“သမီးကို အပြင်လူတွေနဲ့ ပေးစကားမပြောဘူး။ သူက ဓား ၁ ချောင်းကို အမြဲဆောင်ထားတယ်။ တခုခုဆို သမီးကို လည်ပင်းလှီးပြီး သတ်မယ်လို့ ပြောထားတော့ သမီးလည်း မပြောရဲဘူး။ အနီးအနားက လူတွေကို သမီးတို့က သားအဖပါ ဆိုတာပဲ သူကပြောထားတယ်။ ဒါပေမယ့် ရောက်တဲ့နေရာတိုင်း သမီးကို အတင်း သားမယားပြုကျင့်တယ်” လို့ ပြောပြ လာသူကတော့ အသက် ၁၂ နှစ် အရွယ် မဝတ်ရည် (အမည်လွဲှ) ဖြစ်ပါတယ်။
သန်လျင်မြို့နယ်မှာနေထိုင်တဲ့ မဝတ်ရည် ဟာ သူ့ပထွေး ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဝဏ္ဏ ဆိုသူ ရဲ့ အဓမ္မ ခိုးယူသွားခြင်း၊ မတရားပြုကျင့်ခြင်းတို့ကို မေလ အတွင်းက ခံခဲ့ရပါတယ်။
မဝတ်ရည်က “သမီးကို ထောက်ကြန့်က သူ့အစ်ကိုရှိတဲ့ ရွာကို ခေါ်သွားတယ်။ အဲဒီအိမ်မှာ သမီးကို သားမယား ပြုကျင့် တယ်။ သူ့အစ်ကိုအိမ်မှာ ဆောင်းဘောက်တွေ အကျယ်ကြီး ဖွင့်ထားတယ်။ သမီးက နာလို့အော်တယ်။ ငိုတယ်။ သူတို့ အစ်ကိုတွေက အပြင်မှာ ရယ်နေကြတယ်။ ဆောင်းဘောက်ကလည်း အကျယ်ကြီး။ သမီးအော်သံ သူတို့ကြား၊ မကြား မသိဘူး” လို့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
မိခင် ဖြစ်သူ ဒေါ်ခင်မာ၊ အဒေါ်နဲ့ အစ်ကိုတို့က သူခိုးယူခံရတဲ့ နေရာကို သိသွားပြီးတဲ့နောက် ထောက်ကြန့်အထိ လိုက်လာတဲ့အခါ ပထွေးဖြစ်သူက သူ့ကို ကျိုက်ထိုမြို့နယ်က ရွာတရွာအထိ ထပ်မံ ခေါ်သွားခံရပြန်ပါတယ်။
မဝတ်ရည်က “ထောက်ကြန့်ကနေ ထွက်ပြေးတော့ သမီးကို ပါးစပ်ပိတ်ခေါ်သွားတာ။ လိုင်းကားနဲ့ ကျိုက်ထိုအထိ သူ့အမျိုးအိမ်အထိ လမ်းထဲမှာ ထမင်းစားဖို့တောင်မရှိလို့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီး တောင်းစားခဲ့ရတယ်”လို့ ပြောပြပါတယ်။
အဲဒီနောက်မှာတော့ ထောက်ကြန့်ကို ပြန်ရောက်လာပြီး ပထွေးနဲ့အတူ ၁၀ ရက်ခန့် ထပ်မံ နေထိုင်ခဲ့ရပြန်ပါတယ်။ အဲဒီကာလမှာဘဲ မိခင်ဖြစ်သူက ရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရင်း ပထွေးဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် မဝတ်ရည်အနေနဲ့ ငရဲခန်းကနေ လွတ်မြောက်ခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး သန်လျင်မြို့နယ် ရဲစခန်းမှူး ရဲမှူး စိုးဝင်းက “စဖြစ်တုန်းက ကျနော်တို့ လူပျောက်နဲ့ပဲ အမှုဖွင့်ခဲ့တာ။ အခု စစ်ချက်ယူလိုက်တော့ ကလေးက အသက် မပြည့်သေးတဲ့သူ ဖြစ်တဲ့အပြင် သားမယားအဖြစ် ခိုးယူပေါင်းသင်းတာ ပေါ်တော့ လူခိုးမှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ရော၊ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ၃၇၆ ရော ဖွင့်ထားပြီး ဇူလိုင် ၆ မှာ တရား ခံကို ရုံးထုတ် ရမန်ယူတယ်။ အာမခံပါ မရတော့ဘူးပေါ့။ တကယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုတွေ ထပ်တိုးရင် လည်း တိုးမှာ။ အခုက စစ်ဆေးဆဲပဲ”လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မဝတ်ရည်လိုမျိုး သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်လေးတွေ များစွာ ရှိနေပါတယ်။ တနှစ်ထက် တနှစ် တိုးလာတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်လိုက်လျှင် အသက် ၁ဝ နှစ်ကနေ ၁၆ နှစ်ကြား အရွယ် ကလေးတွေကို ပစ်မှတ်ထားလာသလို ကျူးလွန်တဲ့သူ အများစုကလည်း အိမ်နီးနားချင်းဖြစ်သူ၊ ဆွေမျိုးနီးစပ်သူတွေက အများစု ကျူးလွန်လာကြတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မုဒိမ်းမှု ဖြစ်စဉ်တွေထဲကမှ သက်ငယ်မုဒိမ်းဖြစ်ပွားမှုဟာ ၂ဝ၁၆ ခုနှစ်က ၆၇၁ မှု၊ ၂ဝ၁၇ ခုနှစ်မှာ ၈၉၇ မှု၊ ၂ဝ၁၈ ခုနှစ်မှာ ၁၀၂၈ မှုနဲ့ ၂၀၁၉ ခုနှစ် အစမှ ဇွန်လအထိ ၁၉၀ မှု ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ၄ နှစ်တာကာလ အတွင်း မုဒိမ်းမှုစုစုပေါင်း ၄၃၈၁ မှုအနက် ၂၇၈၆ မှုဟာ သက်ငယ်မုဒိမ်းမှုများ ဖြစ်တာကြောင့် ၆၃ ဒဿမ ၅၉ ရာခိုင်နှုန်းအထိ ဖြစ်ပွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ တရားစွဲရာမှာ ၂ဝ၁၆ ခုနှစ်မှာ ၉၆ ရာခိုင်နှုန်းကျော်၊ ၂ဝ၁၇ ခုနှစ်မှာ ၉၇ ရာခိုင်နှုန်းကျော်နဲ့ ၂ဝ၁၈ ခုနှစ်မှာ ၉၈ ရာခိုင်နှုန်းကျော်အထိ တရားစွဲတင်ပို့နိုင်ခဲ့သလို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂ဝ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရဲ့ လူမှုဝန်ထမ်း ဦးစီးဌာနက Case Manager ဖြစ်တဲ့ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်ကတော့ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှု လျော့ကျရေး လုပ်ဆောင်ရာမှာ အစိုးရပိုင်း အပါအဝင် NGO များကလည်း အမျိုးသမီး များနဲ့ ကလေးများကိုသာ ဦးတည်ပြီး ပညာပေးလုပ်ဆောင်နေတာက လိုအပ်ချက် တခုလို့ ထောက်ပြပါတယ်။
“အမျိုးသားတွေကို ပညာပေးရာမှာ အခက်အခဲရှိသလို ပညာပေးပွဲတွေမှာ အမျိုးသားတွေကို ပစ်မှတ်ထားဖို့အတွက် ခေါ်ယူတဲ့အခါလည်း မလာကြတာများတဲ့အတွက် အမျိုးသားတွေကို ပညာပေးဖို့က ပြဿနာတရပ်လို ဖြစ်နေတယ်။ လူတိုင်းက သူ့တန်ဖိုးနဲ့သူ ရှိကြတာ။ ဥပဒေနဲ့ မငြိစွန်းစေချင်ဘူး။ ကလေးတွေကိုလည်း ဓားစာခံ မဖြစ်စေချင်ဘူး။ ကလေးတင်မကဘူး။ အမျိုးသမီးတွေကိုပါ မဖြစ်စေချင်တာ”လို့ ဒေါ်စိုးစိုးထိုက်က ဧရာဝတီကို ပြောပါတယ်။
သက်ငယ်မုဒိမ်းကျူးလွန်မှုကို လျော့နည်းပပျောက်လာဖု့ိ လုပ်ဆောင်ရမယ့် ကဏ္ဍတွေကတော့ အများကြီး ရှိပါတယ်။ အဲဒီအပြင် စိတ်ခံစားချက်ကို ဦးစားမပေးဖို့၊ ကလေးကို ရင်းနှီးသူများသာမက သူစိမ်းတွေနဲ့ နီးနီးကပ်ကပ် မနေစေဖို့ စတဲ့အချက်အလက်တွေကလည်း လိုအပ်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။
