ကားတစီး ထိုးဆိုက်လာသည်နှင့် ကလေး၊ လူကြီး အရွယ်စုံ ၁၀ ဦးခန့် ကားအနားသို့ ပြေးလာ၍ ဝိုင်းထားကြပြီး သကာလ ကားပေါ်မှ ဆင်းလာကြသူများအား မြင်းလှည်းစီးပြီး လည်ပတ်ရန်၊ ရှေးဟောင်း ကြေးရုပ်တုလေးများ ဝယ်ယူအားပေးရန်၊ သမိုင်းကြောင်း လိုက်လံရှင်းပြပေးရန်၊ အလှဓာတ်ပုံရိုက်ပေးရန် စသည်ဖြင့် အပြိုင်အဆိုင် ဆွယ်နေကြသည်။
အဆိုပါ လူအုပ်ထဲမှ “ကိုဗစ်ကာလ စီးပွားရေး မပြေလည်လို့ မြင်းလှည်းလေး စီးသွားပါဦး” ဟူသည့် အသံတသံ စီကနဲ ထွက်ပေါ်လာ၍ လှမ်းကြည့်လိုက်ရာ သနပ်ခါးဘဲကြား လူးထားသော မျက်နှာပေါ်ဝယ် အပြုံးပန်း ဆင်ထားသည့် သက် လတ် ပိုင်းအရွယ် အသံပိုင်ရှင် အမျိုးသမီးတဦးကို တွေ့လိုက်ရသည်။
သူ့နာမည်က အေးမိဝိုင်း၊ အင်းဝမြို့ လေဆာရပ်တွင် နေထိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် မြင်းလှည်းမောင်းကာ ခင် ပွန်းသည်နှင့်အတူ ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက်နေသူဟု သိရသည်။
ဧည့်သည် မျှော်နေသည့် အင်းဝ ဒေသခံများ
COVID 19 ကပ်ရောဂါကြောင့် တကမ္ဘာလုံး ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားသလို မအေးမိဝိုင်းတို့ ရှေးဟောင်း သမိုင်း ဝင် အင်းဝမြို့သို့လည်း ခရီးသွား ဧည့်သည်များ မလာကြတော့သည်မှာ ၅ လခန့် ရှိပြီဖြစ်ကာ၊ ယခု ဇွန်လ နောက်ဆုံးပတ် လောက်ကမှ ပြည်တွင်း ဧည့်သည်တချို့ ပြန်လည်ဝင်လာခြင်း ဖြစ်သည်။
“လာတဲ့ ပြည်တွင်းဧည့်သည် တယောက်နှစ်ယောက်ကများ စီးလိုစီးငြားပေါ့။ မြင်းစာဖိုးလေးရအောင် လာတဲ့သဘောပါ။ အသနားခံရတာပေါ့ ညီမရယ်။ တချို့ ဧည့်သည်တွေကလည်း သနားပြီး စီးပါတယ်” ဟု မအေးမိဝိုင်းက ပြောပြရင်း သူ့မြင်း ကို နှင်တံလေးနဲ့ တို့ရင်း ထွက်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ဒုတိယပတ်အတွင်း ဧရာဝတီသတင်းအဖွဲ့က အင်းဝ၊ မင်းကွန်းနှင့် မန္တလေး ဒေသများသို့ သွားရောက်ခဲ့ ပြီး ကိုဗစ်ကာလ ဒေသခံတို့ ကြုံတွေ့ ရင်ဆိုင်နေရသည့် အခက်အခဲများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သူများအနက် အင်းဝဒေသခံ တဦးဖြစ်သူ မအေးမိဝိုင်းက ပြောပြခြင်း ဖြစ်သည်။
အင်းဝမြို့သည် မြန်မာ့သမိုင်းတွင် သာမက ယနေ့ခေတ်အထိ နာမည်ကျော်စောသော၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့သက်တမ်း ၁၉၁ နှစ်တိုင် ကြာမြင့်ပြီဖြစ်သော ရှေးဟောင်းမြို့တမြို့ ဖြစ်သည်။
မန္တလေးမြို့မှ ၂၁ ကီလိုမီတာခန့် ကွာဝေးသည့် အင်းဝမြို့ကို သတိုးမင်းဖျားက စတင်တည်ခဲ့ပြီး ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင် လက်ထက်တိုင် မြို့တော်အဖြစ် တည်ရှိခဲ့ပြီး ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဋ္ဌဝတီ)တို့ မြစ်နှစ်ကြောင်း ဆုံရာ အရပ် မြစ်ဝတွင် တည်ရှိသဖြင့် အင်းဝဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လည်ပတ်စရာ၊ ကြည့်ရှုလေ့လာစရာ ရှေးဟောင်းအမွေအနှစ် စေတီပုထိုး ဘုန်းတော်ကြီးကျောင်းများ ရှိသည့်အပြင် မန္တလေးမြို့နှင့်လည်း သိပ်မဝေးကွာလှသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များသည် မန္တလေးမှတဆင့် နေ့ချင်းပြန် လာရောက် လည်ပတ်လေ့ ရှိကြသည်။
အင်းဝ နန်းတွင်းထဲတွင် စံရာ၊ ချုပ်တန်း၊ တောင်တော်နှင့် လေဆာဟူ၍ ရပ်ကွက် ၄ ခုရှိပြီး အိမ်ခြေ ၃၉၀ ကျော် ရှိကြောင်း၊ ထိုဒေသခံအားလုံးနီးပါးက ခရီးသွားလုပ်ငန်းအပေါ် မှီတည်ကာ မြင်းလှည်းမောင်းခြင်း၊ ဈေးရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြရာ ကိုဗစ်ကာလအတွင်း အတော်လေး ဒုက္ခရောက်ကြရသည်ဟု မအေးမီဝိုင်းက ပြောပြသည်။
ဤဒေသတွင် မြင်းလှည်းပေါင်း ၁၉၉ စီးရှိသည့်အနက် မအေးမိဝိုင်းကဲ့သို့ အမျိုးသမီး မောင်းနှင်သည့် မြင်းလှည်း အစီး ၂၀ ခန့် ရှိကြောင်း၊ မြင်းလှည်းမောင်းသူများအနေဖြင့် လူအတွက်သာမက မြင်းစာဖိုးအတွက်ပါ ပူပန်နေကြရသည်ဟု ဆိုသည်။
ယခင် အလုပ်အကိုင် ကောင်းစဉ်က တနေ့တခေါက်ပင် ထွက်ရသည်ဆိုဦးတော့ တကြောင်းလျှင် ၁၅၀၀၀ ကျပ် ရရှိပြီး အင်းဝ၏ အထင်ကရဖြစ်သော မယ်နုအုတ်ကျောင်း၊ ရတနာဆီမီး၊ လေးထပ်ကြီး၊ ဗားကရာကျောင်းတိုက်၊ နန်းမြင့်မျှော်စင်၊ မြင့်မိုရ်တောင်၊ ဝင်္ကပါဘုရား၊ ဆင်ကျုံးခံတပ်၊ သားတော်သမီးတော် ရေချိုးကန် စသည့်နေရာများသို့ လိုက်ပို့ပေးရသည်။
တချို့ နိုင်ငံခြားသား ဧည့်သည်များက သဘောကောင်း၍ မုန့်ဖိုးပေးလျှင် အပိုဝင်ငွေလေးပါ ထပ်မံရရှိပြန်ရာ မိသားစု စား ဝတ်နေရေးအတွက် ချောင်လည်သည်ဟု ဆိုနိုင်ပါသည်။
၅ လခန့် လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားရာမှ ယခုလို ပြည်တွင်း ဧည့်သည်တချို့ ပြန်လည်လာရောက် လည်ပတ်ကြသည့် အခါ ရွာသူ/သားများအတွက် အနည်းငယ် အားတက်ရသည်။ နေ့စဉ်နှင့်အမျှ ဧည့်သည်ကျလာဖို့ မျှော်လင့်ရင်း မယ်နု အုတ်ကျောင်းရှေ့၌ သူတို့တတွေ လာစောင့်နေကြခြင်း ဖြစ်သည်။
ထိုအထဲတွင် မြင်းလှည်းမောင်းသူ မစုလှိုင်ဝင်းလည်း အပါအဝင်ဖြစ်ပြီး သူက “စားဝတ်နေရေး မပြေလည်တော့ ခုအချိန် မှာ ရောဂါကို အန်တုပြီး လုပ်နေရတာ။ သုံးထောင်ရရ၊ ငါးထောင်ရရ။ အခုလို တနေကုန် မြင်းလှည်းလေးတွေ ကောက်ထား ပြီးတော့ မရတော့လည်း ဒီလိုပဲ ပြန်ရတာ” ဟု ပြောပြသည်။
တချို့က အသေးစား ငွေစု၊ ငွေချေးလုပ်ငန်းများမှ ချေးငှားထားသူများရှိရာ ထွက်ငွေသာရှိပြီး ဝင်ငွေမရှိသည့် ယခုလို ကာလတွင် ဒုက္ခရောက်ကုန်ပြီး မရှိ ရှိတာ ထုခွဲရောင်းချ စားသောက်နေရသူများ ရှိသကဲ့သို့ တချို့ကလည်း ကိုယ်မွေး ထားသည့် နွား၊ မြင်းများကို ရောင်းစားကြရသူများလည်း ရှိသည်ဟု သိရသည်။
ဝိုင်းကြီးချုပ် စနစ်ဖြင့် ချေးထားသူများအနက် တချို့က မဆပ်နိုင်၍ ကြောက်ပြီး ထွက်ပြေးကြသည့်အခါ ကျန်သူများက မျှ ဆပ်ရတော့သည်။ ထိုသူများသည်လည်း ရေရှည်တွင် မတတ်နိုင်သည့်အခါ ထွက်ပြေးသွားနိုင်ကြောင်း မအေးမီဝိုင်းက သူ့ ထင်မြင်ချက်ကို ပြောပြသည်။
မယ်နုအုတ်ကျောင်းအနီး စားဖွယ်နှင့် အအေးစုံ ဆိုင်ဖွင့်ထားသည့်၊ ပြည်တွင်းဧည့်သည်များကို အဓိက အားကိုးနေရသည့် ကိုဟန်မင်းအောင်ကလည်း ဈေးရောင်းဈေးဝယ်ပါး၊ လုပ်ငန်း အခြေအနေ မကောင်းသဖြင့် ယခင်က ရှာဖွေစုဆောင်းထား သည်များကို ပြန်လည်ရောင်းချ စားသောက်နေရကြောင်း ဖွင့်ဟပြောဆိုသည်။
ဆိုင်ခန်းခက တလလျှင် တခန်း ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၄ ခန်းစာ ၈၀၀၀၀ ကျပ် ပေးချေနေရခြင်းဖြစ်ရာ တနေ့ကို ကျပ် ၁၀၀၀၀ ဖိုးခန့် ရောင်းရလျှင်ပင် မိသားစု စားဝတ်နေရေးအတွက် ပြေလည်မှု မရှိနိုင်ကြောင်း၊ မည်သည့်အချိန် ပြီးဆုံးမည် မှန်း မသိသေးသည့် ကိုဗစ်ကြောင့် အနာဂတ် မျှော်မှန်းချက်သည်လည်း မရေရာသေးကြောင်း သူက ညှိုးငယ်စွာ ဆိုသည်။
မအေးမိဝိုင်းကတော့ “တကမ္ဘာလုံး ဒီကိုဗစ်ကာလကြီး အမြန်ပြီးစေချင်တယ်။ နိုင်ငံခြားသား ဧည့်သည်တွေလည်း မျှော် လင့်တယ်။ သူတို့လည်း ကျန်းမာပါစေလို့ ဆုတောင်းပေးတယ်။ သူတို့ကျန်းမာမှ မြန်မာပြည်ကို လာနိုင်မှာလေ။ တကမ္ဘာ လုံးမှာ ရှိတဲ့သူတွေကို မေတ္တာပို့ပါတယ်။ မြန်မြန်လေး ကျန်းမာရေးကောင်းပါစေ။ ကိုဗစ်ကာလကြီးလည်း မြန်မြန်ပြီးပါစေ” ဟု တတွတ်တွတ် ဆုတောင်းနေသည်။
ကိုဗစ်ပေးသည့် မင်းကွန်းဒေသခံများ၏ သောက
ဧရာဝတီမြစ် အနောက်ဘက် ကမ်းပါးပေါ်တွင် တည်ရှိသော မြစ်ကမ်းနား မြို့လေးတမြို့ဖြစ်သည့် မင်းကွန်းမြို့သည် စစ်ကိုင်းတိုင်း ဒေသကြီးထဲက ဖြစ်သော်လည်း မန္တလေးမှ ၁၀ ကီလိုမီတာခန့်သာ ကွာဝေးသောကြောင့် မန္တလေး ရောက်သူတိုင်း မင်းကွန်းဘက်သို့ ကူးပြီး သွားရောက် လည်ပတ်လေ့ ရှိကြသည်။
မင်းကွန်း ကြီးငါးကြီးဟု ထင်ရှားသော မင်းကွန်းပုထိုးတော်ကြီး၊ ပုထိုးတော်ကြီးရှေ့မှ ခြင်္သေ့ရုပ်ကြီးများ၊ မင်းကွန်း ခေါင်း လောင်းတော်ကြီး၊ မင်းကွန်းဆရာတော်ဘုရားကြီး၊ ပုထိုးတော်ကြီးအနီးရှိ ဘိုးတော်ဘုရား၏ ကောင်းမှုတော် ရေကန်ကြီး တို့အပြင် မြသိန်းတန်စေတီ၊ ဆင်ဖြူမယ်ဘုရားနှင့် ဒေါ်ဦးဇွန်း (မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းလုပ်ငန်းကို ပထမဦးစွာ မျိုးစေ့ ချခဲ့သူ)၏ လူအိုရုံများသို့ သွားရောက် လည်ပတ်နိုင်ပါသည်။
မင်းကွန်းသို့ စစ်ကိုင်းမှ ကားလမ်းဖြင့် သွားနိုင်သော်လည်း မန္တလေးမှ စက်လှေစီး၍ သွားခြင်းကို နိုင်ငံခြားသား ဧည့်သည် များက ပိုမိုနှစ်သက်ကြရာ စက်လှေငှားရမ်းသည့် လုပ်ငန်းပေါ်ပေါက်လာပြီး ဒေသခံများလည်း အလုပ်အကိုင် အခွင့်အ လမ်း ရကြလေသည်။
မန္တလေး-မင်းကွန်း ပြေးဆွဲနေသည့် ပုလဲမော်တော်ယာဉ်မှ ကိုကြည်လင်းထွန်းက “၃ လပိုင်း ၁၁ ရက်မှာ တရားဝင် ပိတ် လိုက်တာ။ ပြေးလို့မရတော့ဘူး။ ဒီက(မင်းကွန်း)လည်း အဝင်မခံဘူး။ အခုအချိန်ထိ သွားလို့မရဘူး။ ဒီကာလမှာ ဟိုကပေး ဒီကပေးတာတွေနဲ့ စားသောက်တယ်” ဟု လက်ရှိ အခြေအနေများကို ရှင်းပြသည်။
ဧရာဝတီ သတင်းအဖွဲ့က သွားရောက်သည့် ဇူလိုင် ၁၂ ရက်ထိ မင်းကွန်းရှိ ဘုရား၊ ပုထိုးစေတီ အားလုံး ပိတ်ထားဆဲဖြစ်ပြီး မန္တလေးဘက်မှလာသည့် စက်လှေများကိုလည်း မင်းကွန်းသင်္ဘောဆိပ်သို့ အကပ်မခံဘဲ ပြန်လွှတ်ကြောင်း သိရသည်။
ကိုကြည်လင်းထွန်းကဲ့သို့ မန္တလေး-မင်းကွန်း ပြေးဆွဲနေသည့် စက်လှေပေါင်း ၄၀ ကျော်ရှိကြောင်း၊ မနက် ၁ ကြိမ်၊ နေ့ လယ် ၁ ကြိမ် ပြေးဆွဲပြီး ဈေးနှုန်းမှာ စင်းလုံးငှား ၃၅၀၀၀-၄၀၀၀၀ ကျပ်ဖြစ်ကြောင်း၊ စက်လှေ ၁ စီးတွင် မိသားစုဝင်များ ဖြင့်သာ လုပ်ကိုင်လေ့ရှိပြီး လိုအပ်သည့်အခါမှသာ အလုပ်သမား ၁/၂ ယောက် ခေါ်လေ့ရှိကြောင်း သိရသည်။
ယခင်က ဧည့်သည်များက အပိုမုန့်ဖိုးအဖြစ် ကျပ် ၁၀၀၀၊ ၂၀၀၀ ပေးသည့်အခါ တန်ဖိုးမထားခဲ့ကြသမျှ ယခုလို အချိန် တွင်မူ ငွေ ၁၀၀၀ ကျပ် ပြန်ရှာရန် မလွယ်ကူကြောင်း၊ တခါတရံ ရှေ့အနာဂတ် မည်သို့ဆက်သွားရမှန်း မသိတော့သည့် အခါ သူပိုင်ဆိုင်သည့် စက်လှေကို ရောင်းချလိုက်ရန်ပင် စိတ်ကူးမိသည်ဟု ကိုကြည်လင်းထွန်းက ဖွင့်ဟပြောဆိုသည်။
“ဧည့်သည်လာမှ ဒီလုပ်ငန်း အလုပ်ဖြစ်မှာ။ ဒါပဲ လုပ်စားတတ်တာဆိုတော့ မျှော်တာပေါ့။ ကိုယ့်ဒေသမှာ မဖွင့်သေး တာတော့ ဘယ်တတ်နိုင်မလဲ။ အရင်လို အခြေအနေမျိုး ပြန်ရရင်တော့ ကောင်းတာပေါ့” ဟုလည်း သူက ပြောသည်။
ကိုကြည်လင်းထွန်း၏ ပြောပြချက်အရ သူကဲ့သို့ စက်လှေသမားများ အခက်အခဲ ဖြစ်နေသည့်အပြင် မင်းကွန်းဘက်မှ ဒေ သခံများသည်လည်း ခရီးသွားလုပ်ငန်း ရပ်တန့်သွားမှုကြောင့် အတော်လေး အကျပ်အတည်း ဖြစ်နေကြရာ ဘုရားများ အမြန်ပြန်လည် ဖွင့်စေချင်နေကြပြီဟု သိရသည်။
မင်းကွန်းရှိ ဘုရား၊ ပုထိုးစေတီများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက တရားဝင် ပိတ်လိုက်သည့် အချိန်ကစ၍ ၄ လနီးပါး လုပ်ငန်းများ ရပ်ဆိုင်းသွားသည့်အတွက် စားဝတ်နေရေး အတော်လေး ကျပ်တည်းကြောင်း၊ ယခုအချိန်တွင် ဘု ရားများ အမြန်ဆုံး ပြန်ဖွင့်ပြီး ဧည့်သည်များ ကျစေချင်ကြောင်း မင်းကွန်းဒေသခံ မမီမီအောင်က ပြောသည်။
