စစ်ရေး ပဋိပက္ခ အကျပ်အတည်းများ လုံးထွေးနေသည့် ရခိုင်ပြည်နယ်တွင် လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲက မည်သို့ဖြစ်မည်ကို ကြည့်ရှုရခြင်းက စိတ်ဝင်စားစရာ ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည်။
အာဏာရ ပါတီကို ယှဉ်ပြိုင်မည့် ပြည်နယ်တွင်းရှိ နိုင်ငံရေး ပါတီများက လူငယ်များ အသုံးပြုကာ အနိုင်ရရေး ကြိုးပမ်းလာနေသည်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် ၃၈၆ ဦး အမည်စာရင်း တင်သွင်းထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ (ခွဲ)ထံမှ သိရသည်။
မွတ်ဆလင် ကိုယ်စားလှယ်လောင်းများကိုပင် မြင်တွေ့လာရသည်။
ထိုကိုယ်စားလှယ်လောင်းများထဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၄၂ ဦး၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာ အတွက် ကိုယ်စားလှယ်လောင်း ၉ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။
ပြည်နယ်အတွင်း မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။
ကြိုးဝိုင်းပေါ် တက်လာကြတဲ့ ပါတီများ
ပြည်နယ်အတွင်း အင်အားကြီးပါတီ တခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) တွင် နိုင်ငံရေးလောကတွင် ထင်ရှားသည့် ဦးဦးလှစော၊ လက်ရှိပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့၏ နေရာတွင် လူငယ်ခြေတက်များကို အစားထိုး ရွေးချယ်လာသည်။
သမိုင်း အစဉ်အလာ ကြီးမားခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကလည်း ဝါရင့်နိုင်ငံရေးသမားဖြစ်သည့် ဦးအေးသာအောင်တို့ နေရာတွင် ခေတ်ပညာလူငယ်ဖြင့် လူစားလဲကာ ကြိုးဝိုင်းထဲသို့ အသီးသီး ဝင်ရောက်လာသည်။
အလားတူ အကျဉ်းကျခံနေရသော ဒေါက်တာအေးမောင်၏ သားဖြစ်သူ ပါဝင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီအနေဖြင့်လည်း ပြီးခဲ့သော ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက် ပါတီများကို တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်ကာ ပွဲဦးထက် အနိုင်ရရှိထားသည့် စံချိန်ကို ဆက်လက် အရှိန်ယူ၍ အောင်နိုင်ရေးသရဖူကို ဆွတ်ခူးနိုင်ဖို့ စိုင်းပြင်းနေသည်။
ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးထွန်းကြည်ကမူ “ယှဉ်ပြိုင်မှုကတော့ တော်တော်လည်း ပြင်းထန်မယ်။ ပါတီတွေ အပေါ်မှာတော့ လူထုကတော့ နေရာ ဒေသအလိုက် အကြိုက်ချင်း မတူကြဘူး။ သူ့ထောက်ခံမှုနဲ့ သူတော့ အနိုင်ရမယ့် သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ANP နှင့် AFP ပါတီအကြား ယှဉ်ပြိုင်မှု
နိုင်ငံရေးလောကတွင် “အမြဲတမ်း ရန်သူ၊ အမြဲတမ်း မိတ်ဆွေ မရှိ” ဆိုသည့် ဆိုရိုးစကား အတိုင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ခွဲထွက်ပြီး ပါတီသစ်ဖြင့် ပြိုင်ပွဲဝင်လာသည့် ရခိုင့်ဦးဆောင်ပါတီ (AFP)ကမူ လာမည့် ရွေးကောက်ပွဲတွင် အမတ် နေရာ ၄၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
အဓိကပြိုင်ဘက်ပါတီမှာ ပြည်နယ်အတွင်း အင်အားကြီးပါတီ တခုဖြစ်သည့် ANP ပါတီဖြစ်ကြောင်း AFP ပါတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဇောဦးက ထုတ်ဖော် ပြောကြားသည်။
