“မသေမချင်း ပြန်မလာဘူးတဲ့ အခု သူပြောတဲ့ အတိုင်းပဲ” ဟု ဆိုကာ ကိုမင်းစိုးနိုင်က သူ၏ ဖခင်ဖြစ်သူ ဦးစိုးဝင်း၏ နာရေးကို ဖုန်းဖြင့် သတင်းလှမ်းမေးသူ မိတ်ဆွေကို နာရေး မဏ္ဍပ်အောက်တွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ရင်း ပြောပြနေသည်။
ထိုနာရေးမဏ္ဍပ်သည် ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်သော သာကေတမြို့နယ် ဇီဇဝါလမ်း ၇ (အရှေ့) ရပ်ကွက်တွင် ဖြစ်ပြီး မိသားစုဝင်များသည် အိမ်သို့ ရောက်လာနေကြသည့် မိတ်ဆွေ၊ ဧည့်သည်များကို အပြုံးများဖြင့် ကြိုဆို ဧည့်ခံ နေကြရသော်လည်း သူတို့ ရင်ထဲက နာကျင်မှု၊ ဆို့နစ်မှုများက သူတို့မျက်လုံးများမှ တဆင့် ခံစားမိစေသည်။
အိမ်ပေါ် အဝင်ဝတွင် ပထမဆုံးတွေ့မြင်ရသည်မှာ အခန်းနံရံ၏ ထိပ်ဆုံးတွင် ချိတ်ဆွဲထားသည့် ဒေါ်အောင် ဆန်းစုကြည်၏ ပုံတူ ပန်းချီကား ၂ ခု ဖြစ်ပြီး ပုံတူပန်းချီကားများ အောက်ဘက်နေရာ၌ ဦးစိုးဝင်းတို့ မိသားစု ငါးယောက်တို့၏ ဘွဲ့ဓာတ်ပုံများကို အစီအရီ ချိတ်ဆွဲထားသည်။
ဧည့်ခန်းအတွင်းတွင်လည်း ထင်သာမြင်သာရှိသည့် အဆောင်အယောင်ပစ္စည်းဟုဆိုရပါက ၄ ပေခန့်အမြင့် ရှိ တံခါး ၃ ပေါက်ပါ ဗီဒိုတလုံး နှင့် ထိုဗီဒိုပေါ်က အရွယ်အစား သိပ်မကြီးလှသည့် တီဗီတလုံးသာ ဖြစ်သည်။
ဦးစိုးဝင်းသည် လူတိုင်း အလွယ်တကူ တာဝန်ယူခွင့် မရသည့် နိုင်ငံတော်အဆင့် အကြီးအကဲ ၁ ယောက်ကို လုံခြုံရေးတာဝန်ယူပေးရသူဖြစ်သော်လည်း သူ့နေအိမ်သည် အလျား ပေ ၂၀ အနံ ပေ ၆၀ ပေါ်တွင် ဆောက် ထားသည့် ခပ်နွမ်းနွမ်း သွပ်မိုး ပျဉ်ထောင် သာမန်အိမ်တလုံးကိုသာ ပိုင်ဆိုင်သူ ဖြစ်သည်။
သူသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဟု တင်စားခေါ်ဆိုနေကြသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စောင့်ရှောက်ရသည့် လူယုံသက်တော်စောင့် ရာထူးအတွက် လစဉ်ရရှိသည့် လစာမှ လွဲ၍ အခြား ခံစားခွင့်၊ ရပိုင်ခွင့်များလည်း မရှိပါ။
“လူကြီးတယောက်နားမှာ လူယုံလို နေရပေမယ့် သူဘယ်လောက် ရိုးသားခဲ့လည်းဆိုရင် သူနေခဲ့တဲ့အိမ်က သက်သေပဲလေ” ဟု ဦးစိုးဝင်း အိမ်နီးချင်းအချို့က ပြောကြသည်။ အိမ်နီးချင်းများကလည်း ဦးစိုးဝင်း၏ ရိုးသားမှု အပေါ် တလေးတစား ရှိကြသည်ကိုလည်း တွေ့ရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနားတွင် နှစ်ပေါင်း ၂၀ ကျော် အနီးကပ်လုံခြုံရေး တာဝန်ယူခဲ့သူ လူယုံ၊ သက်တော် စောင့်ဖြစ်သည့် အသက် ၅၉ နှစ်အရွယ် ဦးစိုးဝင်းမှာ နေပြည်တော်တွင် ဇူလိုင် ၂၅ ရက်နေ့ က ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ရင်ခွဲ ဆေးစစ်ချက်အဖြေများအရ သူသည် နှလုံးကြီးလွန်းနေပြီး နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တ ရက် နှလုံးရပ် သေဆုံးသွားဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဦးစိုးဝင်းကို ရင်ခွဲဆေးစစ်ခြင်း ပြုလုပ်မည်ကို ဒေါ်အောင်ဆန်းစုကြည်က မလုပ်ဆောင်ရန် တားမြစ်ခဲ့သေး သေ်ာလည်း အကြီးအကဲတယောက်ဘေးနားရှိ တာဝန်ထမ်းဆောင်သူ လူယုံတယောက် သေဆုံးမှုသည် သွေးရိုးသားရိုး ဖြစ်စဉ်ဟုတ်၊ မဟုတ် သိရှိရန် လိုအပ်မည်ဖြစ်ခြင်းကြောင့်သာ နောက်ပိုင်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံကိုယ်တိုင်က လိုက်လျောခဲ့ကြောင်း မိသားစုဝင်များ၏ ပြောစကားများအရ သိရသည်။
ဦးစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဇာတိဖြစ်ပြီး မွေးချင်း ၆ ယောက်၌ ဒုတိယသား အကြီးဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးသည်နှင့် သားသုံးယောက် ကျန်ရစ်သည်။
ခြံစောင့်လုံခြုံရေးမှ လူယုံသက်တော်စောင့်ဘဝ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ် ပြန်လည်လွတ်မြောက်သည့်ကာလ(၁၉၉၅-၉၆ ခုနှစ်) နေအိမ်ခြံဝင်း အတွင်း လုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးနေသော လူငယ်များထဲမှ ကိုအောင်ကျော်ဦး သည် ထိုတာဝန် ကို မထမ်းဆောင်နိုင်တော့သည့်အတွက် သူ၏ နေရာကို အစားထိုးရန် ဦးစိုးဝင်းကို ခေါ်ဆောင် လာပြီး တာဝန် လွှဲပြောင်း ပေးလိုက်သည်။
ကိုအောင်ကျော်ဦးသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တူတော်စပ်သည့် ဆွေမျိုး ၁ ဦးဖြစ်သည်။
ဦးစိုးဝင်းသည် ထို ၁၉၉၅-၉၆ ကာလမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီ ဖြစ်ရာ ထိုအချိန်တွင် သားနှစ်ယောက်၏ ဖခင် ၁ ဦး ဖြစ်နေပြီ ဖြစ်သည်။
“သူက ပါတီဝင်လည်း မဟုတ်ဘူး၊ နိုင်ငံရေးအသိုင်းအဝိုင်းထဲက လာတာ မဟုတ်ဘဲနဲ့ အန်တီကို တကယ်ကို လေးစားလို့ ချစ်လို့ဆိုပြီး လာလုပ်ပေးတာ” ဟု ဦးစိုးဝင်း နှင့်အတူ ၁၉၉၅- ၉၆ ခုနှစ်မှ စ၍ လုံခြုံရေးတာဝန် အတူ ထမ်းဆောင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကျော်ဆန်းက ပြောသည်။
စစ်အာဏာရှင် လက်ထက် ထိုအချိန်ကာလသည် ဒေါ်အောင်ဆန်းစုကြည် အနားသို့ ရောက်လာသူ များမှာ ချောင်းမြောင်း ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း နှင့် ဖမ်းဆီးထောင်ချခြင်းများကို အချိန်မရွေး ကြုံတွေ့နိုင်သည့် အလွန် အန္တရာယ်များသော အချိန်ဖြစ်သော်လည်း ဦးစိုးဝင်း က ထိုအရာကို မမူဘဲ လုံခြုံရေးတာဝန်ကိုသာ ကျေပွန်ချင်ခဲ့သူ ဖြစ်သည်။
ဦးကျော်ဆန်းက “သူက လူဖြောင့်စိတ်တိုဗျ၊ အန်တီ့အနားကို လာတဲ့သူတွေထဲမှာ အခွင့်အရေး လိုချင်လို့ လာ ကပ်သူမျိုး တွေကို သူက အားမနာတမ်းပြောတယ်။ တချို့လူတွေကိုဆိုရင် သူမောင်းထုတ်ပစ်တာအထိ လုပ်ခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ၏ စိတ်ဓာတ်ကို ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၈ လူထုအရေးတော်ပုံ ကာလများက သူ၏ ဟောပြောပွဲများ၊ လူထုလှုပ်ရှားမှုများတွင် ဦးစိုးဝင်း တယောက် လုံခြုံရေးအဖြစ် လိုက်ပါ ဆောင်ရွက်နေပြီလည်းဖြစ်သည်။ စစ်အစိုးရ၏ အကွက်ကျကျ စီစဉ်ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရသည့် ၂၀၀၃ ခုနှစ်က ဒီပဲယင်းခရီးစဉ်တွင်မူ ဦးစိုးဝင်း လိုက်ပါခဲ့ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် မိသားစုအရေးကိစ္စများ ရှိနေခြင်း ကြောင့် တာဝန်များမှ ခေတ္တ အနားယူနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“အရင်တုန်းက Taxi မောင်းတော့ အဲဒီကားက သူခြေထောက်လိုပဲ ချက်ချင်း ရောက်ရောက်သွားတာ။ နောက်ပြီး အနားမှာလည်း နေရတော့မယ်ဆိုတော့ အဲဒီကားပါရောင်းပြီး ထွက်သွားတော့တာပဲ” ဦးစိုးဝင်း၏ ညီမဖြစ်သူ ဒေါ်စောနန္ဒာထိုက်က ပြောသည်။
ဦးစိုးဝင်း၏ နိုင်ငံရေးခံယူချက်မှာ လူပုဂ္ဂိုလ် တဦးတယောက်တည်းအပေါ် သစ္စာရှိခြင်းဟု သူ၏မိသားစုဝင်များ နှင့် နီးစပ်သည့် မိတ်ဆွေများက မှတ်ချက်ပြုကြသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ထိန်းသိမ်းခံရသည့် အချိန်ကာလ များတွင် နေအိမ်သို့ သွားရောက်တွေ့ဆုံခြင်းများ ရှိခဲ့ပြီး အကျယ်ချုပ်မှ လွတ်မြောက်သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဦးစိုးဝင်းသည် အနီးကပ်လုံခြုံရေး အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။
ထိုမှတဆင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လူထုစည်းရုံးရေးခရီးစဉ်များ၊ လွှတ်တော်အမတ်အဖြစ် တာဝန် စတင် ထမ်းဆောင်ချိန်၊ ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကာလများ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူသည့် အချိန်မှ ကွယ်လွန်သည့် အထိ အနီးကပ်လုံခြုံရေးအဖြစ် ရှိနေခဲ့သည်။
ယင်းကာလများသည် ဦးစိုးဝင်း တယောက် ဒေါ်အောင်ဆန်းစုကြည်အနီးနားတွင် အချိန်အများဆုံးရှိနေခဲ့သည်။ ဦးစိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို အစ်မ ဟု ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကိုစိုးဝင်း ဟု ခေါ်ဆို ကြသည်။
စိတ်ထားပြည့်ဝပြီး သဘောကောင်းသည့် လူ ၁ ဦးဖြစ်သော်လည်း ဟန်ဆောင်မှုကင်းပြီး မှန်ကန်မှု မရှိသည့် ကိစ္စများတွင် အားမနာတမ်း ပြောတတ်သော အကျင့်ကြောင့် ဦးစိုးဝင်းကို ချစ်ခင်သည့်သူများ ရှိသလို မုန်းသူများ ရှိခဲ့သည်။
