ဆောင်းပါး

ခင်ပွန်းတွေကို AA ဖမ်းသွားလို့ ဒုက္ခရောက်နေကြတဲ့ ချင်းအမျိုးသမီးများဘဝ

Want create site? Find Free WordPress Themes and plugins.

“ကျမလည်း မီးဖွားပြီးစ အမျိုးသားကလည်း မရှိဆိုတော့ ငွေလိုလို့ သွားချေးတာ မချေးပေးကြဘူး။ ကြောက်လို့တဲ့။ အရင် က ကူညီကြသေးတယ်။ AA ဖမ်းသွားတယ်လည်း သိရော ဘယ်သူမှ မခေါ်မပြောတော့ဘူး” လို့ ဝမ်းနည်းသံနဲ့ ပြောရင်း ဒေါ်နှင်းဆီ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။

ဒေါ်နှင်းဆီရဲ့ ခင်ပွန်း ဦးထွန်းလှ ပျောက်သွားပြီး ၁ လအကြာမှာတော့ ထွက်ပြေး လွတ်လာတဲ့ ရွာသားတဦးရဲ့ ပြောပြချက်အရ ဦးထွန်းလှကို AA အဖွဲ့က ဖမ်းထားကြောင်း မထင်မှတ်ဘဲ ကြားသိလိုက်ရတဲ့အတွက် ဒေါ်နှင်းဆီ (အမည် လွှဲ) စိတ်ထိခိုက်ကာ မူးမေ့လဲကျခဲ့ရပါသေးတယ်။

တောထဲမှာ ထင်းသွားရှာတဲ့ ဦးထွန်းလှကို AA အဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခြင်းခံရခဲ့တာကြောင့် အခုဆိုရင် ၁ နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ပူဆွေး သောကတွေကို ယခုအချိန်ထိ ခံစားနေရဆဲ ဖြစ်တာကြောင့် သူ့အနေနဲ့ ဒီလို ပြောနိုင်ဖု့ိကို အချိန်များစွာ အားယူနေ ရတုန်း။

“ပျောက်သွားပြီးမှ သူ့အကြောင်း သိရတာဆိုတော့ လူတကိုယ်လုံး ရှိန်းဖိန်းပြီး လူက လေထဲမှာ မြောက်တက်သွားသလိုပဲ။ ရင်ထဲမှာလည်း တစ်တစ်ဆို့ဆို့ကြီးနဲ့ အသက်ရှုကျပ်လာတယ်။ မျက်လုံးတွေ ပြာပြီး အမှောင်ကျသွားတာပဲ” လို့ အသက် ၃၅ နှစ် အရွယ် ဒေါ်နှင်းဆီက သူခံစားခဲ့ရတာကို ပြန်လည် ပြောပြပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး ၁ နှစ် နီးပါး ကြာအောင် စစ်ရေး တင်းမာခဲ့တဲ့ ဒေသတခု ဖြစ်တယ်။

တိုက်ပွဲတွေကြောင့် လုံခြုံရေးနဲ့ စစ်ရေးအရ ဆိုကာ ပလက်ဝ ဒေသခံတချို့ကို မသင်္ကာမှုနဲ့ AA က ဖမ်းဆီး စစ်ဆေးတာ ရှိသလို တပ်မတော်ဘက်ကလည်း AA နဲ့ ပတ်သက်လို့ သံသယရှိခဲ့ရင်လည်း ဖမ်းဆီး စစ်ဆေးတာတွေ လုပ်လေ့ရှိပါ တယ်။

ဒီလိုမျိုး အိမ်တအိမ်ရဲ့ အိမ်ထောင်ဦးစီး ဒါမှမဟုတ် စီးပွားရှာပေးသူတွေ အဖမ်းခံရတဲ့အခါ သူတို့အပေါ်မှာ မှီခိုနေကြရတဲ့ မိသားစုဝင်တွေ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ များစွာ ပူးဆွေးသောက ရောက်ရသလို ဒုက္ခမျိုးစုံကိုလည်း ခါးစည်းခံ ရပါတော့တယ်။

ဦးထွန်းလှရဲ့ အမျိုးသမီး ဒေါ်နှင်းဆီဆိုရင် ခင်ပွန်း အဖမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်က သူ့ကို ဝိုင်းဝန်း စောင့်ရှောက်မှု မပေးတော့ဘဲ လူမှု အသိုင်းအဝိုင်းတခုလုံးက ပစ်ပယ်တာကို ခံနေရတယ်။

လက်ရှိမှာတော့ ဒေါ်နှင်းဆီအနေနဲ့ ကိုယ်ပိုင် စိုက်ခင်းလေးထဲက ရတဲ့ ဟင်းရွက်ဟင်းသီးနဲ့ အလှူရှင်တွေ ပေးဝေထားတဲ့ ဆန် ၁ အိတ်နဲ့ ရပ်တည် နေထိုင်နေပါတယ်။

ဖခင် မရှိတော့ဘဲ သားသမီး ၄ ယောက်ရဲ့ လုံခြုံရေးနဲ့ အသက်ရှင် နေထိုင်နိုင်ရေးအတွက် ရှာဖွေကျွေးမွေးရမယ့် တာဝန် က ကြီးလေးလွန်းတာကြောင့် မီးဖွားပြီးစ မိခင် တယောက်အနေနဲ့ ရေရှည် လုပ်ဆောင်နိုင်ဖို့က မလွယ်ကူလှပါဘူး။

“လူစိမ်း မြင်တာနဲ့ ကြောက်နေရတဲ့ ဘဝမှာ နေချင်စိတ်တောင် မရှိတော့ပါဘူး။ အဲဒီနေ့က ကလေးက ၂ လ မပြည့်သေးတဲ့ အချိန်၊ ကျမကလည်း ယောက်ျား ပြန်မလာလို့ စိတ်ပူပြီး တညလုံးငို၊ မအိပ်လည်း မအိပ်ဆိုတော့ လန့်ပြီး နို့မထွက်တော့လို့ စိတ်ဆင်းရဲတာ ဆိုတာလေ။ ဘာလုပ်ရမှန်းကို မသိတော့ဘူး” လို့ ဒေါ်နှင်းဆီက သူ့ရဲ့ သောကကို ရင်ဖွင့်ပါတယ်။

ဦးထွန်းလှ အဖမ်းမခံရခင် အချိန်ထိ ဒေါ်နှင်းဆီတို့ မိသားစု ၆ ယောက်ဟာ ပလက်ဝမြို့နယ်ကနေ ၁၂ မိုင်ကျော်ဝေးတဲ့ ဘောင်ဝကျေးရွာမှာ တောထဲက ရလာတဲ့ ထင်းတွေ၊ အခင်းက ထွက်တဲ့ သီးနှံတွေလှည့်လည် ရောင်းချရင်း အေးအေးချမ်းချမ်း နေထိုင်ခဲ့တာပါ။

ရခိုင် စစ်မီးကို သယ်လာတဲ့ AA အဖွဲ့ ပလက်ဝ ဒေသကို ရောက်လာချိန်မှာတော့ ဒေါ်နှင်းဆီတို့ ဘဝတွေ အပါအဝင် ပလက်ဝ ဒေသခံ အားလုံးဟာ စစ်ပွဲရဲ့ မြေဇာပင် ဖြစ်ခဲ့ရတယ်။

အလားတူ မြေဇာပင် ဖြစ်ရတဲ့သူတွေထဲမှာ ဘောင်ဝနဲ့ အောက်သဲမဝ ကျေးရွာက ခူမီး ချင်းအမျိုးသမီး ၅ ယောက်လည်း ပါဝင်ပါတယ်။ သူတို့ အမျိုးသားတွေလည်း ဒေါ်နှင်းဆီရဲ့အမျိုးသားလိုပဲ ဝမ်းစာအတွက် အလုပ်လုပ်ရင်း AA ဖမ်းဆီးတာ ခံလိုက်ရတာပါ။

သူတို့ အဖမ်းခံရတာ ယခုနှစ် ဇူလိုင်လ ၁၆ ရက်ဆိုလျှင် ၁ နှစ်တိတိ ပြည့်ပြီဖြစ်ပေမယ့် ယခုအချိန်အထိ သူတို့တွေနဲ့ ပတ် သက်ပြီး ဘာသတင်းမှ မရသလို အိမ်ကိုလည်း ပြန်ရောက်မလာသေးတဲ့အတွက် ကျန်ရစ်သူ မိသားစုဝင်တွေအနေနဲ့ ပိုလို့ သောကရောက်နေပုံ ရပါတယ်။

ဘောင်ဝကျေးရွာမှာ နေတဲ့ အသက် ၂၈ နှစ်အရွယ် ဒေါ်ငယ်ထွေးရဲ့ အမျိုးသား ဦးချစ်နွဲ့ ဆိုရင် “မနက် ၄ နာရီလောက်မှာ လူစိမ်းတွေ ရောက်လာတယ်။ သူတို့တွေက ရခိုင်တွေပေါ့။ စက်လှေနဲ့ ရွာကို ကပ်လာတာ။ ဦးချစ်နွဲ့ကို ခေါ်ပြီး ရှိလားလို့ မေးတယ်။ သူက ပွဲစားဆိုတော့ နွားလိုချင်တယ်လို့ ပြောတာ နွားတကောင် သိန်း ၃၀ ဆိုတော့ ယူမယ်ဆိုတာနဲ့ နွားသွား ရှာပေးတာ။ နွားရလာတော့ ပိုက်ဆံကို တံတားဦးမှာ လိုက်ယူလို့ ပြောတော့ သွားလိုက်ယူရင်း ဒီနေ့အထိ ပြန်မလာတော့ တာ” လို့ ဒေါ်ငယ်ထွေးက ပြောပြပါတယ်။

သူ့ယောကျ်ား ပြန်မလာလို့ အုပ်ချုပ်ရေးမှူးကို သွားပြောတဲ့အခါ ပလက်ဝ အုပ်ချုပ်ရေးမှူးကို သွားတိုင်ခိုင်းပေမယ့် ဒေါ်ငယ် ထွေးက သူ့ယောက်ျားကို AA က ဒုက္ခပေးမှာ စိုးတာနဲ့ ကိုယ်တိုင်ကလည်း ကြောက်တာကြောင့် သွားမတိုင်ခဲ့ဘူးလို့ ဆိုပါ တယ်။

ဒေါ်ငယ်ထွေးဆို သူ့ယောက်ျား ပျောက်သွားပြီးနောက်မှာ ဦးချစ်နွဲ့ကို AA ဖမ်းထားလို့ ၂ ကြိမ်တိုင်တိုင် အိပ်မက်မက်တဲ့ အထိ သူ့မှာ စိုးရိမ်ထိတ်လန့်မှုတွေက ကြီးစိုးနေခဲ့ပါတယ်။ ဒါကြောင့် ဒေါ်ငယ်ထွေးအနေနဲ့ လက်ရှိရွာကနေ ပြောင်းရွေ့ နေထိုင်ဖို့ စီစဉ်နေပါတယ်။
သို့ပေမယ့် ဦးချစ်နွဲ့ရှိစဉ်က တောင်ယာအတွက် ယူထားတဲ့ အကြွေး ၂၉ သိန်းလောက် ရှိတဲ့အတွက် ဦးချစ်နွဲ့ကို လွှတ်ပေး ရင် လွှတ်ပေး၊ လွှတ်မပေးပါက AA အနေနဲ့ အကြွေးဆပ်ပေးစေချင်တယ် လို့လည်း ဒေါ်ငယ်ထွေးက သူ့ဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အလားတူ အောက်သဲမဝ ကျေးရွာမှာလည်း အလုပ်ကိစ္စနဲ့ နန်တာဝရွာကို သွားပြီး အပြန်မှာ AA အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံ လိုက်ရတဲ့ အမျိုးသား ၄ ယောက်လည်း ရှိပါသေးတယ်။

အောက်သဲမဝ ရွာသားတွေဖြစ်တဲ့ ဦးကျော်ဆန်း၊ ဦးစိုးရဲအောင်၊ ဦးကျော်လင်းနဲ့ ဦးကျော်ကျော်သန်းတို့က ၂၀၁၉ ခုနှစ် ဇူ လိုင်လ ၁၆ ရက် ညနေ ၆ နာရီ ဝန်းကျင်လောက်မှာ ပျောက်သွားခဲ့တာ ဖြစ်တယ်။

ဆိုင်ကယ်ကယ်ရီ မောင်းတဲ့ ဦးကျော်ဆန်းနဲ့ ဦးကျော်လင်းတို့ဟာ တောင်ယာ အလုပ်က မဖြစ်ထွန်းတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ဆိုင်ကယ်ကယ်ရီ ဆွဲနေတာ ၂ ပတ်သာ ရှိသေးတဲ့အတွက် သူတို့ဇနီးသည်တွေ အနေနဲ့ ပိုလို့ စိတ် ထိခိုက် နေပုံရပါတယ်။

သူတို့ ပျောက်သွားတဲ့နေ့က နေဝင်ချိန်အထိ ပြန်ရောက်မလာကြသေးတဲ့ အတွက် ဦးကျော်ဆန်းရဲ့ ဇနီး ဒေါ်ရိုထီက ဖုန်း ဆက်လိုက်တဲ့ အခါ ဦးကျော်ဆန်းရဲ့ဖုန်းက နန်းတာဝရွာမှာ ကျန်ခဲ့တဲ့အတွက် သူတို့ ပြန်သွားကြောင်း သိလိုက်ရတာ ဖြစ် တယ်။

“အောက်ရွာမှာ ရှိမလား မေးတော့လည်း အောက်ရွာလည်း မရှိဘူးတဲ့။ အရက်ဆိုင်မှာလား မေးတော့လည်း မရှိဘူး။ ဖမ်း တာက စစ်တပ်မှာလား AA ဆီမှာလားတော့ မသိဘူး။ မှောင်နေလို့ မနက်မှ ရှာကြမယ်ပေါ့” လို့ ဒေါ်ရိုထီက အဲဒီနေ့ အဖြစ် အပျက်ကို ပြန်ပြောပြပါတယ်။

နောက်နေ့မှာ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရွာသား အယောက် ၂၀ နဲ့ တောနင်းရှာတဲ့အခါ ညနေ ၃ နာရီ လောက်မှာ သူ တို့ စီးသွားတဲ့ ဆိုင်ကယ်ကို တွေ့လိုက်တဲ့အတွက် သွားယူဖို့ ပြင်တဲ့အချိန်မှာပဲ ပုန်းနေတဲ့ AA စစ်သားတွေ ထွက်လာတာ ကြောင့် ရွာသားတွေဟာ ကြောက်ပြီး ပြန်လာခဲ့ကြတယ်။

ဒေါ်ရိုထီက“AA တွေ ဆိုင်ကယ်နားမှာတွေ့တယ် ဆိုတော့ AA တွေ ဖမ်းသွားတာပဲပေါ့။ ဆိုင်ကယ်လည်း ပြန်မယူခဲ့ဘူး။ ဆိုင်ကယ် တွေ့တဲ့ နေရာနဲ့ ရွာနဲ့က ဆိုင်ကယ်နဲ့သွားရင် နာရီဝက်လောက် သွားရတယ်။ အဲဒီနေရာက ဖုန်းလိုင်းမမိဘူး”လို့ ဆိုပါတယ်။

သူတို့အနေနဲ့ တောင်ယာ လုပ်ငန်း အဆင်မပြေတော့လို့ ရတဲ့အလုပ်လေး လုပ်ရင်း တနေ့ရှာ တနေ့စား ဘဝနဲ့ ရပ်တည်နေ ရတာကြောင့် ခင်ပွန်းများ မရှိတော့တဲ့အခါ ခက်ခဲနေတဲ့ စားသောက် နေထိုင်မှုအတွက် ဆွေမျိုးတွေထံကနေ အကူ အညီ တောင်းနေရတယ်လို့ ဒေါ်ရိုထီက မပွင့်တပွင့် ပြောပါတယ်။

“အခုဆိုရင် ထင်းတွေဘာတွေ အရောင်းအဝယ် မကောင်းဘူး။ နောက် ကျမတို့ ရွာနားမှာ သူတို့အဖွဲ့ ရှိတယ်။ အလုပ် လည်း မထွက်ရဲဘူး။ နီးနီးနားနား အလုပ်ရှိရင်တော့ သွားလုပ်တယ်။ တရက်ရှာ တရက်စားတွေမှ ဒီလို ဒုက္ခတွေ ကြုံရ တယ်” လို့ သူက ညည်းတွား ပြောဆိုပါတယ်။

ဦးကျော်ဆန်းက သူ့သမီးငယ်လေး ၄ နှစ်ပြည့် မွေးနေ့မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပြီး သူ့အဖေ ပြန်မလာတော့တဲ့ နောက် ပိုင်း ကလေးက ဖခင်ကို မကြာခဏမေး၊ မေးနေတဲ့အတွက် ပြန်လာမှာ။ အဝေးကို ပိုက်ဆံ ရှာသွားတယ်လို့ လိမ်ထားရ ကြောင်း သမီးငယ်ကို ကြည့်ရင်း ဒေါ်ရိုထီက ဝမ်းနည်းစကား ဆိုပါတယ်။

သူတို့ ၄ ယောက် ပျောက်သွားပြီး လအနည်းငယ်ကြာတဲ့ ညနေခင်း နေဝင်ခါစ အချိန် ဘိန်းခင်းမှာ မြေဆွနေတဲ့ ရွာသား တဦးကို AA အဖွဲ့ဝင်တွေက ဆန် ၆ ပြည်လောက် လာတောင်းတဲ့အကြောင်းကို ဦးကျော်ဆန်းရဲ့ ဇနီးက ပြန်ပြော ပြပါတယ်။

အဲဒီ ရွာသားက ဆန်မရှိဘူးလို့ ပြောဆိုတဲ့အခါ ရှိတဲ့စားစရာတွေကို AA အဖွဲ့ဝင်တွေက ဝိုင်းဖွဲ့စားရင်း စကားပြောဖြစ်ကြ တော့ “ရွာသားက ဖမ်းခံထားရတဲ့ ကျနော်တို့ ရွာသားတွေ ရှိသေးလား” လို့ မေးလိုက်တော့ AA အဖွဲ့က ရှိတဲ့အကြောင်း အနောက်ကမ်းခြေမှာ ထား ထားတယ်လို့ ပြောတယ် လို့ ဒေါ်ရိုထီက ဆိုပါတယ်။

ယောကျ်ားဖြစ်သူ ပျောက်ဆုံးသွားပြီး နောက်ပိုင်း သူတို့ရွာနားမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့အတွက် သူတို့ ယော က်ျားတွေကို တိုက်ပွဲထဲ ခေါ်သွားမလားလု့ိ စိုးရိမ်ပူပန်မှုကြောင့် ဘယ်သူနဲ့မှ စကားမပြောချင်သလို အလုပ်လည်း မလုပ် နိုင်တော့ပါလု့ိ သူတို့ရဲ့ စိုးရိမ် ပူပန်တာတွေကို ဖွင့်ဟကြပါတယ်။

AA အဖွဲ့က သူတို့ရွာ အနီးနားမှာ ရှိနေပြီး ရွာထဲကို ဝင်/ထွက် သွားလာတာတွေ ရှိတဲ့အတွက် ရွာသားတွေအနေနဲ့ ကြောက်ရွံ့ကြတာကြောင့် ရွာသားတွေ ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး မမေးရဲသလို AA အကြောင်းကို စကားထဲကို ထည့် မပြောရဲတဲ့အထိ ကြောက်ရွံ့နေကြတယ်။

ဒါပေမယ့် သူတို့တွေ ရေဒီယိုမှာ နားထောင်ရတာကတော့ AA တွေက ချင်းပြည်က လူတွေကို မဖမ်းထားဘူး။ သူတို့ လက် ထဲမှာလည်း မရှိဘူးဆိုတော့ လက်အောက်ငယ်သားတွေ လုပ်တာ လူကြီးတွေက သိပုံမရတဲ့အတွက် သူတို့ ယောက်ျား တွေ ပြန်လာရေးက မသေချာ မရေရာလှဘူး လို့လည်း သုံးသပ်နေကြပါတယ်။

ဒီလိုမျိုး အရပ်သားတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပလက်ဝဒေသရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက “အရပ်သားတွေ ဖမ်းဆီးတာကို ဘယ်သူကမှ ဘာမှ မလုပ်ပေးပါဘူး။ လုပ်ပေးလို့လည်း မရဘူး။ ဘာလို့ဆို ကိုယ်တိုင်တောင် ကြောက်နေရ တာ။ သက်ဆိုင်ရာကလည်း လုံခြုံရေးအရ သွားလာလို့ မရတဲ့ နေရာတွေ ရှိနေတော့။ အရပ်သားတွေက ဖမ်းခံရလို့ သတ် လိုက်ရင်လည်း သေဖို့ပဲ ရှိတယ်” လို့ ပြောပြပါတယ်။

သူတို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် လက်နက်ကိုင်တွေကို ကြောက်ရွံ့နေရပြီး မလုံခြုံတဲ့အတွက် ပြောင်းပြေးကြ တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးများလည်း ရှိနေတယ် လို့ သူက အသိပေးပါတယ်။

ချင်း လူ့အခွင့်အရေး အဖွဲ့(CHRO)မှ သတင်းအချက်အလက် ရှာဖွေရေးဌာန၏ တာဝန်ခံ ဆလိုင်းတေရကလည်း “အဲဒီလို ဖမ်းရင် ဒေသခံတွေရဲ့အိုးအိမ် လုံခြုံမှုကို ထိခိုက်တယ်။ ကျန်တဲ့ ဒေသခံတွေလည်း လုံခြုံရေးအပေါ် ပိုစိုးရိမ်ရတယ်။ အဲဒီလို မဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဆောင်ရွက်ပေးသင့်တယ်။ နောက် အခုလို ဖမ်းခံရတယ်ဆိုရင် လည်း သက်ဆိုင်ရာ အဖွဲ့တွေက ချက်ခြင်း လုပ်ဆောင်ပေးသင့်တာ။ အခုဆိုရင် ရက်တအား ကြာသွားပြီ။ တချို့ဆို ၁ နှစ် ကျော် ကြာတာတွေလည်း ရှိတယ်” လို့ ထောက်ပြပြောဆိုပါတယ်။

ဒီလို ဒုက္ခဆိုးတွေကို စစ်မက်ဖြစ်ပွားရာ ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ဒေသတွေက အမျိုးသမီးတွေလည်း အလားတူ မလွဲမသေ ခံစားကြရတာပါပဲ။

မိမိလူမျိုးအတွက်၊ အမျိုးသားရေး အတွက်ဆိုပြီး တိုက်နေတဲ့ တိုက်ပွဲတွေဟာ အမျိုးသားတွေရဲ့အလုပ်လို့ ပြောနေကြပေ မယ့် တကယ့်တကယ် စစ်ပွဲတွေ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက အပူပေါ် အပူဆင့်ပြီး စစ်ရဲ့ဆိုးကျိုးကို တိုက်ရိုက် ခံစားရသလို သွယ်ဝိုက်၍လည်း ခံစားကြရပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး ဒေါ်နှင်းဆီက သူ့ရင်ထဲမှာ လောင်မြိုက်နေတဲ့ သောကမီးတွေ အကြောင်းကို အခုလိုပဲ ဖွင့်ဟလိုက် ပါတယ်။

“ဒီစစ်ပွဲတွေက ကျမတို့ကြောင့် ဖြစ်တာမှ မဟုတ်တာ။ ဒါပေမယ့် စစ်ကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခတွေ အားလုံး ကျမတို့ ခံရတယ်။ ကျမ မေးချင်တာက တိုက်ပွဲတွေကို ဘယ်သူတွေက ဘာအတွက်ကြောင့် တိုက်နေတာလဲ။ ဒီတိုက်ပွဲတွေ ကြောင့် ကျမတို့ ဒုက္ခတွေကို ဘယ်သူတွေက စာနာပေးမှာလဲ”

ဆက်စပ်ဖတ်ရှုရန်

AA နှင့် ဆက်နွယ်မှုဖြင့် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

စစ်ပဋိပက္ခကြားက ပြည်သူတွေရဲ့ ဒုက္ခ

Did you find apk for android? You can find new Free Android Games and apps.
Loading