ဦးကျော်ဇောဦးက “ကျနော်တို့ အဓိက ယှဉ်ပြိုင်ရမယ့် ပါတီက ANP ပါတီနဲ့ ဖြစ်ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
AFP ပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် အထိုက်အလျှောက် အနိုင်ရရှိခဲ့မည် ဆိုပါကလည်း ပြည်နယ်၏ အုပ်ချုပ်ရေး အာဏာကိုမူ ရနိုင်ခြေ မရှိကြောင်း ပါတီ ခေါင်းဆောင် ဦးကျော်ဇော်ဦးက ဆိုသည်။
၎င်းက “ တိုက်ပွဲဖြစ်လို့ မုန်တိုင်းထန်နေတဲ့ ကာလမှာ ရခိုင်ပြည်သူတွေကိုယ်စား ရဲရဲဝံ့ဝံ့ ရပ်တည်ပြီးတော့ စကားပြောဝံ့တဲ့ အသံတသံ အဲဒီအသံကို နောက်ခံပြုနိုင်ဖို့ အမတ် ရှိပြီး တော့ အဖွဲ့ရှိဖို့လောက်ကိုပဲ ကျနော်တို့ အဓိက ရည်မှန်းတယ်” ဟု ဆိုသည်။
ဆက်လက်ပြီး “ ရခိုင့်ဦးဆောင်ပါတီဆိုတဲ့ နာမည်နဲ့ လိုက်အောင် ထိပ်က ဦးဆောင်ဖို့ အကြီးဆုံးပါတီအဆင့်။ ရခိုင်ပါတီ တွေကို စုစည်းလို့ ရချင်မှာရမှာပေါ့ ။ သို့သော်လည်း ကျနော်တို့က နံပါတ် ၁ နေရာကနေပြီးတော့ ကျန်တဲ့ ပါတီတွေကို လမ်းညွန်ပြီး ရှေ့ဆက်မယ်ဆိုပြီးတော့ မျှော်မှန်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပါတီတခုတည်း၏ ထီးရိပ်အောက်တွင် အတူ နေထိုင်ခဲ့ကြသည့် ANP နှင့် AFP ခေါင်းဆောင်ပိုင်းများမှာ အကြောင်းသိသူများ ဖြစ်ကြသည့်အတွက် ဘတပြန် ကျားတပြန်ဖြင့် ၎င်းတို့၏ အမာခံ နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မဲဆန္ဒ နယ်များတွင် ယှဉ်ပြိုင်မှု ပြင်းထန်လာမည်မှာ အသေအချာပင် ဖြစ်သည်။
ANP အနေဖြင့် ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဆိုပါက ပြိုင်ဘက် အားလုံးကို လျှော့မတွက်ဘဲ အားမာန် အပြည့်ဖြင့်သာ ယှဉ်ပြိုင်ပြီး အနိုင်ယူသွားမည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးထွန်းအောင်ကျော်က ပြောသည်။
ဦးထွန်းအောင်ကျော်က “ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင်တော့ အားရှိတဲ့ ပါတီတွေနဲ့ ပြိုင်ရမယ်ဆိုတော့ ဘယ်ပါတီနဲ့ မဆို အားလုံးကို အားထည့်ပြီးတော့ ယှဉ်ပြိုင်သွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
လာမည့်ရွေးကောက်ပွဲအလွန် ပြည်ထောင်စုအဆင့်တွင် ညွန့်ပေါင်းအစိုးရ တရပ် ပေါ်ပေါက်လာနိုင်ခြေရှိသည့်အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့်လည်း ပြည်နယ်အစိုးရတရပ်ဖွဲ့ပြီး အုပ်ချုပ်ရေး အာဏာကို ရယူနိုင်ရန် အဆင့်ထိ မျှော်မှန်း ထားသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် လူတဦး နှစ်ပါတီဝင်ထားသူ မဖြစ်ရဆို သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ ပြိုင်ဘက်ပါတီများကို အလဲထိုးနိုင်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီသို့ ဝင်ရောက်သွားသူကို နုတ်ထွက်ခွင့် မပေးပေ။
သို့ဖြစ်ရာ မိခင် ANP ပါတီမှ ခွဲထွက်ခဲ့သော်လည်း နုတ်ထွက်ခွင့် မရသေးသည့်အတွက် ဦးအောင်သောင်းရွှေ၊ ဦးခင်မောင်လတ်နှင့် ဦးကျော်လွင်တို့မှာ လာမည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အဖြစ်သာ ရွေးကောက်ပွဲ ဝင်ရမည် ဖြစ်သည်။
