“ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း ပညာ ဖြစ်တဲ့အတွက် ဒီယွန်းထည်လုပ်ငန်းကို မစွန့်လွှတ်ဘဲနဲ့ လုပ်ကိုင်စားသောက်ချင်တယ်” လို့ ထုတ်ဖော် ပြောဆိုလာသူက မြန်မာ့ရှေးဟောင်းအမွေအနှစ်ဒေသ ပုဂံမြို့ မြင်းကပါရွာက ဦးကျော်လှိုင်ပါ။
အသက် ၄၉ နှစ်အရွယ် ဦးကျော်လှိုင်ဟာ သူ့အသက် ၁၅ နှစ် လောက်ကတည်းက ယွန်း လက်မှုပညာကို သင်ယူတတ်မြောက်ခဲ့ပြီး ခုအချိန်ထိလည်း ယွန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတဦး ဖြစ်ပါတယ်။
‘အနုရာဓ’ လို့ ရှေးက ခေါ်တွင်ခဲ့တဲ့ မြင်းကပါရွာဟာ ပုဂံမြို့ဟောင်း တောင်ဘက်မှာရှိပြီး ပုဂံခေတ်ဦးပိုင်းက ရွာကြီး ၁၉ ရွာကို စုပေါင်းကာ ပုဂံမင်း နေပြည်တော် စတင် ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ သမိုင်းဝင်နယ်မြေတခု ဖြစ်သလို ယွန်း လက်မှု ပညာကြောင့် လူသိများတဲ့ ရွာလည်း ဖြစ်ပါတယ်။
ပန်းယွန်းပညာဟာ မြန်မာ့ရိုးရာ လက်မှုပညာဖြစ်တဲ့ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းတဉ်း၊ ပန်းရန်၊ ပန်းယွန်း ဆိုတဲ့ ပန်းဆယ်မျိုးမှာ ပါဝင်တဲ့ မြန်မာ့လက်မှုပညာ လုပ်ငန်းတခု ဖြစ်ပါတယ်။
ပန်းယွန်းထည် လုပ်ငန်းနဲ့ ဆွမ်းအုပ်၊ လက်ဖက်အုပ်၊ လက်ဖက်ရည်ခွက် ကစလို့ အဝတ်ဗီရို သေတ္တာတွေအဆုံး လူ့အသုံး အဆောင်ပစ္စည်း အဖြစ် ပြုလုပ်သုံးစွဲကြလေ့ ရှိပါတယ်။
ယွန်းထည်လုပ်ကိုင်ရာမှာ အဓိကအသုံးပြုတဲ့ အခြေခံပစ္စည်းတွေကတော့ ဝါးနဲ့ သစ်စေးတို့ဖြစ်ပြီး အရည်အသွေးကောင်းတဲ့ ယွန်းထည်ပစ္စည်း တခုရဖို့ မြေကြီးအောက်မှာ မြေငွေ့ပေး အခြောက်ခံရပြီး အနည်းဆုံး ၆ လကနေ ၁ နှစ်ကျော်လောက်ထိ အဆင့်ဆင့် အချိန်ပေး အနုစိတ် ပြုလုပ်ရတာ ဖြစ်ပါတယ်။
ဒီလက်မှုပညာဟာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ အရာတခု ဖြစ်သလို ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။
ဒါကြောင့်လည်း ကိုဗစ်ကာလ ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း လုံးဝ ရပ်တန့်သွားတဲ့အခါ ယွန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မြင်းကပါရွာက ဒေသခံတွေ အတော်လေး အထိနာသွားခဲ့ပါတယ်။
အိမ်ခြေ ၉၀၀ ၊ လူဦးရေ ၆၀၀၀ လောက် ရှိတဲ့ ဒီရွာကြီးမှာ ရာခိုင်နှုန်း ၈၀ လောက်က ယွန်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပြီး တပိုင်တနိုင် ကိုယ်ပိုင် လုပ်တဲ့သူတွေ ရှိသလို ပုဂံ- ညောင်ဦး မြို့ပေါ်က ယွန်းထည်ဆိုင်ကြီးတွေမှာ နေ့စား အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်သူတွေလည်း ရှိတယ်လို့ ဦးကျော်လှိုင်က ရှင်းပြပါတယ်။
