ပန်မလမ်းရွာရဲ့ တောင်ထိပ်၊ နေပူကျဲကျဲမှာ ဘုန်းတော်ကြီးတပါးနဲ့ အမျိုးသား ၅ ယောက်ဟာ နေပူဒဏ်ကို အာရုံ မစိုက် နိုင်ဘဲ အဆောက်အဦငယ် ၁ ခုကို အမြန်ဆုံး အပြီးသတ်နိုင်ရေး လျင်လျင်မြန်မြန် ဆောက်နေကြပါတယ်။
ခပ်လှမ်းလှမ်းမှာတော့ ညစ်ထေးနေတဲ့ အကျီတွေကို ဝတ်ဆင်ထားတဲ့ ကလေးငယ်တသိုက် ဆော့ ကစားရင်း ဆရာတော်တို့ အဖွဲ့ကို စိတ်ဝင်တစားကြည့်လိုက်၊ ဆက်ပြီး ဆော့လိုက်နဲ့ ပြေးလွှားနေကြပါတယ်။
ဆောက်လုပ်ရေးအဖွဲ့ကို ကြီးကြပ်နေတဲ့ ဆရာတော် ဦးတေဇောသာရက ကလေးတွေကို တချက်လှည့်ကြည့် လိုက်ပြီး “ဒီကလေးတွေ ကျောင်းတက်မယ်ဆိုရင် ဟိုးအဝေးကြီး တောင်တွေကို ဖြတ်ပြီး ၂ မိုင်လောက် လမ်းလျှောက်ရတယ် နမ့်ဖတ်ကို။ ဒီနှစ် အဲဒီလို မသွားရအောင် အခု စာသင်ကျောင်း ဆောက်နေကြတာ။ မူကြိုကလေး၊ ၁ တန်းကလေးတွေ တောင်၂ မိုင်ခရီးကို တောင်ပေါ် လမ်းလျှောက်ရတာ”လို့ မိန့်ပါတယ်။
ဆရာတော်က စကားပြောနေရင်းနဲ့ ကလေးတွေ ကျောင်းတက်ဖို့ သွားရတယ်ဆိုတဲ့ တောင်ကြောတွေဘက်ကို လက်ညိုး ထိုးရင်း ညွှန်ပြပါတယ်။ ချိုင့်ခွက်ပေါင်းများစွာနဲ့ မြေသားလမ်းအတိုင်း ရွာရိုးတလျှောက်ကို ဖြတ်၊ တောင်ကုန်းတွေကို ကျော်ပြီး ကျောင်းသွား တက်ရတယ်ဆိုတဲ့ နမ့်ဖတ်ရွာဟာ ပန်မလမ်းကနေ လှမ်းကြည့်ရင် မမြင်ရပါဘူး။
ဦးတေဇောသာရ ဦးစီးပြီး ဆောက်ပေးနေတဲ့ စာသင်ကျောင်းဟာ ဒီနှစ် ကျောင်းဖွင့်ချိန်မှာ တအန်းပညာရေး အင်စတီကျု့ (TEI) က ဆရာမတွေက အခမဲ့ စာလာသင်ပေးကြမှာဖြစ်တဲ့အတွက် ပန်မလမ်းက ကလေးတွေကတော့ ဒီနှစ်ကစပြီး ကိုယ့်ရွာမှာကိုယ် စာသင်ကြားခွင့် ရကြတော့မှာပါ။
တအန်းပညာရေး အင်စတီကျု့ (TEI) ဆိုတာကတော့ ရှမ်းပြည်နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေ မရှိတဲ့ နေရာ တွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ လိုက်ဖွင့် ပေးနေတဲ့ အဖွဲ့ ၁ ဖွဲ့ ဖြစ်ပါတယ်။
တောင်ပေါ်ဒေသ ဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်း အတွင်းက ကျေးရွာတွေမှာ အစိုးရ စာသင် ကျောင်းလည်း မရှိ၊ အခြေခံပညာ မူလတန်းကို တက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန် နေရတဲ့ တအန်းကလေးငယ်တွေ ထောင်နဲ့ချီ ရှိနေပြီး စာသင်ဖို့ ခက်ခဲနေတဲ့ တအန်းကလေးငယ် ၁ သောင်းကျော်လောက် ရှိနေတယ်လို့ TEI ရဲ့ စာရင်းအရ သိရ ပါတယ်။
၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း TEI က ရှမ်းပြည်နယ်တခွင်လုံးမှာ လိုက်ဖွင့်ခဲ့တဲ့ ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၃၀၀ ကျော်ရှိပြီး အဲဒီ ၃၀၀ ကျော်ထဲက ကျောင်း ၂၀၀ ကျော်ကတော့ အစိုးရကျောင်းတွေ ဖြစ်ကုန်ကြပါပြီ။
TEI ရဲ့ စာရင်းထဲမှာ မပါသလို TEI ရဲ့ ကိုယ်ထူကိုယ်ထကျောင်းမှာလည်း မတက်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ကိုရင်ဝတ်၊ သီလရှင်ဝတ်ရင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်နေကြရတဲ့ ရှမ်းအရှေ့၊ မြောက်နဲ့ တောင်ပိုင်းက တအန်းကလေး စုစုပေါင်း ဦးရေကလည်း ဧရာဝတီက လက်လှမ်းမှီသလောက် စုဆောင်းထားချက်အရ ဦးရေ ၅၀၀၀ နဲ့ အထက်မှာ ရှိနေပါတယ်။
အထက်ပါ အချက်အလက်တွေ၊ အနေအထားတွေကို ကြည့်ရရင် တအန်းကလေးတွေရဲ့ပညာရေး လက်လှမ်းမီမှု အခြေအနေက ပြည်မက ကလေးတွေရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင် အရမ်းကို ကွာဟလွန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။
TEI ရဲ့ ကျေးလက်ပညာရေးဌာန တာဝန်ခံ မိုင်းကောင်းမိုင်းက “တကယ့်တကယ် တောင်ပေါ်ဒေသမှာရှိတဲ့ လူတွေ ကလည်း မြန်မာနိုင်ငံထဲက မြန်မာနိုင်ငံသားတယောက်ပဲ။ မြို့တွေမှာ ရတဲ့ အခွင့်အရေးကို ဒီကလူတွေလည်း ရသင့်တယ်။ ကျနော့်အနေနဲ့ဆိုရင်တော့ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတယ်” လို့ ပြောပါတယ်။
မိုင်းကောင်းမိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ရာနဲ့ချီတဲ့ တအန်းရွာတွေကို TEI ရဲ့ တာဝန်ခံ ၁ ဦးအဖြစ် သွားလာပြီး ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်ပေးနေသူတဦး ဖြစ်ပါတယ်။
ပြည်မဒေသက မြို့တွေမှာ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသလို ရပ်ကွက်တိုင်းမှာလည်း မူလတန်း ကျောင်းတွေ သွားလာရ နီးတာကြောင့် အဆင်ပြေကြပေမယ့် တောင်ပေါ်ဒေသမှာ မူလတန်းကျောင်းတောင် မရှိလို့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးတွေဟာ တောင်ကုန်းတွေ ကျော်ပြီး ဝေးလံတဲ့ခရီးကို ခြေလျင်သွားကာ ကျောင်းတက် ရပါတယ်။
တောင်ပေါ်ဒေသဟာ အလှမ်းဝေးတဲ့နေရာ ဖြစ်တာကြောင့် စာသင်ကျောင်းတွေကို နေရာတိုင်း လက်လှမ်းမီအောင် ဖွင့် မပေးနိုင်တာဆိုတဲ့ ယူဆချက်ကို မိုင်းကောင်းမိုင်းက လက်မခံပါဘူး။