ANP ပါတီသည် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် အောက်ခြေပါတီဝင်များဖြင့် စနစ်တကျ ဖွဲ့စည်း ထားသော်လည်း ပါတီ သက်တမ်းနုနယ်သေးသော ရခိုင့်ဦးဆောင်ပါတီ (AFP) သည် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသည့် ဒေါက်တာအေး မောင်၏ ပုံရိပ်ယူထားသည်ဖြစ်ရာ ပြီးခဲ့သော ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အခင်းအကျင်း ကဲ့သို့ ရလဒ်ကောင်းထွက်ဖို့ မလွယ်ကူနိုင်တော့ပေ။
NLD နဲ့ ALD အားပြိုင်မှု
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကနဦးအခြေအနေမှာ ရခိုင်ပြည်နယ် အတွင်းက မင်းပြားမြို့နယ် အပါအဝင် မဲဆန္ဒနယ် တချို့တွင် ယှဉ်ပြိုင်ရန် လစ်လပ်မည့် အနေအထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်လာသည့် အတွက် မဲဆန္ဒနယ် အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည် စာရင်း တင်သွင်းထားပြီ ဖြစ်ကြောင်း NLD ပါတီမှ ရခိုင်ပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။
ဦးစိုးလေးက “ကျနော်တို့ပါတီက နေရာအပြည့် အကုန် ဝင်ပြိုင်ဖို့ ကော်မရှင်မှာ တင်ထားပြီးပြီ။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနေရာ ရောပဲ။ နေရာအားလုံး ဝင်ပြိုင်ဖို့ တင်ထားပါတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီအနေဖြင့် ရခိုင်တပြည်လုံး နေရာ အပြည့်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း မဲဆန္ဒနယ် မည်မျှ အနိုင်ရရှိမည် ဆိုသည့် ကိစ္စ အပါအဝင် မည်သည့်ပါတီနှင့် အဓိက အကြိတ်အနယ်ယှဉ်ပြိုင် ရမည်ဆိုသည်ကိုမူ မပြောကြား လိုကြောင်း ဦးစိုးလေးက ဆိုသော်လည်း စောင့်ကြည့်လေ့လာသူများကမူ ရခိုင်မြောက်ပိုင်းတွင် ANP နှင့် AFP ပါတီများသာမက တောင်ပိုင်း၌လည်း ALD ပါတီနှင့် အဓိက ယှဉ်ပြိုင်ရနိုင်ကြောင်း သုံးသပ်နေသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံဖြစ်သော တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်များတွင် ယင်းတို့ ပြိုင်ဘက် ဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD ) ပါတီမှ လူသစ်များဖြင့် ပွဲထုတ် ကစားလာသည်ကိုလည်း တွေ့လာရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာတင်မာအောင်သည် တောင်ကုတ် မဲဆန္ဒနယ်အမှတ် ( ၂ )တွင် ပြည်နယ် လွှတ်တော် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီ ဖြစ်သည်။
“ ကိုယ်ကလည်း ရခိုင်ဖြစ်တယ်။ မြောက်ဦးမှာလည်း ကွင်းဆင်းပြီးတော့ အမြဲလုပ်နေတာရှိတယ်။ ရခိုင်သဟာယအသင်း အဖွဲ့မှာလည်း လုပ်ကိုင်နေတာရှိတယ်။ ရခိုင်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း သိနေတယ်လေ။ သို့သော်လည်း ထဲထဲ ဝင်ဝင် လုပ်နိုင်ဖို့ အတွက် ရခိုင်ပြည်ဘက်မှာ ရွေးကောက်ပွဲ ဝင်မှသာလျှင် ဖြစ်မယ်ဆိုတဲ့အတွက် ရွေးကောက်ပွဲ ဝင်တာပါ” ဟု ဒေါက်တာ တင်မာအောင်က သူ့၏ရည်ရွယ်ချက်ကို ဧရာဝတီနှင့် အင်တာဗျူးရာတွင် ပြောဆိုထားသည်။
သူ ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်သည် NLD ပါတီမှ လက်ရှိပြည်နယ်အမတ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် အနိုင်ရရှိထားသော နယ်မြေ တခုဖြစ်သည့် အတွက် NLD ပါတီနှင့် ALD ပါတီ တို့၏ ယှဉ်ပြိုင်မှုမှာ နိုင်ငံရေး စောင့်ကြည့်လေ့လာသူများ စိတ်ဝင်တစား စောင့်ကြည့်ရမည့် ယှဉ်ပြိုင်မှုတခု ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ANP ပါတီနှင့် AFP ပါတီတို့အကြား ယှဉ်ပြိုင်မှု ပြင်းထန်လာမည့် အခြေအနေ ရှိသလို တောင်ပိုင်းတွင်လည်း တချိန်က မဟာမိတ်ဖြစ် ခဲ့ကြသည့် NLD ပါတီ နှင့် ALD ပါတီတို့အကြား ယှဉ်ပြိုင်မှု ပြင်းထန်မည့် အနေအထားရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဒေါက်တာတင်မာအောင်အား ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် ရွေးကောက်ပွဲဝင်ရန် တာဝန်ပေးအပ်ရခြင်းမှာ ရခိုင်ပါတီ၏ ခေတ် အဆက်ဆက် သမိုင်းတွင် တကြိမ် တခါမှ မနိုင်သော နေရာတွင် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ရန် အတွက် တာဝန်ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးမျိုးကျော်က “သံတွဲခရိုင်လို နေရာမျိုးမှာ ရခိုင်ပါတီတွေဟာ ခေတ်အဆက်ဆက်မှာ တကြိမ်တခါမှ မနိုင်ဖူးဘူး။ အဲဒီဟာတွေကို သုံးသပ်ကြည့်တဲ့အခါ ဒီနေရာမှာ ဒေါက်တာတင်မာအောင်ကို ရွေးကောက်ပွဲဝင်ဖို့ တာဝန် ပေးခြင်းအားဖြင့် ရခိုင်နိုင်ငံရေး သမိုင်းမှာ မှတ်တိုင်သစ် အဖြစ် ပြန်ပြီး ထူထောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက် ဝင်ပြိုင်ဖို့ တာဝန် ပေးခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်လူထုကြားတွင် လက်ရှိလူကြိုက်များပြီး ရေပန်းစားနေသူ ဒေါက်တာ တင်မာအောင်သည် ဒေါ်အောင်ဆန်းစုကြည် ထံတွင် အနီးကပ်သွားရောက်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ တခုအတွက် ကူညီပံ့ပိုးခဲ့သူဖြစ်ရာ ပါတီမူဝါဒ ကွဲလွဲမှု ရှိသော်လည်း လက်ရှိ အာဏာရ NLD ခေါင်းဆောင်များနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိသည်ဟု ဆိုရပေမည်။
သူ့ကို လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာ ခန့်အပ် တာဝန်ပေး ခံရနိုင်ခြေရှိသည်ဟု မျှော်မှန်းထင်မြင်ချက်များ ရှိနေပြီး ဒေါက်တာတင်မာအောင်ကမူ အနိုင်ရရှိပြီးမှသာလျှင် ပါတီ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ပြောဆိုနိုင်မည့် အကြောင်းအရာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအပေါ် ဒေသခံပြည်သူများက အမြင်မကျေလည်မှုရှိသည့် အတွက် NLD ပါတီဝင်များ အနေဖြင့် စိန်ခေါ်မှုနှင့် အခက်အခဲ တချို့ လည်း ရှိနေသည်။
NLD ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ မုံရွာအောင်ရှင်ကလည်း
“ ရခိုင်က မြို့နယ်တချို့မှာ မပြိုင်တော့ဘူးဆိုပြီး လုပ်ခဲ့တာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နေရာအပြည့် ဝင်ပြိုင်မယ်။ ဘယ်နှစ်နေရာလောက် နိုင်မယ် ဆိုတာတော့ တပ်အပ် ပြောလို့မရဘူးဗျ။ ဒီနှစ် ရွေးကောက်ပွဲကတော့ ရခိုင် အပါအဝင် ဒေသအားလုံးမှာ ကျနော်တို့ တော်တော် လေး ကြိုးစား ရုန်းကန်ရမယ့် အနေအထားတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
NLD သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် အနိုင်မရရှိခဲ့ဘဲ တောင်ပိုင်း မြို့နယ်များတွင် အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော်တွင် ချင်းတိုင်း ရင်းသား ဝန်ကြီး နေရာ အပါအဝင် အမတ်နေရာ ၉ နေရာ အနိုင်ရရှိခဲ့သည်။
ရခိုင်ပါတီများ အကွဲအပြဲ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကို ၁၉၉၀ ရွေးကောက်ပွဲ ကာလက စတင်ထူထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလ အတွင်းက ထူထောင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင်တိုင်းရင်းသား ရဟန်း ရှင်လူ ပြည်သူများ၏ တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ်တွင် ANP အမည်ဖြင့် နှစ်ပါတီ ပူးပေါင်းခဲ့ကြသည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် သံတွဲမြို့တွင် ပြုလုပ်ခဲ့သော ပါတီညီလာခံ၌ ခေါင်းဆောင်ပိုင်း နေရာ ရွေးချယ် တင် မြောက်မှုတွင် RNDP ပါတီမှ အများစု နေရာ ပေးခြင်းခံရသည့်အတွက် နှစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အကြား တွင် ထိုစဉ်ကတည်းက ဟန်ပြအဆင့်သာ ပေါင်းစည်းနိုင်ခဲ့ကြသည်။
ယင်းနောက် ရခိုင်အမျိုးသား ပါတီ (ANP) အဖြစ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီး ပြည်နယ်အတွင်း အမတ် နေရာ အများစု အနိုင် ရရှိခဲ့ကြသော်လည်း ပါတီခေါင်းဆောင်ပိုင်း အကြားတွင် နိုင်ငံရေး သဘောထား ကွဲလွဲချက်များ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။
ANP ပါတီမှ ထုတ်ပြန်သည့် ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရလျှင် အတိုက်အခံ အနေဖြင့် ရပ်တည်မည် ဆိုသည့် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ထုတ်ပြန်ချက် အပေါ် မိမိသဘောဆန္ဒ မဟုတ်ကြောင်း ALD ပါတီဘက်မှ ထိပ်ပိုင်း ခေါင်း ဆောင် ၆ ဦးမှ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးလှမြင့်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်းနှင့် ဦးသန်းနိုင်မြင့် တို့ကို ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုဖြင့် ပါတီမှ ထုတ်ပယ်ခဲ့သည်။
ထိုအကွဲအပြဲများကြောင့် မူလပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲတွင် အမတ်တနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အလားတူ ALD ပါတီဝင်များ ခွဲထွက်သွားသလို ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်မှာလည်း ANP ပါတီမှ နုတ်ထွက်ခွင့် တင်ကာ ၎င်းအား ထောက်ခံသူများနှင့် ပါတီသစ်တခု ထူထောင်ရန် ကြိုးစားနေစဉ် ရသေ့တောင်စာပေဟောပြောပွဲကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် NLD အစိုးရ၏ ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်း ခံလိုက်ရသည်။
လူထုစိတ်ဝင်စားမှု ကျသွားသလား
ဒေါက်တာအေးမောင်အား ဖမ်းဆီးထောင်ချမှုအပါအဝင် NLD အစိုးရ၏ ရခိုင်ပြည်နယ်အပေါ် ချမှတ်သည့် မူဝါဒ၊ ပြည်နယ် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် အားနည်းမှုများဖြင့် ရခိုင်ပြည်သူများသည် လွှတ်တော်နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု ကျဆင်းလာကြောင်း ဒေသခံတချို့က ဆိုကြသည်။
သံတွဲမြို့ခံ ဒေါ်ကေဇင်ဦးက “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေက စိတ်ဝင်စားမှုနည်းတယ်။ ဟိုဘက်မှာလည်း စစ်ပွဲဖြစ်နေတယ်။ ဒီဘက်မှာလည်း အဖမ်းခံရတဲ့ လူတွေ ရှိတယ်ဆိုတော့ လူတွေက နိုင်ငံရေးနဲ့ မပတ်သက်ချင်ကြဘူး။ ကိုယ်စားဝတ်နေရေးအတွက်ပဲ အာရုံ စိုက်နေကြတာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ပါတီများအနေဖြင့် လူငယ်များကို ပွဲထုတ်လာမှုရှိသလို တချို့ပါတီများကလည်း လူစားလဲကာ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြင်ဆင်လာမှုများကို တွေ့ရှိရသည့်အတွက် စိတ်ဝင်စားမှု တဖန် မြင့်တက်လာမှု ရှိကြောင်းလည်း ဒေသခံတချို့က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ကြေငြာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင် ၂၅ ရက်မှ ယခုလ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲစာရင်းများ ကပ်ခဲ့သည်။
သို့သော်လည်း စစ်ဘေးကြောင့် အသက်လုထွက်ပြေးနေရသော သိန်းချီသော ရခိုင် မြောက်ပိုင်းက ကျေးရွာသားများမှာ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရ၊ မရ ၊ မဲစာရင်း ပါခြင်း၊ မပါခြင်းထက် မိမိတို့၏ အသက်ရှင် ရပ်တည်ရေးကိုသာ လုံးပန်း အားထုတ်နေရသည်။
ရသေ့တောင်မြို့နယ် မယူ(မေယု)ကမ်းဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့ အောက်ခြေလူထူကြားမှာတော့ တစုံတရာ ဆွေးနွေးတာ၊ ဝေဖန်တာတွေ မရှိကြဘူး။ လူထု စိတ်ဝင်စားမှု မရှိဘူး။ ရွေးကောက်ပွဲ နီးလာရင်တော့ လူတွေ စိတ်ပြောင်းသွားမလားဆိုတာကို စောင့်ကြည့်ရမယ်” ဟု စစ်ရေးပဋိပက္ခ ပြင်းထန် နေသော ရသေ့တောင်မြို့နယ်အတွင်းက ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု ကျဆင်းနေပုံကို ပြောပြသည်။
ယင်းအပြင် အချို့သော ရခိုင်နိုင်ငံရေးသမားများသည် ပါတီနိုင်ငံကို တစိတ်မတ်မတ် လုပ်ဆောင်ခြင်းကို အားမသန်ဘဲ အမတ်လုပ်ခွင့် ရရှိရေးကိုသာ ဦးတည်ပြီး နိုင်ငံရေး လောကကို ခြေချလာသူများ ကို တွေ့လာရသည့်အတွက် ပြည်သူများ က မဲပေးရန် စိတ်ကုန်လာခြင်းဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း မှ ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သူ ဦးခိုင်ကောင်းစံက သုံးသပ်သည်။
၎င်းက “နိုင်ငံရေးပါတီတွေကို လေ့လာကြည့်တော့လည်း နိုင်ငံရေးထက် လွှတ်တော်အမတ် လုပ်ချင်တဲ့ ကိုယ်စားလှယ်တွေ များနေတာကို တွေ့ရတယ်။ ပါတီကို တစိုက်မတ်မတ်လုပ်မှာကို အားမသန်ဘဲ လွှတ်တော်ကာလမှာပဲ ကိုယ်စားလှယ် အပြိုင်အဆိုင် ပြိုင်ဖို့ လုပ်နေတာကို တွေ့နေရတဲ့အတွက် ဒီဟာတွေပင် ရခိုင်ပြည်ရဲ့ နိုင်ငံရေး ဆိတ်သုဉ်းဖို့ အစပျိုးနေပြီ လားလို့တောင်မှ ကျနော် သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်သူများ လာမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းသော်လည်း ရခိုင် ကိုယ်စားပြုပါတီများ အကြားတွင် ရွှေးကောက်ပွဲနီးလာသည်နှင့် တပြိုင်နက် တဖက်နှင့် တဖက် တိုက်ခိုက် ထိုးနှက်မှုများ ထင်ထင်ရှားရှား မြင်တွေ့ လာရကာ ရခိုင်ပြည် နယ်မြို့နယ်တခုလုံးတွင် ပါတီများအဖို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမည့် အခြေအနေ ရှိနေသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကော်မရှင်ကို သူတို့ ဘာပြောကြသလဲ
သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး