ဆောင်းပါး

မဲဆောက်မှာမိတဲ့ လက်နက်တွေ ရခိုင်ပြည်ကို ပို့ဖို့လား

Want create site? Find Free WordPress Themes and plugins.

ဇွန်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမှ နယ်စပ်တဘက်ဖြစ်သော မဲဆောက်မြို့ တွင် ထိုင်းအရာရှိများက လက်နက်တင်ပို့မှု တခုကို ကြားဖြတ်ဖမ်းဆီး ခဲ့သည်။ သူတို့က များပြားသော တရုတ်လုပ် လက်နက်အသစ် အမျိုးမျိုးကို သိမ်းဆည်းရမိခဲ့ပြီး ထိုင်းနိုင်ငံသား ၂ ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဇွန်လ ၂၃ ရက်က ပူးတွဲစီးနင်းမှုသည် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်ရပ်ကွက်ရှိ အိမ်တလုံးကို ပစ်မှတ်ထားခဲ့သည်။

ထိုင်းနိုင်ငံသား ၂ ဦး ဖြစ်သော ဆဒါယုဒ် ဝတ်သီချိုင်း Sadayu Wutthichai (၃၉ နှစ်) နှင့် အပီချိုင်း ဆရီထိုင်း Apichai Sirithai (၂၇ နှစ်) တို့ အဖမ်းခံခဲ့ရပြီး M16၊ M79၊ M5.56 နှင့် AK47 မောင်းပြန်ရိုင်ဖယ်များနှင့် စက်သေနတ်များ အပါအဝင် စစ်လက်နက်ပစ္စည်း ၃၃ ခု ကို သိမ်းဆည်းရမိခဲ့သည်။

လက်နက်တင်ပို့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသည့် ထိုင်းအာဏာပိုင်များက နောက်ထပ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ကနဦး အစီရင်ခံစာများအရ မြန်မာနိုင်ငံမှသံသယရှိသူ ၆ ဦး ကို မဲဆောက်မှ ၆၅ ကီလိုမီတာအကွာရှိ မယ်လ ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထဲမှ ၄ ဦး မှာ ကရင်လူမျိုးဖြစ်ပြီး ၂ ဦး မှာ ရခိုင်လူမျိုးဖြစ်သည်။ ဖမ်းဆီးထားသော ထိုင်း နိုင်ငံသား ၂ ဦးကို ဘန်ကောက်သို့ ခေါ် ဆောင်သွားခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ လက်နက်များ သယ်ဆောင်လာ ခြင်းနှင့် ပတ်သက်သည့် သတင်းများက ခြောက်ခမ်းသွားခဲ့သည်။

ဖမ်းဆီးမှုများအပြီး များမကြာမီတွင် ထိုင်းရဲ တပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Chakthip Chaijinda က ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုများ နောက်တကြိမ် ဖြစ်ပေါ်လာရေး လှုံဆော်ရန်အတွက် လက်နက်များကို အသုံးပြုရန် ရည်ရွယ်သည်ဟု သံသယရှိကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က သူတို့၏ စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ လျက်ရှိသည်ဟု ဆိုသည်။

သို့သော်လည်း ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ သတင်းအဆက်အသွယ် ကောင်းသော သတင်းရင်းမြစ်များ၏ အဆိုအရမူ ဇာတ်ကြောင်းက ကွဲပြားနေသည်။

အမှန်တကယ်တွင် ဖမ်းဆီးရမိသည့် လက်နက်များကို ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ ပိုင်ဆိုင်ပြီး နောက်ဆုံးတွင် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ်အထိ ရောက်ရှိသွားရန် ဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။

ထိုင်း – မြန်မာနယ်စပ်တလျှောက် အခြေစိုက်သည့် DKBA သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေစိုက်ထားသော တပ်ရင်း ၁၀ ရင်းကျော်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည်။ မူလက ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော်ဟု သိကြသော ထိုအဖွဲ့က ၂၀၁၅ ခုနှစ် တွင် ၎င်း၏ အမည်ကို ပြောင်းလဲခဲ့သည်။ လက်ရှိတွင် DKBA သည် မြန်မာနိုင်ငံ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။

