အပြန်အလှန်လက်စားချေသည့်အနေဖြင့် ကောင်စစ်ဝန်ရုံးများကို ပိတ်နေသောကြောင့် တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုများမြင့်မားလာမည်ကို စိုးရိမ်နေကြသော်လည်း လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရရန် တရုတ်နိုင်ငံက မျှော်လင့်နေကြောင်း သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြီး ဂျပန်သတင်းဌာန Kyodo က ရေးသည်။
ရီပတ်ဗလစ်ကန် သမ္မတသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို လိုလားပြီး အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို ထိခိုက်စေကာမူ ဒီမိုကရက်သမ္မတနှင့်ယှဉ်လျှင် အပေးအယူလုပ်ရန် ပိုမိုလွယ်ကူကြောင်း ကမ္ဘာတွင် သြဇာတိုးချဲ့ရန် စိတ်အားထက်သန်နေသော တရုတ်သမ္မတရှီကျင့်ဖျင်၏ ခေါင်းဆောင်ပိုင်းက ယုံကြည်နေသည်ဟု ထိုသတင်းက ဆိုသည်။
“ထရမ့်ပြန်လည်အရွေးခံရရင် ကမ္ဘာကြီး ပိုမိုသွေးကွဲပြီး အမေရိကန်ပြည်ထောင်စုအပေါ် နိုင်ငံတကာယုံကြည်မှု ထိခိုက်မယ်လို့ တရုတ်ကထင်နေတယ်” ဟု ထိုသတင်းရင်းမြစ်များအနက် တခုကပြောကြောင်း ဆိုသည်။ “အဲဒီလိုအခြေအနေက ကမ္ဘာ့ မျက်နှာစာမှာ တရုတ်နိုင်ငံရဲ့ ဗိုလ်ကျလွှမ်းမိုးမှု ပေါင်းစပ်ဖွဲ့စည်းလာအောင် လုပ်ဖို့ အခွင့်အလမ်းတွေပေးလိမ့်မယ်” ဟုလည်း ဆိုသည်။
“ရှီက ငွေအကြောင်းပြောလိုက်ရင် စီးပွားရေးသမားတယောက်ဖြစ်တဲ့ ထရမ့်ဟာ အလျှော့ပေးမှု အချို့လုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမယ့် လစ်ဘရယ်ဝါဒလိုလားတဲ့ ဒီမိုကရက်တွေကတော့ တရုတ်နိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြဿနာကို ပိုပြီး တင်းတင်းမာမာ ရှုမြင်နိုင်တယ်။ ဘေ့ဂျင်းကတော့ ထရမ့်ပြန်လည်ရွေးချယ်ခံရတာကို လိုချင်မှာ” ဟုလည်း သူပြောသည်။
သို့သော် အမေရိကန် နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်မှ ဟျူစတွန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် သူလျှိုလုပ်ငန်း ဉာဏပစ္စည်းခိုးယူမှု အချက်အခြာနေရာဖြစ်နေကြောင်း ဝါရှင်တန်က စွပ်စွဲပြီးနောက် တရုတ်နိုင်ငံသည် ထိုကောင်စစ်ဝန်ရုံးကို ဇူလိုင်လ ၂၁ ရက်က ပိတ်လိုက်ရသည်။
လက်စားခြေသည့်အနေဖြင့် ကွန်မြူနစ် တရုတ်အစိုးရသည် နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ရန်ပြောသောကြောင့် ဇူလိုင်လ ၂၄ ရက်တွင် ဝါရှင်တန်က ပိတ်ခဲ့ရသည်။
တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုကို အဆုံးသတ်ရန် အမေရိကန်နိုင်ငံ၏ အားထုတ်မှုများကို ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ကမ္ဘာတဝှမ်းမှ အခြားနိုင်ငံများနှင့် တရုတ်ပြည်သူများကို ဇူလိုင်လ ၂၃ ရက် တိုက်တွန်းခဲ့သောကြောင့် ဝါရှင်တန်က ၎င်း၏ ပြိုင်ဖက်အပေါ် ရန်လိုမှုကို မီးမောင်းထိုးပြနေသည်။
ဘေ့ဂျင်း၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများနှင့် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို ခြိမ်းခြောက်နေသောကြောင့် လွတ်လပ်မှုကို မြတ်နိုးသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံကို ပိုမိုတီထွင်ဆန်းသစ် ခိုင်မာသောနည်းလမ်းဖြင့်ပြောင်းလဲလာအောင် ဖျောင်းဖျရမည်ဟု ပွမ်ပီယိုက မိန့်ခွန်းတခုတွင် ပြောပြီး ရှီသည် “ချွတ်ခြုံကျနေသော အာဏာရှင် အတွေးအခေါ်ရှိသူ” ဖြစ်ကြောင်းပြောသည်။
“ထရမ့်အစိုးရက တရုတ်နိုင်ငံကို သဘောတရားရေးရာ ရန်သူလို့ သတ်မှတ်ပြီး ရန်လိုတဲ့ သဘောထား ချမှတ်ထားပြီး အမေရိကန်-တရုတ် ဆံဆက်ရေးကို နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေထဲ တွန်းပို့ချင်နေတယ်”ဟု ပီကင်းတက္ကသိုလ် မှ ပါမောက္ခ ကျားချင်ကိုက ပြောသည်။
“တရုတ်နိုင်ငံက ပဋိပက္ခကို ပိုမို မပြင်းထန်စေလိုပေမယ့် အမေရိကန်ရဲ့ လုပ်ရပ်တွေကို တုံပြန်ဖို့က လွဲပြီး အခြားရွေးစရာ နည်းလမ်းမရှိဘူး။ နှစ်နိုင်ငံဆက်ဆံရေးက နောက်ထပ်စစ်အေးတိုက်ပွဲတခုဆီ ဦးတည်နေတယ်” ဟုလည်း သူပြောသည်။
မကြာသေးမီက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် စီးပွားရေးလုပ်ငန်း လုပ်နည်းလုပ်ဟန်၊ ကုန်သွယ်ရေး၊ အဆင့်မြင့်နည်းပညာ၊ ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ် သာမက ကိုရိုနာဗိုင်းရပ်စ် စတင်ရာ အပါအဝင် စီးပွားရေးနှင့် လုံခြုံရေးပြဿနာအများအပြားတွင် ပဋိပက္ခဖြစ်ကြသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲသို့ ဦးတည်နေသောကာလအတွင်း ထရမ့်သည် ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် လူမည်းအခွင့်အရေးလှုပ်ရှားမှုကြောင့် ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှု မြင့်မားနေစေကာမူ လူထုထောက်ခံမှု ရရှိရေးအတွက် တရုတ်နိုင်ငံကို ပြတ်သားစွာ ဆက်ဆံနေသည်။
“တရုတ်နဲ့ အမေရိကန်အကြား လက်ရှိအခြေအနေဟာ ကျနော်တို့ မြင်တွေ့လိုတဲ့အခြေအနေမျိုးမဟုတ်ဘူး။ အမေရိကန်ပြည်ထောင်စုမှာပဲ လုံးဝတာဝန်ရှိပါတယ်” တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝန်ဝမ်ဘင်က သတင်းထောက်များကို ပြီးခဲ့သည့် တနင်္လာနေ့က ဘေ့ဂျင်းတွင် ပြောသည်။
ဝါရှင်တန်သည် မကြာမီ ဆန်ဖရန်စစ္စကို ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် အတင်းအကျပ်လုပ်နိုင်ကြောင်း သံတမန်တဦးပြောသည်။ ထိုကောင်စစ်ဝန်ရုံးတွင် ဗီဇာလိမ်လည်မှုဖြင့် စွပ်စွဲခံရသည့် တရုတ်သုတေသီတဦး ခိုလှုံနေကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။
ထိုသို့ဖြစ်လျှင် တရုတ်နိုင်ငံကလည်း နိုင်ငံ၏အကြီးမားဆုံး စီးပွားရေးမြို့ကြီးဖြစ်သော ရှန်ဟိုင်းရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်နိုင်ကာ အဓိကအင်အားကြီးနှစ်နိုင်ငံအကြား စစ်ဖြစ်ရန် လက်တကမ်းအလိုဖြစ်သွားနိုင်သည့် ပူပန်မှုများကို ဖြစ်စေကြောင်းလည်း သူပြောသည်။
တရုတ်နှင့် အမေရိကန်အကြား စစ်ဖြစ်မည်လားဟု လူအများအပြားကမေးနေကြောင်း ကွန်မြူနစ်ပါတီအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာမှ ဟူရှိကျင်က တွစ်တာတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည်။
တရုတ်နိုင်ငံသည် စစ်တခုကို စတင်မည်ကို မည်သူမျှ မယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံသည် ခံစစ်အနေအထားတွင် ရှိသည်ကို သူတို့သိကြသည်။ သို့သော် ထရမ့်အစိုးရသည် မည်မျှရူးသွပ်သည်နှင့် အမေရိကန်က ၎င်းတိုု့ကို ထိန်းချုပ်နိုင်မည် မချုပ်နိုင်မည်ကို မည်သူမျှမသိဟု ဟူက ဆက်လက်ရေးသားသည်။
တချိန်တည်းတွင် တောင်တရုတ်ပင်လယ် ဗီယက်နမ်နှင့် အငြင်းပွားနေသော စပရတ်တလီကျွန်းများအနီး တရုတ်ရေတပ်က ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတခုကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့ထိ ပြုလုပ်နေပြီး မည်သည့်ရေယာဉ်မျှ ဝင်မလာရန် သတိပေးထားသည်။
ယင်းသည် မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်စစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှုတခု လုပ်ခဲ့ခြင်းကို တုံ့ပြန်မှုဖြစ်သည်။
ထိုသို့ နှစ်ဘက်တင်းမာနေသော်ငြား ထရမ့်ပြန်လည်ရွေးကောက်ခံရပါက တရုတ်နိုင်ငံသည် ပျော်ရွှင်မည်ဖြစ်ကြောင်း ဘေ့ဂျင်းမှ အခြားသံတမန်ရင်းမြစ်တခုက ပြောသည်။
၂၀၁၇ ခုနှစ်တွင် အာဏာရလာပြီးနောက် “အမေရိကန် ပထမ” အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို ကျင့်သုံးသော ထရမ့်သည် အမေရိကန်နိုင်ငံကို နိုင်ငံတကာသဘောတူစာချုပ်များနှင့် အဖွဲ့အစည်းများမှ ဆက်တိုက် နုတ်ထွက်စေပြီး ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို အင်အားချိနဲ့စေသည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် ရှီသည် ခေတ်သစ်ပိုးလမ်းမ စီးပွားရေးဇုန်ဖြစ်သည် အာရှ၊ ဥရောပနှင့် အာဖရိကတလွှားတွင် ရပ်ဝန်းနှင့်လမ်းအစီအစဉ် အခြေခံအဆောက်အအုံစီမံကိန်းများကို တွန်းအားပေးပြီး တရုတ်နိုင်ငံသည် ကမ္ဘာတွင် ပိုမိုဗိုလ်ကျနိုင်မည်ဖြစ်ကြောင်း ထိုသံတမန်ရင်းမြစ်ကပြောသည်။
တချိန်တည်းတွင် ထရမ့်သည် လူဦးရေ ၁.၄ ဘီလျှံရှိသည့် တရုတ်ဈေးကွက်သို့ အမေရိကန် လုပ်ငန်းများ ဝင်ရောက်ခြင်းကို တားဆီးသည့် မမျှတသည့် စီးပွားရေးအလေ့အထများကို ပြုပြင်ရန် ဘေ့ဂျင်းနှင့် ကုန်သွယ်ရေးညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် စိတ်အားထက်သန်နေသည်။
ဖေဖေါ်ဝါရီလက စတင်သက်ဝင်သည့် ပထမအဆင့် သဘောတူညီချက်၏ တိုးတက်မှုကို စစ်ဆေးရန် ဘေ့ဂျင်းနှင့် ဝါရှင်တန်တို့ သြဂုတ်လတွင် ကုန်သွယ်ရေးဆွေးနွေးပွဲကျင်းပမည်ဟု South China Morning Post သတင်းစာက ဖေါ်ပြသည်။
ထရမ့်နှင့် အပေးအယူ ဖြစ်နိုင်သည်ဟု ယူဆသောကြောင့် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နယ်ပယ်အများအပြားတွင် သဘောတူညီမှု ရနိုင်သည်ဟု ဘေ့ဂျင်းက မျှော်လင့်နေသည်။ သို့သော် ဒီမိုကရက်တို့သည် တရုတ်နိုင်ငံအတွက် စိတ်ပျက်စရာ စေ့စပ်ညှိနှိုင်းသူများဖြစ်လာမည်ကို တရုတ်နိုင်ငံက သိနေသည်။
တရုတ်နိုင်ငံသည် အမေရိကန် သမ္မတရွေးကောက်ပွဲကို အသက်မရှူဘဲစောင့်ကြည်နေမည်ဟု သတင်းက ရေးသည်။
နောက်ဆုံးကောက်ယူရရှိသော သဘောထားစစ်တမ်းများအရ ရွေးကောက်ပွဲမတိုင်မီ ၃ လ အလိုတွင် ထရမ့်သည် လက်တွေ့ကျသည့် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်နောက်တွင် ရောက်နေသည်။
ကိုးကား ။ ။ Kyodo
You may also like these stories:
မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
တရုတ်-အမေရိကန် စကားစစ်ပွဲက နေပြည်တော်၏ သစ္စာခံမှုကို စမ်းသပ်နေ
အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း