“သူက ပြောပြီဆိုရင် လူတယောက် နားခံသာအောင် ဘယ်တော့မှ မပြောတတ်ဘူး။ သူ့အကြောင်း သိသွားပြီ ဆိုရင်တော့ နားလည်သွားမယ်။ သူက သူ့မှာ စားစရာနှစ်ခုရှိရင် နှစ်ခုစလုံးကို သူများကို ကျွေးချင်မွေးချင်တဲ့ လူစားမျိုး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းစည်း လုံခြုံရေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် အသက်၂၅ နှစ်အရွယ် လူငယ် ၁ ဦးက သူကြုံဆုံခဲ့သည့် ဦးစိုးဝင်းအကြောင်းကို ပြောပြသည်။
၎င်းသည် ဦးစိုးဝင်း နှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ လူထုစည်းရုံးရေး ခရီးစဉ်များ အပါအဝင် အချိန် ၂ နှစ်ကျော် အနီးကပ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။
၎င်းက “ခရီးတွေဘာတွေ ထွက်ရတုန်းဆိုရင် အန်တီမှာ အချိန်လေးတွေ အကုန်ရှိတယ်ပေါ့။ ဥပမာ သတင်းစာဖတ်တဲ့ အချိန်မျိုးပေါ့။ အဲဒီလိုအချိန်မျိုးတောင် ဦးစိုးက မနားဘူး။ ရေချိုး၊ ထမင်းစားလည်း သွက်သွက်ပဲ လုပ်တယ်။ သူလုံးဝ နားချလိုက်တဲ့ အချိန်ရှိတယ်။ အဲဒါ အန်တီ အခန်းမီးပိတ်သွားတဲ့ အချိန်ပဲ” ဟု ဆိုသည်။
ထိုကာလများတွင် လူသိများသည့် ဖြစ်ရပ် နှစ်ခု ရှိခဲ့သည်။ ဖြစ်ရပ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် အချိန် ၁၅ မိနစ် နားချိန်ရ၍ ခဏနားမည်ဟု ဦးစိုးဝင်းကို မှာကြား ထားသည့် အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦးက တွေ့ဆုံချင်၍ ခွင့်တောင်းသည်ကို ဝင်ခွင့် မပေးခဲ့ခြင်းပင် ဖြစ်သည်။
နောက်ဖြစ်ရပ်တခုမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှိနေသည့် သူရဦး ရွှေမန်း တွေ့ဆုံဆွေးနွေးသည့် အချိန်တွင် ဦးရွှေမန်း၏ ကိုယ်ရေးအရာရှိ ဖြစ်သူက ဦးစိုးဝင်းကို အခန်းအပြင် ထွက်ရန် ပြောဆိုချိန်တွင် သူသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဖြစ်ခြင်းကြောင့် နှစ်ဦးစလုံး အခန်း အပြင်ထွက်မှသာ သူလည်းထွက်မည်ဟု ခပ်တင်းတင်း ပြန်ပြောခဲ့ဖူးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနားတွင် အသေးစိတ် အရာမှ စကာ အမြဲအရိပ်တကြည့်ကြည့်နေလေ့ ရှိပြီး လူထုတွေ့ဆုံပွဲ တချို့တွင် လူထုအနီးအနားထိ သွားချင်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အန္တရာယ်များ နိုင်သည့်အတွက် အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့ဖူးသူဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ပြောစကားကို တကြိမ်တခါခန့်သာ နားထောင်ခဲ့ခြင်းကြောင့် ဦးစိုးဝင်း သည် ဒေါ်အောင်ဆန်းစုကြည် ရှေ့မှနေကာ အနားသို့ နီးကပ်စွာ ဝင်လာသူ လူတချို့ကို အားပါပါ ဖြင့် တွန်းထုတ် လေ့ရှိသည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၏ အနားတွင် နေထိုင်စဉ်ကာလ တလျှောက်လုံးတွင် အခွင့်အရေးဟု ဆိုစရာ မပြောနှင့် သားအကြီးဘွဲ့ယူချိန်၊ ဖခင်၏ နောက်ဆုံး ထွက်သက်ချိန်ထိ ခွင့်ယူခဲ့ခြင်းပင် မပြုလုပ်သည်အထိ သူ၏ အလုပ်အပေါ် ရူးသွပ်ခဲ့သူ ဖြစ်သည်။
“သားအကြီး မင်္ဂလာဆောင်ကိုတောင် ညတွင်းချင်း ပြန်ရောက်လာတယ်။ မင်္ဂလာပွဲပြီးလို့ နောက်နေ့ ညတွင်းချင်း ချက်ချင်းပြန်သွားတာ” ဟု ဦးစိုးဝင်း၏ ညီမဖြစ်သူ ဒေါ်စောနန္ဒာထိုက်က ဆိုသည်။
ဦးစိုးဝင်း၏ ဖခင် ကွယ်လွန်သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ညဘက် တက်ရောက်ရသည့် အခမ်းအနား တခု ပြီးစီးချိန်မှသာ ဖခင်ထံ ပြန်ခွင့်ပြုရန် ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကပင် စိတ်ဆိုးခဲ့ရသည့် အထိ ဖြစ်ခဲ့ရကြောင်း နီးစပ်သူများက ပြောကြသည်။
နာရေးသို့ ရောက်လာသူ ဦးစိုးဝင်း သည် သူ့ဖခင်၏ နောက်ဆုံးအချိန်ကို ၁၀ မိနစ်ခန့် အချိန်မီခဲ့သည်ဟုလည်း မိသားစုဝင်များ က ပြောပြကြသည်။
ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရ၏ လုံခြုံရေး ဝန်ထမ်းများ ရှိနေပြီလည်း ဖြစ်သည်။
“အန်တီက သူ့ကို မလိုအပ်တော့ဘူး ကိုစိုးဝင်း နားပါတော့လို့ အန်တီကိုယ်တိုင်က ပြောတဲ့ အချိန်မှ သူက နားမယ့်သူမျိုး” ဟု လုံခြုံရေးတာဝန် အတူတူ ထမ်းဆောင်ခဲ့ဖူးသည့် သူများက ပြောဆိုကြသည်။
မိသားစုအတွက် လူမိုက်ကြီး တယောက်လား
သူ့အကြောင်းကို လူမှုကွန်ရက်ပေါ်တွင် သာကေတ လူမိုက်ကြီးဟု ရေးသား ပြောဆိုနေကြသောကြောင့် သူနေထိုင်သည့် လူဆိုးလူမိုက်များ ပေါများသည့် ရန်ကုန်မြို့က သာကေတမြို့နယ် တွဲဖက်မြင်ကာ သူ့ကို လက်ရဲဇက်ရဲရှိသော လူမိုက်ကြီး တယောက်အဖြစ် ထင်မြင်နေကြသည့် အပေါ် အိမ်နီးချင်းများကလည်း ရှင်းပြသည်။
“ဘယ်ကသာ လူမိုက်ကြီးဖြစ်ရမှာ လူရိုးလူအေးကြီး၊ သားပစ်မယားပစ်ပြီး ဒီလိုမျိုး ထွက်လိုက်နေလို့ မိသားစုအတွက် လူမိုက်ကြီးလို့ ခေါ်ကြတာ” ဟု ဦးစိုးဝင်း နေအိမ် နှင့် သုံးအိမ်ကျော် နေထိုင်သည့် အမျိုးသမီး ကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးစိုးဝင်း တယောက်တည်းက တာဝန်ကျေခဲ့သည်တော့ မဟုတ် ဦးစိုးဝင်း လုပ်ချင်ကိုင်ချင် သမျှကို ခွင့်ပြုပေးထားသည့် သူ့၏ အမျိုးသမီး ဒေါ်မြင့်မြင့်သိန်းကလည်း ထိုနည်းတူစွာပင် ဖြစ်သည်။
“သူ့စိတ်က ဗိုလ်ချုပ်သမီးပေါ့။ အန်တီ့ကို ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်တခုတည်း သူ့စိတ်မှာ ရှိတဲ့အတွက် သားပစ်၊ မယားပစ် သွားတာ” ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။
ဒေါ်မြင့်မြင့်သိန်းသည်လည်း NLD ပါတီ နာယကကြီး ဦးတင်ဦး၏ တူမ တော်စပ်သူလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်လာသည့် အချိန်ကျမှာသာ နေအိမ်သု့ိ ပြန်လာလေ့ရှိပြီး တနှစ်ကို တခေါက် နှစ်ခေါက် ပင် ပြန်လာလေ့ မရှိကြောင်း ၎င်းက ဆိုသည်။
ဒေါ်မြင့်မြင့်သိန်းက “အန်တီ (ဒေါ်အောင်ဆန်းစုကြည်)က သူ့ကို အမတ်လုပ်ပါလားလို့ ပြောတော့ သူမလုပ်ချင်ဘူးတဲ့၊ ဝါသနာလည်း မပါဘူးပေါ့။ တကယ်က အဲဒီလိုလုပ်ရင် သူ့အစ်မ နားမှာ မနေရတော့မှာ စိုးရိမ်လို့လေ” ဟု ပြောပြသည်။
အိမ်ထောင်ဦးစီးက စေတနာ့ဝန်ထမ်း သက်တော်စောင့် အလုပ်ကို သွားရောက် လုပ်ကိုင်နေသည့် ကာလတေ လျှာက်တွင် ဒေါ်မြင့်မြင့်သိန်းကသာ သားများကို ပြုစု ပျိုးထောင်ပေးခဲ့ရသည်။
ဒေါ်မြင့်မြင့်သိန်းသည် ဦးစိုးဝင်း ညီမဖြစ်သူများ နှင့် စက်ချုပ်ခြင်း၊ ဈေးရောင်းခြင်းများ လုပ်ကိုင်ခဲ့ပြီး နေထိုင်ခဲ့ရသည်။ သားအကြီး နှစ်ယောက် အရွယ်ရောက်ပြီး အလုပ်အကိုင် အတည်တကျ ဖြစ်ခဲ့သည့် အချိန်မှသာ အလုပ်လုပ်ခြင်းကို နားခဲ့ ရသည်။
ထိုအချိန်တွင် ဒေါ်မြင့်မြင့်သိန်းသည် အသက် ၅၅ နှစ် အရွယ်ရှိပြီဖြစ်သည်။
“သူ့စိတ်ကို ဂုဏ်ယူတယ်လေ အဲဒါကြောင့် ကိုယ်ဘာသာပဲ သားအမိ တတွေ ရှာစားလိုက်မယ်။ သူ့ကို မမျှော်ကိုး တော့ဘူး” ဟု ဒေါ်မြင့်မြင့်သိန်း က ဆိုသည်။
ဦးစိုးဝင်းကို ခဏခဏ စိတ်ဆိုးတာ၊ ပြောဆိုတာတွေရှိပေမယ့် သူ့ဘက်သာ အမြဲလျော့ပေးရပြီး အခေါ်အပြော စ လုပ်ရ လေ့ရှိကြောင်း ရယ်မောကာ ပြန်ပြောင်းပြောပြသည်။
“ရင်ထဲမှာတော့ အသက်ရှင်စေချင်သေးတာပေါ့။ ဒါပေမယ့် သူက ကျန်းမာရေးကို ဂရုမစိုက်ဘူး” ဟု သူ့စိတ်ထဲက ခံစားချက်ကို ပြောပြသေးသည်။
ဦးစိုးဝင်းသည် နေပြည်တော်တွင် အကြောင်းကိစ္စတိုက်ဆိုင်၍ မိသားစုကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစေသည့် အခါတွင်လည်း သူ့အစ်မကို စိတ်အနှောက်အယှက် ဖြစ်စေမည့် လုပ်ရပ်မျိုး မဖြစ်စေရန် အတန်တန် မှာကြားလေ့ရှိသည်။
လုံခြုံရေးတာဝန် စတင်ယူခဲ့သည့် အချိန်မှစကာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးစိုးဝင်းဇနီးတို့သည် ၄ ကြိမ်ခန့်သာ တွေ့ဆုံခဲ့ဖူးပြီး တွေ့ဆုံသည့် အကြိမ်တိုင်း ဒေါ်အောင်ဆန်းစုကြည်က ညီအစ်မအရင်းကဲ့သို့ ဆက်ဆံပြောဆိုလေ့ရှိသည် ဟုလည်း သိရသည်။
ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည် အနားတွင် အနီးကပ်ရှိသူ ၁ ဦးဖြစ်သောကြောင့် သားများ အပေါ်တွင် ရိုက်ခတ်မှုများ ရှိခဲ့သည်ဟုလည်း မိသားစုများက ပြောသည်။
ယခင် စစ်အစိုးရလက်ထက်တွင် အလုပ်လျှောက်ရာ၌ အဖေနေရာကို တခြားလူ အစားထိုးပြီး ခေါ်ဆောင် သွားရခြင်းများနှင့် ကျောင်းပြီး၍ ဘွဲ့ယူချိန်များ၊ သားများ ရဟန်းခံသည့် အလှူပွဲများကိုလည်း ဦးစိုးဝင်းက အမြဲတစေနီးပါး ပျက်ကွက်ခဲ့သည်။
ဦးစိုးဝင်း၏ သားများက ၎င်းတို့၏ ဖခင်သည် ဘယ်လိုလူမျိုး တယောက် ဖြစ်သည်ဆိုခြင်း အမြဲဖုံးကွယ်ထား လေ့ရှိသည်။ ထိုသို့ ဖုံးကွယ်ထားရခြင်းသည် ခိုင်မာသည့် အကြောင်းပြများ ရှိနေသည်။
စစ်အစိုးရ လက်ထက်က အနှောက်အယှက်နှင့် အန္တရာယ် ပြုမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ပြီး NLD အစိုးရ လက်ထက်တွင်မူ ဖခင်၏ မျက်နှာကြောင့် နေရာပေးခံရခြင်းများကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။
သူတို့နှင့် အလုပ်တူတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးကြသည့် မိတ်ဆွေအများစု ကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ လူယုံသက်တော်စောင့် ဦးစိုးဝင်း၏ သားများအဖြစ် နာရေးမှသာ သိကြသည်။
ဦးစိုးဝင်းသည် သူကိုယ်တိုင် နိုင်ငံရေးခေါင်းဆောင် တယောက်အနားတွင် ရှိနေသော်လည်း သားများ နိုင်ငံရေး လုပ်မည်ကို အတင်းအကျပ် မတားမြစ်သော်လည်း မကြိုက်ကြောင်း သားအလတ်ဖြစ်သူ ကိုအေးငြိမ်း က ပြောသည်။
“ကျနော်လည်း အန်တီအပေါ်ထားတဲ့ စိတ်က အဖေလိုပါပဲ၊ ချစ်တယ် မြတ်နိုးတယ် ဒါပေမယ့် နိုင်ငံရေးကို စိတ်မဝင်စားပါဘူး” ဟု ဆိုသည်။
ကိုအေးငြိမ်းသည် နေပြည်တော်တွင် အလုပ်လုပ်ကိုင်နေခြင်းကြောင့် ရန်ကုန်က မိသားစုထက် ဖခင်နဲ့ အနေနီးကပ်စွာ နေထိုင်ခွင့်ရသူတဦးဖြစ်ပြီး နောက်ဆုံးအချိန်တွင်လည်း ဘေးနားတွင် ရှိနေသည့် တဦး တည်းသော မိသားစုဝင်လည်း ဖြစ်သည်။
ဦးစိုးဝင်းသည် လွန်ခဲ့သည့် တလခန့်က လာမည့် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သူ၏ တာဝန်မှ အပြီးတိုင် အနားယူတော့မည်ဟု ၎င်းကို ပြောပြခဲ့ကြောင်း ကိုအေးငြိမ်းက ဆိုသည်။
ထိုသို့ ပြောခဲ့ရခြင်း၏ အဓိပ္ပာယ်မှာ လာမည့်နှစ် မတ် ၉ ရက်နေ့တွင် သူ၏ အသက် ၆၀ ပြည့် ဖြစ်ခြင်းကြောင့် အလုပ်တာဝန်မှ ပင်စင်ယူတော့မည့် သဘောမျိုး ဖြစ်ပါသည်။
သူကိုယ်တိုင် အလုပ်တာဝန်မျိုးက အနားယူတော့မည်ဟု စိတ်ထဲတွင် ဖြစ်ပေါ်နေခဲ့သော်လည်း ၉ လခန့် လိုအပ်သေးသည့် ယခုရက်တွင်တော့ သူ၏ အလုပ်တာဝန်များ ထားခဲ့ပြီး အပြီးတိုင် အနားယူ သွားခဲ့ပြီဖြစ်သည်။
“အစ်မ (ဒေါ်အောင်ဆန်းစုကြည်) အနားကနေ သေမှပဲ အပြီးပြန်လာမယ်လို့ ပြောတဲ့သူ အခုတော့ တကယ်ပဲ အပြီးပြန်လာပြီလေ” ဟု ဇနီးသည် ဒေါ်မြင့်မြင့်သိန်းက မျက်ဝန်းအိမ်တွင် ရစ်ဝဲနေသော မျက်ရည်များကို ထိန်းရင်း ပြောပြသည်။
You may also like these stories:
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
အာရှရဲ့ မီးဖိုချောင်ဖြစ်ဖို့ မြန်မာအတွက် အချိန်ရောက်နေပြီလား
ရဲရဲတောက် သံမဏိနှလုံးသား ပိုင်ရှင် ဒေါ်ဝင်းမြမြ