AA နှင့် ARSA ကို လက်နက်တပ်ဆင်ခြင်း

ဖမ်းဆီးရမိသည့် လက်နက်များသည် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ဖြစ်ကြောင်းနှင့် ရခိုင်စစ်တပ် (AA) နှင့် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) တို့က DKBA ရှိ သူတို့၏ အဆက်အသွယ်များမှ တဆင့် မှာကြားခဲ့ခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် AA နှင့် ARSA ၂ ဖွဲ့လုံးကို အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သတ်မှတ်သည်။

ထိုင်းနိုင်ငံသား ၂ ဦး ထဲတွင် ဆဒါယုဒ် ဝတ်သီချိုင်း က ထိုင်း စစ်တပ်မှ စစ်မှုထမ်းဟောင်းဖြစ်သည်။ ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုအရ အပီချိုင်း ဆရီထိုင်းက ထိုင်း-ကရင်လူမျိုးဖြစ်ပြီး DKBA အဖွဲ့ဝင် တဦးဖြစ်သည်။

DKBA ဝတ်စုံဝတ်ပြီး စက်သေနတ်တလက်ကို ကိုင်ဆောင်ထားသူ အပီချိုင်း ဆရီထိုင်း

AA သည် ၂၀၁၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ထိုတိုက်ပွဲများက လတ်တလောတွင် အရှိန်မြင့်တက်လာနေသည်။ AA အဖွဲ့သည် ယခင်က ထိုင်း – မြန်မာနယ်စပ်တွင် အလုပ်လုပ်နေသော ကိုယ်စားလှယ်များထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။ ယခင် လက်နက်တင်ပို့မှု အများအပြားကို မဲဆောက်မှတဆင့် ရခိုင်ပြည်နယ်သို့ ပေးပို့ခဲ့သည်ဟုလည်း ယုံကြည်ရသည်။

ဇွန်လတွင် လက်နက်အများအပြား သိမ်းဆည်းခံခဲ့ရပြီးနောက် နယ်စပ်ရှိ ကရင် သတင်းရင်းမြစ်များက ပြီးခဲ့သည့်နှစ် အတော်များများအတွင်း လက်နက်များကို မဲဆောက်-မြဝတီနယ်စပ်မှ တဆင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အိန္ဒိယ နယ်စပ်တလျှောက်ရှိ စစ်ကိုင်းတိုင်း အခြေစိုက် အိန္ဒိယ လက်နက်ကိုင်အဖွဲ့များ ထံသို့ လည်း ပေးပို့ခဲ့သည်ဟု ပြော ကြ သည်။ ကရင် သတင်းရင်းမြစ်များ၏ အဆိုအရ ယခု အချိန်တွင် ရခိုင်နှင့် အိန္ဒိယ လက်နက်ကိုင်အဖွဲ့များသည် ဒေသတွင်းရှိ ရင်းမြစ် အမျိုးမျိုးထံမှ လက်နက်များ ဝယ်ယူနေသည့် အဓိက ဝယ်လက် ၂ ဦး ဖြစ်သည်ဟု သိရသည်။ လတ်တလောတွင် ရခိုင် လက်နက်ကိုင်အဖွဲ့က စက်သေနတ်များနှင့် စနိုက်ပါရိုင်ဖယ်များ ပိုမို မှာယူခဲ့သည်။

ထိုင်းနှင့် တရုတ်နယ်စပ်ရှိ ဒေသများမှ နေ၍ ရခိုင်ပြည်နယ်သို့ လက်နက်တင်ပို့မှု များစွာ ရှိခဲ့သည်ဟု မြန်မာနိုင်ငံမှ လက်နက် မှောင်ခိုရောင်းဝယ်မှုနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားသော စစ်ထောက်လှမ်းရေး အရာရှိများကလည်း ပြောကြသည်။ သယ်ယူပို့ ဆောင်ရေး လွယ်ကူချောမွေ့စေရန် မှောင်ခိုတင်သွင်းသူများက စစ်ဆေးရေးဂိတ်များရှိ လုံခြုံရေး အရာရှိများကို လာဘ်ထိုးခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ စစ်သားများနှင့် အကောက်ခွန် အရာရှိများ ထရပ်ကားများ သို့ မဟုတ် ယာဉ်များကို စစ်ဆေးခြင်းမရှိဘဲ ဖြတ်သန်းသွားလာခွင့် ပြုရေး လာဘ်စားခဲ့ကြသည်။ သို့သော်လည်း လာဘ်ငွေ ပမာဏများက အမျိုးမျိုး ကွဲပြားသည်ဟု ထောက်လှမ်းရေး အရာရှိများက ဆိုသည်။