“ကျမတို့က အဖေတိုင်း၊ ယောကျာ်းတိုင်းကို မဆိုလိုဘူး။ သူတို့ရဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတဲ့ အဖေမျိုးဆို သမီးလည်း မရှောင်ကြဘူး။ စမ်းသပ်ချင်စိတ် ရှိနေတော့ မောင်နှမဆိုတာလည်း ခေါင်းထဲရှိမှာမဟုတ်ဘူး။ ပထွေးဆို ပိုဆိုးသေးတယ်။ သူ့သားသမီးမှ မဟုတ်တဲ့အတွက် သူတို့ရဲ့ ကာမဂုဏ်လောက်ကိုပဲ သူတို့သိတယ်” လို့ ဒေါ်စိုးစိုးထိုက်က သုံးသပ်ပါတယ်။
ဒေါ်စိုးစိုးထိုက်က “ကျမဘယ်လိုလုပ်ချင်လဲဆိုတော့ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်တို့၊ အမျိုးသားအများဆုံး ရှိတဲ့နေရာဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တို့၊ ဘတ်စ်ကားပေါ်တို့ ထိုင်ပြီးတော့ကို ပြောချင်တာ” လို့ ပညာပေးလုပ်ငန်း တွေ လုပ်ဆောင်ချင်တဲ့ပုံစံကို ပြောပြပါတယ်။
မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ရေးမှာ တရားဥပဒေ စိုးမိုးရေးက အဓိက အားနည်းချက်တွေ ရှိနေ သလို အစိုးရပိုင်းက ဆောင်ရွက်နေတဲ့အပိုင်းဟာ ထိရောက်မှု သိပ်မရှိသေးလို့ အားမရတဲ့အကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကလည်း ဝေဖန်နေကြပါတယ်။
အထူးသဖြင့် ကျူးလွန်ကြသူတွေက ဘယ်သူတွေလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ဥပဒေပိုင်းက စီရင်ဆုံးဖြတ်နေတဲ့ ပုံစံမျိုး တွေ့နေရတယ်လို့ ကျားမတန်းတူညီမျှရေး ကွန်ရက်က ညွန်ကြားရေးမှူးဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူက သုံးသပ်တယ်။
ဒေါ်မေစံပယ်ဖြူက “ဥပဒေက ကျူးလွန်ကြသူတွေကို ကျောသားရင်သား မခွဲခြားဘဲနဲ့ ဆုံးဖြတ်ပေးဖို့လိုတယ်။ အခုက သရေကွင်းလို ဖြစ်နေတော့ မျှတမှုမရှိဘူး ဖြစ်နေတယ်။ သက်ငယ်မုဒိမ်းမှ မဟုတ်ဘူး။ အမှုတိုင်းကို ကျူးလွန်သူက ဘယ်သူလဲ၊ ဘယ်ဝါလဲ အပေါ်မူတည်ပြီး လုပ်နေသလို ဖြစ်နေတယ်” လို့ ဆိုပါတယ်။
တချို့ဖြစ်စဉ်တွေမှာက အဖေဖြစ်သူကိုယ်တိုင် ကျူးလွန်တာကို လာရောက် တိုင်ပင်ခဲ့ပေမယ့် တရားစွဲဆိုတဲ့ အဆင့် မရောက်ဘဲ ပြီးပျောက်သွားတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ အက္ခရာ အမျိုးသမီးအဖွဲ့က ပြောရေးဆိုခွင့်ရှိတဲ့ မပပက ပြောပါတယ်။
မပပက “တချို့က ငွေကြေး အခက်အခဲရှိတော့ အိမ်ထောင်ရေး သာယာမှု ရယူဖို့ကို လိင်ပိုင်းဆိုင်ရာ ဘယ်အခန်းကဏ္ဍက သွားရမယ်ဆိုတာ မသိဘူး။ ပညာပေးအနေနဲ့ သင်လည်း မသင်ခဲ့ရဘူး။ အဲဒီတော့ လင်နဲ့မယားမှာ အပေးအယူ မမျှတော့ အိမ်တွင်းမှာဘဲ မုဒိမ်းမှုတွေဆိုတာ ဖြစ်လာတယ်။ အိမ်အပြင်မှာလည်း ဖြစ်လာတယ်။ ကလေးတွေကိုပါ ကျူးလွန် လာတယ်” လို့ ထောက်ပြပါတယ်။