အစိုးရအာဏာပိုင်တွေအနေနဲ့ ငွေကြေးအကျိုးအမြတ်ရမယ့် လုပ်ငန်းတွေမှာဆိုရင်တော့ ဝေးလံ ခေါင်ဖျားပေမယ့်လည်း ရောက်အောင်လာပြီး စီးပွားရေးလုပ်ငန်းတွေလုပ်၊ လမ်းတွေ ဖောက်လုပ်ပေမယ့် ပညာရေး ကဏ္ဍမှာတော့ တောင်ပေါ် ဒေသတွေကို ကြည့်ရှုစောင့်ရှောက်မှု အားနည်းတယ်ဆိုပြီး သူက ထောက်ပြပါတယ်။
မိုင်းကောင်းမိုင်းက “ကျနော်တို့ တအန်းတွေရဲ့ ၁၀ ပုံမှာ ပညာတတ်တာက ၃ ပုံ မပြည့်ပါဘူး။ ကျနော်တို့က အတန်းပညာ ဆိုတာထက် သူများလို ပညာတတ်ကြီး ဖြစ်ချင်တာ။ ပညာတတ်မှ လူနေမှုဘဝက တန်းတူနေနိုင်မယ်။ ပညာမတတ်ရင် လာတဲ့လူတိုင်းကို ကြောက်နေရတယ်။ လူတောမတိုးဘူး။ ကျနော်တို့လည်း ပညာတတ်ဖို့ လိုအပ်တယ်“ လို့ ပြောပါတယ်။
သူတို့ လိုက်လံကျောင်းဖွင့်ပေးနေတဲ့ တအန်းရွာတွေအများစုဟာဆိုရင် စာမသင်ရလို့ ဗမာစကား မပြောတတ်တာ၊ စကားမတတ်လို့ ဆေးရုံဆေးခန်းသွားရင်တောင် အဆင်မပြေလို့ ကျေးရွာက လွဲရင် ပြင်ပကို မသွားလာရဲတာ၊ မိဘတွေ ပညာမတတ်လို့ သားသမီးတွေ ခေတ်မှာ ကျောင်းထားမယ်ဆိုတော့လည်း ကျောင်း က မရှိဆိုတဲ့ ဖြစ်ရပ်တွေနဲ့သာ လုံးလည်ချာလည် လိုက်နေကြတာပါ။
ဆေးရုံဆေးခန်း မပြောနဲ့ တောင်ယာထဲက ထွက်တဲ့ သီးနှံတွေကို ရောင်းဖို့ ဆိုရင်တောင် ဗမာစကား မတတ်၊ ရှမ်းစကားမတတ်ရင် ဈေးတွေထဲမှာ သွားရောင်းဖို့ ခက်ခဲကြပါတယ်။
ကျေးရွာထဲမှာပဲ ပိတ်မိနေပြီး အနီးအနားမှာလည်း လက်လှမ်းမီတဲ့ စာသင်ကျောင်း မရှိတာကြောင့် သားသမီး တွေကိုလည်း ကျောင်းမထားနိုင်ကြပါဘူး။
ကျောင်းစာတတ်ခြင်း၊ မတတ်ခြင်း၊ မြန်မာစာ၊ စကား တတ်ခြင်း၊ မတတ်ခြင်းက သူတို့ဘဝရဲ့ တိုးတက်ရေး၊ လူတော တိုးရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံးနဲ့ တိုက်ရိုက် အချိုးကျသလို ဖြစ်နေပါတယ်။
ကျောင်းကို ကြိုးစားတက်ပြီး အတန်းပညာ ပြီးဆုံး အောင်မြင်မှု မရှိခဲ့ရင်တောင်မှ မြန်မာစာ၊ ရေးတတ် ဖတ်တတ် ပြောတတ်ရင် တောင်ပေါ်ဒေသရဲ့ ပြင်ပကမာ္ဘကြီးနဲ့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းကို ရရှိမှာ ဖြစ်တာကြောင့် တအန်းမိဘတွေက သူတို့ကလေးတွေကို ကျောင်းထားဖို့ ကြိုးစားနေခဲ့ကြပါတယ်။
သူတို့ဒေသမှာ တောင်တွေ အဆင့်ဆင့်ကျော်၊ ခြေလျင်နဲ့ အနီးဆုံး မူလတန်းကျောင်းကို သွားမယ် ဆိုရင်တောင် အခက်အခဲက ရှိပြန်ပါသေးတယ်။
မူလတန်းကျောင်းကို လက်လှမ်းမီတဲ့ ကျေးရွာတွေဆိုရင်လည်း အလယ်တန်းနဲ့ အထက်တန်း ဆက်ပြီး တက်ရောက်ဖို့ နီးစပ်ရာ မြို့ပေါ်ကို သွားပြီး ကျောင်းဆက်တက်ရမှာ ဖြစ်ပါတယ်။
အလယ်တန်းနဲ့ အထက်တန်းကျောင်းတက်ဖို့ မြို့ပေါ်မှာ အိမ်ငှားမယ့် စရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်တွေကို မတတ် နိုင်ဘူး ဆိုရင်တော့ ၄ တန်းနဲ့ ကျောင်းထွက်ကြရပါတယ်။
ပန်မလမ်းရွာနဲ့ ၅ မိုင်ကျော် ဝေးတဲ့ မန်းပွဲကြီးကျေးရွာမှာဆိုရင်လည်း မူလတန်းကျောင်း တက်ရမယ့် ကျောင်းသား ဦးရေ ၇၀ ကျော် ရှိနေပါတယ်။
မန်းပွဲကြီးကျေးရွာ၊ ဥက္ကဋ္ဌ ဦးဆောင်ထွန်းက “၂၀၁၉ မှာ ကျောင်းလိုချင်လို့ စာသွားပြီး တင်တယ်။ မရဘူး။ ကျနော်တို့မှာ ကျောင်းမရှိလို့။ အဲဒါကို လက်မှတ်မထိုးပေးဘူး။ မလုပ်ပေးဘူး။ ကလေးငယ်တွေ ဒီမှာ သင်ချင်တယ်လို့ အဲဒါကို မရဘူး။ ကလေးတွေကို သနားပါ။ ကျနော်တို့က သနားတယ်။ ကျောင်းအရမ်းလိုချင်တယ်။ တောင်းတယ်။ မပေးဘူးဗျာ။ ဗမာစကားတတ်ရင် ဘယ်သွားသွား အဆင်ပြေတယ်။ ဒါက အရေးကြီးတယ်။ ကလေးတွေ ဗမာလို အင်္ဂလိပ်လို သိတာ ကျနော်တို့ ရချင်တယ်။ ကျနော်တို့လို မသိ နားမလည်တာမျိုး မဖြစ်စေချင်ဘူး”လို့ ပြောပါတယ်။
ကလေးတွေကို ကျောင်းတက်စေချင်တဲ့ ရည်ရွယ်ချက်က မြန်မာစာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင်လို့ အဓိက ရည်ရွယ်တာလို့ ဦးဆောင်ထွန်းက ပြောပြီး သူကိုယ်တိုင်လည်း ကျောင်းပညာသင်ဖို့ ခေးနင်းကျေးရွာမှာ ကျောင်းသွား တက်ခဲ့ရတာလို့ ပြောပြပါတယ်။
သူ့ဘဝ အတွေ့အကြုံအရ ကျောင်းတက်ဖို့ မြန်မာစာ ရေးတတ်၊ ဖတ်တတ်ဖို့ ငွေကြေး မရှိတာရော လမ်းခရီး ခက်တာ ရော အခက်အခဲ ပေါင်းစုံကို ဖြတ်သန်းခဲ့ရတာကြောင့် ရွာမှာ စာသင်ကျောင်း ရချင်တယ်လို့လည်း သူက ပြောပါတယ်။
တအန်းလူမျိုးတွေချည်း နေထိုင်တဲ့ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာမှာဆိုရင်လည်း အသက် ၄၀ နဲ့ အထက် လူဦးရေ ၁၀၀ ကျော် ရှိပါတယ်။ သူတို့ အားလုံး ထဲမှာ စစ်ကိုင်းက ပရဟိတကျောင်းမှာ ကျောင်းသွားတက်ပြီး အလယ်တန်း၊ အထက်တန်း အောင်ထားသူ ၃ ဦး၊ ၄ ဦးက လွဲရင် ၄ တန်းနဲ့ အထက် အောင်မြင်ထားသူ ၁ ဦးမှ မရှိပါဘူး။
လူကြီးပိုင်းဖြစ်တဲ့ ရွာသူရွာသား အားလုံး ၄ တန်းအထက် အတန်းပညာမြင့်တဲ့ သူမရှိတာက စာသင်ကျောင်းကို သွားဖို့ လက်လှမ်းမမှီကြလို့ ဖြစ်ပါတယ်။
ပန်ကူကျေးရွာက ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ဒေါ်အေးအိုက ပြည်မနဲ့ တောင်ပေါ်ဒေသတွေမှာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ကျန်းမာရေး စနစ်တွေကို တန်းတူရရှိအောင် အစိုးရက မစီမံပေးနိုင်တာကြောင့် သူတို့ကလေးတွေအတွက် ပညာသင်ဖို့ ခက်ခဲနေရတာလို့ ပြောပါတယ်။
တောင်ပေါ်ဒေသဖြစ်တဲ့ ပြည်နယ်တွေက သယံဇာတတွေကိုတော့ အစိုးရက တူးဖော်ပြီး စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေမယ့် တောင်ပေါ်ဒေသမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုတော့ လျစ်လျူရှုခံ ထားရတယ်လို့လည်း ဒေါ်အေးအိုက ဆိုပါတယ်။
တရုတ်နယ်စပ်ကနေ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ တလျှောက် ဖြတ်သွားတဲ့ ပြည်ထောင်စု လမ်းမကြီးဆိုရင် တရုတ်-မြန်မာ ၂ နိုင်ငံကြား နေ့စဉ် ဒေါ်လာ ၅သန်း ဝန်းကျင် ကုန်သွယ်မှုတွေ ပြုလုပ်နေတဲ့ လမ်းပါ။
ဗဟိုအစိုးရ ရရှိနေတဲ့ ကုန်သွယ်မှုပမာဏရဲ့ဝင်ငွေ ၉၀ ရာခ်ိုင်နှုန်းခန့်ကို ရှာဖွေ ပေးနေတဲ့ အရပ်ဒေသလည်း ဖြစ်ပါတယ်။
ဒေါ်လာသန်းနဲ့ချီ တန်တဲ့ ကုန်သွယ်မှု စီးဆင်းနေတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ အတွင်းပိုင်း တောင်ပေါ်ဒေသတွေ ကတော့ ဒေါ်အေးအိုတို့ နေထိုင်တဲ့ ရွာလိုမျိုး စာသင်ကျောင်းတောင် လက်လှမ်းမမှီတဲ့ တအန်းရွာတွေ အများအပြား ရှိပါတယ်။
ခေတ်စနစ်တွေ ဘယ်လိုပဲ ပြောင်းလဲ တိုးတက်လာခဲ့ပါစေ၊ ဒေါ်အေးအိုတို့ တောင်ပေါ်ရွာတွေကတော့ မပြောင်းလဲပါဘူး။
ဒေါ်အေးအိုဆိုရင် သူ့သားသမီး ၇ ဦးအနက် ၅ ဦးကို စစ်ကိုင်းက ပရဟိတကျောင်းကိုပို့ကာ သာသနာ့ဘောင်ထဲ ဝင်ခိုင်းပြီး ဘွဲ့ရတဲ့အထိ ကျောင်းတက်ဖို့ လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
သားသမီးတွေကို အဝေးပို့၊ သာသနာ့ဘောင်ထဲ ဝင်ခိုင်းတယ်ဆိုလို့ တအန်းမိဘတွေဟာ သားငယ်ငယ်၊ သမီးငယ်ငယ်နဲ့ ခွဲနိုင်တဲ့ အသဲမာသူတွေလို့ မြင်ကောင်း မြင်ကြပါလိမ့်မယ်။
လက်တွေ့မှာတော့ လူမမယ်အရွယ် သားသမီးတွေနဲ့ ခွဲရလို့ မိဘရော သားသမီးပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ရတာတွေရှိတဲ့ အပြင် သာသနာ့ဘောင်ထဲ သွတ်သွင်းဖို့ လာပို့တဲ့ အချိန်မှာ မျက်ရည်စက်လက်နဲ့ ပြန်သွားရတဲ့ အဖြစ်များစွာ ရှိနေပါတယ်။
ဒေါ်အေးအိုဟာ သူ့သမီးအကြီးဆုံးကို သီလရှင်ကျောင်း ပို့ရတုန်းက စိတ်ထိခိုက်ပြီး မစားနိုင်၊ မသောက်နိုင်နဲ့ အစာအိမ် ရောဂါဖြစ်ပြီး ဆေးရုံတတ်ရတဲ့ အထိ ဖြစ်သွားခဲ့ရတယ်လို့ ပြောပြပါတယ်။
