ဆောင်းပါး

တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ

Want create site? Find Free WordPress Themes and plugins.

“အန္တရာယ်များလှတဲ့ တောရိုင်းတိရစာ္ဆန် ရောင်းချတဲ့ ဈေးတွေဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ လူသားတွေ နီးကပ် ထိတွေ့မှု ဖြစ်စေပြီး မျိုးစိတ်တခုနဲ့ တခုကြား ဗိုင်းရပ်စ်တွေ ခုန်ကူးနိုင်ဖို့ အခွင့်အရေးကို ပေးပြီးရင်း ပေးနေတယ်”လို့ တကမာ္ဘလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF- မြန်မာ) ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“လူသားတွေနဲ့ သဘာဝ ကမာ္ဘလောကရဲ့ ဆက်ဆံရေးဟာ အန္တရာယ် ဖြစ်စေနိုင်လောက်အောင်ကို မမျှတဘဲ ဖြစ်နေတဲ့ အခြေအနေပါ။ တောရိုင်းတိရစာ္ဆန် တရားမဝင် ကုန်သွယ်မှုဟာ သဘာဝကို ဆိုးကျိုးဖြစ်စေပြီး COVID-19 လိုမျိုး ကပ်ရောဂါတွေ ဖြစ်ပေါ်စေဖို့ အခွင့်အရေး တိုးလာစေပါတယ်” လို့လည်း WWF ကဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် South China Agricultural University ရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ ကမာ္ဘ့ကပ်ရောဂါ COVID -19 နဲ့ ပတ်သက်ရင် ဗိုင်းရပ်စ်ကို တဆင့် သယ်ဆောင်သူတွေဟာ သင်းခွေချပ် တွေလို့ ရေးသားခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ ကျောင်းအုပ် လျိုယာဟုန်က သင်းခွေချပ်တွေ အပါအဝင် တောရိုင်းတိရစာ္ဆန်တွေရဲ့ မျိုးဗီဇ ကလာပ်စည်း ၁,၀၀၀ ကျော်ကို သုတေသနစမ်းသပ် လေ့လာပြီး သင်းခွေချပ်တွေနဲ့ ကိုရိုနာဗိုင်းရပ် ဆက်စပ်မှုကို တွေ့ခဲ့တာလို့ ဖေဖော် ဝါရီလ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို၊ ကိုဗစ်စဖြစ်ချိန် သတင်းတွေမှာတော့ ဝူဟန်မြို့က သားရိုင်း တိရစာ္ဆန် ရောင်းတဲ့ ဈေးကြီးမှာ ရောင်းချနေတဲ့ လင်းနို့တွေက တဆင့် ကူးတာလို့ ဖော်ပြပါတယ်။

တရုတ်တောင်ပိုင်း စိုက်ပျိုးရေး တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အပြီးမှာ National Geographic မဂ္ဂဇင်းကြီး ကလည်း လင်းနို့ငှက်တွေအပြင် သင်းခွေချပ် တွေဆီမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း ထောက်ခံရေးသားခဲ့ပါတယ်။

မြန်မာအပါအဝင် အာဖရိကနှင့် အရှေ့တောင်အာရှ နိုင်ငံတချို့မှ တရုတ်ပြည်သို့ သင်းခွေချပ်များတင်ပို့သည့် မှောင်ခိုလမ်းကြောင်း(Nepali Times)

ဒီတိရစာ္ဆန် နှစ်မျိုးဟာ မြန်မာနိုင်ငံမှာလည်း ရှိနေတဲ့အပြင် တရုတ်တောရိုင်းတိရစာ္ဆန် ဈေးကွက်ထဲက ရှားပါတိရစ္ဆာန် အချို့ဟာ မြန်မာကနေ တရုတ်ကို တင်ပို့ထားတာလည်း ဖြစ်နေပါတယ်။

၁၉၈၈ခုနှစ် စစ်တပ် အာဏာသိမ်းအပြီး တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ရယူပြီး ဆက်သွယ်ရေး လမ်းကြောင်းများ ပိုမိုပွင့်လာတဲ့အခါ တရုတ်ကိုတင်ပို့တဲ့ မြန်မာ့ တောရိုင်းတိရစ္ဆာန် မှောင်ခို ဈေးကွက်ဟာ မန္တလေးကို အခြေပြုပြီး ပိုမိုကြီးထွားလာခဲ့ပါတယ်။

“ကမာ္ဘတဝှမ်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းရေးသားခြင်းအဖွဲ့”ရဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရေးသားတဲ့ “သင်းခွေ ချပ် အစီရင်ခံစာ” မှာတော့ ရန်ကုန်၊ မန္တလေး၊ မိုင်းလား၊ တာချီလိတ်နဲ့ မြဝတီမြို့တွေမှာ သင်းခွေ ချပ်ဈေးကွက် ရှိနေ တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ သစ်တောဦးစီးဌာနထံမှ သိရတဲ့ အချက်တွေအရ (၂၀၁၀- ၂၀၁၉ ) ၉ နှစ်တာကာလအတွင်း တရားမဝင် ရောင်းဝယ်နေတဲ့ သင်းခွေချပ်အကြေးခွံ ဖမ်းဆီးရရှိမှု ၁၆၇၈ ကီလိုဂရမ် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တနှစ်တည်းမှာ ၁၉၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အရွယ်ရောက်ပြီး တရုတ်မျိုးစိတ်ဝင် သင်းခွေချပ်တကောင်ဟာ ၃ ဒသမ ၆ ကီလိုခန့်၊ မလေးမျိုးစိတ်သင်းခွေချပ် တကောင် ဟာ ၄ ဒသမ ၉ ကီလိုဂရမ်ခန့် ရှိပြီး အကြေးခွံ အလေးချိန်ဟာ ခန္ဓာကိုယ် စုစုပေါင်း အလေးချိန်ရဲ့ သုံးပုံနှစ်ပုံလောက် ရှိတတ်တာမို့ ဒီ ၁၀ နှစ်တာအတွင်း ဖမ်းဆီးရမိ သင်းခွေချပ် အကြေးခွံဟာ သင်းခွေချပ် ကောင်ရေ ထောင်ချီပြီး သတ်ဖြတ် ပြီးမှ ရရှိလာတာလို့ ဆိုရပါမယ်။

ဒါကြောင့် တရားမဝင် ဈေးကွက်ကို ရောက်ရှိနေတဲ့ ကောင်ရေဟာ ဒီပမာဏထက် မနည်းတဲ့ အခြေအနေမှာ ရှိနေနိုင် ပါတယ်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်က ဝူဟန်မြို့ တောရိုင်းတိရစ္ဆာန်ဈေးကွက်တွင် ရောင်းချသည့် လင်းနို့မှ ကူးစက်သည်ဟု ဆိုသည်။ /earth.org

ဒီလို ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် တရုတ်နဲ့ မလေးရှားမျိုးနွယ် သင်းခွေချပ်တွေဟာ မျိုးသုဉ်းမယ့် အန္တရာယ်ရှိနေ တဲ့အတွက် မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အဆင့် ၁ အရ သင်းခွေချပ်ဟာ လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစာ္ဆန် အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီသင်းခွေချပ်ကို ရန်ကုန်လေဆိပ် အနီးမှာတောင် အသားနဲ့ အကြေးခွံတွေ ပေါ်ပေါ်တင်တင် ရောင်းချနေ တာ ရှိတယ်လို့ သင်းခွေချပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမှန်တော့ သင်းခွေချပ်တွေတင် မကပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တောရိုင်းတိရစာ္ဆန် အတော်များများဟာ တရားမဝင် မှောင်ခိုဈေးကွက်ကို နှစ်စဉ်နှစ်တိုင်း ရောက်နေတာပါ၊ မြန်မာနိုင်ငံက ဒီတောရိုင်းတိရစာ္ဆန် ဈေးကွက်ရဲ့ အဓိက ဖောက်သည်ကတော့ တရုတ်နိုင်ငံပါပဲ။

WWF က ထုတ်ပြန်ထားသလိုပဲ တောရိုင်းတိရစာ္ဆန် တရားမဝင် ကုန်သွယ်မှုဆိုတာ တောရိုင်းတိရစာ္ဆန် မျိုးစိတ်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စုဆောင်း မွေးမြူကာ ရောင်းချတင်ပို့တာဖြစ်ပြီး၊ ကြောက်စရာ ကောင်းတဲ့ ရာဇဝတ်ဂိုဏ်းတွေက လုပ်ဆောင်နေတဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။

ဒီလို တောရိုင်းတိရစာ္ဆန် တရားမဝင် ရောင်းဝယ် ဖောက်ကားမှုဟာ ကမာ္ဘမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ပြီးရင် တတိယလိုက်နေတဲ့ အကြီးဆုံး ကုန်သွယ်မှု ဖြစ်ပြီး၊ ရှေးကတည်းက ဆေးဘက်ဝင်တယ်ဆိုတဲ့ အမြစ်တွယ် ယုံကြည် မှု၊ အသိအမြင်ကျဉ်းမြောင်း လွဲမှားခြင်းတွေအပြင် ဈေးကွက် အဆမတန် ကြီးမားလာခြင်း၊ မူဝါဒ အားနည်းခြင်း၊ ဥပဒေ စိုးမိုးရေး အားနည်းခြင်းတွေ ကြောင့် ဝယ်သူတွေ တိုးပွားလာတာလို့ သားငှက် ထိန်းသိမ်းရေးအဖွဲ့ မြန်မာအစီအစဉ် WCS Myanmar က ကောက်ချက် ချပါတယ်။