သူမက ဆက်ပြီး “ငါ့ပိုင်တဲ့ ငါ့သားသမီး၊ ငါ့မြေး၊ ငါတူမ စသည်ဖြင့် အပြင်ကို မပေါက်ကြားနိုင်ဘူးဆိုပြီး ကျူးလွန်လာတယ်။ အဲဒါ ကြောင့် အမှုတွေလည်း တိုးလာတယ်။ ချိန်းခြောက်တာလည်းတပိုင်းပေါ့” လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုတွေ မလျော့ကျနေရတဲ့ အကြောင်းအရင်းတွေထဲက တချို့ကတော့ မူးယစ်ဆေးဝါးတွေ၊ အရက်တွေနဲ့ ရာဂစိတ်ကြွစေတဲ့ ဆေးတွေနဲ့ လူမှုကွန်ရက်တွေမှာ ရာဂကို နှိုးဆွတဲ့ အမြင်၊ ပုံရိပ်တွေကြောင့်လို့ ရဲမှူးကြီးဟောင်း မောင်စိုး က မှတ်ချက်ပြုပါတယ်။
“ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်သေးသလို အစိုးရအဖွဲ့တခုတည်းက ကာကွယ်တားဆီးရေး လုပ်လို့မရဘဲ ပြည်သူအားလုံးလည်း သက်ငယ်မုဒိမ်းမှုတွေ လျော့ကျရေးမှာ ပူးပေါင်းပါဝင်ဖို့လိုတယ်။ ဒါက ရေရှည် အတွက်ကို ရည်ရွယ်ပြီး စီမံကိန်းတွေကို ရေးဆွဲမှရမယ်။ ပြည်သူမပါဘဲ အောင်မြင်နေမှာ မဟုတ်ဘူး” လို့ ရဲမှူးကြီးဟောင်း မောင်စိုးက အကြံံပြုပါတယ်။
သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်မှုတွေ ပြုလုပ်လာကြပေမယ့် ဖြစ်ပွားနှုန်း လျော့ကျလာဖို့ လုပ်ဆောင်မယ့် မူဝါဒတွေ သေချာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ကြပါတယ်။
ဥပဒေကုစားရေးအဖွဲ့ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက “ကျမတို့ နိုင်ငံမှာ လိင်ပညာပေးထားတာ အရမ်းအားနည်းတော့ ဒါကို အွန်လိုင်းတွေမှာ ကြည့်မရအောင် လုပ်နိုင်မယ့် အကောင်အထည်ဖော်မှုက မရှိဘူး။ ဒါကို ဝင်ကြည့်တယ်။ ပြီးတော့ စိတ်ခံစားမှု ဖြစ်လာတော့ ကိုယ့်အနီးအနားက အမျိုး သမီးတွေကို ကျူးလွန်လာကြတယ်။ ဖုန်းကနေ ညစ်ညမ်းဗီဒီယိုတွေ ပြပြီးတော့ မုဒိမ်းမှု ကျူးလွန်ကြတဲ့ ဖြစ်ရပ်တွေက တော်တော်များများ တွေ့ရတယ်” လို့ သုံးသပ်ပါတယ်။
သူမက ဆက်ပြီး “ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အဖြေရှာရမယ်။ ရပ်ကွက်တွေထဲမှာလည်း ဒါနဲ့ ပတ်သက်တဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေကို ဖွဲ့ဖို့လုပ်ရမယ်။ အစိုးရအနေနဲ့ လွှတ်တော်တွေထဲမှာ ထိရောက်တဲ့ အဟန့်အတား ဖြစ်စေဖို့ မေးခွန်းတွေ၊ ပြစ်ဒဏ်တွေ မေးနေ ပြောနေရုံနဲ့ မရဘူး။ မဖြစ်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ မူဝါဒတွေ ချမှတ် အကောင် အထည်ဖော်နေတာ မတွေ့ရသေးဘူး” လို့ ထောက်ပြပါတယ်။