တပိုင်တနိုင် ကိုယ်ပိုင်လုပ်တဲ့သူတွေအနေနဲ့ မိသားစုဝင်တွေလောက်နဲ့သာ လုပ်ကြလေ့ရှိပြီး တချို့ကတော့ အလုပ်သမား ၂ ယောက်လောက် ထားတတ်ကာ ငွေကြေး ပိုမိုတတ်နိုင်တဲ့ တပိုင်တနိုင် လုပ်ငန်းတွေမှာတော့ အလုပ်သမား အယောက်၂၀ လောက်ထိ ခန့်ထားကြတယ်လို့ သိရပါတယ်။
ဦးကျော်လှိုင်ကတော့ သူ့မိတ်ဆွေ ဦးတင်ဦး (မြင်းကပါရွာ) ရဲ့ ယွန်းထည်လုပ်ငန်းမှာ အစုရှယ်ယာ အနည်းငယ် ထည့်ဝင်ထားသလို သူကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သူတို့ အိမ်တွေနဲ့ အလှမ်းမဝေးလှတဲ့ တမာပင်ကြီးအောက်က ယွန်းထည် အလုပ်ရုံမှာ နံနက် ၇ နာရီကနေ ညနေ ၄ နာရီ လောက်ထိ အလုပ်သမား အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ လောက်နဲ့ တရုန်းရုန်းပဲလို့ အလုပ်အကိုင် ကောင်းစဉ်က အခြေအနေတွေကို သူတို့က ပြန်လည် ပြောပြပါတယ်။
ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ အလုပ်သမားတွေကို ထောက်ပံ့ပေးချင်ပေမယ့် သူ ကိုယ်တိုင်ကလည်း ဝင်ငွေလုံးဝ မရှိတဲ့ အနေအထား ဖြစ်နေတယ်လို့ အလုပ်ရုံပိုင်ရှင် ဦးတင်ဦးက ပြောပြရင်း တိတ်ဆိတ် ခြောက်ကပ်နေတဲ့ သူ့အလုပ်ရုံကို ငေးကြည့်နေပါတယ်။
“စဉ်းစားလေ စဉ်းစားလေ တော်တော် ဦးနှောက်ခြောက်ရပါတယ်။ ရစရာရှိတဲ့ ဟာကလည်း မရနဲ့။ အလုပ်ရုံကို ပြန်ဖွင့်ချင်ပေမယ့် ငွေရေးကြေးရေးက မလည်ပတ်တော့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်” လို့လည်း သူက ဆိုပါတယ်။
ယွန်းထည် လုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်တဲ့ အလုပ်သမားတယောက်ဟာ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်ပြီး တနေ့ကို အနည်းဆုံး ကျပ် ၃၀၀၀ လောက်ကနေ အများဆုံး ကျပ် ၈၀၀၀ လောက်ထိ ရတယ်လို့ သိရပါတယ်။
ဒီရွာက သူတွေဟာ ငယ်စဉ်ကတည်းက ယွန်းပညာကို မျက်မြင် ကြီးပြင်းလာရတာ ဖြစ်လို့ အသက် ၇ နှစ်လောက် အရွယ်မှာ မိခင်ပေးတဲ့ ကညစ်လေးနဲ့ ယွန်းထည်ပေါ် ဟိုဒီခြစ်ရင်း၊ တခြားသူတွေ လုပ်ကိုင်တာ မြင်တွေ့ရင်းကပဲ ယွန်းလက်မှု ပညာကို တတ်မြောက်လာခဲ့ကြပြီး ၁၅ နှစ် အရွယ်လောက်ဆို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေကြပြီ ဖြစ်ပါတယ်။
ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေအပေါ် အဓိက အမှီသဟဲ ပြုနေရတဲ့ ပုဂံယွန်းထည် ဈေးကွက်ဟာ ရခိုင်မြောက်ပိုင်းနေ မွတ်စလင်များအရေးရဲ့ ရိုက်ခတ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေရာကနေ ခုတော့ ကိုဗစ်ကြောင့် ဈေးကွက်ပျက်တဲ့ အနေအထားမျိုးကို ရင်ဆိုင်နေပြီလို့ ဦးကျော်လှိုင်က ပြောပြပါတယ်။
ရခိုင်အရေး ဖြစ်ပြီး နောက်ပိုင်း အနောက်နိုင်ငံက ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု နည်းသွားတာ၊ ရခိုင်အရေးနဲ့ ပတ်သက်လို့ မေးမြန်း လို့ ဒေသခံတွေက ဖြေတာကို မကြိုက်ရင် မဝယ်တာတွေကို ကြုံလာခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။
“ကိုဗစ်ကြောင့်မို့သာ လက်ညှိုးထိုးစရာ ရှိနေတာ။ ကိုဗစ် မတိုင်ခင်ကတည်းက ယွန်းထည် လုပ်ငန်းက ပျောက်ချင်သလိုလို ဖြစ်နေတာ။ နိုင်ငံတော်အစိုးရကလည်း ဒီ ယွန်းထည် လုပ်ငန်းကို လျစ်လျူရှုထားတဲ့ သဘောရှိတယ်” လို့ ယွန်းလုပ်ငန်းကို တပိုင်တနိုင် လုပ်ကိုင်နေတဲ့ ကိုမင်းနိုင်ဦး (ခ) ကိုမျိုးကလည်း ပြောပါတယ်။
ယွန်းထည်အတွက် အဓိက လိုအပ်တဲ့ ကုန်ကြမ်းတခုဖြစ်တဲ့ သစ်စေးကို သစ်တောထွက်ပစ္စည်းဖြစ်တာကြောင့် ကိုယ်တိုင် ဝယ်ယူဖို့ မလွယ်ကူတာ၊ ဈေးကွက် မဖွင့်ပေးနိုင်တာ၊ သစ်စေးထွက်ရာ ရှမ်းပြည်နယ်မှာ သစ်တောတွေတုန်းလာတာကို မတားဆီးနိုင်တာတွေဟာ ပုဂံဒေသမှာ ယွန်းထည်လုပ်ငန်း ရေရှည်တည်တံ့နိုင်ရေး ဘာအထောက်အပံ့မှ မရှိတာတွေ ပဲလို့ သူက ထောက်ပြပါတယ်။
မြင်းကပါရွာက ထွက်တဲ့ ယွန်းထည် အများစုကို ပုဂံ-ညောင်ဦးမြို့ပေါ်က ယွန်းထည်ဆိုင်ကြီးတွေကို ပို့ကြပြီး တချို့ကတော့ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးထိပါ ပို့ကြတာရှိသလို ရွာအထိ လာရောက်လည်ပတ် လေ့လာရင်းကနေ ဝယ်ယူသွား ကြတာမျိုးတွေ ရှိပါတယ်။
“အရင်နှစ်တွေ ထက်စာရင် အခုနှစ်က ပိုဆိုးတာပေါ့။ ဝယ်သူ လုံးဝ မရှိဘူး။ အရင်က အိမ်မှာ မဖြစ်ပေမယ့် ဆိုင်ကြီးတွေ သွားပြရင် ဝယ်သေးတယ်။ အခုက ဆိုင်ကြီးတွေလည်း ပိတ်ထားတော့ မဝယ်နိုင်ကြဘူး။ ဝင်ငွေ မရတာ ၅ လလောက် ရှိ ပြီ” လို့ ဆိုသူက အနောက်ဖွားစောရွာက ကိုနိုင်လင်းစိုးပါ။
အနောက်ဖွားစော ရွာဟာလည်း မြင်းကပါရွာလိုပဲ ယွန်းထည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့သူတွေ အများအပြားရှိပြီး ဒီရွာဟာလည်း ပုဂံရွာကြီး ၁၉ ရွာထဲမှာ တရွာ အပါအဝင် ဖြစ်ပါတယ်။
ကိုနိုင်လင်းစိုးဟာ သူ့အသက် ၁၆ နှစ်လောက်ကတည်းက ယွန်းလုပ်ငန်းခွင်ထဲ ဝင်ခဲ့ပြီး ၂၀၁၈ မှာတော့ စုဆောင်းထားတဲ့ ငွေကြေးနဲ့ ကိုယ်ပိုင် ယွန်းလုပ်ငန်းလေး ထူထောင်ဖြစ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။
“ဒီ ၅ လအတွင်း ကိုယ်မွေးထားတဲ့ နွားလေးတွေ ရောင်း။ နဂိုတုန်းက ရထားတဲ့ ပိုက်ဆံလေးတွေနဲ့ ချွေတာပြီး ဖြစ်အောင်စား။ လုပ်ငန်းကတော့ မလည်ပတ်နိုင်ဘူး။ လုပ်လက်စလေးတွေ လက်စသပ်လိုက်။ ယာလေးဘာလေး သွားရှင်း။ ဝင်ငွေ ရအောင် သူများ ထင်းတိုက် ခေါ်ရင် လိုက်လုပ်။ ဘယ်လောက်ရရပေါ့လေ” လို့ သူက ဆိုပါတယ်။
မိသားစုရဲ့အဓိက စီးပွားရေးဖြစ်တဲ့ ယွန်းလုပ်ငန်း ရပ်တန့်သွားတဲ့အခါ မြင်းကပါနဲ့ အနောက်ဖွားစောရွာက ဒေသခံတွေဟာ ထင်းခုတ်၊ တောင်ယာရှင်းဖို့ အငှားလိုက်၊ ပန်းရံအလုပ် စသဖြင့် ကြုံရာကျပန်း လိုက်လုပ်ရင်း စားဝတ်နေရေး ပြေလည်ဖို့ ရုန်းကန် နေကြရပါတယ်။
ဧည့်သည် ကျချိန်တွေတုန်းက အလုပ်လုပ်ဖို့ အလိုလို အားရှိနေပြီး မနက်လင်းတာနဲ့ လုပ်ငန်းခွင်ဝင်၊ ညနေဆို ၆ နာရီ လောက်မှ အလုပ်သိမ်း၊ ဧည့်သည်တွေ ပိုကြိုက်နိုင်မယ့် ဒီဇိုင်းအသစ်နဲ့ နမူနာတွေ တမျိုးပြီးတမျိုး စမ်းလုပ်ကြည့်ရင်း မအားရပါဘူးလို့ ကိုနိုင်လင်းစိုးက ပြောပြပါတယ်။
သူ့အနေနဲ့ အလုပ်သမား များများစားစား မခေါ်နိုင်ဘဲ တခါတလေမှသာ လုပ်ငန်း လိုအပ်ချက်အရ ရွာထဲကနေ အလုပ်သမား၂ ယောက်လောက် ခေါ်လေ့ရှိပါတယ်။ တနှစ်ပြီးလို့ စာရင်းချုပ်လိုက်ရင်တော့ သိန်း၂၀/၂၅ လောက် ကျန်တာ ဖြစ်လို့ မိသားစု စားဝတ်နေရေးအတွက် မပူပန်ရဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ ပုဂံဒေသကို ပြည်တွင်း၊ ပြည်ပက ခရီးသွားဧည့်သည်တွေ ပိုလာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယွန်းထည်ပစ္စည်းတွေကို အားကြိုးမာန်တက် တိုးလုပ်ခဲ့ပေမယ့် မျှော်လင့်မထားတဲ့ ကိုဗစ်ကြောင့် လုပ်ပြီးသားပစ္စည်းလည်း ရောင်းမထွက်၊ နောက်ဟာလည်း ထပ်မလုပ်နိုင်နဲ့ လုပ်ငန်း ရပ်တန့်သွားခဲ့ရပါတယ်။
“ဝယ်သူ မရှိတဲ့အတွက်ကြောင့် လက်ထဲရှိတဲ့ ပိုက်ဆံကို စားဝတ်နေရေးအတွက် ဖယ်ထားရတာ။ အရင်းနှီးထဲ ထည့်ပြီး မမြှုပ်နှံနိုင်သေးဘူး” လို့ ကိုနိုင်လင်းစိုးက ပြောပြပါတယ်။
တချို့ဆို လုပ်ငန်းအတွက် ချေးငွေယူပြီး ရင်းနှီးမြှုပ်နှံထားရတာဖြစ်လို့ အခုလို လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အခါ စားဝတ်နေရေး အတွက်သာမက ကြွေးဆပ်ဖို့ အတွက်ပါ ပူပန်နေကြရပါတယ်။
ဒီအထဲမှာ အနောက်ဖွားစောရွာက မမြင့်မြင့်သန်း တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ မမြမေ အသေးစား ငွေစု ငွေချေးလုပ်ငန်းကနေ ကျပ် ၁၅ သိန်း ယူထားတဲ့အတွက် တလကို နှစ်ကြိမ် (၁၅ ရက်တခါ) အတိုး၊ အရင်းပေါင်း ၇၂၀၀၀ ကျပ် ပေးသွင်းနေရတယ်လို့ ဆိုပါတယ်။
ချေးငွေရဲ့ သဘောတရားအရ ငွေကျပ် ၁ သိန်း ယူထားတယ်ဆိုရင် ၁ လကို အရင်း ၄၀၀၀ နဲ့ အတိုး ၆၀၀ ကျပ် စုစုပေါင်း ၄၆၀၀ ကျပ် ပေးသွင်းရပြီး ၂၅ ကြိမ်နဲ့ အကျေဆပ်ရကာ ကိုယ်ယူတဲ့ငွေ များရင်များသလို ပိုဆပ်ရမှာ ဖြစ်ပါတယ်။
“ပုံမှန် ဆပ်နေရတာပဲ။ အဆင်မပြေလည်း ရှာကြံပြီး ပေးရတာပေါ့။ အလုပ်အကိုင်က အရင်လိုမှ မကောင်းတာ။ သူများပိုက်ဆံတော့ ချေးပြီးမှ ကျေအောင်တော့ ဆပ်ရတာပေါ့” လို့ မမြင့်မြင့်သန်းက ပြောပါတယ်။
အလုပ်အကိုင် ကောင်းချိန်တုန်းက ကိုယ်ပိုင် အလုပ်လုပ်တဲ့သူလည်း လုပ်တဲ့အလျှောက်၊ အငှားလုပ်တဲ့ သူတွေကလည်း လုပ်တဲ့အလျှောက် အလုပ်နဲ့လက် ပြတ်တယ်လို့ မရှိခဲ့ပေ။
လုပ်ပြီးသား ယွန်းထည်ပစ္စည်းတွေကို မြို့ပေါ်ဆိုင်တွေဆီ ပို့တာမျိုး ရှိသလို ကုန်သည်တွေကလည်း ရွာထိဆင်းပြီး လာကောက်တာမျိုး၊ ဧည့်လမ်းညွှန်တွေရဲ့ အဆက်အသွယ်နဲ့ အိမ်အထိ လာရောက်လေ့လာ လည်ပတ်ကြပြီး ဝယ်ယူကြ တာမျိုးလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။
“အလုပ်ရှိတော့ စိတ်က ကိုယ်က လုပ်ချင်စိတ် များလာတယ်။ အခု အလုပ်အကိုင်က မရှိတော့ကျတော့ စိတ်ဓာတ်ကျတယ်” လို့ သူက ညှိုးငယ်စွာ ဖွင့်ဟပါတယ်။
ယွန်းထည်လုပ်ငန်း အခြေအနေ မကောင်းလို့ စိုက်ပျိုးရေးဘက်ကို ပြောင်းလုပ်ရမလား ဆိုပြန်တော့ မိုးနည်းတဲ့ အရပ်ဒေသဖြစ်တာကြောင့် အားကိုးလို့ မရပြန်ပါဘူးလို့ ဒေသခံတွေက ညည်းတွားပါတယ်။
ပဲ (ပဲနောက်၊ ပဲစင်းငုံ)၊ ပြောင်း၊ နှမ်း၊ ဝါတွေ အဓိက စိုက်ကြပေမယ့် အများအားဖြင့် တနှစ်စာ ကိုယ့်အိမ်မိသားစု၊ ကိုယ့်အိမ်က တိရစ္ဆာန်တွေအတွက် ဖူလုံရုံလောက်သာ စိုက်ပျိုးလေ့ ရှိကြတယ်လို့ သိရပါတယ်။
“ဒီယွန်းထည် လုပ်ငန်းကြီးနဲ့ ရေရှည်ရပ်တည်လို့ မရတော့ဘူး။ တခြားလုပ်ငန်းကို ပြောင်းဖို့၊ ရွှေ့ဖို့ဆိုတာလည်း ကျနော်တို့ ဒေသက ရွေးချယ်ခွင့် မရှိဘူး။ မိုးကလည်း နည်းတယ်။ ကျနော်တို့ ပတ်ဝန်းကျင်က ဘုရား၊ ပုထိုးတွေများတော့ ယာမြေက နည်းတဲ့အတွက် စိုက်ပျိုးရေးလည်း စဉ်းစားလို့ မရဘူး” လို့ ဦးကျော်လှိုင်က ရှင်းပြပါတယ်။
မိသားစု၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ ဆုံတဲ့အခါ ယွန်းထည်လုပ်ငန်းကိုစွန့်ပြီး တခြားလုပ်ငန်း ပြောင်းလုပ်ဖို့ တိုင်ပင်ကြတာမျိုး ရှိပေမယ့် မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ယွန်းပညာရပ်နဲ့ လုပ်ကိုင်စားသောက် ကြီးပြင်းလာကြတဲ့ သူတို့အတွက် အခုအချိန်မှာမှ တခြား အသက်မွေးဝမ်းကြောင်းတခု ပြောင်းဖို့ဆိုတာ တကယ်တမ်း မလွယ်ကူလှပါ။
“ဒီပြင်လုပ်ငန်းကလည်း မကျွမ်းကျင်ဘူး။ ယွန်းလုပ်ငန်းပဲ ကျွမ်းကျင်တာ။ ဒါက အခြေကလည်း ခိုင်ပြီးသားဆိုတော့ တခြားဟာ ပြောင်းလုပ်ဖို့လည်း မလွယ်ဘူး” လို့ ဦးတင်ဦးက ပြောပါတယ်။
ယွန်းလုပ်ငန်းနဲ့ပဲ မိသားစုစီးပွားရေး နလန်ထူလာတဲ့ ကိုနိုင်လင်းစိုးကတော့ ဒီအလုပ်ကို စွန့်လွှတ်သွားဖို့ မရှိသလို အရည်အသွေး ပိုမိုကောင်းမွန်တဲ့ ယွန်းထည်တွေ ထုတ်လုပ်သွားဖို့ပဲ ရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။
သို့ပေမယ့် လက်ရှိ အခြေအနေအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ဖြင့် သူတို့အနေနဲ့ ရေရှည် တောင့်ခံနိုင်ပါ့မလား ဆိုတာကလည်း စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
“ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် ပျောက်ကွယ်ကို သွားတော့မှာ။ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ရှာရတော့မှာလေ။ ဒီ ယွန်းထည်က မဖြစ်တော့ဘူးဆို ဖြစ်နိုင်မယ့် တခြားလုပ်ငန်းကို ပြောင်းရွှေ့ပြီး လုပ်ရတော့မှာ” လို့ ဦးကျော်လှိုင်က ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ စတင်တွေ့ရှိပြီး ၃ လကျော်အကြာ အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်တွေ ဖြည်းဖြည်းချင်း ဖြေလျှော့လာတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ လယ်လောက်ကစလို့ ပုဂံကို ပြည်တွင်းခရီးသွား ဧည့်သည်တချို့လာရောက် လည်ပတ်နေကြပြီဖြစ်လို့ ပုဂံဒေသခံတွေအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီလို့ ဆိုနိုင်ပါတယ်။
သို့ပေမယ့် ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရေးအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်နေလို့ ပုဂံကို နိုင်ငံခြား ခရီးသွားဧည့်သည် ပြန်ဝင်ရောက်ဖို့ကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ကိုဗစ်ဟာ ကမ္ဘာချီပြီး ဖြစ်တာကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ပတ်သည့်တိုင်အောင် လာလည်မယ့်လူ နည်းသွားမှာ ဖြစ်သလို လာတဲ့သူတိုင်းကလည်း ယွန်းထည်တွေ ဝယ်မယ်လို့ တထစ်ချ မပြောနိုင်ပါ။
ပုံမှန်အချိန်တွေမှာတောင် ဧည့်သည်အများကြီး ကျမှသာ ဆိုင်ကြီး၊ ဘုရားကြီးတွေကနေ လျှံပြီးထွက်လာမှသာ ရွာက ယွန်းလုပ်ငန်း အိမ်လေးတွေကို ရောက်လာတာဖြစ်လို့ ဒေသခံတွေအနေနဲ့ သိပ်တော့ မျှော်လင့်ချက်မရှိဘူးလို့ ဆိုပါတယ်။
ပြည်တွင်း ခရီးသွားတွေ အနေနဲ့ကလည်း အခုလို အကျပ်အတည်းကာလမှာ မရှိလည်း ဘာမှမဖြစ်တဲ့၊ လူ့အသုံးအဆောင် ပစ္စည်းတခုသာဖြစ်တဲ့ ယွန်းထည်အစား တခြားလိုအပ်တဲ့၊ အရေးကြီးတဲ့အရာတွေကို ဦစားပေးပြီး ဝယ်ကြမှာပဲလို့ ကိုမင်းနိုင်ဦးက သူ့ယူဆချက်ကို ပြောပြပါတယ်။
တဖက်မှာလည်း ယွန်းထည်လုပ်တဲ့ အခြေခံ လူတန်းစားတွေဟာ ကုန်ကြမ်းက ဈေးတက်ပြီး ထုတ်လုပ် ရောင်းချလိုက်တဲ့ ကုန်ချောက ဈေးမတက်လာတဲ့ ယွန်းထည်ကို လုပ်သာလုပ်နေရပေမယ့် ရလာတဲ့ အကျိုးအမြတ် ခံစားခွင့်တွေက နည်း ပါးလာတာကြောင့် ဟိုတယ်ဝန်ထမ်း၊ အစိုးရဝန်ထမ်း ပြောင်းလုပ်ကြသူတွေလည်း ရှိပါတယ်။
လက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေနိုင်မယ့် လုပ်ငန်းအသစ်တွေ ပြောင်းရွှေ့လုပ်ကိုင်ရင်း တပိုင်တနိုင် ယွန်းလုပ်ငန်းလေးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
ဒီလိုသာစွန့်ပြီး တခြားလုပ်ငန်း ပြောင်းလုပ်ကြမယ်ဆိုရင်ဖြင့် ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ဦးကျော်လှိုင်တယောက် စိုးရိမ်နေပါတယ်။ ပုဂံမှာရှိတဲ့ ဘုရား၊ ပုထိုးစေတီတွေက ဒြပ်ရှိ ယဉ်ကျေးမှုဆိုလျှင် ယွန်းပညာ ဆိုတာဟာလည်း ဒြပ်မဲ့ယဉ်ကျေးမှု တခုပဲလို့ သူက ဆိုပါတယ်။
ဒြပ်ရှိ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမှာ ဖြစ်သလို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတာကြောင့် “အစိုးရအနေနဲ့ ဒီကိစ္စကို စိတ်ဝင်တစားနဲ့ ဦးစီး ဆောင်ရွက်ပေးစေ ချင်တယ်” လို့ သူက တောင်းဆိုလိုက်ပါတယ်။
လတ်တလော အခြေအနေအရ မြင်းကပါနဲ့ အနောက်ဖွားစောရွာက ဒေသခံတွေအနေနဲ့ ယွန်းလုပ်ငန်း အနာဂတ်အတွက် ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်သလို ဖြစ်နေပေမယ့် အချိန်ကာလတခုမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီး ယွန်းလုပ်ငန်း ပြန်ဦးမော့လာဖို့ မျှော်လင့်ချက်ရှိနေကြဆဲ ဖြစ်ပါတယ်။
မမြင့်မြင့်သန်းကတော့ “မျှော်လင့်ချက် ရှိရုံ မဟုတ်ဘူး။ ဆုကိုတောင်းနေတာ။ ဒီရောဂါကြီး မြန်မြန်ပျောက်ပါစေ။ မြန်မြန်ပြီးပါစေ။ အဲဒီလိုကို နေ့တိုင်း ဆုတောင်းဖြစ်နေတာ” လို့ ဆိုပါတယ်။
You may also like these stories:
အမွေအနှစ်ပေါ် ထိခိုက်တာ၊ တရားမဝင်တာ မှန်သမျှ လူတန်းစားမရွေး အရေးယူတာပဲ
အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ
ခရီးသွားကဏ္ဍ ပြန်လည်ပတ်နိုင်ရေး ဘုရားစေတီများ ဖွင့်လှစ်ရန် လိုအပ်နေ