“သမီးတွေကတော့ သူတို့ကို ခွဲနိုင်တယ်လို့ အစက ထင်ကြတယ်။ ကြီးလာမှ ပညာတတ်ဖို့ကြောင့်ပါလားလို့ နားလည် ကြတယ်”လို့လည်း ဒေါ်အေးအိုက ပြောပါတယ်။
မိဘတွေ ခံစားရသလိုပဲ ကလေးငယ်တွေအတွက်လည်း သာသနာ့ဘောင်ထဲဝင်ပြီး ကျောင်းတက်ရတာလည်း မလွယ်ကူ လှပါဘူး။
ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ စည်းကမ်းနဲ့ နေပြီး အဖိတ်၊ ဥပုသ်နေ့တွေမှာ နေပူစပ်ခါး မိုးရွာမရှောင် အလှူခံ ထွက်၊ ကျောင်းစာသင်ချိန်မှာ သင်၊ ဖျားနာရင်တောင် အမိအဖ နီးနီးနားနားမှာ မရှိတာကြောင့် လူမမယ် အရွယ်လေးတွေ ကတည်းက ဘဝကို ရုန်းကန်နေကြရတာပါ။
တချို့ကလေးငယ်တွေဆိုရင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ တယောက်တည်း ထားခဲ့ခံရတာကြောင့် မိဘတွေကို သတိရစိတ်နဲ့ တပတ်လောက် ထမင်းမစားနိုင်ဘဲ တငိုငိုတရယ်ရယ်နဲ့ ဖြစ်ကြပါတယ်။
အမိအဖ နဲ့ အဝေးကြီးမှာ သာသနာ့ဘောင်ထဲ နေရင်း ပညာသင်ကြားရတာ မလွယ်ကူလှပါဘူး။ သို့သော်လည်း ရွာမှာ နေထိုင်ပြီး ပညာမတတ်တာထက် စာရင်တော့ မြို့ပေါ်မှာ ကျောင်းတက်ရတာ ပိုကောင်းမယ်လို့ ယူဆပြီး တအန်းမိဘ တွေဟာ ကလေးတွေကို သာသနာ့ဘောင်ထဲ သွတ်သွင်းနေကြဆဲပါပဲ။
တချို့မိဘတွေကလည်း လက်နက်ကိုင်ပဋိပက္ခတွေရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ နေထိုင်ကြတာကြောင့် တိုက်ပွဲဖြစ်ရင် ပြေးရလွှားရ၊ စာမသင်ရ၊ ကြောက်လန့်ရ ဘဝထက် စာရင် သီလရှင်ဝတ်၊ ကိုရင်ဝတ်နဲ့ ကျောင်းတက်နေတာက ပိုပြီး လုံခြုံ မယ်လို့ ယူဆတာကြောင့်လည်း မြို့ကို ပို့လိုက်ကြတာလည်း ရှိပါတယ်။
ဒေါ်အေးအိုက သူ့သားသမီးတွေကို ပရဟိတကျောင်းတွေကို ပို့တဲ့ အပြင် သူ့ကျေးရွာက ကလေးတွေကိုလည်း ပရဟိတ ကျောင်းတွေမှာ ကျောင်းတက်နိုင်အောင် ပို့ပေးခဲ့ပါတယ်။
၂၀၂၀ ခုနှစ် အတွင်းမှာ ပြင်ဦးလွင်၊ မန္တလေး၊ စစ်ကိုင်းတို့က ပရဟိတကျောင်းတွေကို ဒေါ်အေးအို ပို့ပေးထားတာ ကလေး ဦးရေ ၁၀၀ ခန့် ရှိနေပါတယ်။
ရန်ကုန်က သီလရှင်စာသင်တိုက်နဲ့ မန္တလေး၊ ဖောင်တော်ဦး ကျောင်းတိုက်ကို စာသင်ဖို့ ပို့ထားတဲ့ ကလေး ၄ ဦးရဲ့ မိခင် ဒေါ်အီဆိုင်းက “ ပိုက်ဆံတတ်နိုင်ပြီး မြို့မှာ ဘော်ဒါဆောင် ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မိဘက မတတ်နိုင်တော့ ဒီလိုပဲ ပရဟိတကို အားကိုးရတယ်။ အလှူခံထွက်ရင်း လမ်းပျောက်ပြီး ကလေးပျောက်တာတွေ ရှိဖူးတော့ အမြဲ စိုးရိမ် နေရတာ” လို့ ပြောပါတယ်။
သားသမီးတွေကို ပညာတတ်ဖြစ်စေချင်လို့ ဘဝတလျှောက် ဘာသာစကား အခက်အခဲ၊ ပညာမတတ်လို့ အခက်အခဲတွေ မကြုံစေချင်တာကြောင့် ကျောင်းတက်ဖို့ ပို့ထားရပေမယ့် သားသမီးတွေကို အနီးကပ် မပြုစု၊ မစောင့်ရှောက်နိုင်တာကြောင့် မိခင်တယောက်အနေနဲ့ အပြစ်ရှိတယ်လို့တောင် အမြဲ ခံစားနေရတယ်လို့ ဒေါ်အီဆိုင်းက သူ့ခံစားချက်ကို ပြောပြပါတယ်။
ကလေးအများစုကတော့ သာသနာ့ဘောင်ထဲကနေ စာသင်ရင်း အထက်တန်း အောင်သွားရင်တော့ မွေးရပ်မြေ ရွာကို ပြန်လာကြသူတွေ ရှိသလို အချို့ကလည်း မွေးရပ်မြေကို ပြန်မလာတော့ဘဲ ရန်ကုန်၊ မန္တလေးတို့မှာ အလုပ် ရှာဖွေ လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။
အဲဒီအပြင် TEI လက်အောက် ဝင်လာပြီး ကိုယ်ထူကိုယ်ထ ဆရာ၊ ဆရာမတွေအဖြစ် တာဝန်ထမ်းဆောင်ကာ တောင်ပေါ် တအန်းရွာတွေမှာ စာလိုက်သင်ပေးတဲ့ အလုပ်ကို ရွေးချယ်ကြသူတွေလည်း ရှိပါတယ်။
TEI က လာဖွင့်ပေးတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေရှိတဲ့ ရွာတွေကတော့ မိဝေးဖဝေး ဒုက္ခတွေလည်း ခံစားစရာ မလိုသလို သီလရှင်တွေ ကိုရင်တွေ အဖြစ်လည်း ဝတ်စရာမလိုတော့ဘဲ ကလေးသဘာဝနဲ့ ရွာမှာပဲ နေထိုင်ရင်း စာသင်နိုင်ကြပါတယ်။
အရင်က ကျောင်းမရှိလို့ ခြေလျင်လျှောက် ကျောင်းတက်ခဲ့ရတဲ့ ပန်မလမ်းရွာကတော့ ဒီနှစ်မှာ TEI ကျောင်း ရတာကြောင့် ရွာမှာပဲ ကျောင်းတက်ကြရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရွာမှာ ကျောင်းတက်ရတယ် ဆိိုလို့ အမြဲတမ်း အဆင်ပြေသွားတာတော့ မဟုတ်ပါဘူး။ မူလတန်း တက်ပြီးတဲ့နောက် အလယ်တန်းကျောင်း တက်ဖို့ကိုလည်း ပရဟိတကျောင်းမှာ သွားထားမလား၊ ငွေရအောင် ရှာပြီး ဘော်ဒါဆောင် ပို့မလား ဆိုတာကတော့ မိဘတွေဟာ ထပ်ပြီး ခေါင်းခဲ ကြရဦးမှာ ဖြစ်ပါတယ်။
ကလေးငယ်တွေ ပညာရေး၊ ဘဝတိုးတက်ရေးတွေအတွက် မိဘတွေက မျှော်လင့်နေကြသလို ပြည်မ မှာ ရရှိနေတဲ့ အခွင့် အရေးတွေကို တောင်ပေါ်ဒေသတွေကလည်း ရရှိဖို့ ယခင်ကတည်းက တောင့်တနေခဲ့ကြတာကြောင့် အစိုးရတရပ် အနေနဲ့ တောင်ပေါ်ဒေသတွေက ဒေသခံတွေအပေါ် ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။
You may also like these stories:
စစ်ပဋိပက္ခကြားက ပြည်သူတွေရဲ့ ဒုက္ခ
တန်းတူညီမျှရေး လုပ်ပေးနိုင်မယ့် အစိုးရကို လိုချင်တယ်
ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ
RCSS ထိန်းချုပ် နယ်မြေတွင် COVID-19 ကာကွယ်ရေး မဆောင်ရွက်နိုင်သေး