ဖြစ်ရပ်တခု အနေနဲ့ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ဗိုလ်တထောင်မြို့နယ်ထဲမှာ အမေရိကန်နိုင်ငံသူက မွေးစားထားတဲ့ အသက် ၄ နှစ်ကနေ ၇ နှစ်အရွယ်ရှိတဲ့ မိန်းကလေးတွေကို ကားဒရိုင်ဘာဖြစ်သူ နီတွတ်ခေါ် လှမိုးဆိုသူက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခဲ့တဲ့အတွက် သက်ငယ်မုဒိမ်းမှုနဲ့ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ နှစ် ၆ဝ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီ အမှုကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနကိုယ်တိုင်က တရားလိုပြုလုပ်ကာ တရားစွဲခဲ့တာဖြစ်ပါတယ်။
မုဒိမ်းမှုတွေ တင်မက သက်ငယ်မုဒိမ်းမှုတွေထဲမှာတင် တချို့ဖြစ်စဉ်တွေက အမှုဖြစ်စဉ် ကြန့်ကြာနေတဲ့အတွက် ပြည်သူ အများအပြားက အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ တချို့ သက်ငယ် မုဒိမ်းမှုတွေထဲမှာ မွေးသက္ကရာဇ် မစုံလင်တာ၊ မွေးစာရင်း မရှိတာကအစ သက်သေ ထွက်ပေးမယ့်သူတွေ ကိုယ်တိုင် တရားရုံးကို ကြောက်ပြီးတော့ မထွက်ရဲတာတွေကလည်း အမှုကို ကြန့်ကြာစေတယ်လို့ ရန်ကုန်မြို့၊ တောင်ပိုင်းခရိုင်က ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၏ လူမှုဝန်ထမ်း ဦးစီးဌာနမှ Case Manager ဖြစ်သူ ဒု ဦးစီးမှူး ဒေါ်စိုးစိုးထိုက်က သုံးသပ် ပြောဆိုပါတယ်။
တချို့ဖြစ်စဉ်တွေမှာ သက်သေထွက်မယ့်သူတွေကို တရားခံလို့ စွပ်စွဲခံရသူတွေက ခြိမ်းခြောက်တာ၊ ငွေပေးပြီးတော့ နှုတ်ပိတ်တာ စသဖြင့် တွေ့ရတာကြောင့် အမှုကို မြန်မြန်စစ်၊ မြန်မြန်မေးပြီး မြန်မြန်ဆန်ဆန် အမိန့်ချမယ်ဆိုရင် ပိုပြီး ထိရောက်မယ်လို့ သူက ပြောပါတယ်။
ယခင် အစိုးရလက်ထက်ထဲက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာရင် သေဒဏ်ပေးဖို့ တောင်းဆိုခဲ့မှုတွေ ယနေ့အချိန်ထိ ရှိနေပေမယ့် တချို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားကြသူတွေက ဒါဟာ အဖြေမှန်တခု မဟုတ်လို့ သုံးသပ်ကြပါတယ်။
ထို့အတူ မျိုးဆက်ပွား ပညာပေးမှုတွေ၊ လိင်ပညာပေးမှုတွေက အကန့်အသတ် ရှိနေသလို အဖွဲ့အစည်းအားလုံးကလည်း မလုပ်နိုင်သေးတာ၊ ပညာပေးမှုတွေဆိုတာ အစိုးရပိုင်းကနေ လုပ်မှ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မှာဖြစ်တယ်လို့ အက္ခရာ အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မပပက ပြောပါတယ်။
ကျူးလွန်ခံရသူများ ကိုယ်တိုင်က သတ္တိရှိရှိနဲ့ ထုတ်ဖော်ပြောကြားရဲဖို့ လိုသလို ပညာပေးမှုတွေကို TV Channel တွေကနေ ပညာပေးနေရုံနဲ့ မလုံလောက်ဘဲ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုပါ နည်းလမ်းတကျ ရှာဖွေနိုင်ဖို့ သေသေချာချာ စီမံကိန်း ချမှတ်ဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။
ဆက်စပ်လင့်–
၁၂ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူအား ဖမ်းဆီး
သက်ငယ်မုဒိမ်းမှာ များသောအားဖြင့် ရင်းနှီးတဲ့သူကပဲ လုပ်တာ
မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား