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေး ရေး ဦးစီးဌာနက သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါ်ဖြူယမင်းမြတ်က “အစိုးရက ကြေညာထားတဲ့ အတိုးနိမ့် ချေးငွေများ အနေနဲ့ကတော့လည်း တခြား အသေးစား အလတ်စားလုပ်ငန်းများ (SME) အတွက်ကိုတော့ သွားနေတာမျိုး ရှိတယ်။ ကျမတို့ဘက်လည်း လာမယ်လို့တော့ ကြားတယ်။ အခုချိန်ထိတော့ မရောက်လာသေးဘူး။ အခုလက်ရှိမှာတော့ Microfinance တွေက တခြား ငွေကြေးအရင်းအမြစ်တွေနဲ့ပဲ ဆက်သွားနေတာပဲ ရှိတယ်” ဟု ပြောပြသည်။
လက်ရှိအချိန်တွင် ရှိပြီးသား နိုင်ငံတကာ ငွေကြေးအရင်းအမြစ်များကလည်း Microfinance လုပ်ငန်းများတွင် ငွေကြေး ထပ်ထည့်နိုင်စွမ်း နည်းပါးနေသည့်အပြင် ပြည်တွင်းဘဏ်များကလည်း ယခင်ထက်ပို၍ စိုက်ထည့်နိုင်သည့် အနေအထား မရှိကြောင်း ၎င်းက ဆိုသည်။
စီးပွားရေး၏ အဓိကကျသည့် အခန်းကဏ္ဍတခု ဖြစ်သော ငွေရေးကြေးရေး ကဏ္ဍကိုလည်း အစိုးရအနေနှင့် ထောက်ပံ့မှုများ အမြန်ဆုံးပေးရန် လိုအပ်နေသည်ဟု လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ယခုအချိန်တွင် Microfinance လုပ်ငန်းများအနေဖြင့် တချို့လုပ်ငန်းများမှာ ငွေထုတ်ချေးပေးမှုများ ရှိသော်လည်း ယခင်ကဲ့သို့ လုံလောက်သည့် ပမာဏ များများစားချေးယူ၍ မရခြင်း၊ ချေးငွေရရယူရာတွင် စာချုပ်စာတမ်း အာမခံချက်များ များ ပြားလာခြင်း စသည့်တို့ စိစစ်မှု များလာနေသည်ဟုလည်း ငွေချေးယူသူများက ပြောသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးလုပ်ငန်းများက ငွေချေးသူ (Customer) ပေါင်း၂ သန်းခန့် ရှိပြီး ချေးငွေ စုစုပေါင်း ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း MMFA အသင်း၏ စာရင်းဇယားများအရ သိရသည်။
အသေးစား ငွေကြေးကဏ္ဍတွင် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အကျိုးအမြတ်ယူသော အဖွဲ့များ၊ အသေးစား ငွေကြေးလုပ်ငန်း လိုင်စင်ယူထားသော သမဝါယမ ငွေကြေးအဖွဲ့များ၊ အစိုးရမဟုတ်သော အသေးစားငွေ ကြေးလုပ်ငန်း ပြုလုပ်သည့် ပြည်တွင်းအဖွဲ့များနှင့် စီးပွားဖြစ် အသေးစားငွေကြေး အဖွဲ့များ ပါဝင်သည်။
လက်ရှိ Microfinance လုပ်ငန်းများသည် ပြည်တွင်း၊ ပြည်ပမှ ချေးငွေများ ချေးနိုင်သော်လည်း ရင်းနှီးငွေများရှာဖွေရာတွင် ခက်ခဲလျက် ရှိနေသည့်အပြင် နိုင်ငံခြားမှ ဝင်ရောက်သော ချေးငွေများအနေနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ထောက်ခံချက်ကို ယူရသည့် အချိန်မှာပင် လပေါင်း ၂ လအထက် ကြာမြင့်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
Microfinance လုပ်ငန်းများအနေဖြင့် ပြည်သူများသို့ ချေးငွေများ ထုတ်ချေးရာတွင် အမြင့်ဆုံး အတိုးနှုန်းမှာ ၂၈ ရာခိုင်နှုန်း အထိ သတ်မှတ်ထားကြောင်း ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
(ဇူးဇူး ပူးပေါင်းပါဝင်ရေးသားသည်။)
ပိုဆိုးလာသည့် အွန်လိုင်းစုမဲ ငွေလိမ်မှုများ ထိန်းရခက်နေဟု ရဲတပ်ဖွဲ့ပြော
ဝင်ငွေနည်း ပြည်သူများကို အလုပ်အကိုင်ပေးနိုင်မည့် စီမံကိန်း ယခုလစမည်
ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်
ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