မြန်မာရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့ ညီနောင် ကွန်မြူနစ်တွေကို လက်နက်အင်အား လူအင်အား ကူညီခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။
Communist Party of Burma (CPB) လို့ လူသိများတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP လို့လည်း ခေါ်ကြတယ်) ကို ၁၉၆၀ နောက်ပိုင်းကစပြီး လက်နက်အင်အား၊ လူအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ကူညီခဲ့ဖူးပါတယ်။
ထို့အတူပဲ အိန္ဒိယ-မြန်မာနယ်စပ်က သူပုန်တွေကို ကူညီခဲ့ဖူးပါတယ်။ အိန္ဒိယဟာ တရုတ်ရဲ့ ယှဉ်ပြိုင်ဘက် ဖြစ်တဲ့အတွက် အိန္ဒိယအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် သူပုန်တွေကို တရုတ်က ကူညီခဲ့တာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယဟာ ၁၉၆၂ မှာ ဟိမဝန္တာတောင်ကြားမှာ စစ်ဖြစ်ခဲ့တယ်ဆိုတာကို သိဖို့လိုပါတယ်။ အိန္ဒိယက အမေရိကန်နဲ့ ဆိုဗီယက် ရုရှား (အခုတော့ ရုရှားနိုင်ငံ) ဆီက အကူအညီ တောင်းခဲ့ရာမှာ ဆိုဗီယက်က လေယာဉ်နဲ့ စစ်လက်နက် အကူအညီတွေ ပေးခဲ့ပါတယ်။
ပြောပြချင်တာက တရုတ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်က နာဂသူပုန်တွေကို လက်နက်အကူအညီနဲ့ သင်တန်းတွေ စတင်ပြီး အကူအညီ ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က နာဂခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ Thinoselie Medom နဲ့ Thuingaleng Muivah ဆိုတဲ့ လူငယ်နှစ်ဦးကို တရုတ်တွေက ယူနန်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒီ နာဂခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ခရီးကြမ်းကို လေးလလောက်သွားပြီး တရုတ်နယ်စပ်ကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ယူနန်ကနေ ဘေဂျင်း (ပီကင်း) ကို လေယာဉ်နဲ့ ခေါ်သွားပြီး တရုတ်အာဏာပိုင်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆွေးနွေးကြပါတယ်။
နောက်ပိုင်းမှာတော့ လူပေါင်း ၁၃၀ ကို တရုတ်နယ်စပ်ကိုပို့တယ်။ လေ့ကျင့်ရေးစခန်းကို ယူနန်ပြည်နယ် အနောက်ပိုင်း ကTengchong ဆိုတဲ့အရပ်နဲ့ မနီးမဝေးမှာဖွင့်ပြီး စစ်ရေးလေ့ကျင့်ခန်းတွေ ပေးခဲ့တယ်။ နောက်ပိုင်းမှာ နာဂသူပုန်တွေ အသုတ်လိုက် အသုတ်လိုက် တရုတ်နယ်စပ်ကိုရောက်လာတာ ၇၀၀ နီးပါး ရှိခဲ့တယ်။
ထူးခြားတာက ဒီနာဂတွေရဲ့ အစပထမ တရုတ်နဲ့ တွေ့ဖို့ကို ကြားကစီစဉ်ပေးခဲ့တာ ပါကစ္စတန်ရဲ့ စစ်ထောက်လှမ်းရေး အရာရှိတွေပဲဖြစ်တယ်။ (ပါကစ္စတန်ဟာ တရုတ်နိုင်ငံရဲ့ တပည့်နိုင်ငံ သစ္စာတော်ခံဆိုတာ သိဖို့လိုပါတယ်)။
ဒီနောက်ပိုင်းမှာတော့ နာဂသူပုန်တွေနဲ့ အိန္ဒိယတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကို တွေ့ရပါ တယ်။ တရုတ်က လက်နက်ကောင်းတွေ ထောက်ပံ့ခဲ့သလို သင်တန်းတွေလည်း ကောင်းကောင်းပေးခဲ့တယ်။ အိန္ဒိယကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့က တရုတ်ရဲ့ အဓိကရည်ရွယ်ချက်ပဲဖြစ်တယ်။
နာဂအုပ်စုတွေကို သင်တန်းပေး လက်နက်တွေတပ်ဆင်ပြီး နောက်ပိုင်းမှာတော့ မီဇို (Mizo) တွေကို ဆက်ပြီး သင်တန်းပေးခဲ့ပါတယ်။ မီဇိုသူပုန်တွေကလည်း အိန္ဒိယပြည်မှာ သီးခြားပြည်နယ် တောင်းဆို တိုက်ပွဲဝင်နေသူ တွေဖြစ်တယ်။ ဒီသူပုန်တွေကိုလည်း တရုတ်နယ်စပ်ကို မြန်မာနယ်ထဲကပဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ပထမဆုံး မီဇိုအုပ်စုက ၁၉၇၃ မှာ တရုတ်နယ်စပ် ပန်းဝါဒေသကိုရောက်တယ်။ စစ်သင်တန်းကို Kotong ဆိုတဲ့ နေရာမှာပေးခဲ့တယ်။ ကချင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ နေရာဖြစ်ပါတယ်။ ပြီးတော့ Meng Hai ဆိုတဲ့ တောင်ပိုင်း ယူနန်မှာလည်း နောက်လာတဲ့ အသုတ်တွေကို ဆက်ပြီးသင်တန်းပေးပါတယ်။
မီဇိုသူပုန် ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ Laldenga နဲ့ Lalining Thanga ကတော့ ပီကင်းကို သွားရောက်ခဲ့ပါတယ်။ သူတို့ကတော့ ယူနန်နဲ့ ပီကင်းကို လမ်းလျှောက်စရာ မလိုပါဘူး။ လေယာဉ်ပျံနဲ့ ပါကစ္စတန်ကပဲ ပီကင်းကိုသွား ရောက်ခဲ့ကြပါတယ်။
တရုတ်နဲ့ ပါကစ္စတန်ဟာ အိန္ဒိယအစိုးရကိုပုန်ကန်မယ့် တိုင်းရင်းသားတောင်ပေါ်သူပုန်တွေကို လက်နက်တပ်ဆင် ပေးနေတာ အထင်အရှားပဲဖြစ်တယ်။
နာဂနဲ့ မီဇိုသူပုန်ခေါင်းဆောင်တွေဟာ ပီကင်းမှာနေထိုင်နေစဉ်အတွင်း အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ Zhou Enlai (ချူအင်လိုင်း) နဲ့လည်း တွေ့ဆုံခွင့်ရပြီး အကူအညီတွေအတွက် ကတိတွေအများကြီး တရုတ်ဆီကရခဲ့တယ်။
၁၉၇၆ မှာတော့ မဏိပူရ တော်လှန်ရေး ကသည်းသူပုန်တွေ နီပေါကတဆင့် တိဗက်ကိုရောက်ခဲ့တယ်။ မဏိပူရ ကသည်းသူပုန်တွေက လူနည်းစု။ သူတို့ကတော့ လက်နက်သင်တန်းနဲ့ နိုင်ငံရေးအခြေခံသင်တန်းတွေကို တရုတ်ဆီ ကသင်ယူခဲ့တယ်။ တိဗက်မြို့တော် လာဆာမှာဖြစ်တယ်။
ပြီးတော့ Imphal Valley ဆိုတဲ့ အင်ဖာတောင်ကြားမှာ ကသည်းသူပုန်တွေရဲ့ သူပုန်ထတာကို အကြမ်းဖက်တာတွေကို စတင်ပြီး တွေ့ရပါတယ်။ ကသည်းသူပုန်တွေက People’s Liberation Army (PLA) လို့ အမည်တပ်ခဲ့ပြီး (တရုတ်ရဲ့ တပ်မတော် PLA နဲ့ ခပ်ဆင်ဆင်ဆိုပါတော့) နိုင်ငံရေးအဖွဲ့အနေနဲ့ Revolutionary People’s Front ဆိုတာကိုဖွဲ့ပြီး ခေါင်းဆောင်ခဲ့သူက Nameirakpam Bisheshwar Singh ပဲဖြစ်တယ်။ သူက လာဆာမှာ သင်တန်းတက်ခဲ့သူ။
ဒီလို အိန္ဒိယ-မြန်မာနယ်စပ်က တိုင်းရင်းသားသူပုန်တွေကို သင်တန်းပေး လက်နက်ထောက်ပံ့နေချိန်မှာလည်း တရုတ်ကွန်မြူနစ်ပါတီဟာ CPB ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း အကြီးအကျယ် ထောက်ပံ့နေချိန်ဖြစ်ပါတယ်။ ပဲခူးရိုးမမှာ ဗကပ တွေနဲ့ မြန်မာ့တပ်မတော် တိုက်ပွဲတွေဖြစ်နေသလို တရုတ်-မြန်မာနယ်စပ်မှာလည်း ဗကပတွေ အင်အားစုစည်းခဲ့ပြီဖြစ်ပါတယ်။
ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး မော်စီတုန်းက ၁၉၇၆ ဇူလိုင်လမှာ သူသုံးသပ်တာကို နောက်ပိုင်း မှာ ပြန်လည်တွေ့ရှိတာကတော့ “အခြေအနေတွေကတော့ အတော်ကောင်းပါတယ်။ အိန္ဒိယရဲ့ နာဂဒေသ (Naga Land) မှာတော့ အာဏာရ ကွန်ဂရက်ပါတီ(Congress Party)ကို လက်နက်ကိုင်ပြီးတိုက်နေကြပြီ။

မြန်မာရဲ့ ပထဝီဝင် အနေအထားက ဗီယက်နမ် နိုင်ငံထက် ပိုကောင်းတယ်။ နေရာအရွှေ့အပြောင်း ကစားရတာ ပိုပြီး ကောင်းတယ်။ တကယ်လို့များ မြန်မာအစိုးရက ကျုပ်တို့နဲ့ ဆက်ဆံရေးဆိုးအောင် ပိုလုပ်မယ် ဆန့်ကျင်မယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းသေးတယ်။ ကျုပ်တို့က ဗကပကို ပိုပြီးပွင့်ပွင့်လင်းလင်း ဗြောင်ပဲ ပုံအောကျတာပေါ့” လို့ ပြောဆိုခဲ့ဖူးပါတယ်။
၁၉၆၇ ခုနှစ်မှာ တရုတ်-ဗမာ အရေးအခင်း မြန်မာပြည်မှာဖြစ်တယ်။ ရန်ကုန်က တရုတ်သံရုံး တိုက်ခိုက်ခံရတယ်။ တရုတ်လူမျိုးတွေ အများအပြား အရေးအခင်းမှာ သတ်ဖြတ်ခံရတယ်။ ရေဒီယိုပီကင်းကနေ ဗိုလ်ချုပ်နေဝင်းရဲ့ အစိုးရကို ဖက်ဆစ်-ဖောက်ပြန်ရေး အစိုးရဆိုပြီး ကြိမ်းမောင်းခဲ့တယ်။ တရုတ်ရဲ့ အကူညီပေးရေး အစီအစဉ်ကို ရပ်ဆိုင်းပြီး တရုတ်သံအမတ်ကို ပြန်ခေါ်တယ်။
တရုတ်နိုင်ငံမှာ အဲဒီအချိန်က ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲနေချိန်။ မြန်မာတောတွင်းက ဗကပတွေကလည်း တရုတ်ကိုအတုယူပြီး ဖြုတ်ထုတ်သတ်လမ်းစဉ်ကို တောတွင်းမှာ လုပ်ဆောင်ကြတယ်။
တရုတ်-မြန်မာနယ်စပ်မှာတော့ ကချင်ခေါင်းဆောင် (KIO) Zau Tu တရုတ်ပြည်ကို သွားရောက်လည်ပတ်ပြီး ချူအင်လိုင်းနဲ့ တွေ့ခဲ့တယ်။ ပီကင်းမှာနေထိုင်နေတဲ့ ဗကပခေါင်းဆောင် သခင်ဗသိန်းတင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဗကပ ခေါင်းဆောင်တွေကို သေသေချာချာ တရုတ်နိုင်ငံမှာ နေထိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၆၈ မှာတော့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဗကပတပ်တွေဟာ တရုတ်နယ်ထဲကနေ မြန်မာနယ်ထဲကို အလုံးအရင်းနဲ့ ဝင်တိုက်ပါတယ်။ ဇန်နဝါရီလက ပထမအပတ် အေးချမ်းတဲ့ဆောင်းရာသီမှာ ဖြစ်တယ်။ အဲဒီတပ် တွေကို ဦးဆောင်ခဲ့သူတွေကတော့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးတို့ပဲ ဖြစ်ကြပါတယ်။
ဥက္ကဌ မော်စီတုံးကတော့ တရုတ်အမှတ်တံဆိပ်နဲ့ လက်နက်တွေကို စွဲကိုင်တော်လှန်နေတဲ့သူတွေဟာ ကမ္ဘာကြီးရဲ့ တော်လှန်ရေးကို လုပ်ဆောင်နေသူတွေဖြစ်တယ် ဆိုပြီး ကြွေးကြော်နေချိန်ဖြစ်ပါတယ်။ အိန္ဒိယကတော့ ဒါကိုသဘော မကျလှပါဘူး။ ဒါကြောင့် နာဂသူပုန်တွေဆီကမိတဲ့ တရုတ်လက်နက်တွေကို ကမ္ဘာ့ကုလသမဂ္ဂဆီကို တင်ပြပြီး တိုင်ကြားတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်ကတော့ ဒါကို လုံးဝဂရုမစိုက်ခဲ့တဲ့အပြင် အိန္ဒိယနိုင်ငံထဲက တရုတ်လိုလားသူ ကွန်မြူနစ်အဖွဲ့တွေကိုပါ ရွေးချယ်ပြီး ထောက်ပံ့ကူညီရေးတွေ သင်တန်းပေးတာတွေ လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ အမေရိကန်ရဲ့ C.I.A ကလည်း တိဗက်သူပုန်တွေကို လက်နက်နဲ့သင်တန်းတွေ ပေးနေချိန်ဖြစ်တယ်။ တရုတ်သိမ်းယူထားတဲ့ တိဗက်ကို ပြန်လည်သိမ်းယူဖို့ တိုက်ပွဲဝင်တဲ့ တိဗက်တွေပဲ ဖြစ်ပါတယ်။
တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို အိန္ဒိယက လက်ခံထားတာဖြစ်တယ်။ နီပေါနယ်ထဲမှာတော့ တိဗက် သူပုန် တွေဟာ စခန်းချထားတာဖြစ်တယ်။ ၁၉၇၄ မှာတော့ နီပေါနဲ့တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့် အောင်မြင် ခဲ့ပြီး တရုတ်ကလည်း ထောက်ပံ့ရေးအကူအညီတွေကို နီပေါကို ရက်ရက်ရောရော ပေးခဲ့တဲ့အတွက် နီပေါတပ်မတော် က တိဗက်သူပုန်တွေကို ရှင်းထုတ်ပေးခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်က သူပုန်တွေကို တရုတ်က ပြောင်ပြောင်တင်းတင်း ကူညီထောက်ပံ့ခဲ့တာ ၁၉၇၆ ခုနှစ် အထိ ဖြစ်တယ်။ မော်စီတုံးဟာ အဲဒီနှစ်မှာ ကွယ်လွန် ခဲ့ပါတယ်။
အသစ်တက်လာတဲ့ တိန်ရှောင်ဖိန်ရဲ့လက်ထက်မှာ Free-Market Economy ကို စတင်ကျင့်သုံးတယ်။ တရုတ်ပြည် တံခါးဖွင့်ဝါဒကို စွဲကိုင်ခဲ့တယ်။ တရုတ်ဟာ ဓနအင်အား ချမ်းသာကြွယ်ဝလာခဲ့တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြောင့် ဆိုပါတော့။
နာဂသူပုန်တွေကို ထောက်ပံ့တာတွေကိုလည်း ၁၉၇၆ မှာ စတင်ပြီး ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဆက်ဆံရေး တွေ ကတော့ ရှိနေဆဲဖြစ်တယ်။ တရုတ်ကြီးခေါင်းဆောင် မော်စီတုံးရဲ့ တော်လှန်ရေးကို Export လုပ်တဲ့ခေတ် ကုန်သွား ပေမယ့် အိန္ဒိယသူပုန်တွေနဲ့ တရုတ်ရဲ့ အထူးလျှို့ဝှက် ထောက်လှမ်းရေး အကြား ဆက်ဆံရေး ရပ်မသွားခဲ့ပါဘူး။
စစ်ကိုင်းတိုင်း မြောက်ပိုင်းအတွင်းက တကားမှာ စခန်းချလှုပ်ရှားနေတဲ့ နာဂသူပုန်တွေနဲ့ အဆက်အသွယ် မပြတ်ခဲ့ ပါဘူး။ အဲဒီ နာဂသူပုန်တွေကလည်း မြန်မာနယ်ထဲက ဖြတ်ကျော်ပြီး အိန္ဒိယကို ဆက်ပြီးတိုက်နေတာ ဖြစ်တယ်။
မြန်မာ့တပ်မတော်ကလည်း အဲဒီနေရာတွေကို နယ်မြေစိုးမိုးရေးဆိုတာ မလုပ်နိုင်ခဲ့ပါဘူး။ နာဂ၊ ကသည်းနဲ့ အာသံ သူပုန်တွေဟာ ချင်းတွင်းမြစ်ဖျားက တကား ဒေသမှာပဲ ၂၀၁၄ က အထူးအစည်းအဝေးကျင်းပပြီး United National Liberation Front of Western South East Asia (UNLFSEA) ဆိုပြီး ဖွဲ့စည်းခဲ့ပါသေးတယ်။
ခေါင်းဆောင်ကတော့ ရှန်ဝမ် ရှန်ယန် ကပ်ပလန်(Shangwang Shangyung Khaplang)ပဲဖြစ်တယ်။ သူဟာ မြန်မာပြည်က နာဂတိုင်းရင်းသားပဲ ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်မှာ ၁၉၆၀ ဝန်းကျင်က သင်တန်းတွေ တက် ရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

နာဂတွေဟာ ၁၉၇၀ ကတည်းက နှစ်ဖွဲ့ကွဲသွားခဲ့တယ်။ တဖွဲ့ကတော့ NSCN (Isak – Muivah) (NSCN IM) ဖြစ်ပြီး နောက်တဖွဲ့ကတော့ (NSCN (Kaplang) ဒါမှမဟုတ် NSCN (K) ပဲဖြစ်တယ်။
နာဂသူပုန်တွေဟာ တရုတ်ဆီကလက်နက်တွေကို ဆက်လက်ပြီး ဝယ်ယူနေဆဲဖြစ်တယ်။ မြန်မာပြည်ထဲကပဲ သယ် ယူနေခဲ့တာ ဖြစ်ပါတယ်။ တရုတ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ North Industries Corporation (NORINCO) နဲ့ အဆက်အသွယ်ရှိသလို ကြားကပွဲစားတွေနဲ့ တရုတ်ပြည် ယူနန်က ရွှေလီမှာ ဆက်သွယ်သလို ထိုင်းနိုင်ငံ ဘန်ကောက်မှာလည်း ဆက်သွယ်ကြပါတယ်။
NSCN-K ဟာ မြန်မာအစိုးရနဲ့ရော အိန္ဒိယအစိုးရနဲ့ပါ အပစ်အခတ် ရပ်စဲရေးကို ၂၀၀၁ မှာ အိန္ဒိယနဲ့ ၂၀၁၂ မှာ မြန်မာနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
NSCN-K ဟာ အစိုးရနှစ်ရပ်နဲ့ လက်မှတ်ထိုးခဲ့တဲ့ တခုတည်းသော သူပုန်အဖွဲ့ ဖြစ်တယ်ဆိုတာတော့ သတိထားမိမှာပါ။ ၂၀၁၅ မှာတော့ အိန္ဒိယနဲ့ ထိုးထားတာပျက်ပြီး တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။ အိန္ဒိယတပ်တွေကို အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်။ အကျအဆုံးများတယ်။ ၂၀၁၅ ဇွန်လဆန်းက တိုက်ပွဲဆိုရင် အိန္ဒိယစစ်သား ၁၈ ယောက်ကို နာဂသူပုန်တွေက သုတ်သင်ခဲ့တယ်။
နောက်ဆုံးမှာတော့ အိန္ဒိယ အထူးကွန်မန်ဒိုတပ်တွေဟာ မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး နာဂစခန်းတွေကို တိုက် ခိုက်ခဲ့ရပါတယ်။ တိုက်မယ့် သတင်းကိုတောင် မြန်မာ့တပ်မတော်ကို ကြိုပြီး အကြောင်းမကြားခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အောက်ခြေက တပ်တွေ အရာရှိတွေက သူပုန်တွေကို သတင်းသွားပေးမှာ စိုးလို့ပဲဖြစ်ပါတယ်။

NSCN (K) ရဲ့ခေါင်းဆောင် ကပ်ပလန်ဟာ ဇွန်လ ၂၀၁၇ မှာ ဆုံးပါးကွယ်လွန်ခဲ့တယ်။ သူ့နေရာကို ယူတဲ့သူကတော့ United Liberation Front of Assam ဆိုတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် Paresh Baruah ပဲ ဖြစ်တယ်။ သူကတော့ တရုတ်-မြန်မာနယ်စပ်မှာ အနေများတယ်။ Ruili ဆိုတဲ့ ရွှေလီ (မြန်မာနိုင်ငံ နယ်စပ်မြို့ မူဆယ်မြို့နဲ့ ကပ်ရပ်)ဟာ ကသည်း သူပုန်တွေ ကျက်စားနေထိုင်တဲ့ နေရာလည်းဖြစ်တယ်။
နာဂနဲ့ ကသည်းသူပုန်တွေဟာ တရုတ်လက်နက်တွေကို ဝယ်ယူသလို မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှာရှိတဲ့ ပန်းဝါ ဒေသက စခုန်တိန်ရင်း (Zakhung Ting Ying)ဆီကလည်း ဝယ်ယူခဲ့တယ်။ စခုန်တိန်ရင်းဟာ NDAK ခေါ်တဲ့ New Democratic Army – Kachin ရဲ့ ခေါင်းဆောင်တဦးပါ။ သူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဗကပဟောင်းတဦးပဲဆိုပါတော့။
တရုတ်ပညာရှင်တွေက အဲဒီနယ်မှာလာပြီး လက်နက်စက်ရုံ ကူညီတည်ဆောက်ပေးတယ်လို့ ယုံကြည်ရတယ်။
အဲဒီစက်ရုံကနေ အော်တိုမက်တစ်ရိုင်ဖယ်၊ ပစ္စတို စတဲ့လက်နက်တွေကိုထုတ်ပြီး ဝယ်သူသုံးစွဲသူတွေကတော့ အိန္ဒိယ သူပုန်တွေပဲ ဖြစ်တယ်။ လက်နက်တွေကိုတော့ ထရပ်ကားတွေနဲ့ပဲ မြစ်ကြီးနား၊ မိုးကောင်း၊ ခန္တီး စတဲ့ လမ်းကြောင်း တွေကနေ သယ်ယူကြပါတယ်။
လမ်းမှာတော့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို မြိုးမြိုးမြက်မြက်လေး ပေးရတယ်။ တရုတ်နယ်ထဲက လက်နက်တွေကို လည်း ဒီလိုပဲ ရွှေလီ၊ လာရှိုး၊ မန္တလေး၊ မုံရွာကနေ အိန္ဒိယနယ်စပ်ထိ သယ်ကြပါတယ်။ လမ်းမှာလည်း ပိုက်ဆံပေးပြီး သယ်ရတာဖြစ်ပါတယ်။
ထူးခြားတာက ULFA ဟာ UWSA ဆိုတဲ့ ဝတပ်တွေ ဝခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတာဖြစ်တယ်။ ဝဟာ သူ့ရဲ့ လက်နက်အဟောင်းတွေကို အိန္ဒိယနယ်စပ်က သူပုန်တွေကို ရောင်းပေးလေ့ရှိတယ်။ ဒီလိုလုပ်တာကိုလည်း တရုတ်ရဲ့ ထောက်လှမ်းရေး မသိလို့ မရပါဘူး။ သူတို့အားလုံးသိပါတယ်။
ဘာကြောင့်လဲဆိုတော့ ဝခေါင်းဆောင်တွေ ဘယ်သွားသွား တရုတ်က လိုက်ပါနေလို့ပဲ ဖြစ်တယ်။ ဝရဲ့ လက်နက် တွေကို မြန်မာပြည်တွင်းက အခြားလက်နက်ကိုင်တွေကလည်း ဝယ်ယူသုံးစွဲတာဖြစ်တယ်။ ဒါတွေအားလုံးကို တရုတ်က မသိဘူးဆိုတာ မဖြစ်နိုင်။

တရုတ်တွေဟာ ULFA ခေါင်းဆောင် Paresh Baruah ကို ခိုလှုံခွင့် ပေးထားတယ်။ ဒါ့အပြင် တရုတ် ထောက်လှမ်း ရေးတွေဟာ နာဂရဲ့ ဌာနချုပ် တကားစခန်းကို သွားရောက်လည်ပါတ်ခဲ့ဘူးတယ်။ တကြိမ်ထက်မကဘူး။
တရုတ်ဟာ အိန္ဒိယနယ်စပ်မှာ ခုလို သူပုန်တွေကို တဖက်လှည့်နဲ့ ထောက်ပံ့ကူညီနေတာဟာ သူ့ရဲ့ အကျိုးစီးပွား ကြောင့်လည်း ဖြစ်တယ်။ ဒီနေရာမှာ မတည်မငြိမ်ဖြစ်နေတာကို သူဟာ လိုလားတယ်။ ဒါ့အပြင် မြန်မာနဲ့အိန္ဒိယ ဆက်ဆံရေးတွေ နီးစပ်သွားမှာကို မလိုလားဘူး။ မြန်မာတွေရဲ့ အချုပ်အခြာအာဏာဟာ အဲဒီနယ်စပ်တွေကို မထိရောက်တာဟာလည်း တရုတ်တွေအတွက် အိန္ဒိယသူပုန်တွေအတွက် အခွင့်အလမ်းကောင်းပဲ ဖြစ်တယ်။
အချုပ်မှာတော့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြားမှရှိတဲ့ ပထဝီနိုင်ငံရေး အင်အားစမ်းပွဲ။ မြန်မာဟာ ကြားမှာ ရပ်တည်နေရတယ်။
တရုတ်ဟာ မြန်မာကို သူ့ရဲ့ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေအတွက်၊ ပိုးလမ်းမသစ် စီမံကိန်းအတွက်၊ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက်ရရေးအတွက် လက်လွှတ်မှာ မဟုတ်သလို တဖက်မှာလည်း သူ့ရဲ့ ပြိုင်ဖက် အိန္ဒိယကို စိတ်အနှောင့်အယှက်ဖြစ်အောင် အိန္ဒိယမြန်မာနယ်စပ်က သူပုန်တွေကို ဆက်လက်ပြီး စောင့်ကြည့်အားပေးနေဦးမှာပဲ ဖြစ်တယ်။
ဒါဟာ တရုတ်ရဲ့ ဗျူဟာပဲ ဖြစ်တယ်။ ULFA ရဲ့ Parseh Baruah ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာခင်က မော်စကို ခရီးစဉ်အတွင်း အိန္ဒိယတပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကိုလည်း အိန္ဒိယက မြန်မာကို ကသည်း၊ နာဂ သူပုန်တွေကို တိုက်ဖို့အတွက် အားပေးခဲ့သလို ငွေရေးကြေးရေး အကူအညီတွေတောင် ပေးခဲ့တယ်လို့ စွပ်စွဲ ပြောဆိုခဲ့တာဖြစ်တယ်။
ဤဆောင်းပါးမှ သတင်းအချက်အလက်များသည် သတင်းစာဆရာ စာရေးဆရာ ဘာတီးလ်လင်တနာ၏စာအုပ် China’s India War: Collision Course on the Roof of the World ဆိုသော စာအုပ်မှ ထုတ်နုတ်၍ ရေးသားခြင်းဖြစ်သည်။
You may also like these stories:
အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး
သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ
ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