အာဖရိကလို၊ မြန်မာလို နိုင်ငံတွေက ရောင်းချသူတွေရဲ့ ပြဿနာ အရင်းအမြစ်တွေကတော့ ဆင်းရဲခြင်း၊ အခြား ဝင်ငွေ အခွင့်အလမ်း နည်းပါးခြင်း၊ ဥပဒေစိုမိုးရေး အားနည်းခြင်းတွေလို့ WCS က သုံးသပ်ထားပြီး၊ သက်ဆိုင်ရာ နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်းမှု အားနည်းခြင်း၊ ခေတ်မှီ နည်းစနစ် ကိရိယာများ အသုံမပြုနိုင်ခြင်းတွေကြောင့် တရားမဝင် တောရိုင်း တိရစ္ဆာန်ဈေးကွက်ဟာ ကြီးမားကျယ်ပြန့်နေတယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစာ္ဆန်တွေကို တရားမဝင် ရောင်းချနေတာဟာ ကမာ္ဘကြီးရဲ့ သဟဇာတမျှမှုကို ဖျက်ဆီးနေရုံမျှမက လူသား တွေဆီကို ကြောက်မက်ဖွယ်ရာ ကပ်ရောဂါ သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တွေ ဖြန့်ဖြူးရာ လမ်းကြောင်းလည်း ဖြစ်နေပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်က ကမာ္ဘ့ကူးစက် ရောဂါတွေရဲ့ ၆၀ ရာခိုင်နှုန်း လောက် ဟာ တောရိုင်းတိရစာ္ဆန်တွေဆီကနေ လာတယ်လို့ သူ့ရဲ့ ကိုဗစ် နောက်ကြောင်းပြန် စာအုပ်မှာ ရေးသားခဲ့ပါ တယ်။

ဒေါက်တာ မြင့်ဇော်ဟာ “ကိုဗစ် နောက်ကြောင်းပြန်- ဂေဟဗေဒနှင့် လူမှုစီးပွား အမြင်မှ လေ့လာခြင်း”ဆိုတဲ့စာအုပ် အပါ အဝင် “ကပ်ဘေးထဲက အလွန် တော်လှန်ရေး” “ကပ်ဘေးလွန် ကမာ္ဘရဲ့ အလွမ်းဇာတ်များ”ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ လပိုင်းက ဆက်တိုက် ထုတ်ဝေခဲ့ပါတယ်။

သူက“ကူးစက်ရောဂါတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တောရိုင်းတိရစာ္ဆန်တွေဆီကနေ ဇစ်မြစ်လာတယ်ဆိုတဲ့ အချက်ကို ကျနော့် စာအုပ်ထဲမှာ ရေးဖြစ်တာဟာက ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အခြားသုတေသန အဖွဲ့တွေကို အမှီပြုပြီးတော့ ရေးတာပါ။ ကျနော်တို့ အနေနဲ့ သတိထားရမှာက ဒီဘက် နောက်ပိုင်းမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားတဲ့ ပမာဏ စိတ်လာ တယ်ဆိုတာကိုပါ” လို့ စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။

မိုးညှင်းမြို့တွင် ဖမ်းဆီးရမိသော သင်းခွေချပ် ၁ ကောင်အား သက်ဆိုင်ရာဌာနသို့ အပ်နှံနေစဉ် (ဓာတ်ပုံ-MOI)

သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု များပြားလာခြင်းနဲ့ တောရိုင်း တိရစာ္ဆန်တွေရဲ့ ခိုလှုံရာ ကျဉ်းမြောင်းလာခြင်း တို့ဟာ ဒီကပ်ဘေးတွေကို ပိုပြီး ဖြစ်စေလာတယ်လို့ ဒေါက်တာ မြင့်ဇော်က ထောက်ပြပါတယ်။

ဥပမာ- ကိုဗစ်ကပ်ဆိုးနဲ့ အပြိုင် ဖြစ်နေတဲ့ နောက်ထပ် ကပ်ဘေးက ကမာ္ဘတဝှမ်းမှာ လူဦးရေ ၄၂ သန်းကို အငတ်ဘေး သင့်စေတဲ့ ကျိုင်းကောင် အန္တရာယ်ပါ။ အာဖရိက ကန္တရ ကျိုင်းကောင်တွေဟာ အိမ်နီးချင်းနိုင်ငံ အိန္ဒိယကိုတောင် ရောက် နေပါပြီ။

ဒီကျိုင်းကောင်တွေ အကောင်ရေ ဘီလီယံချီအောင် ပွားများလာခြင်းဟာ ငှက်တွေကို အလွန်အကျွံ ဖမ်းဆီးခြင်းနဲ့ ငှက် တွေရဲ့ စားကျက်ဧရိယာတွေ ပျက်ဆီးလာလို့ဆိုပြီး သုတေသီတွေက ထောက်ပြနေပါတယ်၊ ကမာ္ဘ့ကပ်ဘေးတွေရဲ့ တရားခံဟာ လူသားတွေ ကိုယ်တိုင် ဖြစ်နေပြီး၊ သဘာဝလောကကြီးရဲ့ ရန်သူဟာ လူသား တွေ ဖြစ်နေပါတယ်။

ရာစုနှစ် နှစ်စုလောက်အတွင်း သန်းထောင်ချီ တိုးပွားလာတဲ့ လူဦးရေဟာ ကမာ္ဘကြီးရဲ့ ဟန်ချက်ကို ထိုးနှက်ရာကနေ ကပ်ဘေးတွေဟာ တနှစ်ထက်တနှစ် ပိုမိုဖြစ်ပွားနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

သဘာဝဂေဟစနစ်မှာ လူ၊ အပင်၊ သားငှက်တိရစာ္ဆန်တွေဟာ တခုနဲ့တခု အချင်းချင်း မှီခိုကာ ဟန်ချက်ညီညီ နေထိုင် နေမှသာ ဂေဟစက်ဝန်း မျှတနေမှာ ဖြစ်ပါတယ်။ အပင်တွေပဲ ဖြစ်ဖြစ်၊ သားငှက်တိရစာ္ဆန်ပဲ ဖြစ်ဖြစ် ပျောက်ကွယ်ခဲ့မယ် ဆိုရင် ကျန်သက်ရှိတွေလည်း ရှင်သန်နိုင်တော့မှာ မဟုတ်တော့ပါဘူးလို့ သုတေသီတွေက ပြောဆို သတိပေးနေပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ လူတွေဟာ သားငှက်တိရစာ္ဆန်တွေကို စားသုံးဖို့၊ ဆေးဖော်ဖို့နဲ့ လူ့ အသုံးအဆောင် ပစ္စည်းလုပ်ဖို့ စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးရောင်းချနေကြဆဲပါ။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ တောရိုင်း တိရစာ္ဆန်နဲ့ အစိတ်အပိုင်းတွေကို ဖမ်းဆီးရမိမှုပေါင်း ၃၃ မှု ရှိခဲ့ရာ တောဆင် ၁ ကောင်၊ ဆင်သားရေ ၁၂၆ ပိဿာ ဆယ်စွယ်၂ ချောင်း၊ မြွေပွေး ၆၃၃ ကောင်၊ မြွေဟောက် ၃၂၉ ကောင်၊ လင်းမြွေ ၂၀၆၂ ကောင်၊ သင်းခွေချပ် အကြေးခွံ ၁၁၇ ပိဿာ ( ၁၉၂ ကီလိုဂရမ်)၊ လိပ်ပါးနီ ၂၁၄၉ ကောင်၊ ဝက်ဝံ ၁၄ ကောင်နဲ့ အခြား တောရိုင်း တိရစာ္ဆန် အစိတ်အပိုင်းတွေ သိမ်းဆည်းရမိတယ်လို့ သစ်တော ဦးစီးဌာနက ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံထဲမှာ ထောင်နဲ့ချီတဲ့ တောရိုင်း တိရစာ္ဆန်တွေကို ရောင်းဝယ် ဖောက်ကားနေမှုရဲ့သိသာတဲ့ သာဓကပါ။ ဒီလို တောရိုင်း တိရစာ္ဆန်တွေ ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေပေမယ့်လည်း အခက်အခဲတွေ ရှိနေတုန်းပါ။

ဒါပေမယ့်လည်း ကမာ္ဘ့ကပ်ရောဂါဆိုး ကိုဗစ်ဖြစ်ပွားပြီးနောက် ဒီတောရိုင်းတိရစာ္ဆန် တရားမဝင်ကုန်သွယ်မှု ဈေးကွက်ကို သက်ရောက်စေမယ့် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာပါတယ်။

တရုတ်အစိုးရက COVID-19 တိုက်ဖျက်ရေး တစိတ်တဒေသအဖြစ် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းနဲ့ စားသုံးခြင်း တွေကို ဖေဖော်ဝါရီလက စတင်ပြီး ယာယီ ပိတ်ပင်ခဲ့သလို၊ တောရိုင်းတိရစာ္ဆန် မွေးမြူရေးသမားတွေကို ဒီလုပ်ငန်းကို စွန့်လွှတ်ရင် လျော်ကြေးပေးမယ်လို့ အစိုးရက ပြီးခဲ့တဲ့ မေလက ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့က တရုတ်တိုင်းရင်းဆေးများ၌ သင်းခွေချပ် ထည့်သွင်းဖော်စပ်ခြင်းကို ပယ်ဖျက်လိုက်ကြောင်း တရုတ် Global Times သတင်းက ရေးသားခဲ့ပါတယ်။

WCS မြန်မာရဲ့ ဒု ဌာနေတာဝန်ခံ ဦးလှနိုင်က “တရားမဝင် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းဟာ လက်နက် ရောင်းဝယ် ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနဲ့ လူကုန်ကူးခြင်းများလို နှစ်စဉ် ဒေါ်လာသန်းချီပြီး အကျိုးအမြတ်ရနေတဲ့ Organized Crime တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းအတွက် အဓိကကျတဲ့ ဈေးကွက်ကြီး ဖြစ်တာ ကြောင့် တရုတ်နိုင်ငံက တင်းကျပ်လိုက်ရင်တော့ အကျိုးဖြစ်ထွန်းမှု အတိုင်းအတာတခုတော့ ရှိမှာ ဖြစ်ပါတယ်။ ဒါပေယ့် ဒါဟာ တကမာ္ဘလုံးအတွက် အဖြေတော့ မဟုတ်သေးပါဘူး” လို့ ပြောပါတယ်။

ရွှေတြိဂံဒေသတွင် တောရိုင်းတိရစ္ဆာန်တို့၏အစိတ်အပိုင်းများ ရောင်းဝယ်

ဒီပိတ်ပင်မှုကို အမြဲတမ်း ဖြစ်သွားအောင် တိုက်တွန်းမှုတွေ ရှိနေပေမယ့် ဖြစ်နိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဆားစ် ရောဂါတုန်းကလိုပဲ ယာယီအခိုက်အတန့် ပိတ်ပင်တာပဲ ဖြစ်မယ်လို့ ယူဆထားကြပြီး၊ အမြဲတမ်းသာ ပိတ်ပစ်ခဲ့မယ်ဆိုရင် ဒီဈေးကွက်ဟာ ဘယ်ကိုရွှေ့မလဲ ဆိုတာ စဉ်းစားစရာပါ။

ဆေးဖက်ဝင်တယ် ဆိုတဲ့ အယူအဆ အစွဲအလန်းနဲ့ ဒီတောရိုင်းတိရစာ္ဆန်တွေကို စားသောက်ကြတာ ဖြစ်လို့ လွယ်လွယ်နဲ့ ပျက်စီးသွားမယ့် ဈေးကွက်တခု မဟုတ်သေးပါဘူး။

တကယ်လို့ တရုတ်နိုင်ငံတွင်းမှာ တရားဝင် ဈေးကွက်သာ ပိတ်လိုက်ပြီဆိုရင် ဒီဈေးကွက်ဟာ အရှေ့တောင်အာရှနိုင်ငံ တွေဆီ ရွေ့လာနိုင်တယ်လို့ နိုင်ငံတကာ သုတေသီတွေက သုံးသပ်ပြီး၊ အထူးသဖြင့် ရွှေတြိဂံဒေသဟာ ပိုပြီး ဗဟိုချက်မ ဖြစ်လာမယ်လို့ ဆိုကြပါတယ်။လက်ရှိမှာလည်း ရွှေတြိဂံဒေသရှိ မိုင်းလားဒေသ တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကား မှု ပြုလုပ်လျှက်ရှိသည်။

WCS က သုံးသပ်ချက်အရ တရုတ်ကသာ တင်းကျပ်လိုက်ရင် ဥပဒေစိုးမိုးရေး အားနည်းတဲ့ နယ်စပ်တွေနဲ့ အရှေ့တောင် အာရှဆီကို ရွေ့လျားလာမှာကတော့ အသေအချာပါပဲ။ ယခင်ကတည်းက တရားမဝင် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်း အဓိက နေရာတွေဖြစ်တဲ့ ရွှေတြိဂံနဲ့ မိုင်းလားဟာ ပိုကြီးထွားလာနိုင်တဲ့ အလားအလာတွေရှိ နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီဈေးကွက်ဟာ မြန်မာနိုင်ငံထဲကို ရောက်လာတာမျိုးတော့ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ WECAN-Myanmar (တောရိုင်းတိရစာ္ဆန်နှင့် ဂေဟ စနစ်ထိန်းသိမ်းရေးအသင်း) တည်ထောင်သူ ဒေါက်တာ စံပယ်မင်းက သုံးသပ်ပါ တယ်။

“တရုတ်ပြည်က ဒီလိုပိတ်လိုက်ရင် ဘေးကိုတော့ ရွှေ့လာမယ်လို့ ယူဆနိုင်တာပေါ့။ တရုတ်ပြည်က လုံးဝ တားဆီး လိုက် တယ်ဆိုရင် မြန်မာပြည်နဲ့ တရုတ်ပြည် နယ်စပ်လောက်ကိုပဲ ရောက်လာမယ်လို့ ယူဆရတာပေါ့။ မြန်မာပြည်ထဲကိုတော့ ရောက်လာဖို့ မရှိဘူး” လို့ သူက ဆိုပါတယ်။

မြန်မာပြည်ထဲမှာ တောရိုင်း တိရစာ္ဆန်ဈေးကွက်လို့ ပြောလောက်စရာ နေရာ မရှိခဲ့ဖူးတဲ့အပြင် ဒီလို တောရိုင်းတိရစာ္ဆန်တွေ ကို မြန်မာလူမျိုးတွေဟာ မက်မက်မောမော စားသုံးမှု မရှိတာရယ်ကြောင့် ဒီဈေးကွက်ဟာ ဖြစ်ထွန်းမယ်ဆိုရင်တောင် နယ်စပ်မှာပဲ ဆက်ဖြစ်မယ်လို့ သူက ဆိုပါတယ်။

ဒေါက်တာ မြင့်ဇော်ကတော့ တရုတ်ပြည်ရဲ့ ဒီလို ပိတ်ပင်မှုဟာ သတင်းကောင်းလို့ ယူဆပြီး၊ တရုတ်ဝယ်လိုအားကြောင့် မြန်မာ့ရေမြေတောတောင်ရှိ တောရိုင်းတိရစ္ဆာန် မှန်သမျှ မျိုးပြုန်းခဲ့ကြောင်း၊ ယခုလိုပိတ်လိုက်သည့်မှာ မြန်မာအတွက် သတင်းကောင်းလို့ မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးကလည်း “အဓိက သုံးစွဲတဲ့ နိုင်ငံက ပိတ်လိုက်ရင် အများကြီး အကျိုးသက်ရောက် သွားပါတယ်။ ဝယ်လက် မရှိတော့ဘူးဆိုရင် တောရိုင်းတိရစာ္ဆန်တွေကို သတ်ဖြတ်ပြီးတော့ ရောင်းချနေတာမျိုးလည်း နည်းသွားမှာပေါ့” လို့ ဆိုပါတယ်။

ဘာပဲပြောပြော ကိုဗစ်ဟာ တောရိုင်း တိရစာ္ဆန်တွေဆီကနေ စတင်တယ်ဆိုတာ သိရပြီးနောက် တောရိုင်းတိရစာ္ဆန် စားသုံး မှု၊ ရောင်းဝယ်မှု ဈေးကွက်တွေကို လူတွေက လက်မခံချင်တော့ဘူး ဆိုတာတော့ သေချာပါတယ်။

ကမာ္ဘလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF- မြန်မာ) က မြန်မာနိုင်ငံသား ၁,၀၀၀ ကို စစ်တမ်း ကောက် ယူခဲ့ရာမှာ ၉၆ ရာခိုင်နှုန်းက တရားမဝင်နှင့် ကြီးကြပ် အရေးယူမှုကနေ လွတ်ကင်းနေတဲ့ တောရိုင်း တိရစာ္ဆန်ဈေးကွက်ကို ပိတ်သိမ်းဖို့ သဘောတူခဲ့ပါတယ်။

WWF မြန်မာ ဌာနေ ညွှန်ကြားရေးမှူး နစ်ခ်ကော့စ်က ‘‘တောရိုင်း တိရစာ္ဆန် ရောင်းချမှုတွေ၊ တောရိုင်းတိရစာ္ဆန်နဲ့ အစိတ် အပိုင်းတွေကို စားသုံးဖို့၊ ဆေးဝါး ဖော်စပ်ဖို့နဲ့ အိမ်မွေးတိရစာ္ဆန် အဖြစ် မွေးစားဖို့အတွက် ဝယ်ယူနေမှုတွေ အားလုံးကို လူသားအားလုံးရဲ့ အကျိုးရှေးရှုပြီး ရပ်တန့်ပစ်ရမယ့် အချိန်ရောက်နေပါပြီ” လို့ တိုက်တွန်းပါတယ်။

လာမယ့် နှစ်နှစ်အတွင်းမှာ တရားမဝင် တောရိုင်းတိရစာ္ဆန် ထုတ်ကုန်များ ပေါ်ပေါ်ထင်ထင် ရောင်းချနေမှု အဆုံးသတ်ဖို့နဲ့ ရွှေတြိဂံဈေးကွက် ပိတ်သိမ်းဖို့ပါ အစိုးရနှင့်အတူ တွဲဖက် လုပ်ဆောင်နေတယ်လို့ WWF ကတော့ ကြေညာထားပါတယ်။

လက်တလောမှာတော့ ရန်ကုန်မှာ ဆင်စွယ်နဲ့ တခြား တောရိုင်းတိရစာ္ဆန် ထုတ်ကုန်တွေ ရောင်းဝယ်နေမှုကို အဆုံးသတ်ဖို့ သဘောတူထားပြီး နိုင်ငံအနှံ့မှာလည်း တောရိုင်းတိရစာ္ဆန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ခွဲခြားသတ်မှတ် ဖမ်းဆီးပြီး ကိုင် တွယ် ထိန်းချုပ်ဖို့အတွက် တရားဥပဒေ စိုးမိုးစေဖို့ အစိုးရနဲ့ တွဲဖက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စီမံချက် ရေးဆွဲ အတည်ပြုပြီးပါက နိုင်ငံအဆင့် တောရိုင်းတိရစာ္ဆန်နဲ့ သစ်ပင် ပန်းမန်များ တရားမဝင်ရောင်းဝယ်မှုအား ဥပဒေအရ ထိရောက်စွာ တားဆီးရေး လုပ်ငန်းအဖွဲ့ (National Wildlife Law Enforcement Taskforce – NWLETF) ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းပြီး တောရိုင်းတိရစာ္ဆန်နဲ့ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ခြင်းကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

WCS Myanmar ကတော့ တရားမဝင် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းကို တိုက်ဖျက်ဖို့ ရေရှည်စီမံကိန်းတွေ လိုသလို မူဝါဒနဲ့ ဥပဒေမူဘောင်တွေ အားကောင်းမောင်းသန် ဖြစ်လာဖို့နဲ့ အစိုးရ ဘဏ္ဍာငွေတွေ ခွဲဝေချထားပေဖို့၊ ခေတ်မှီတဲ့ နည်း ပညာနဲ့ လက်နက် ကိရိယာတွေသုံးဖို့၊ ဥပဒေစိုးမိုးရေး ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ အကြံပြုထားပါတယ်။

ဒါပေမယ့်လည်း နာမည်ကျော် မိုင်းလားနဲ့ ရွှေတြိဂံ နယ်စပ်လိုနေရာကို တိုက်ရိုက် ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ဆိုတာတော့ အခက်အခဲ ရှိနေနိုင်ပြီး၊ မိုင်းလား လမ်းမတွေပေါ်မှာ တောရိုင်းတိရစာ္ဆန် အစိတ်အပိုင်းဖြစ်ဖြစ်၊ အရှင်ဖြစ်ဖြစ် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဆိုင်တွေမှာ ပေါ်ပေါ်ထင်ထင်ကို ရောင်းချနေတာပါ။

ဒါပေမယ့် မိုင်းလားမှာလည်း တောရိုင်း တိရစာ္ဆန်ဈေးကွက်နဲ့ ပတ်သက်ရင် အပြောင်းအလဲတွေ ရှိနေပါတယ်။ တောရိုင်း တိရစာ္ဆန် အရှင်၊ အသေ၊ အစိတ်အပိုင်းအကုန် အစုံရနိုင်တဲ့ မိုင်းလားရဲ့ နာမည်ကျော် နံနက်ခင်းဈေးဟာ ၂၀၁၉ လောက် ကတည်း ကစပြီး မရှိတော့ပါဘူး။

“မိုင်းလား အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း ဒါတွေကို မကောင်းတော့ဘူးလို့ သိလာပြီး ထိန်းချုပ်လာတဲ့ အပိုင်းတွေ ရှိတယ်” ဟု ဒေါက်တာ စံပယ်မင်းက ပြောပါတယ်။ သူဟာ မိုင်းလားမြို့ရဲ့ အခြေအနေကို နှစ်စဉ်သွားရောက် စောင့်ကြည့် လေ့လာနေသူ တဦးလည်း ဖြစ်ပြီး၂၀၁၉ ခုနှစ် အထိ သူမိုင်းလားကို နှစ်စဉ် နီးပါးရောက်တယ်လို့ ဆိုပါတယ်။

“ဒါပေမယ့် မိုင်းလားမြို့ထဲက ဆိုင်တွေ၊ ဆိုင်တွေမှာတော့ ၂၀၁၈ တုန်းကရော၊ ၂၀၁၉ သွားတုန်းကရော ဆင်အရေခွံ လှမ်း ထားတာမျိုးတွေ တွေ့တယ်။ ဆိုလိုတာက ထိန်းတော့ ထိန်းချုပ်တယ်။ ဒါပေမယ့် တနေရာက ထိန်းချုပ်ရင် တနေရာတော့ ထွက်လာတာမျိုးတွေ ရှိတယ်လေ။ မိုင်းလားဈေးထဲမှာ ထိန်းချုပ်လိုက်ပေမယ့် မိုင်းလားမြို့ထဲမှာ ရှိနေတာပေါ့” လို့ ဒေါက် တာ စံပယ်မင်းက ပြောပါတယ်။

သစ်တောဦးစီးဌာနကတော့ သူတို့အနေနဲ့ မိုင်းလားအခြေအနေကို တိုက်ရိုက် ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် တောရိုင်းတိရစာ္ဆန် အစိတ်အပိုင်းတွေ မိုင်းလားကို ရောက်မသွားအောင် ကြိုးစားပြီး ထိန်းချုပ်ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

WCS ကတော့ မိုင်းလားဒေသဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်အောက်မှာ ရှိတဲ့အတွက် အဓိက Stakeholders တွေ ဖြစ်တဲ့ မြန်မာနိုင်ငံ အစိုးရ၊ သက်ဆိုင်ရာ EAO နဲ့ တရုတ်နိုင်ငံ အစိုး ရတို့ ပူးပေါင်းကိုင်တွယ်မှ ဖြစ်မယ် လို့ ယူဆထားပါတယ်။ဒီအစီအစဉ်ကို တရားမဝင် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်ခြင်းတိုက်ဖျက်ရေး Long-term plan ရဲ့ အစိတ်အပိုင်း တခု အနေနဲ့ ရေးဆွဲထားသင့်တယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစာ္ဆန်တွေ တရားမဝင်ရောင်းဝယ် ဖောက်ကားမှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့သာမက ဂေဟစနစ် ကို ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေ ဖြစ်တဲ့ သစ်အလွန်အကျွံ ထုတ်တာတွေ၊ သတ္တုတွင်းတွေ တူးတာတွေစတဲ့ အပင်နဲ့ တိရစာ္ဆန်တို့ရဲ့ ဂေဟစနစ်ကို ထိခိုက်ဖျက်ဆီးတာမျိးတွေကို တတ်နိုင်သလောက် လျှော့ချဖို့က လိုနေပါပြီလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တောတောင်ရေမြေ ပေါကြွယ်ဝပြီး၊ တောရိုင်းတိရစာ္ဆန်တွေ အပါအဝင် သဘာဝ အရင်းအမြစ်တွေကို ဆုလာဘ် တခုလို အလျှံပယ်ပိုင်ဆိုင်ထားရက်နဲ့ မဆင်မခြင် မထိန်းသိမ်းခဲ့ရင် ကိုဗစ်လိုရောဂါမျိုး အချိန်မရွေးစတင်မှာကို စိုးရိမ်စရာလည်း ရှိပါတယ်။

WWF-မြန်မာရဲ့ သားငှက် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် မန်နေဂျာ ဂရေ့စ်ဟွာကတော့ “COVID က ကျမတို့ အားလုံးကို လှုပ်နှိုးလိုက်တာပါ ” လို့ ဆိုပါတယ်။

တကယ်တမ်းတော့ ရောဂါပိုး ပေါင်းစုံကို သယ်ဆောင်ထားပါတယ်ဆိုတဲ့ လင်းနို့တွေဟာ လူတွေနေထိုင်ရာ မြို့ပြဆီကို ရောက်လာပြီး လူသားတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ရောဂါပိုးတွေကို ဖြန့်ဖြူးနေတာ မဟုတ်ပါဘူး။

လူသားတွေကသာ သူတို့ရဲ့ အသိုက်အမြုံတွေဆီကို ရောက်ရှိပြီး သူတို့ရဲ့ အသိုက်အမြုံတွေကနေ ဆွဲထုတ်ပြီး ရောဂါပိုး တွေကို ရယူနေတာပါ။ ဒီရောဂါဆိုးတွေဟာ တိတိကျကျဆိုရင်တော့ လူတွေရှာတဲ့ ပြဿနာလို့သာ ဆိုရမှာပါ။

You may also like these stories:

အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း

ကမ္ဘာတဝှမ်းက COVID-19 နောက်ဆုံး အခြေအနေ

Did you find apk for android? You can find new Free Android Games and apps.
Loading