“ကြုံရာကျပန်းလို့ ပြောရအောင်လည်း ဝင်ငွေက ဘယ်သူမှ မရှိဘူး။ ခိုင်းမယ့်သူကလည်း ငွေမရှိတဲ့အခါ ရပ်တန့်ထားရ တယ်။ ဒီလိုနဲ့ပဲ စုဆောင်းထားတာလေးတွေ စားရတယ်။ ကိုဗစ်က ကြာရှည်လာတဲ့အခါ စုဆောင်းထားတာလည်း တကယ် တမ်းမရှိတော့ဘူး။ အဲဒါကြောင့် အမြန်ဆုံး ဘုရားကို ဖွင့်ချင်တယ်။ ဧည့်သည်တွေလည်း လာစေချင်ပါတယ်” ဟု ဆိုသည်။
ဘုရားများ အမြန်ပြန်လည် ဖွင့်စေချင်သည့်အထဲတွင် အမှတ်တရပစ္စည်း အရောင်းဆိုင် ဖွင့်ထားသော မင်းကွန်း(ဈေးဆိပ်) တွင် နေထိုင်သူ မရွှေယမင်းလည်း အပါအဝင် ဖြစ်သည်။
စီးပွားရေးအရသာမက ချေးထားသည့် ကြွေးပူများကလည်းရှိရာ စားဝတ်နေရေးထက် ချေးငွေပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြောင်း၊ သင်္ကြန်တွင်း ရောင်းချရန် ချေးငွေယူပြီး ရင်းနှီးထားသော်လည်း လုပ်ငန်းလည်ပတ်ခွင့် မရလိုက်သည့်အခါ ပစ္စည်းများ လက်ထဲတွင် ပုံကျန်နေသလို ချေးငွေကိုလည်း ပြန်မပေးနိုင် ဖြစ်နေကြရကြောင်း သူက ရှင်းပြသည်။
“သင်္ကြန်မတိုင်မီ ပိတ်သွားတာဆိုတော့ သင်္ကြန်တွင်းရောင်းမယ့်ဟာတွေက ပစ္စည်းအောင်းသွားပြီး တော်တော်များတယ်။ ဆိုင်တွေအားလုံးကလည်း သင်္ကြန်တွင်းကို အားခဲထားတာလေ။ တန်ခူးဆို ရက်ရှည်ပွဲ၊ ကဆုန်ဆို ညောင်ရေသွန်းပွဲဆို အရမ်းစည်တဲ့လ ဖြစ်တယ်” ဟု သူက ပြောပြသည်။
ဘုရားများ ပြန်ဖွင့်လိုက်၍၊ ဧည့်သည်များ ကျလာ၍ ရောဂါတိုးလာမည်ကို ကြောက်သော်လည်း စားဝတ်နေရေးက အဓိက ဖြစ်နေသည့် အတွက်ကြောင့် အမြန်ဆုံး ပြန်ဖွင့်စေချင်ပါသည် ဟုလည်း သူ့ဆန္ဒကို ဖွင့်ဟပြောဆိုသည်။
ခရီးသွားဧည့်သည်များ လာရောက်သည့်အခါ အမွှေးတိုင်၊ ဖယောင်းတိုင် ရောင်းသူများ၊ ဓာတ်ပုံရိုက်ပေးသည့် ကလေးများ ကစ၍ ဘုရားသမိုင်းကြောင်းရှင်းပြသူ၊ ဈေးရောင်းသူများအဆုံး အားလုံး အဆင်ပြေစေသည့်အတွက် ဘုရားများ အမြန်ပြန် လည်ဖွင့်စေချင်ကြောင်း မင်းကွန်း(ဈေးဆိပ်)ဒေသခံ ကိုအောင်ကျော်ဟိန်းကလည်း တိုက်တွန်းသည်။
နေ့စဉ် မနက် မိုးလင်းလာလျှင် ဘုရားဖွင့်နိုး၊ ဖွင့်နိုးနှင့် စောင့်လာခဲ့သည့် ရက်များက မနည်းတော့ပေ။ နောက်ထပ် တပတ် ခန့်နေလျှင် ဘုရားများ ပြန်ဖွင့်မည် ဆိုသည့် မျှော်လင့်ချက်လေးဖြင့် ရှင်သန်နေကြရသော်လည်း ယနေ့အချိန်ထိ ၎င်းတို့၏ ဆန္ဒများ မပြည့်ဝသေးပေ။
နိုင်ငံတော်က ခရီးသွားလာမှု ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေပြီ ဖြစ်သော်လည်း ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ ဖွင့်ခွင့်နှင့် ပွဲလမ်းသဘင် ကျင်းပခြင်းများကိုမူ ကန့်သတ်ထားဆဲ၊ ကိုဗစ် ကာကွယ် ထိန်းချုပ်၊ တားဆီးရေး လမ်းညွှန်ချက်များကိုလည်း ၁၅ ရက်စီ ထပ်မံ တိုးမြှင့်နေဆဲ ဖြစ်သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်းခြင်း ကာလကိုလည်း ၂၀၂၀ သြ ဂုတ်လ ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်ထားသည်။
ကိုဗစ်ရိုက်ခတ်မှုအောက်က မန္တလေးမြို့
ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သော မန္တလေးမြို့တွင် လေ့လာစရာ ယဉ်ကျေးမှု အမွေအနှစ်များ များပြားပြီး လည်ပတ်စရာ နေရာများကလည်း စုံလင်လှသည့်အပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အလာများသော မြို့တမြို့လည်း ဖြစ်သည်။
ထို့ပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေကျောက်ဝိုင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်း အချောထည် အရောင်းအဝယ် ဈေးကွက် တခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများ၊ အရောင်းအဝယ် ပြု လုပ်သူများဖြင့် အမြဲစည်ကားလျက် ရှိသည်။
မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်လည်းရှိရာ ပြည်တွင်း လေကြောင်းလိုင်းများ သာမက ပြည်ပ လေကြောင်း လိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့နှင့် ချိတ်ဆက်ပြီး ဆင်းသက်ကြ ကာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက် အချက်ချာကျသည့် မြို့တမြို့ဟုလည်း ဆိုနိုင်ပါသည်။
ကိုဗစ် ကပ်ရောဂါကြီး ဖြစ်ပွားသည့်အခါ အဆိုပါ မန္တလေးမြို့သည်လည်း အထိုက်အလျှောက် ရိုက်ခတ်မှု ခံလိုက်ရသည်။ ခရီးသွားလုပ်ငန်း အပေါ်၌သာ မှီတည်နေရသည့် လုပ်ငန်းတချို့အတွက်မူ အတော်လေး ထိခိုက်သွားကြောင်း သိရသည်။
“မြန်မာ့ရုပ်သေးက တကယ်တမ်းတော့ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကိုပဲ မှီခိုနေရတာ။ ဒီလိုအနေအထားမှာ ကိုဗစ် ကပ်ကြီး ဖြစ်လာတဲ့အခါ ဆရာမတို့အနေနဲ့ အများကြီး အထိနာသွားတာပေါ့။ မတ်လကုန်လောက်မှာ အကုန်ထိုးရပ် သွား တော့တာ။ အခုအချိန်ထိပဲ” ဟု ဖွင့်ဟပြောပြသူက ဒေါ်မမနိုင် (မန္တလေး ရုပ်သေး) ဖြစ်သည်။
သူသည် မန္တလေးမြို့ ကျောက်တော်ကြီး ဘုရားအနီးတွင် ‘Myanmar Marionette Theatre’ အမည်ဖြင့် အနုပညာ စစ်စစ် ကို ခံစားကြည့်ရှုချင်သည့် နိုင်ငံခြားသားများအတွက် ဖွင့်လှစ်ထားပြီး ညစဉ် ၈ နာရီမှ ၉ နာရီထိ ၁ နာရီစာ၊ တဦးလျှင် ငွေ ကျပ် ၁၅၀၀၀ နှုန်းဖြင့် ရုပ်သေးပွဲ ကပြနေသူ ဖြစ်သည်။
မိသားစု၏ အဓိကလုပ်ငန်း လုံးဝ ရပ်ဆိုင်းသွားချိန်တွင် အင်္ဂလိပ်စာ သင်တန်းအပါအဝင် ပတ္တလားတီး၊ အဆို၊ ပန်းချီ၊ အက၊ ရုပ်သေးကြိုးဆွဲ စသည့် သင်တန်းများ ဖွင့်ကာ တဖက်တလမ်းက ဝင်ငွေရှာနေသော်လည်း ရေရှည်တောင့်ခံနိုင်မည် ဟု မထင်ကြောင်း အသက် ၆၆ နှစ်အရွယ် ဒေါ်မမနိုင်က ပြောပြသည်။
နောက်ထပ် အနုပညာလုပ်ငန်း တခုကတော့ ရွှေချည်ထိုး လုပ်ငန်းဖြစ်သည်။ မန္တလေးဆိုလျှင် ရွှေချည်ထိုးနှင့် တွဲမြင် ရလောက်သည်အထိ တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည့် ရွှေချည်ထိုးလုပ်ငန်းသည် အချိန်ကာလ ရွှေ့လျားလာသည်၊ စက်မှု ထွန်းကားလာသည်နှင့်အမျှ ယခုအချိန်၌ လက်ဆယ်ချောင်း ပြည့်အောင်ပင် မရှိတော့ပါ။
ရွှေချည်ထိုးသည် နိုင်ငံခြားသားများ အားပေးသည့် မြန်မာ့လက်မှု အနုပညာလက်ရာများထဲက တခုအပါအဝင် ဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြည်တွင်းဝယ်လက်များကို ပိုမိုအားထားနေရကြောင်း ဦးစိန်မြင့် (မန္တလေး ရွှေချည်ထိုးလုပ်ငန်း) က ပြောပြသည်။
ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် ကုမ္ပဏီများ၊ ဟိုတယ်ကြီးများက ရွှေ ချည်ထိုး ကားချပ်ကြီးများ မှာယူသကဲ့သို့ နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေး ပြုလုပ်နေရသည့် အစိုးရဝန်ကြီးဌာနများက မှာယူလေ့ရှိကြောင်း သူက ရှင်းပြသည်။
သို့သော်လည်း ယခုလို ကိုဗစ်ကာလတွင်မူ တခြားသော လုပ်ငန်းများအားလုံးလည်း ရပ်တန့်သွားရာ ရွှေချည်ထိုး လုပ် ငန်းသည်လည်း ရပ်တည်ရန် ပိုမိုခက်ခဲသွားပြီး လုပ်ငန်းရှင် အားလုံးနီးပါး ရပ်ဆိုင်းထားရကြောင်း သိရသည်။
“ကျနော်တို့ဟာက စားသောက်ကုန် မရှိမဖြစ် ပစ္စည်းလည်း မဟုတ်ဘူးဆိုတော့ အလှဆင်နိုင်တဲ့ နေရာက ပုဂ္ဂိုလ်တွေက သာ မှာကြပြုကြမှာ။ ဒီကပ်ကြီး ကျော်လွှားဖို့ပဲ မျှော်လင့်ပါတယ်။ သို့သော်လည်း ကျနော်တို့ လုပ်ငန်းက ပုပ်သိုးသွားတာ မဟုတ်တဲ့အတွက် တတ်နိုင်သရွေ့ ဆွဲထိန်းပြီး စဉ်ဆက်မပြတ် လုပ်ဖို့တော့ စဉ်းစားထားပါတယ်” ဟု ဦးစိန်မြင့်က ဆို သည်။
ရွှေချည်ထိုး လုပ်ငန်းသည် အလွန်အနုစိတ်သည့် လက်မှုအနုပညာ လုပ်ငန်းဖြစ်ပြီး တပတ်ခန့်မှစကာ လချီသည်အထိ အ ချိန်ယူပြုလုပ်ရကြောင်း၊ ဈေးနှုန်းမှာ အနည်းဆုံး ၇၀၀၀ ကျပ်မှသည် အများဆုံး ၂၅ သိန်းလောက်ထိ ရှိကြောင်း သိရသည်။
၂၀၂၀ အောက်တိုဘာ လကုန်ထိမှ ကိုဗစ်ဂယက်က မငြိမ်ဘူးဆိုလျှင်တော့ ဒီနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို မျှော်ကိုး၍မရတော့ဘဲ လက်မှုလုပ်ငန်းများအတွက် အခက်အခဲ ဖြစ်စေမည် ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွား ပြန်ဖွင့်သည် ဆိုသော်လည်း အနည်းအကျဉ်း ထိန်း၍ရသည့် အနေအထားသာ ဖြစ်ကြောင်း ကိုအောင်ဇော်က ပြောသည်။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်နန်း မြန်မာ့ လက်မှုအနုပညာပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးတွင် အရောင်း တာဝန်ခံဖြစ်သူ ကိုအောင်ဇော်က သူ့ ယူဆချက်ကို ပြောပြရင်း ၎င်းတို့လုပ်ငန်းသည် ပြည်တွင်းအမှာများကို ၄၀ ရာခိုင်နှုန်းခန့်နှင့် ကျန် ၆၀ ရာခိုင်နှုန်းသည် ပြည်ပ ခရီးသွားဧည့်သည်များကို မှီခိုနေရကြောင်း တဆက်တည်း ရှင်းပြသည်။
ကိုဗစ်ကာလအတွင်း ဆိုင်ရှိ ပန်းပုထုသူ၊ မှန်စီရွှေချသူ၊ ရုပ်သေးဆင်သူ၊ ရွှေချည်ထိုး အလုပ်သမား ၂၅ ဦးအား ထောက်ပံ့ ကြေးပေးကာ ၁ လခွဲကျော် ရပ်နားလိုက်ခဲ့ရကြောင်း၊ ပြည်တွင်းခရီးသွား စတင်လာသော ပြီးခဲ့သည့် ဇွန်လလယ်လောက် ကမှ လုပ်ငန်းပြန်စခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။
ကိုဗစ်ပြီးသွား၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်သည့်အခါ၌ မြန်မာ့လက်မှု အနုပညာပစ္စည်းများနှင့် ပတ်သက်၍ လူ အများ စိတ်ဝင်စားအောင် ဖော်ထုတ် ကြေညာပေးစေလိုကြောင်း၊ မြန်မာ့ လက်မှုအနုပညာရှင်များ ပိုမိုထွန်းကားလာအောင် နိုင်ငံတော်အနေဖြင့် ပံ့ပိုးပေးချင်ကြောင်း သူ့ဆန္ဒကိုလည်း ဖွင့်ဟပြောဆိုသည်။
“တန်ခူးရာသီဆို လုံးဝကို မနိုင်ခဲ့တော့ ဒီနှစ်တန်ခူးလည်း ရောင်းရမှာပဲဆိုပြီး အားချင်းလုပ်တဲ့အချိန်မှာ အခု အရုပ် ၂၀၀၀ လောက် ကျန်သေးတယ်။ ပစ္စည်းတွေကကျန် ငွေတွေဝပ်နဲ့၂၀၂၀ နှစ်ကုန်ပိုင်းထိ အလုပ်သမား ပြန်စုဖို့ရာ မလွယ်ဘူး။ ရှေ့က ရှိပြီးသား လုပ်ပြီးသား အရုပ်တွေ ထွက်ဖို့ လုံးပမ်းရဦးမယ်” ဟု ညည်းတွားလာသူက မသီတာစန်းပါ။
မန္တလေးမြို့သူ မသီတာစန်း(ရွှေအိမ်တော်) သည် အလုပ်သမား ၁၀ ယောက်ကျော်ဖြင့် ရွှေချည်ထိုး ကားချပ်များ၊ ရုပ်သေး ရုပ်များ ပြုလုပ်ကာ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေး၊ ပုဂံဒေသရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များသို့ လက်ကားပေးသွင်းနေ သကဲ့သို့ သူကိုယ်တိုင်လည်း ဆိုင်ဖွင့်ထားကာ လက်လီ ရောင်းချနေသူတဦး ဖြစ်သည်။
သူ့အနေဖြင့် အလုပ်သမား ခေါင်းမကွဲရန် ထိန်းထားချင်သော်လည်း ငွေကြေး စိုက်ထုတ်မှု မတတ်နိုင်သဖြင့် လွှတ်ချထားရ ကြောင်း၊ စာရွက်စာတမ်းများဖြင့် ရှုပ်ယှက်ခတ်နေသည့် နိုင်ငံတော်ကပေးသော ချေးငွေကိုလည်း စိတ်မဝင်စားသည့် အ တွက် ရှိတာလေးနှင့် ရုန်းကန်နေရကြောင်း ပြောပြသည်။
“မျှော်လင့်ချက်ကတော့ တော်တော့်ကို ပါးနေတာ။ ကိုယ်က မျှော်လိုက် ၁၅ ရက် တိုးလိုက် ဆိုတော့။ ဒီတနှစ်ကုန်လောက် တဲ့ အထိကတော့ နလန်ထူဖို့ရာ လုံးဝ မမြင်ဘူး” ဟု သူက စိတ်ပျက်အားလျော့စွာ ညည်းတွားလေသည်။ ။
ဆက်စပ်ဖတ်ရှုရန်
မြန်မာနိုင်ငံသားများ အရေးပေါ်ကိစ္စရှိလျှင် နိုင်ငံခြားပေးထွက်မည်
ပုဂံဒေသရှိ ဘုရားများအား ဖူးမြော်ခွင့် ကန့်သတ်