ထိုင်းနိုင်ငံသား ၂ ဦး အပြင် ပါကစ္စတန်အမျိုးသား အချို့သည်လည်း မဲဆောက်တွင် သိမ်းဆည်းရမိသည့် လက်နက်များ ဝယ်ယူရေး ကိစ္စတွင် ပါဝင်ကြောင်း နယ်စပ်ရှိ ထောက်လှမ်းရေး သတင်းရပ်ကွက်များက ပြောကြသည်။

၎င်းတို့သည် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့မလာမီက ကမော္ဘဒီးယားတွင် ယခင်က နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ရသည့်အတွက် ပိုမိုကြီးမားသည့် မြေအောက်ကွန်ရက်များနှင့် ဒေသတွင်း အကြမ်းဖက်ဝါဒ ဆက်စပ်မှုများနှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်လာခဲ့ရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် Bangkok Post သတင်းစာက ထုတ်ပြန်ခဲ့သည့် “Tracing the path of terror home,” အမည်ရှိ သတင်းတပုဒ်တွင် ထိုင်းနိုင်ငံမှ ရာဇဝတ်မှုနှင့် သံသယရှိသူ များစွာသည် ISIS နှင့် al-Qaeda တို့နှင့် သက်ဆိုင်သည့် တိုက်ခိုက်ရေး သမားများနှင့် ဆက်နွယ်မှုရှိကြောင်း လုံခြုံရေး အစီရင်ခံစာများကို ကိုးကား၍ ဖော်ပြခဲ့သည်။

မဲဆောက်အနီးမှ သံသယရှိသော “လျှို့ဝှက်လေ့ကျင့်ရေးစခန်း” တခုကိုလည်း အကျဉ်း ချုပ် ရည်ညွှန်း ဖော်ပြခဲ့သည်။ လေ့ကျင့်ရေး ကွင်းအဖြစ် အသုံးပြုသည်ဟု ယူဆရသော နေရာတခုကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

Bangkok Post က “ထိုဧရိယာတွင် ဗုံးပြုလုပ်ခြင်း အပါအဝင် တရားမဝင်လုပ်ဆောင်မှု အများအပြား ပြုလုပ်နေသည်ကို နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတခုက တွေ့ရှိခဲ့သည်”ဟု ထပ်ပြောသည်။ ထို့နောက် ထိုင်းစစ်တပ်က ထိုဧရိယာကို ရှင်းလင်းခဲ့သည်။

အဆိုပါ သတင်းတွင် ထိုင်းနိုင်ငံတွင် AA နှင့် အတူ အလုပ်လုပ်သည်ဟု သံသယဖြင့် အဖမ်းခံခဲ့ရသော ဟာယီရာဆက် Hayi Rasak (မည်သည့် နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော်ခြင်းမရှိ) အမည်ရှိ အမျိုးသားတဦး အကြောင်းကိုလည်း ဖော်ပြထားသည်။

ထို သတင်းတွင်ပင် ပါကစ္စတန်နိုင်ငံသား ၂ ဦးကို မဲဆောက်တွင် ဖမ်းဆီးခဲ့သည့် အကြောင်းကို ဖော်ပြခဲ့ပြီး ထိုင်းလုံခြုံရေး အေဂျင်စီများက နိုင်ငံဖြတ်ကျော်ရာဇ၀ တ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု ထိုင်းနိုင်ငံက သံသယရှိသည့် ပါကစ္စတန် နိုင်ငံသားအချို့ကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဖော်ပြထားသည်။ ထိုင်းနှင့် မြန်မာ မွတ်ဆလင် အမြောက်အများ (ရိုဟင်ဂျာအပါအဝင်) နှင့် ပါကစ္စတန် နိုင်ငံသားများ မဲဆောက်တွင် နေထိုင်ကြသည်။ အများစုမှာ မြန်မာဈေးကွက်သို့ ဂျပန် တပတ်ရစ်ကားများ ရောင်းချသည့် လုပ်ငန်းများတွင် ပါဝင်နေကြသည်။ သို့သော်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းနှင့် ထိုအသိုင်းအဝိုင်းမှ အချို့သူများက ပတ်စ်ပို့အတု ပြုလုပ်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု သံသယရှိသောကြောင့် ထိုင်းရဲ အဖွဲ့နှင့် ထောက်လှမ်းရေးအေဂျင်စီများက မဲဆောက်တွင် နေထိုင်သော ပါကစ္စတန် နိုင်ငံသားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။

AA အဖွဲ့ဝင်များက ကရင် လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင် နေထိုင် လှုပ်ရှားနေကြသည်ဟု မြန်မာထောက်လှမ်းရေး သတင်းရင်းမြစ်များက ယုံကြည်ကြသည်။

ယခင်ကဆိုလျှင် ရခိုင်လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army) မှ တပ်ဖွဲ့ဝင်များသည် သူတို့၏ မဟာမိတ်ဖြစ်သည့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်သော ဒေသများတွင် တပ်စွဲခဲ့ကြပြီး သူတို့က နယ်စပ်တလျှောက်တွင် နေထိုင်ကြဆဲ ဖြစ်သည်။

AA အဖွဲ့ဝင် အများအပြားက KNLA ပိုင်နက် နယ်မြေအတွင်းတွင် လေ့ကျင့်ရေးစခန်း တခု ဖွင့်လှစ်ထားသည်ဟု ကရင် သတင်းရင်းမြစ်များက ပြောကြသည်။ KNU / KNLA သည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ကရင်ခေါင်းဆောင်များအနေဖြင့် ဆက်လက်ဖြစ်ပွားနေသော အဖွဲ့တွင်း ကွဲလွဲမှုများကို ရင်ဆိုင်နေရသည်။ AA ကို စာနာသော ကရင်တပ်မှူးအချို့က ၎င်းတို့ကို KNLA ပိုင်နက်အတွင်း စခန်းတခု သို့မဟုတ် နေရာတခု ပေးထားခြင်း ဖြစ်နိုင်သည်။

ယခုလ အတွင်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့ ၂၁ ခု က တပ်မတော်နှင့် AA တို့အား ရခိုင်ပြည်နယ်မှ ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်းကို ရပ်တန့်ရန်၊ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို လိုက်နာရန် တောင်းဆိုသော ကြေငြာချက်တခုကို ထုတ်ပြန်ခဲ့သည်။

“ရခိုင်ပြည်နယ်တလွှားရှိ လူမှုအသိုင်းအဝိုင်းများနှင့် အတူလုပ်ကိုင်နေသည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့ အစည်းများအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်စစ်တပ် (AA) နှင့်မြန်မာ့တပ်မတော်ကြား တိုက်ခိုက်မှုများမြင့် တက်လာမှုကြောင့် ထိခိုက်နစ်နာသူအားလုံးအတွက် အထူးစိုးရိမ်ကြောင်း” သူတို့၏ ကြေငြာချက်က ဆိုသည်။

ဧပြီလ အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ၁၈ ဦး ပါဝင်သည့် အဖွဲ့ကလည်း COVID-19 ကူးစက်မှု ကာလ အတွင်းတွင် နိုင်ငံတွင်းမှ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပြီး လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အရပ်သားများကို အကာအကွယ်ပေးရန် တိုက်တွန်းခဲ့သည်။

AA သည် ကောင်းစွာ လက်နက် တပ်ဆင်ထားပြီး လက်နက် ဝယ်ယူရန် ငွေနှင့် အရင်းအမြစ်များလည်း ရှိသည်။ မြန်မာနိုုင်ငံရှိ တိုုင်းရင်းသား မဟာမိတ်အချို့ထံမှ ပံ့ပိုးမှုနှင့် လက်နက်များ အပေါ်တွင်လည်း မှီခိုနိုင်သည်။

ဇွန်လ ၂၃ ရက် မဲဆောက်မြို့ အိမ်တအိမ်တွင် ဖမ်းဆီးရမိသော တရုတ်နိုင်ငံထုတ် လက်နက်များကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးခဲ့စဉ်

ပြီးခဲ့သည့်လက ရုရှားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်ကို သွယ်ဝိုက် ရည်ညွှန်းသည့် မှတ်ချက် တခုတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က AA အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာ-တရုတ်နယ်စပ်ကို ဖြတ်ကျော်၍ လက်နက်များ ဆက်လက် ရရှိနေသေးသည်ဟု မြန်မာ့တပ်မတော်က သံသယရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ARSA နှင့် AA ကြားတွင် သိသာထင်ရှားသော ကွာခြားချက်များ ရှိနေသည်။ လုံးလုံးလျားလျား ငြင်းပယ်မှုများ ပြုလုပ်ခဲ့သည့်တိုင် ARSA သည် နိုင်ငံခြားမှ အစွန်းရောက် အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ အဖွဲ့ကို လမ်းညွှန်သူအဖြစ် သတ်မှတ်ခံရသည့် ကရာချိအခြေစိုက် ရိုဟင်ဂျာ ပါကစ္စတန် နိုင်ငံသား အဘ္ဘဒူစ် ကာဒူးစ် ဘားမီ Abdus Qadoos Burmi က မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲ “ ဂျီဟတ်” ဆင်နွဲရန် တောင်းဆိုခဲ့သည်။ သူက ပါကစ္စတန်တွင် အခြေစိုက်၍ အဓိက လှုပ်ရှားသည့် တောင်အာရှ၏ အကြီးဆုံး အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တခု ဖြစ်သည့် Lashkar-e-Taiba (LeT) နှင့် ဆက်နွယ်မှု ရှိကြောင်း ထင်ရှားသော မှတ်တမ်းများ ရှိထားသူ ဖြစ်သည်။

ယခု သေဆုံးသွားပြီဖြစ်သော al-Qaeda ခေါင်းဆောင် အိုစမာဘင်လာဒင် Osama bin Laden ၏ ငွေကြေး ထောက်ပံ့မှုဖြင့် ၁၉၈၇ ခုနှစ်က LeT ကို အာဖဂန်နစ္စတန်တွင် တည်ထောင်ခဲ့သည်။ အဘ္ဘဒူစ် ကာဒူးစ် ဘားမီက LeT ခေါင်းဆောင် ဟာဖစ်မိုဟာမက်ဆိုင်ယက် Hafiz Mohammed Syed နှင့် တွေ့ဆုံမှုများ ထင်ထင်ရှားရှားပင် ရှိခဲ့သည်။ (LeT သည် မဲဆောက်နှင့်လည်း မစိမ်းပါ။ ယခင်က ဆိုလျှင် ၎င်းအဖွဲ့ သည် မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက်တွင် ဆစ်ခ်စစ်သွေးကြွများကို ဖောက်ခွဲရေး သင်တန်းများ ပေးရာတွင် ပါဝင်ပတ်သက်ခဲ့သည်။)

ARSA က အရှေ့အာရှရှိ ပိုမိုကျယ်ပြန့်သော အစ္စလာမ်မစ် အကြမ်းဖက် ကွန်ရက်များနှင့် ဘင်္ဂလားဒေ့ရှ် ရှိ စစ်သွေးကြွများထံမှ အလှူငွေများနှင့် လေ့ကျင့် သင်တန်းပေးမှုများ ရရှိခဲ့သည်။ ၎င်း၏ခေါင်းဆောင် အတ္တာအူလ္လာ Attah Ullah သည် ပါကစ္စတန်တွင် မွေးဖွား၍ ဆော်ဒီအာရေဗျတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

ARSA သည် AA ထက် အရွယ်အစား သေးငယ်ပြီး ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်သားများနှင့် ရဲအရာရှိများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည်။

အချို့သော နိုင်ငံခြားမှ လေ့လာဆန်းစစ်သူများက ARSA ၏ အစ္စလာမစ် အဆက်သွယ်အပေါ် သံသယရှိနေကြဆဲဖြစ်သော်လည်း LeT အပါအဝင် ဒေသတွင်း အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ များက ရိုဟင်ဂျာများအပေါ် အပြည့်အ၀ စာနာ နားလည်မှုရှိကြောင်း သူတို့ သဘောတူကြသည်။ သူတို့က ARSA သည် စစ်သွေးကြွ အစ္စလာမစ် အုပ်စုများနှင့် လိုက်လျောညီထွေဖြစ်စေရန် ၎င်း၏ နည်းလမ်းများကို ချိန်ညှိမည့် ဖြစ်နိုင်ခြေ သို့မဟုတ် စစ်သွေးကြွ အစ္စလာမစ် အဖွဲ့ များက ၎င်း၏ ကိုယ်စားအကြမ်းဖက်မှုများပြုမည့် ဖြစ်နိုင်ခြေ ကြီးထွားလာနေကြောင်းကို အသိအမှတ်ပြုသည်။

အတိတ်ကာလတွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရခိုင်၊ ဟိန္ဒူ၊ မြိုနှင့် အခြားတိုင်းရင်းသားများကို ပစ်မှတ်ထားခဲ့ပြီး မှတ်တမ်းတင်ထားသည့် အစုအပြုံလိုက် သတ်ဖြတ်မှုတခုအတွက် တာဝန်ရှိခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် ARSA က နယ်ခြားစောင့်တပ်များ၊ အရပ်သားများနှင့် ရဲတပ်ဖွဲ့များကို အကွက်ချ တိုက်ခိုက်မှု အများအပြားလည်း ဆက်တိုက် ပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ARSA က အမျိုးသမီးများနှင့် ကလေးများ အပါအဝင်ဟိန္ဒူ ၉၉ ဦး ကို သတ်ဖြတ်ခဲ့ပြီး၊ အခြားသူ အများအပြားကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း Amnesty International နှင့် သတင်းမီဒီယာများက မှတ်တမ်းတင်ခဲ့သည်။

ထိုစဉ်က ရဲတပ်ဖွဲ့စခန်း ၃၀ ကျော်နှင့် ရခိုင်ပြည် အခြေစိုက် တပ်စခန်းတခုကို ARSA က တိုက်ခိုက်ခဲ့ရာ ARSA တိုက်ခိုက်ရေးသမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများကို တုန့်ပြန်သည့် အနေဖြင့် ရခိုင်နိုင်ငံရေးသမားများနှင့် အရပ်သား လုံခြုံရေးများက ကျောထောက်နောက်ခံ ပေးထားသော မြန်မာလုံခြုံရေးတပ်ဖွဲ့များက လက်နက်ကိုင်များနှင့် အရပ်သားများ အပေါ် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ရာတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက် ပါဝင်သည့် ရက်စက်မှုများကို ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂက ကြေငြာခဲ့သည်။

မြန်မာ့တပ်မတော်က AA ရခိုင်လက်နက်ကိုင်များနှင့် ဆက်လက်၍ ထိတွေ့တိုက်ခိုက်မှုများ ရှိနေပြီး ARSA နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေသည်နှင့်အမျှ လက်နက်ကိုင်များကလည်း လက်နက်များ ပိုမို ရှာဖွေနေ ကြသည်။ ဆိုလိုသည်မှာ နောက်ထပ် လက်နက်နှင့် ခဲယမ်းမီးကျောက် ဝယ်ယူမည့် အခြား မှာကြားမှုများက ဆက်လက်၍ ရှိနေဆဲ ဖြစ်ပါသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Weapons Seized in Mae Sot Destined for Myanmar’s Rakhine State: Intelligence Sources ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ရေး အင်အားစုကြီးတခုကြောင့် တနိုင်ငံတည်း မလုပ်နိုင်ဟု တပ်ချုပ် ပြော

AA နှင့် ဆက်စပ်သူ ၆ ဦးအား အကြမ်းဖက် ဥပဒေနှင့် စွဲချက်အမိန့်ချ

သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading