“ကျနော်တို့ ကရင်ပြည်နယ်က နေဖို့တောင် မသင့်တော့ဘူး” ဟု ကရင်လက်နက်ကိုင် အဖွဲ့အစည်း တခုမှ အရာရှိတဦးက ၎င်းတို့ အဖွဲ့အစည်းများနှင့် တရုတ်လုပ်ငန်းရှင်များ ပူးတွဲဆောင်ရွက်နေသည့် စီမံကိန်းများအကြောင်း ပြောရင်း ညည်းတွားသည်။
၎င်းညည်းတွားသည်မှာ တပ်မတော် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့များနှင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ တာဝန်ရှိသူအချို့နှင့် တရုတ် လုပ်ငန်းရှင်များ ပူးပေါင်းဖော်ဆောင်နေသော စီမံကိန်းကြီးများအပေါ် စိတ်ပျက်နေခြင်းဖြစ်သည်။
DKBA နှင့် KNU တို့မှ တာဝန်ရှိထိပ်သီးခေါင်းဆောင် အချို့သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်နှင့် မြဝတီ မြို့အကြား ဖြတ်သန်း စီးဆင်းနေသည့် ကရင်ပြည်နယ် သောင်းရင်းမြစ်ဘေးတွင် “မြို့သစ်” အမည်ခံ၍ စီမံကိန်းကြီးများကို အကောင်အထည်ဖော်လျှက်ရှိသည်။
ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်း
ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းကို တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)များ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်မှုအောက်ရှိ ရွှေကုက္ကိုလ်တွင် Yatai International ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မှတ်ပုံတင်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။
စီမံကိန်းတည်ဆောက်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က မြေ ၆၂ ဧကကို တရားဝင်ခွင့်ပြုပေးခဲ့ပြီး ယင်းဧရိယာထဲမှ မြေ ၂၅.၅ ဧကပေါ်တွင် ရင်းနှီးမြုပ်နှံ့မှု အမေရိကန် ဒေါ်လာ ၂၂.၅ သန်းဖြင့် အဆင့်မြင့် လုံးခြင်းနေအိမ်များ ဆောက်လုပ်ရန်သာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ့မှုကော်မရှင်(MIC)က ၂၀၁၈ ခုနှစ် ဇူလိုင်လက ခွင့်ပြုထားသည်။
သို့သော် စီမံကိန်းအနေဖြင့် MIC ၏ ခွင့်ပြုချက်ထက် ကျော်လွန်ကာ ဟိုတယ်နှင့် အခြားသော အထပ်မြင့် အဆောက်အဦးများ တည်ဆောက်မှုရှိခဲ့သည့်အတွက် တပ်မတော်ကပင် ၎င်းလက်အောက်ရှိ BGF တပ်ဖွဲ့အား အစိုးရ၏တရားဝင် ခွင့်ပြုချက်မရဘဲ ကျော်လွန်လုပ်ဆောင်မှုများ သတိပေးခဲ့ရသည်။
ယင်းအပြင် စီမံကိန်းအတွင် တရုတ်နိုင်ငံသား အများအပြားဝင်ရောက်လာမှုနှင့် ၎င်းတို့က အွန်လိုင်းလောင်းကစား ပြုလုပ်မှုများရှိခဲ့သည့်အတွက် မြဝတီမြို့ခံများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး တရုတ်တို့၏ လွှမ်းမိုးမှုနှင့် ရာဇဝတ်မကင်းသော ကျူးလွန်းမှုများ ရှိလာမည်ကို ထိန်းသိမ်းဆောင်ရွက်ပေးရန် အစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စီမံကိန်း ဧရိယာအတွင်း ဧရာဝတီ သတင်းထောက်များ ကွင်းဆင်းလေ့လာခဲ့ရာတွင် တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့် အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ SPa၊ CLub နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုပါဝင်မည့် ဟိုတယ်များနှင့် ဆောက်လက်စ အဆောက်အအုံများကို စီမံကိန်းနယ်မြေထဲ မြင်ခဲ့သည်။
ထို့အတူ တနာရီလျှင် ဘတ် ၇၀၀၀ (ကျပ် ၃ သိန်းကျော်) ပေးရသည့် KTV နှင့် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဟု လူပြောများနေသည့် နိုက်ကလပ်ကြီး တခုလည်း ရှိသည်။ ထိုနေရာတွင် အလုပ်လုပ်ကိုင်နေကြသူများမှာ တရုတ်၊ ကမော္ဘဒီယား၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံသူများ ဖြစ်သည်။
KNU နှင့် ပြုလုပ်နေသည့် တရုတ်မြို့သစ် စီမံကိန်း
KNU က Huanya International Holdings Group ဆိုသည့် တရုတ်ကုမ္ပဏီတခုနှင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြဝတီမြို့ တွင် တရုတ်မြို့သစ် စီမံကိန်း အတွက် အုတ်မြစ်ချပွဲနှင့် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့သည်။ ထိုစီမံကိန်းသည် မြဝတီမြို့မှ ကားဖြင့် သွားလျှင် ၃၀ မိနစ်ခန့်သာ ကြာမြင့်ပြီး KNU ၏ တပ်မဟာ ၆ လှုပ်ရှားနယ်မြေ မဲ့ထော်တလေးတွင် တည်ရှိသည်။
အဆောက်အအုံနေရာများ ရာထားပြီဟုသိရသည့် ထိုစီမံကိန်းသည် အိမ်ယာစီမံကိန်းသာ အမည်ခံထားပြီး ကာစီနိုနှင့် အခြားလောင်းကစားများနှင့် ဖျော်ဖြေရေး လုပ်ငန်းများ ပါ မပါ ဆိုသည်ကို မသိရသေးပေ။ နှစ်ဘက် သဘောတူ ထုတ်ပြန်ထားသော စီမံကိန်းပုံကြမ်းထဲတွင် သောင်ရင်းမြစ်ကမ်းအလှကို မှီပြီး တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံများကို တွေ့ရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်စီမံကိန်းများသည် နည်းမှန် လမ်းမှန်ဖြင့် လုပ်ဆောင်မှုမျိုး ဆိုလျှင် ကန့်ကွက်စရာ မရှိသော်လည်း ယခုလုပ်နေသည့် စီမံကိန်းများအပေါ် KNU အဖွဲ့အစည်း အတွင်း လက်ခံထားခြင်း မရှိကြောင်း KNU ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ပြောသည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ ပဒိုစောကွယ်ထူးဝင်း က “ကျနော်တို့ အနေနဲ့ပြောနိုင်တာက အဖွဲ့အစည်းအနေနဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လုပ်တာလည်း မဟုတ်ဘူး။ တဦးတယောက်ကနေပြီးတော့မှ ပါဝင်ပတ်သက်မှုသာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့က သဘောထား ကျနော်တို့ အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးပြီးပြီ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်က ဒါက အဖွဲ့အစည်းနဲ့ မဆိုင်ဘူး။ ဒီနေရာမှာ တိုက်ရိုက် KNU က ပါဝင်တာလည်း မဟုတ်ဘူး” ဟု ရှင်းသည်။
ထိုစီမံကိန်းနှင့်ပတ်သက်ပြီး KNU ထိပ်ပိုင်းခေါင်းဆောင်တချို့က အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း အဖွဲ့ဝင် တဦးတယောက်က လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုနေသော်လည်း ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိသော လုပ်ရပ်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်ခဲ့သော KNU နှင့် တရုတ်ကုမ္ပဏီ Huanya တို့၏ တရုတ်မြို့သစ် စီမံကိန်းအတွက် အုတ်မြစ်ချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား နောက်ခံ ခေါင်းစည်း စာတမ်းတွင် KNU & HUANYA Cooperative Signature and Foundation Stone Laying Ceremony ဟု တရုတ်နှင့် အင်္ဂလိပ် ဘာသာစကားနှစ်ခုဖြင့် ဖော်ပြထားသည်။
ထိုပွဲကို KNU ကာကွယ်ရေး ဌာန တာဝန်ခံ စောရောဂျာခင် ကိုယ်တိုင် လက်နက်ကိုင် KNLA ရဲဘော်များနှင့် အတူ တက်ရောက်ပြီး တရုတ်လုပ်ငန်းရှင်များနှင့် အထက်ပါ အခမ်းအနား ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းတင်ခံနေသည်ကို တွေ့ရသည်။ အဆိုပါ အခမ်းအနားတွင် ချပြထားသော တရုတ်မြို့သစ်စီမံကိန်း နမူနာပုံဒီဇိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးတွင် ခေတ်မီ အထပ်မြင့်အဆောက်အအုံများစွာကို တွေ့မြင်ရသည်။
ထိုစီမံကိန်းမြေနေရာအတွက် လတ်တလော မြေဧက ဘတ်သန်း ၂၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး စောရောဂျာခင်နှင့် ထိုင်းအခြေစိုက် တရုတ်များက ရှေ့ထွက်ထားပြီး ၎င်းတို့နောက်တွင် ငွေကြေး စိုက်ထုတ်သူများကိုတော့ မသိရှိရသေးပေ။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က “NCA ထိုးထားတဲ့ KNU ဒေသမှာ ဒါမျိုးတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားရတာပေါ့။ ကြားတော့ တဘက်မှာလည်း ကျနော်တို့က ငြိမ်းချမ်းရေးကို မထိခိုက်အောင်ပေါ့နော်။ တဘက်ကလည်း ကျနော်တို့ နိုင်ငံရဲ့ တည်ဆဲဥပဒေအရ ဆောင်ရွက်ရတာတွေ ရှိတာပေါ့နော်။ အဲဒါကိုတော့ ကျနော်တို့ တော်တော်လေး အကဲဆတ်တယ်” ဟု ဇွန်လ ၂၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြောထားသည်။
ဗိုလ်ချုပ်မြသား၏ မြို့သစ်စီမံကိန်း
ကွယ်လွန်သူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏သား ဗိုလ်မှူးကြီး စောနယ်ဒါးမြ ကလည်း လှိုင်းဘွဲ့မြို့နယ် မိအေးပူ ဒေသ သောင်ရင်းမြစ် ကမ်းဘေးတွင် သြစတြေးလျ၊ စင်္ကာပူတို့မှ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တရုတ်မြို့သစ် စီမံကိန်း တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
KNU ဗဟိုဌာနချုပ် ထိန်းချုပ်အခြေစိုက်သည့် တပ်မဟာ ၇ လှုပ်ရှားနယ်မြေအတွင်း သောင်ရင်းမြစ်ကမ်းနဖူးတွင် တည်ဆောက်ရန် ပြင်ဆင်ရေဆွဲထားသည့် စီမံကိန်းပုံထဲတွင် သောင်ရင်းမြစ်ကမ်းစပ်နှင့် တောင်တန်းများအကြား အထပ်မြင့် အဆောက်အအုံများကို အကွက်ချထားသည်ကို တွေ့ရသည်။
သို့သော်လည်း ထိုစီမံကိန်းမှာ မြန်မာအစိုးရထံ တရားဝင် ချိတ်ဆက်ဆောင်ရွက်မှု မရှိခဲ့သလို ရွှေကုက္ကိုလ် စီမံကိန်း ဂယက်များ ပြန့်နှံ့ခဲ့ပြီးနောက် စင်္ကာပူနှင့် သြစတြေးလျ ကုမ္ပဏီများက နောက်ပြန်ဆုတ်သွားသဖြင့် စီမံကိန်း ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကရင်လက်နက်ကိုင် သတင်းရင်းမြစ်များထံမှ သိရသည်။
လောင်းကစားရုံများနှင့် မြဝတီမြို့
မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသော စီးပွားရေး မြို့ကလေး ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရားဝင် ချစ်ကြည်ရေး တံတားများမှ ဝင်ရောက်မှု ရှိသကဲ့သို့ လက်နက်ကိုင် အဖွဲ့များ ကြီးစိုးထားသည့် ကူးတို့ဆိပ်များမှ တဆင့် ကုန်သွယ်ကူးသန်းမှုလည်း ရှိသည်။
မြဝတီခရိုင် အတွင်းတွင် မြန်မာအစိုးရနှင့် တရားဝင် အပစ်ရပ်အပြီး ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)၊ ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF) တို့လှုပ်ရှားကြသည်။
နယ်စပ်စီးပွားရေးမြို့လည်းဖြစ် လက်နက်ကိုင်ပေါင်းစုံလည်း ရှိသည့် မြဝတီမြို့သည် မြို့ငယ်သော်လည်း တရားမဝင် ဖွင့်လှစ်ထားသော လောင်းကစားရုံများ လိင်ဖျော်ဖြေရေးရုံများနှင့် မူးယစ်ဆေးဝါးမှာလည်း ပေါလွန်းလှသည်။ အစိုးရက သတိပေးချက် ထုတ်ပြန်ထားသည့် Covid-19 ကာလ တွင်ပင် ခိုးဖွင့်နေသည့် လောင်းကစားရုံများ ရှိသဖြင့် ဖမ်းဆီးခဲ့ရသည်။
တရားမဝင် လောင်းကစားရုံများသည် ဝေါ်လေမှ ရွှေကုက္ကိုလ် ဘက်ခြမ်းထိရှိသည်။ ထိုလောင်းကစားရုံများသည် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ယခုနှစ် မတ်လ ၄ ရက်နေ့ကလည်း မြဝတီမြို့ ကမ်းနားတွင် ဓာတ်ပုံလိုက်ရိုက်နေသည့် မြန်မာတိုင်းမ် သတင်းထောက် အမျိုးသား တဦးနှင့် Frontier Myanmar သတင်းထောက် အမျိုးသမီးတဦး သဲပုံဂိတ် နေရာတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
လက်မောင်းတွင် တရုတ်စာ တံဆိပ်နှင့် အနက်ရောင် ယူနီဖောင်းဝတ် ထားသူများနှင့် BGF တပ်ဖွဲ့ဝင်များက သတင်းထောက်များကို အစဖျောက်ပစ်ရန်ထိ ရည်ရွယ်ထားပုံရပြီး မျက်နှာကို အုပ်ကာ တောထဲခေါ်ဆောင် သွားပြီး ညှင်းပန်းနှိပ်စက်ခဲ့သည်။ သတင်းထောက်က မိခင်ဌာနကို အချိန်မီ မက်ဆေ့ပို့ရာမှတဆင့် လိုက်လံ ဆောင်ရွက်ရင်း လွတ်မြောက်လာခြင်းဖြစ်သည်။
၎င်းတို့အဖမ်းခံရသည့် နေရာသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၂ ၏ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် ထိန်းချုပ်နေရာဖြစ်ပြီး တရုတ်နှင့် ဆက်စပ် လုပ်ကိုင်နေသည့် စီမံကိန်း နေရာများကို ဓာတ်ပုံရိုက်ကူးသဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
ဗိုလ်မှူးစောမုတ်သုန်သည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တွင် ဗိုလ်မှူးကြီး စောချစ်သူပြီးလျှင် စီးပွားရေး လုပ်ကိုင်မှုတွင် ဒုတိယ နာမည် အထွက်ဆုံးပုဂ္ဂိုလ် ဖြစ်ပြီး မြဝတီတွင် ကာစီနိုရုံအချို့ တရုတ်နှင့် ချိတ်ဆက်လုပ်ကိုင်နေသူဟု သတင်းထွက်နေသူဖြစ်သည်။
ကရင်ပြည်နယ် အစိုးရ လက်အောက်ခံ တာဝန်ရှိသူ တဦးကတော့ ဗိုလ်မှူးစောမုတ်သုန် အနေဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းလျှောက်ထားမှု မရှိသလို ၎င်းအမည်ဖြင့် လုပ်ငန်းလျှောက်ထားမှုလည်း မရှိဟု ဆိုသည်။ သို့သော်လည်း သူ၏ မိသားစုဝင်အမည်များဖြင့် ဟိုတယ်နှင့် အခြားလုပ်ငန်းများ လျှောက်ထားလုပ်ကိုင်နေပြီး ယင်းနေရာများတွင် လောင်းကစား လုပ်ငန်းများ ဆောင်ရွက်နေခြင်း ရှိမရှိ မေးမြန်းမှု အပေါ်တော့ အာမမခံနိုင်ဟု ဆိုသည်။
လူထုစိုးရိမ်မှု
ကရင်လက်နက်ကိုင်အဖွဲ့များသည် တရုတ်မြန်မာနယ်စပ် အခြေစိုက် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (ခေါ်) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်မှုအောက်ရှိ မိုင်ဂျာယန်မြို့များတွင် ပြုလုပ်သော ကာစီနို အပါအဝင် အခြား လောင်းကစားများနှင့် ဖျော်ဖြေရေးလုပ်ငန်းများမှ ဝင်ငွေရှာပုံကို အားကျနေကြဟန် ရှိကြောင်း စောင့်ကြည့် လေ့လာသူများက သုံးသပ်သည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်လုပ်ငန်းရှင်များ အကြား မြို့သစ် စီမံကိန်းများ လုပ်နေသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းတခုသာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တင်ထားပြီး အခြားသတင်းထွက်နေသည့် အဖွဲ့များအနေဖြင့် အစိုးရထံ သဘောထား တောင်းခံခြင်းပင် မရှိကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။
ဦးတေဇာအောင် က “ကျနော်သိသလောက် နောက်ဆုံး အစိုးရအဖွဲ့ကိုတောင် သဘောထားတောင်းတဲ့ အဆင့် မရှိပါဘူး။ အစိုးရအဖွဲ့ သဘောထား ရပြီးမှပဲ MIC က ခွင့်ပြုချက်ပေးတာပါ။ အခုက လျှောက်ထားတဲ့ အနေအထားမျိုးလည်း မတွေ့ရဘူး” ဟု စီမံကိန်း လျှောက်ထားမှုနှင့် ပတ်သက်၍ ရှင်းပြသည်။
စောင့်ကြည့်လေ့လာသူများ၊ ဒေသခံများနှင့် လွှတ်တော်အမတ်များက လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်လုပ်ငန်းရှင်များ တိတ်တဆိတ်ဖော်ဆောင်နေသော စီမံကိန်းများအပေါ် အာဏာနှင့် ငွေ အသုံးချ၍ လူထုမျက်နှာ မကြည့်ဘဲ ဆောင်ရွက်နေသည်ဟု ဝေဖန် ပြောဆိုနေကြသည်။
ထိုစီမံကိန်းများကို အစိုးရနှင့် တရားဝင် နည်းလမ်းဖြင့် စိစစ်ဆောင်ရွက်ခြင်း၊ ဒေသခံ ပြည်သူလူထု ထိခိုက်နိုင်မှု အခြေအနေများ အပေါ် စံနစ်တကျ သုံးသပ်ဆောင်ရွက်ခြင်း၊ လူထုကို တရားဝင်ချပြခြင်းများ မရှိခြင်းတို့ကြောင့် ဒေသအပေါ် ရိုက်ခတ်လာနိုင်သည့် အကျိုးဆက် အပေါ် စိုးရိမ်မှုများ ရှိနေကြသည်။
မြဝတီမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က “အမှန်ပြောရမယ်ဆိုရင် စိုးရိမ်ပါတယ်။ တော်တော်စိုးရိမ်ပါတယ်။ ကျနော်တို့ကတော့ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ သက်ဆိုင်ရာ အာဏာပိုင် အစိုးရက ထိန်းကျောင်း Check and Balance လုပ်ဖို့ပေါ့။ လေ့လာမယ်ဆိုရင် မြဝတီမြို့ပေါ်မှာ၊ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ (လောင်းကစားရုံများ) အားလုံး တွေ့နေရမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
၎င်းကဆက်၍ “အခုဟာက ဘာလဲဆိုရင် လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ ကျနော်သိပါတယ်။ မြဝတီ လုံခြုံရေးကိုလည်း အားလုံးသိပါတယ်။ မြို့ထဲမှာတောင် ပစ်လိုက် ခတ်လိုက် ဗုံးကွဲလိုက်နဲ့ ဒါတွေကိုလည်း လုံခြုံရေးကို အာမ မခံနိုင်ဘူးဆိုတော့ ဒါကိုဖြေရှင်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး” ဟု ပြောသည်။
ထိုစီမံကိန်းများနှင့် ပတ်သက်၍ ယခုချိန်ထိ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း တာဝန်ယူ၊ တာဝန်ခံမှု ရှိရှိ ချပြခြင်း လည်းမရှိသေးသလို ဒေသခံများ၏ စိုးရိမ်မှုအပေါ် ရှင်းလင်းမှုများ လုပ်ဆောင်ခြင်း မရှိသေးပေ။
ထိုစီမံကိန်းများလုပ်ဆောင်ရာတွင် ၂ ပိုင်းရှိပြီး တပ်မတော် ကွပ်ကဲမှုအောက်တွင်ရှိသည့် BGF အဖွဲ့က ဆောင်ရွက်နေမှုနှင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ဘက်မှ လုပ်ဆောင်နေမှုဖြစ်သည်။
ဥပမာ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းဆိုလျှင် MIC သို့ တင်ရမည့် ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားဘက်သို့ တင်ရမည့် ကဏ္ဍ၊ အိမ်ယာစီမံကိန်း အဖြစ်တင်ရမည့် ကဏ္ဍများ အသီးသီးရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က သတင်းထောက်များကို ရှင်းပြသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဦးဇော်ဌေး က “ဥပမာအားဖြင့် သူတို့နယ်မြေမှာ သူတို့ လုပ်ချင်တိုင်း လုပ်လို့ ရတယ်ဆိုသော်ငြားလည်း သူတို့လုပ်တဲ့ Business က Responsible မဖြစ်ဘူး။ ပြောရရင် သဘာဝပတ်ဝန်းကျင်အရရော လူမှုရေး အရရော ဒေသခံပြည်သူတွေအတွက်ရော ဒါမျိုးတွေက တာဝန်ယူမှု တာဝန်ခံမှု နည်းတယ်။ အဲဒီအတွက် ခံစားရတာက အဲဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေပဲ ဖြစ်တယ်။ ဒါကိုတော့ နားလည်ဖို့ လိုတယ်” ဟု ပြောသည်။
ကရင် လက်နက်ကိုင် သတင်းရင်းမြစ် တဦးက “ကျနော်တို့က တခြားအဖွဲ့တွေလို မလုပ်တတ်သေးဘူး။ ကရင်ကုန်ကူး မျက်လုံးပြူးတဲ့ ကြားဖူးတယ်မို့လား ကျနော်တို့ ကရင်တွေက လုပ်မစားတတ်ဘူး။ လုပ်တာနဲ့ပေါ်တာပဲဗျ။ ၂၀၁၈ ထဲမှာ ဗိုလ်မှူးကြီးဖောဒို ဖားကန့်မှာ ကျောက်စိမ်းတူးတဲ့ကိစ္စလည်း အဲလိုဖြစ်တာပဲ” ဟု နမူနာပေး၍ ပြောသည်။
ဗိုလ်မှူးကြီး စောဖောဒိုသည် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ ၏ ဗျူဟာမှူးဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲတွင် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း ပြဿနာ တခုဖြစ်ပွားမှုကြောင့် ပေါ်ပေါက်ခဲ့သဖြင့် ဗဟိုက တပ်ဘက်တာဝန် ဆက်ထမ်းဆောင်လိုလျှင် ထပ်မလုပ်ရန် သတိပေးခဲ့ရသည်ဟုဆိုသည်။
“အခုကတော့ ဗဟိုက သူ့ (ဗိုလ်မှူးကြီး စောဖောဒို) ကို သတိပေးထားတာပေါ့။ ခင်ဗျား ဒီ (တပ်မဟာ ၇) မှာ တာဝန်ယူမယ်ဆိုရင်တော့ ဒါတွေရပ်ပေါ့။ သူကတော့ လောလောဆယ် တာဝန်ယူမယ်ဆိုပြီးတော့ နေနေတာပေါ့။ ဘယ်လိုဆက်သွားမလဲတော့ မသိဘူး။ သူလုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကလည်း အများကြီးပဲ” ဟု ဆိုသည်။
ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေသလား
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း အပါအဝင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တရုတ်လုပ်ငန်းစုများ ပူးပေါင်းကာ Saixigang Industrial Zone Project နှင့် Huanya နိုင်ငံတကာမြို့တော်စီမံကိန်းတို့ ဆောင်ရွက်ရာတွင် တရုတ် ရာဇဝတ်ဂိုဏ်းများ နောက်ကွယ်မှ ပတ်သက်မှုရှိနိုင်သည့်အတွက် စိုးရိမ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ဖော်ပြခဲ့သည်။
စီမံကိန်းလုပ်ငန်းဆောင်မည့် တရုတ်လုပ်ငန်းစုများနောက်ကွယ်မှ ပတ်သက်သူအချို့သည် ကမော္ဘဒီးယားနိုင်ငံ သီဟာနုဗေးလ် Sihanoukville ရှိ အင်တာနက်အလောင်းကစားလုပ်ငန်းများ၊ တရားမဝင် ကာစီနိုများနှင့် ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများကို တရုတ်နှင့်ကမော္ဘဒီးယား ရဲတပ်ဖွဲ့များက ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နှိမ်နင်းခဲ့သည်။
ထိုစီမံကိန်းများသည် သီဟာနုဗေးမှ ဒေသခံများ အတွက်လည်း ကျိန်စာသင့်သလိုဖြစ်ခဲ့ရသည်။ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်များ ဖောင်းပွလာပြီးနောက် ဒေသခံပြည်သူများ ထိုဒေသမှ မောင်းထုတ်ခံခဲ့ရသည်။ ထိုနေရာသည်လည်း တဖြည်းဖြည်း တရုတ်မှုပြုခြင်း ခံခဲ့ရခြင်းကြောင့် တရုတ်စကား မတတ်သော ဒေသခံများမှာ ဖယ်ရှားခံလိုက်ရသကဲ့သို့ နေရပ်စွန့်ခွာခဲ့ကြရသည်။
ထိုစီမံကိန်းများတွင် ကာစီနိုရုံများနှင့် အတူ တရုတ်မာဖီးယားများ ဝင်ရောက်လာပြီး ဒေသခံ ရဲတပ်ဖွဲ့ပင် ထိန်းသိမ်းရခက်ခဲသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ဥပဒေ ကင်းမဲ့မှုများ ဆိုးဝါးလာပြီး နောက်ဆုံး ကမ္ဘောဒီယား အစိုးရသည် တရုတ်အစိုးရထံပင် အကူအညီတောင်းခဲ့ရသည်။
ယခုလည်း ထိုရာဇဝတ်ဂိုဏ်းများနှင့် စပ်ဆက်နေသည့် တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အပေါ် မေးခွန်းထုတ်မှုများဖြစ်နေသည်။ ထိုအဖွဲ့များသည် မြန်မာအစိုးရ၏ လုပ်ထုံးလုပ်နည်းများကို ကျော်လွှားလာခြင်းနှင့် ၎င်းတို့၏ နောက်ကြောင်းရာဇဝင်ကို မမြင်နိုင်ခြင်းအပေါ် ပြစ်တင်နေမှုများရှိသည်။
တရုတ်စီမံကိန်းဘက်ကလည်း ကနဦးတွင် တရုတ်အစိုးရက ဆောင်ရွက်နေသော ခေတ်သစ်ပိုးလမ်းမစီမံကိန်း (OBOR) အသွင်ပြောနေသော်လည်း ထိုပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံသားများမဟုတ်ဘဲ ကမ္ဘောဒီးယား နိုင်ငံတွင် လောင်းကစားနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများဟု သတင်းထွက်ပြီးနောက် လေသံပြောင်းသွားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr.Chen Hai ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင် ၁၆ ရက်နေ့က တွေ့ဆုံစဉ်က ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ OBOR စီမံကိန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင် အတည်ပြုသွားသည်။
တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တရုတ်သံအမတ်ကြီးက ပြောသွားပါတယ်၊ သူတို့စီမံကိန်းမှာလည်း မပါဘူး။ လုပ်နေတဲ့သူသည် ကမော္ဘဒီးယားနိုင်ငံသား တယောက်ဖြစ်တယ်၊ တရုတ်နဲ့လုပ်နေတဲ့ OBOR စီမံကိန်းတွေနဲ့ မဆက်စပ်ပါဘူး။ တပ်မတော် အနေနဲ့ကလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း တွေအညီ၊ ကျနော်တို့ဆီကလည်း BGF ဘက်ကလည်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ကျ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
စီမံကိန်းဖော်ဆောင်နေသည့် Myanmar Yatai International Holding Group ၏ ဒုဥက္ကဌ Mr. Harry Wang က စီမံကိန်းအခြေခံအဆောက်အအုံပိုင်းသည် တရုတ်အစိုးရ၏ OBOR ရည်မှန်းချက်နှင့် ကိုက်ညီနေသည့်အတွက် ဆက်စပ်မှုရှိရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။
Mr. Harry Wang က “မူလအစမှာတော့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြေခံ အဆောက်အအုံပိုင်းဟာ BRI ရဲ့ရည်မှန်းချက်တွေနဲ့ ကိုက်ညီနေတဲ့အတွက် BRI နဲ့ဆက်စပ်မှုရှိစေရှိဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာကတော့ ကျနော်တို့ရဲ့ ရွှေကုက္ကိုလ်စီမံကိန်းဟာ BRI နဲ့ အခုဆိုရင် လုံးဝဆက်စပ်မှုမရှိတဲ့အပြင် တရုတ်အစိုးရရဲ့ ထောက်ပံ့ပေးမှု လုံးဝမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် တရုတ်မာဖီယားများနှင့် ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍လည်း ၎င်းက ငြင်းဆိုခဲ့ပြီး မည့်သည့် တရားမဝင်အသင်းအဖွဲ့သော်လည်းကောင်း၊ တဦးတယောက်နှင့် သော်လည်းကောင်း ပတ်သက်ခြင်းမရှိဘဲ မြန်မာအစိုးရချမှတ်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကရင်ပြည်နယ်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းတခုအဖြစ် ရပ်တည်သွားမည်ဟုဆိုသည်။
ဦးဇော်ဌေးက “သာမာန် Business နိုင်ငံခြားသား ပါဝင်ပတ်သက်မှုက တမျိုးပေါ့။ လက်နက်ကိုင် နယ်မြေတွေမှာ ဒီလိုမျိုး နိုင်ငံခြားသားတွေ ပါဝင်ပတ်သက်လာတာက တမျိုးပေါ့။ ဒါမျိုးကြတော့ ကျနော်တို့ လက်နက်ကိုင်တွေဘက်ကလည်း ဒီနိုင်ငံရဲ့ တည်ဆဲဥပဒေပိုင်းတွေကို လိုက်နာဖို့လိုတယ်။ ဒီအဖွဲ့အစည်းတင်မကဘူး တခြားအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒီလိုမျိုး လုပ်နေတာတွေရှိတယ်။ လုပ်ဖို့ ဆိုင်းပြင်းနေတာတွေလည်း ရှိတယ်ပေါ့နော်။ ရှိတော့ ဒါတွေက ရေရှည်အတွက်လည်း မကောင်းဘူး။ ဒေသခံ ပြည်သူလူထုအတွက်လည်း မကောင်းဘူး။ နိုင်ငံတော် အတွက်လည်း မကောင်းဘူး” ဟု ဇူလိုင် ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင်း တရုတ်ရာဇဝတ် ဂိုဏ်းများ ပတ်သက်မှုမရှိရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းလုပ်ဆောင်နေသည့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးစောမင်းမင်းဦးက ဧရာဝတီသို့ပြောထားသည်။
ဦးစောမင်းမင်းဦးက “သတင်းတွေထွက်နေသလို တိကျတဲ့ အထောက်အထားတွေရရင် အစိုးရအဖွဲ့နဲ့ လက်တွဲပြီးတော့ လုပ်မှာပါ။ ကျနော်တို့က ကိုယ့်ဟာကို တစင် ထောင်ပြီး လုပ်တာမျိုးမဟုတ်ပါဘူး”ဟု ဆိုသည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအရေး စိတ်ဝင်စားသည့် နိုင်ငံအချို့က စိုးရိမ်မှုရှိခဲ့သလို အိမ်နီးခြင်း ထိုင်းနိုင်ငံကလည်း နာမည်ကြီး တရုတ် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေသည် ဆိုသည့် ထိုစီမ့ကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်။
အစိုးရ ကိုင်တွယ်ဖို့ ခက်နေပြီလား
“ရွှေကုက္ကိုလ်လို ကိစ္စက သာမန်အခြေအနေနဲ့ မတူဘူး။ နည်းနည်းလေး ရှူပ်ထွေးလာတာက ဘာလဲ ဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပါဝင် ပတ်သက်မှုက ပါလာတယ်” ဟု ဦးဇော်ဌေး ကိုယ်တိုင်က သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများနှင့် ညီမညီ စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စေလွှတ်ထားသည့် အဖွဲ့၏ အစီရင်ခံစာလည်း သမ္မတရုံးသို့ တင်ပြလာပြီဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။ အဆိုပါ စစ်ဆေးရေး အဖွဲ့ထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အပါအဝင် သက်ဆိုင် ရာ ဌာနအသီးသီးက အဖွဲ့ဝင်များ ပါမည်ဟုသိရသည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းအား တရားဝင်ခွင့်ပြုထားသည့် ရင်းနှီးမြုပ်နှံမှု ပမာဏအား ရှင်းပြရန် မြဝတီမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က မေးမြန်းခဲ့ခြင်းအပေါ် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဗရက်ဆင်းက ဇူလိုင် ၁၅ ရက်နေ့က လွှတ်တော်တွင် လာရောက် ဖြေရှင်းခဲ့သော်လည်း မြေပြင် အခြေအနေနှင့် များစွာ ကွဲလွဲနေသည်ဟု ဆိုသည်။
ဦးစိန်ဗိုလ် က “MIC နဲ့ သူတို့ ခွင့်ပြုထားတဲ့ဟာက မြေပြင် အခြေအနေနဲ့ ကွဲလွဲနေတာပေါ့၊ ကွဲလွဲနေတာကို သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးပြီးတော့ ဥပဒေအရ အရေးယူဖို့ပါပဲ။ ဒီနေရာမှာ သူ (ဝန်ကြီး) ပြောသွားတာက MIC က ရင်းနှီးမြှုပ်နှံမှု လုပ်ပိုင်ခွင့်ပဲ ထုတ်ပေးတယ်။ ကျန်တဲ့ အပိုင်း အရေးယူဖို့က သက်ဆိုင်ရာ ဌာနတွေရှိတယ်။ သူတို့နဲ့ ညှိနှိုင်း ပေါင်းစပ် အရေးယူဖို့ပဲ ဖြစ်ပါတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ရွှေကုက္ကိုလ် အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် တရုတ် လုပ်ငန်းရှင်များလုပ်ဆောင်နေသည့် စီမံကိန်း ကိစ္စများနှင့် ပတ်သက်ပြီး အာဏာရ အစိုးရ အနေဖြင့် ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲ့လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
KNU သည် အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ထားသည့် အဖွဲ့ဖြစ်၍ ထိလွယ်ရှလွယ် ကိုင်တွယ် ဆောင်ရွက်ရမည့် အခြေအနေရှိသကဲ့သို့ BGF သည်လည်း တပ်မတော် လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သဖြင့်
စုံစမ်း စစ်ဆေးမှု အပေါ် ပွင့်လင်းမြင်သာမှုနှင့် ဓမ္မဓိဌာန် ကျကျ ကိုင်တွယ် ဆောင်ရွက်နိုင်မလား ဆိုသည့် သံသယ ဖြစ်မှုများ ရှိနေသည်။
ဥပမာ ပြရလျှင် မြဝတီမြို့ပေါ်နှင့် သောင်ရင်းမြစ် ကမ်းနားတလျှောက်တွင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဖွင့်လှစ်ထားသည့် တရားမဝင် လောင်းကစားရုံများ ထင်ထင်ရှားရှား တွေ့မြင်ရသော်လည်း အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိပေ။
You may also like these stories:
တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်
ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း ဒုဝန်ကြီးအဖြေ မြေပြင်အခြေအနေနှင့် လွဲနေဟုဆို
ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော
နယ်ခြားစောင့်တပ်ဆိုတာ တရုတ် ကုမ္ပဏီတွေကို ကူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး