တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အခွင့်အရေး ရှာဖွေရေး ဝါဒက ၎င်း၏ အိမ်နီးချင်း နိုင်ငံငယ်များ သွေးကွဲ စေရုံသာမက စိတ်တူသဘောတူ အင်ဒိုပစိဖိတ် အင်အားကြီးနိုင်ငံများ၏ တရုတ်ဆန့်ကျင်ရေး လေးပွင့်ဆိုင် မဟာမိတ်ဖွဲ့စည်းမှုကိုလည်း ပိုမို လျှင်မြန်စွာ အားဖြည့်ပေးနေသည်။
ပြီးခဲ့သည့်လတွင် အမေရိကန်က ဒီမိုကရက်တစ်မဟာမိတ်များ၊ မိတ်ဖက်များဖြစ် ကြသော သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယ တို့နှင့်အတူ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ တပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။ အဆိုပါ ၄ နိုင်ငံသည် အမြဲတမ်း မဟုတ်သည့် “၄ နိုင်ငံ အပြန်အလှန်” ကာကွယ်ရေး အစီအစဉ်ကို ဖွဲ့စည်းခဲ့ကြသည်။ အာဏာရှင် တရုတ်နိုင်ငံ ပတ်ဝန်းကျင်တွင် “အာရှ၏ ဒီမိုကရေစီ စက်ဝန်းပိုင်း” တခုကို ထူထောင်ရန် ရည်ရွယ်သည့် သဘောတရား ဖြစ်သည်။
ပြီးခဲ့သည့် စစ်ရေးလေ့ကျင့်မှုများသည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အမေရိကန်၏ အဓိက မူဝါဒ ထုတ်ပြန်ချက်နှင့် တိုက်ရိုက် ပတ်သက်နေသော နောက်ဆက်တွဲဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အငြင်းပွားနေသော ရေကြောင်းဧရိယာတွင် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော တောင်းဆိုမှုများသည် “တရားမဝင်” ဟု ကြေညာခဲ့ပြီး ထိုနေရာများအတွက် တောင်းဆိုနေသည့် အရှေ့တောင် အာရှနိုင်ငံများကို အတိအလင်းပင် ကျောထောက်နောက်ခံပေးခဲ့သည်။
ယခုအခါ အမေရိကန်က အိန္ဒိယကို လေးပွင့်ဆိုင်၏ ခိုင်မာသော ထောက်တိုင် တခု အဖြစ် တက်ကြွစွာ ဆွဲဆောင်နေသည်။ ပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံကို အမေရိကန်က လက်ခံကျင်းပသော G7 ထိပ်သီးအစည်းအဝေးတခုသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။ အစဉ်အလာအရဆိုလျှင် အနောက်တိုင်းနှင့် ဂျပန် ခေါင်းဆောင်များ စုရုံးကြသည့် အစည်းအဝေးဖြစ်သည်။ တရုတ်ကို တန်ပြန်သည့် လှုပ်ရှားမှု တခုအနေဖြင့် ရုရှား၊ တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံများ အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံ အထိ တိုးချဲ့ထားသော ထိပ်သီးအစည်းအဝေးတခုကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့သည်။
နွေးထွေးလာသော အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံမှုများက ဟိမဝန္တာ ဒေသတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်များနှင့် တိုက်ဆိုင်နေသည်။ ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ထိတွေ့မှုတခုတွင် အိန္ဒိယတပ်သား ၂၀ ခန့် သေဆုံးခဲ့ရသည်။ သူတို့ (အမေရိကန်နှင့် အိန္ဒိယ) သည် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုလုံးတွင် စာချုပ်မဟာမိတ်များဖြစ်သော ဂျပန်၊ သြစတြေးလျတို့နှင့် ပထဝီ အနေအထား အရ ကျယ်ပြန့်သော ပူးတွဲရေတပ်လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်ခြင်းများ တိုးလာခြင်းနှင့်အတူ လက်တွဲထားကြသည့် အနေအထားသို့ ရောက်ရှိလာသည်။
ဆယ်စုနှစ် တခုကျော်အတွင်း ပထမဦးဆုံး အနေဖြင့် သြစတြေးလျနိုင်ငံက အိန္ဒိယ၏ နှစ်စဉ် ပြုလုပ်နေကျဖြစ်သော Malabar ရေတပ်လေ့ကျင့်မှုသို့ အမေရိကန်နှင့် ဂျပန် တို့နှင့်အတူ ပြန်လည်ပါဝင်ရန် ဖြစ်လာခြင်းက တရုတ်နိုင်ငံ၏ ဘက်ပြိုင်မှုများကြားတွင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်း၏ နောက်ဆုံးနိမိတ်လက္ခဏာ ဖြစ်သည်။
အင်ဒိုပစိဖိတ်ဒေသတွင် “ဒီမိုကရေစီ လုံခြုံရေး စိန်ပွင့်” တခုကို တောင်းဆိုခဲ့သည့် ဂျပန် ဝန်ကြီးချုပ် Shinzo Abe သည် စိတ်တူသဘောတူ အင်အားကြီးနိုင်ငံများ၏ မဟာမိတ် အဖွဲ့သစ်တခု၏ အဓိက ဗိသုကာများထဲမှ တယောက်ဖြစ်သည်။ ၂၀၀၀ ခုနှစ်များ အလယ်ပိုင်းမှစ၍ Shinzo Abe က အိန္ဒိယနှင့် အမေရိကန်- ဂျပန်-သြစတြေးလျ ၃ နိုင်ငံ မဟာမိတ်အကြား ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အတွက် တက်ကြွစွာ တွန်းအားပေးနေခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ပြောဆိုဆွေးနွေးမှုတခုအဖြစ် ပထမဆုံးအကြိမ် အဆိုပြုခဲ့သည့် ၄ ပွင့်ဆိုင်သည် အခက်အခဲများနှင့် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ တရုတ်နိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးနှင့် အရေးကြီးသော ကုန်သွယ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိသော အိန္ဒိယ၊ သြစတြေးလျတို့က တရုတ်ဆန့်ကျင်ရေးမှန်းသိသာ သည့် မဟာမိတ်အဖွဲ့ တခုတွင် ပါဝင်ရန် ယခုအချိန်အထိ တွန့်ဆုတ်နေခဲ့ကြသည်။
အလားတူပင် အမေရိကန်အစိုးရများကလည်း အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ်စတန်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက်ခဲ့ကြပြီး Barack Obama အစိုးရက အာရှမှ မဟာဗျူဟာမြောက် အရင်းအမြစ်များ၏ အဓိကကျမှုကို ပြောဆိုခဲ့ကြသည့်တိုင် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်သည့် မဟာဗျူဟာကို အဓိကထား ဆောင်ရွက်နေဆဲ ဖြစ်သည်။
သို့သော် အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့တွင် ပိုမို၍ ရှေးရိုးစွဲဆန်သည့် ခေါင်းဆောင်များ တက်လာခြင်းက မကြာသေးမီလများအတွင်း တရုတ်နှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ပိုမိုနက်ရှိုင်းလာခြင်းနှင့် အတူ ၄ နိုင်ငံကို ပို၍ မဟာဗျူဟာမြောက် အလားအလာရှိသော ဘဝသစ်ကို ရောက်ရှိစေခဲ့သည်။
ပို၍ သတိကြီးစွာထားခဲ့သော ယခင်အစိုးရများနှင့် မတူဘဲ Donald Trump အစိုးရက ၄ ပွင့်ဆိုင် မဟာမိတ်အဖွဲ့အား တရုတ်ကို ဆန့်ကျင်သော မြေကတုတ်အဖြစ် အပြည့်အဝ လက်ခံခဲ့သည်။ မကြာသေးမီက အမေရိကန်က ဒီမိုကရေစီနှင့် အာဏာရှင်များကြား ခြားနားပေးမည့် စစ်အေး ခေတ်သစ်တခုနှင့် ပတ်သက်သော အယူအဆကို ပြောဆိုခဲ့သည်။
ဒီမိုကရေစီ ဆိုသည်မှာ ၄ ပွင့်ဆိုင် မဟာမိတ် အဖွဲ့အား ဆိုလိုခြင်း ဖြစ်ပြီး အာဏာရှင်ဆိုသည်မှာ တရုတ်နိုင်ငံကို ရည်ရွယ်ခြင်း ဖြစ်သည်။
ဇူလိုင် ၂၄ ရက်နေ့က အမေရိကန်-အိန္ဒိယစီးပွားရေးကောင်စီ၏ India Ideas ထိပ်သီးအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က လေးပွင့်ဆိုင် မဟာမိတ် အဖွဲ့ ပြန်လည်ရှင်သန်လာကြောင်းနှင့် တိုးတက်ပွင့်လန်း လာသော အိန္ဒိယနိုင်ငံနှင့် မိတ်ဖက်ပြုမှုတွင် သူ၏ နိုင်ငံက “ရည်မှန်းချက်ကြီးမားသော ခေတ်သစ်တခု” ကို လိုလားကြောင်း ကြေညာခဲ့သည်။
“ကျနော်တို့က နိုင်ငံ ဆက်ဆံရေး အခြေခံပေါ်မှာပဲ အပြန်အလှန်ဆက်ဆံတာ မဟုတ်ပါဘူး။ ကျနော်တို့တွေဟာ ကြီးကျယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ၊ ကမာ္ဘ့ အင်အားကြီးနိုင်ငံတွေ၊ တကယ်ကို ကောင်းမွန်တဲ့ မိတ်ဆွေတွေ ဆိုတာကို ကျနော်တို့ တဦးနဲ့ တဦး အပြန်အလှန် မြင်တွေ့နေရပါတယ်။ အိန္ဒိယနိုင်ငံဟာ ယုံကြည် စိတ်ချ ရတဲ့၊ တိုက်ကြီးများဆိုင်ရာ ပြဿနာတွေ အတွက် အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ကျနော် ပုံမှန်တောင်းဆိုရတဲ့ ခေါင်းဆောင်တွေနဲ့ စိတ်တူသဘောတူရှိတဲ့ နိုင်ငံ အနည်းငယ် အနက်တခု အပါအဝင် ဖြစ်ပါတယ်” ဟု Mike Pompeo က အွန်လိုင်း မှ တဆင့် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ ဆက်ဆံရေးက ပိုမိုပြီးတော့ အားကောင်းလာပြီလို့ ကျနော် ယုံကြည်ပါတယ်။ အရင်ကထက်ပိုပြီး ခံနိုင်ရည်ရှိစွာ၊ ဆန်းသစ်စွာနဲ့ အခု လက်ရှိ စိန်ခေါ်မှုကနေ ပေါ်ထွက်လာကြပါစို့။ ကမာ္ဘ့အကြီးဆုံး ဒီမိုကရေစီ ၂ ခုကြားက ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေဖို့ အခိုက်အတန့်ကို အမိအရ ယူကြပါစို့” ဟု သူက ထပ်ပြောသည်။
ဟိမဝန္တာတွင် လူ အသေအပျောက်ရှိသော ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တိုးပွားလာမှုကို အမိအရ အခွင့်ကောင်းယူ၍ Mike Pompeo က တရုတ်နိုင်ငံကို ဆန့်ကျင်သော၊ စီးပွားရေးအရ သီးခြား ဖြစ်သော မဟာမိတ်အဖွဲ့တခု ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။
“ကျနော်တို့လို ဒီမိုကရေစီနိုင်ငံများ အတူတကွ လုပ်ဆောင်ရန် အရေးကြီးပါတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီက စိန်ခေါ်မှု အတိုင်းအတာကို အရင်ကထက် ကျနော်တို့ ပိုမိုရှင်းလင်းစွာ မြင်တွေ့ရတဲ့ အချိန်မှာ ဖြစ်ပါတယ်” ဟု Mike Pompeo က ပြောသည်။ မကြာသေးမီက နယ်စပ်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့် အချိန်တွင် တရုတ်အက်ပလီကေးရှင်း ၅၉ ခုကို တားမြစ် ပိတ်ပင်ခဲ့ခြင်းအတွက်လည်း အိန္ဒိယ နိုင်ငံကို ချီးကျူးခဲ့သည်။
“ကျနော်တို့ အမှားလုပ်မိခဲ့ရင် ကျနော်တို့ရဲ့ အခြေခံ အဆောက်အဦး စီမံကိန်းတွေ၊ ကျနော်တို့ရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ၊ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုတွေ အားလုံးမှာ အန္တရာယ်ရှိပါတယ်” ဟု သူက တရုတ်အပေါ် စီးပွားရေးနှင့် နည်းပညာအရ မှီခိုလျှော့ချရန် မဟာမိတ်များအပေါ် Donald Trump အစိုးရ၏ တိုက်တွန်း အားပေးမှုနှင့်အညီ သူက ဆက်ပြောသည်။
နောက်တရက်ကြာသည့်အခါ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အဓိက မိန့်ခွန်း တခုတွင် Mike Pompeo က ရာစုနှစ် တဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော တရုတ်နှင့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု အဆုံးသတ်ကြောင်း ကြေငြာခဲ့သည်။
တရုတ်ကို ဆန့်ကျင်သည့် သူ၏ အပြင်းထန်ဆုံး ပြောဆိုမှုများတွင် Mike Pompeo က တရုတ်ကွန်မြူနစ်အစိုးရ၏ တရားဝင် ဖြစ်မှုကို မေးခွန်းထုတ်ခဲ့သည်။ “အမြဲတမ်းနီးပါး အလိမ်အညာတွေပဲ။ သူတို့ပြောတဲ့ အကြီးမားဆုံး လိမ်လည်မှုက သူတို့ဟာ စောင့်ကြည့်ခံနေရတဲ့၊ ဖိနှိပ်ခံနေရတဲ့၊ ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့နေကြရတဲ့ ၁.၄ ဘီလီယံလောက် ရှိတဲ့ ပြည်သူတွေအတွက် ပြောနေတယ်လို့ စဉ်းစားဖို့ ဆိုတာပဲ” ဟု သူက ဆိုသည်။
ပေါ်ထွက်လာသော မဟာမိတ် ဖွဲ့စည်းမှုသည် အမေရိကန် ရေတပ်ကို ပူးပေါင်းဆောင်ရွက်ရေး၏ အချက်အချာအဖြစ် ထားရှိခြင်းနှင့် အတူ ၄ နိုင်ငံ မဟာမိတ်သည် ၎င်း၏ မြင့်တက်လာနေသော ကမာ္ဘနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ရည်မှန်းချက်များ ပတ်ဝိုင်းရန်နှင့် ထိန်းချုပ်ရန် တည်ဆောက်ထားခြင်းဟု တရုတ် အစိုးရက ယုံကြည်သည်။
တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း ဆိုင်ရာ အင်အားတခု ဖြစ်လာရန် ကြိုးပမ်းနေသည့် သမုဒ္ဒရာ ၂ ခုတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းများကို အမေရိကန်၏ အင်ဒိုပစိဖိတ်ဒေသ စစ်ဌာနချုပ်က ကြီးကြပ် ခဲ့သည့်အခါ တရုတ်အစိုးရ၏ သံသယများက ပိုမိုခိုင်မာလာခဲ့သည်။
ပြီးခဲ့သည့်လအတွင်း တောင်တရုတ်ပင်လယ်၌ ၂ ကြိမ် တာဝန်ကျခဲ့သည့် လေယာဉ်တင်သင်္ဘော USS Nimitz က USS Ronald Reagan နှင့် ပူးတွဲ၍ အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယရေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
Nimitz တိုက်ခိုက်ရေးအဖွဲ့၏ တပ်မှူး ဗိုလ်ချုပ် Jim Kirk က ပူးတွဲ စစ်ရေး လေ့ကျင့်မှုအပြီး ဇူလိုင် ၂၀ ရက် နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် “အတူတကွ လက်တွဲဆောင်ရွက်စဉ်အတွင်း အမေရိကန်နှင့်အိန္ဒိယ ရေတပ်များသည် လေကြောင်း ကာကွယ်ရေး အပါအဝင် လေ့ကျင့့်ရေးနှင့် အပြန်အလှန် တွဲဖက် ဆောင်ရွက်နိုင်စွမ်း မြင့်မားစေရန် ရည်ရွယ်ထားသော အဆင့်မြင့် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။
ထူးခြားသည်မှာ လေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ ပိုင်းခြားထားသည့် မလက္ကာ ရေလက်ကြား၏ မြောက်ဘက် အလှမ်းဝေးသော အိန္ဒိယနိုင်ငံပိုင် Andaman နှင့် Nicobar ကျွန်းများ ပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်စွမ်းအင် တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းမျှက ထိုကျဉ်းမြောင်းသော လမ်းကြောင်းမှ ဖြတ်သန်းသွားနေခြင်းဖြစ်သည်။
မဟာဗျူဟာလေ့လာသုံးသပ်သူများက ပဋိပက္ခတခု ဖြစ်လာခဲ့လျှင် အမေရိကန်က ရေလက်ကြားကို ပိတ်ဆို့ရန် လှုပ်ရှားမည့် အလားအလာရှိနိုင်ကြောင်း မှတ်ချက်ပေးခဲ့ကြသည်။ ၎င်းမှာ တရုတ်န်ိုင်ငံ၏ မလက္ကာ အကျဉ်းအကျပ်ဟု ရည်ညွှန်းလေ့ရှိကြသည့် ပြင်းထန်သော ဗျူဟာဆိုင်ရာ အမှန်တရားတခုလည်း ဖြစ်သည်။
တရုတ်အစိုးရက ၎င်း၏ ခေတ်သစ်ပိုးလမ်းမ (BRI) ကို ပါကစ္စတန်နှင့် မြန်မာမှ တဆင့် ကုန်းတွင်း အခြေပြု တင်ပို့မှုများ ပိုမို ပြုလုပ်နိုင်မည့်ဆိပ်ကမ်းများ၌ ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် စွမ်းအင်တင်သွင်းမှု လမ်းကြောင်းများ ပိုမိုစုံလင် များပြားစေရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ မလက္ကာအန္တရာယ် လုံလုံလောက်လောက် လျော့ပါးစေရန် မည်သည့် နိုင်ငံတွင်မှ အခြေခံအဆောက်အဦးများ အသင့် မရှိသေးပါ။
ပြီးခဲ့သည့်အပတ်ကလည်း USS Ronald Reagan တိုက်ခိုက်ရေး အဖွဲ့က အနောက်ပစိဖိတ်သမုဒ္ဒရာရှိ ဖိလစ်ပိုင်ပင်လယ်၌ ဂျပန်နှင့်သြစတြေးလျ ရေတပ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
၄ နိုင်ငံ အပြည့်အဝ ပူးတွဲလေ့ကျင့်မှုများက မဝေးတော့သော ကာလတွင် ရှိနေသည်။ တရုတ်နိုင်ငံကို စိတ်အနှောင့်အယှက် ပေးရန် နှစ်ပေါင်းများစွာ တွန့်ဆုတ်နေခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး အနေဖြင့် ယခုနှစ်အတွက် Malabar လေ့ကျင့်ရေးသို့ သြစတြေးလျကို ပြန်လည် ဖိတ်ခေါ်ခဲ့သည်။ ပူးတွဲလေ့ကျင့် မှုများကို ဘင်္ဂလား ပင်လယ်အော်တွင် ပြုလုပ်မည် ဖြစ်သည်။
ယခင်ကဆိုလျှင် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် သြစတြေးလျအစိုးရများကို ထိုလေ့ကျင့်ရေး၌ မပါဝင်ရန် တရုတ် အစိုးရက ဖျောင်းဖျတားမြစ်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် သြစတြေးလျက တရုတ် နိုင်ငံ၏ ကြီးထွားလာသော ရေတပ်စွမ်းရည်နှင့် အစဉ်အလာအရ ၎င်း၏ သြဇာလွှမ်းမိုးမှု အတွင်းတွင်ရှိသည့် ပစိဖိတ် အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် ဝင်ရောက်လာမှုကို ခြိမ်းခြောက်မှုဟု ယူဆသည့် အတွက် တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေး ဆိုင်ရာ တိုးမြှင့်မှု တခုကို ကြေညာခဲ့သည်။
သြစတြေးလျ နိုင်ငံက အမေရိကန် နောက်သို့လိုက်၍ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ် တောင်းဆိုမှုများသည် “တရားမဝင်” ဟု ကြေညာခဲ့သည်။
(Asia Times ပါ Richard Javad Heydarian ရေးသားသော Quad alliance forms ‘arc of democracy’ around China ကို ဘာသာပြန်သည်။)
You may also like these stories:
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ
မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
တရုတ်-အမေရိကန် စကားစစ်ပွဲက နေပြည်တော်၏ သစ္စာခံမှုကို စမ်းသပ်နေ