ဆောင်းပါး

အန္တရာယ်ချောက်ကမ်းပါးပေါ်က ခကျန်ရွာ

Want create site? Find Free WordPress Themes and plugins.

မိုးရွာတဲ့ ညတိုင်း ခကျန်ကျေးရွာက ဒေသခံတွေဟာ စိုးတထိတ်ထိတ်နဲ့ အသံတွေကို နားစွင့်ရင်း အိပ်မပျော်နိုင်တဲ့ ညတွေကို ဖြတ်သန်း နေရပါတယ်။

အကြောင်းအရင်းကတော့ ပေထောင်ချီ မြင့်တဲ့ ချောက်ကမ်းပါးထဲ အိပ်နေရင်း ပြုတ်ကျသွားမလားဆိုတဲ့ ပူပန်မှုတွေကို သူတို့ ရင်ဆိုင်နေရလို့ ဖြစ်ပြီး ဒါဟာ အချိန်အားဖြင့် ၁ လ ကျော် ကြာပြီ ဖြစ်ပါတယ်။

ခကျန်ကျေးရွာမှာ မိုးရွာတိုင်း ည အိပ်မပျော်နိုင်သူတွေထဲက တဦးဖြစ်တဲ့ ဒေါ်အေးအေးနှင်းက

“ကျမတို့ အိမ်တွေက အန္တရာယ်ရှိတဲ့ ဇုန်ထဲ ရောက်နေလို့ မနေပါနဲ့တဲ့။ မနေနဲ့ဘဲ ပြောတာ ဘယ်သူမှ လာမပြောင်းပေးဘူး။ မိုးတွေတအားရွာရင် ကျမတို့ မအိပ်ရဲဘူး”

လို့  ဆိုရင်း သူတို့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ပြောပြပါတယ်။

ဒေါ်အေးအေးနှင်းတို့ရဲ့ နေထိုင်ရာ ဖားကန့်မြို့နယ်ရှိ ခကျန်ကျေးရွာထဲမှာ အပိုင်း ၃ ပိုင်း ရှိပြီး လူဦးရေ ရာနဲ့ချီ နေထိုင်ပါတယ်။ ကျေးရွာထဲမှ ဒေါ်အေးအေးနှင်းတို့ အိမ်အပါအဝင် လူဦးရေ ၁၅၀ ကျော် နေထိုင်တဲ့ အိမ် ၇၇ အိမ်ကို အန္တရာယ်ရှိဇုန်လို့  ဖားကန့်မြို့နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက လာရောက်ပြောဆိုပြီး သတ်မှတ်ထားတာပါ။

အကြောင်းရင်းကတော့ အန္တရာယ်ရှိဇုန်လို့ သတ်မှတ်ခံထားရတဲ့ ခကျန်ကျေးရွာဟာ လူ ၂၀၀ လောက်ကို တပြိုင်တည်း အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ်သလို မြေပြိုကျခဲ့တဲ့ နာမည်ကြီး ဂွေခါမှော်ကြီးနဲ့ ကပ်လျက်မှာ တည်ရှိတဲ့အပြင် ကမ်းပါးယံတွေလည်း ဆက်တိုက် တအိအိ ထပ်ပြို ကျနေတာကြောင့်ပါ။

ဂွေခါမှော်အနီး ခကျန်ရွာရှိ မြေပြိုကျနိုင်ကြောင်း သတိပေးထားသော ဆိုင်းပုတ်/နန်းလွင်နှင်းပွင့်

ဒေါ်အေးအေးနှင်းရဲ့ အိမ်နဲ့ ခြေလှမ်း ၃၀ လောက် လှမ်းရင် ရောက်တဲ့ နေရာမှာလည်း “သတိ အန္တရာယ်ရှိသည်။ ကမ်းပါး ယံ မြေသားများ ပြိုကျခြင်း၊ လျှောကျခြင်းများ ဖြစ်ပေါ်နေပါ၍ မည်သူမျှ ဝင်ရောက်ခြင်း၊  ဖြတ်သန်းသွားလာခြင်း မပြုရ” ဆိုတဲ့ အနီရောင် ဗီနိုင်းဆိုင်းဘုတ်နဲ့ တခုကို စိုက်ထူထားပါတယ်။ ဆိုင်းဘုတ်မှာ အရိုးခေါင်းပုံနဲ့ Danger ဆိုတဲ့ အမှတ် အသား နှစ်ခုကိုလည်း ဖော်ပြထားပါတယ်။

အန္တရာယ်ဇုန်လို့ သတ်မှတ်ထားပေမယ့် တလကျော်တဲ့အထိ အုပ်ချုပ်ရေးဘက်ကလည်း ရွှေ့မပေး၊  တောင်တွေကို ချောက်ကမ်းပါးကြီး ဖြစ်အောင် တူးချသူ ကျောက်တူးတဲ့ ကုမ္ပဏီတွေကလည်း  ပြောင်းရွှေ့စရိတ်၊ နစ်နာစရိတ် မပေးတာကြောင့် ခကျန်က ဒေသခံတွေဟာ စိုးတထိတ်ထိတ်နဲ့ မိုးရွာညတိုင်း အိပ်မပျော်နိုင်ကြတာပါ။

တကယ်တမ်းလည်း မြေကမ်းပါးယံတွေက ယနေ့ထိ တအိအိပြိုကျနေဆဲပါ။

ဂွေခါမှာ မြေပြိုပြီး လူသေဆုံးမှုတွေ ဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ ဟိုးလေးတကျော်ကျော် ဖြစ်သွားပေမယ့်  ဂွေခါ အနီးအနားမှာ ကျောက်တူးဖော်မှုတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရတဲ့ ခကျန်ကျေးရွာရဲ့ အဖြစ်အပျက်ကိုတော့ ဘယ်သူကမှ အရေးတယူ ပြောဆိုကြတာ မရှိပါဘူး။

မြေပြိုမှုမှာ ပါသွားတဲ့ ဂွေခါမှော်နဲ့ ခကျန်ကျေးရွာကြားက ကားလမ်းမ/ဇော်ဇော်

တကယ်တော့ ဂွေခါမှော်မြေပြိုကျတဲ့ အဖြစ်အပျက်ကြီး မဖြစ်ခင် ဂွေခါနဲ့ ကပ်လျက်မှာ ရှိတဲ့ လမ်းတွေ  မြေသားတွေဟာ ပြိုကျနေခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဖြစ်စဉ်တခု အနေနဲ့ ဇွန်လရဲ့ နောက်ဆုံး ရက်သတ္တပတ်မှာ ဂွေခါမှော်နဲ့ ခကျန်ကျေးရွာကြားက ကားလမ်းမကြီး ပြိုကျသွားပြီး လမ်းမကြီးနဲ့ ကပ်လျက်က လခူးချောင်ရွာက အိမ် ၁၈ အိမ်မြေပြိုတဲ့အထဲ ပါလို့ ကျောက်တူးတဲ့ ကုမ္ပဏီတွေက လျော်ကြေး ပေးခဲ့ကြရပါသေးတယ်။

အဲဒီအချိန်ကတည်းက ခကျန်ကျေးရွာမှာလည်း အိမ်တွေစောင်းပြီး မြေတွေ တအိအိနဲ့ ပြိုမလို ပျက်မလို ဖြစ်နေပါပြီ။

ခကျန်ဒေသခံ ဦးမောင်က “ဂွေခါမှော်ကြီး မပြိုခင် တာမခမ်လမ်း ပြိုကတည်းက ကျနော်တို့ရွာက အိမ်တွေစောင်းပြီး ဒီရပ်ရွာထဲကပဲ ညကြီး လူတွေ ထွက်ပြေးရသေးတယ်။ ဒါပေမယ့် အခုထိ တလတောင် ကျော်ပြီဗျာ။ ဒီမှာ ဘယ်သူမှ တာဝန်ယူ လာမဖြေရှင်းပေးသေးဘူး”လို့ ပြောပါတယ်။

ခကျန်ကျေးရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကတော့ ခင်တန်းကုန်းပေါ်တွေမှာ တည်ရှိပြီး  တောင်ပတ်လည်ဝိုင်းနေတဲ့ ကျေးရွာပါ။

ဖားကန့်က မှော်တွေနဲ့ မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာသူများ/ဇော်ဇော်

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေ ဝင်လာတော့ ခကျန် ကျေးရွာဘေးက တောင်တွေကို တူးဆွ၊ မိုင်းခွဲပြီး ကျောက်စိမ်းတွေ တူးလိုက်တာကြောင့် တောင်တွေဟာ ဆယ်စုနှစ်တခု အတွင်းမှာပဲ ပေထောင်ချီ နက်တဲ့ ချောက်ကမ်းပါးကြီးအဖြစ် ပြောင်းလဲသွားတာပါ။

ဒါကြောင့် နဂိုက ခင်တန်းကုန်းပေါ်မှာ ရှိတဲ့ ခကျန်ကျေးရွာဟာလည်း ပေထောင်ချီမြင့်တဲ့ ချောက်ကမ်းပါးကြီးပေါ်မှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်သွားပါတော့တယ်။

သို့ပေမယ့် ချောက်ကမ်းပါးကြီးနဲ့ ရွာကြားမှာ ပေ ၄၀၊ ၅၀ လောက် ကျယ်တဲ့ ခကျန်- တာမခမ် ကျေးရွာသွား ကားလမ်းမကြီး တခု ရှိသေးတာကြောင့်  ကျေးရွာက ဒေသခံတွေဟာ စိုးရိမ်မှု မရှိခဲ့ကြပါဘူး။  မိုးတွင်းကာလ ဝင်လာတဲ့ ဇွန်လ နောက်ဆုံးရက်သတ္တပတ်မှာတော့ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတွေ စဖြစ်လာတော့တာပါပဲ။

တောင်ပေါ်မိုး ရွာရင် သည်းသည်းမဲမဲရွာရာကနေ မိုးကောင်းတတ်တဲ့ သဘောသဘာဝကြောင့် ဇွန်လထဲမှာ ခကျန်-တာမခမ် ကားလမ်းမကြီး ဂွေခါမှော်ထဲကို ပြိုကျသွားပါတယ်။

ရွာသူရွာသားတွေ နေ့တိုင်း မြင်တွေ့ပြီး ကားတွေ ဖြတ်သန်းသွားလာနေတဲ့ လမ်းကြီးက ချောက်ထဲမှာ စုံးစုံးမြုပ် ပျောက်ကွယ်သွားတာပါ။

လမ်းမကြီး ပြိုကျပြီး ရက်ပိုင်းအကြာ ဇူလိုင် ၂ ရက်မှာတော့ ဂွေခါမှော် မြေကမ်းပါးယံတွေ ထပ်ပြိုပြန်ပါတယ်။ မှော်ပြိုတာကတော့ အဆိုးဆုံးနဲ့ ထိတ်လန့်စရာ အကောင်းဆုံး ဖြစ်ရပ်ပါပဲ။

မှော်ချောက်ကမ်းပါးကြီးတလျှောက် ရေမဆေးရှာဖွေနေသူတွေကို ပြိုကျလာတဲ့ မြေသားတွေက ရိုက်ချပြီး မြေစာတွေ ပိ သေဆုံးသလို  ပြိုကျလာတဲ့ မြေသား အစိုင်အခဲကြီးတွေနဲ့ ကျောက်ခဲတုံးကြီးတွေက  မှော်အောက်ခြေက ရေကန်ထဲကျလို့ အရှိန်နဲ့ ရေတွေ ရိုက်ထုတ်လိုက်သလိုဖြစ်ပြီး ရေလှိုင်းလုံးကြီးကြောင့် လွင့်စင် သေဆုံးကြသူတွေလည်း ရှိပါတယ်။

ဖားကန့်မှ ဂွေခါမှော်အသွား ကားလမ်း/ဇော်ဇော်

အဲဒီ မိနစ်ပိုင်းအတွင်းမှာပဲ ဂွေခါမှော်ထဲမှာ လူ ၂၀၀ နီးပါး အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ်ခံလိုက်ရပါတယ်။ ရုပ်အ လောင်း ပြန်တူးဖော်ရတာ  ၁၇၂ လောင်းရှိပေမယ့် ဒေသခံတွေကတော့ မှော်ရဲ့ အောက်ခြေ ရေကန်ကြီး အထဲနဲ့ မြေကြီး ထဲမှာ နစ်မြှုပ်နေသူတွေ ကျန်နိုင်သေးတယ်လို့ ပြောဆိုနေကြပါတယ်။

ခကျန်ကျေးရွာက ဒေသခံတွေအတွက်တော့ ကျောချမ်းစရာပါပဲ။ သူတို့ရဲ့ အိမ်နောက်ဘေးထဲက မှော်မှာတင် လူတွေ ရာချီ သေဆုံးတဲ့ အဖြစ် ဖြစ်ပျက်သွားတာပါ။

ပထမ လမ်းမကြီး ပြိုကျတယ်။ ဒုတိယ မှော်ပြိုလို့ လူတွေ ရာချီသေတယ်။ တတိယက သူတို့ အလှည့်လား လို့တောင် မေးခွန်းထုတ်ရင်း ထိတ်လန့်နေကြရပါပြီလို့ ဒေသခံတွေက ပြောနေကြပါပြီ။

ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ပြောဆိုထားပြီး အန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်နေတာကို သိရှိကြောင်း လက်မှတ်တွေ ထိုးခိုင်းပေမယ့် ဒေသခံတွေဟာ သူတို့ကိုယ်တိုင် အခြားနေရာကို ပြောင်းရွှေ့ပြီး တအိုးတအိမ် ပြန်ထူထောင်ဖို့ ငွေကြေး မတတ် နိုင်ကြပါဘူး။

ခကျန်ကျေးရွာက မြေနေရာ၊ အိမ်ဟာလည်း စာရွက်စာတမ်းတွေနဲ့ ဝယ်ယူနေထိုင်ကြတာ ဖြစ်လို့ အခြားနေရာကို ပြောင်းရ မယ် ဆိုရင်တောင် ကျောက်တူးတဲ့ ကုမ္ပဏီတွေက ထိုက်သင့်သလောက် ပေးဖို့ တာဝန်ရှိတယ်လို့ ဒေသခံတွေက ခံယူ ပါတယ်။

တကယ်လည်း ကျောက်တူးဖော်ရေးကြောင့် မြေသားတွေ ဆက်တိုက်ပြိုကျပြီး ခကျန်က ဒေသခံတွေဟာ ချောက်ကမ်းပါး ပေါ် ရောက်သလို အဖြစ်မျိုး ဖြစ်သွားရတာပါ။

ကျောက်တူးဖော်ရေးကုမ္ပဏီတွေဟာ ဖားကန့်ကနေ ကျောက်စိမ်းတူးဖော်ပြီး နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ ချီပြီး ဝင်ငွေ အကျိုး အမြတ်တွေ ရရှိနေကြတာပါ။

ကျောက်စိမ်းတူးဖော်မှုကနေ ကုမ္ပဏီတွေ ရတဲ့ ဝင်ငွေကို အတိအကျ ထုတ်ဖော် ပြောဆိုတာ မရှိပေမယ့် သယံဇာတ စီမံ အုပ်ချုပ်မှုဆိုင်ရာ မူဝါဒရေးရာ အကြံပေးအဖွဲ့ ဖြစ်တဲ့ Natural Resource Governance Institute (NRGI)ရဲ့ ၂၀၁၉ ခုနှစ်၊ အစီရင်ခံစာကတော့ မြန်မာနိုင်ငံက ကျောက်စိမ်းကဏ္ဍကနေ အမေရိကန် ၁၅ ဘီလီယံ ဝင်ငွေ ရှိတယ်လို့ ဆိုထားပါတယ်။

ဂွေခါမှော်မှာ လူသေဆုံးမှုတွေရှိလည်း ရေမဆေးကျောက် ဆက်ရှာသူများက မစဲ/ဇော်ဇော်

ဖားကန့်ဟာ တကမာ္ဘလုံးက ကျောက်စိမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ ဒေသဖြစ်ပြီး တကမာ္ဘလုံးမှာ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိတဲ့ ဒေသအဖြစ်လည်း နာမည်ကျော်ကြားပါတယ်။

ဒေသက ကျောက်စိမ်းနဲ့ ပတ်သက်ရင် ဂုဏ်သတင်းမွှေးပြီး ကျောက်တူးဖော်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင် နေတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ အပေါင်းအပါတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကျောထောက်နောက်ခံရှိတဲ့ ကုမ္ပဏီတွေက အကျိုးအမြတ် အမြောက်အများ ရရှိ ပေမယ့် ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေ အတွက်ကတော့ ဆုံးရှုံးမှုတွေနဲ့ချည်း ရင်ဆိုင်နေရတာပါ။

ကျောက်စိမ်းတူးဖော်မှုကို ၁၉၉၅ ခုနှစ်ကနေစပြီး စစ်အစိုးရက ခွင့်ပြုတာ ဖြစ်သလို အကြီးစား တူးဖော်မှုတွေ ယန္တရားကြီး တွေနဲ့ တူးဖို့ကိုလည်း စစ်အစိုးရခေတ်အဆက်ဆက် ခွင့်ပြုခဲ့တာဟာ စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း ကျောက်စိမ်းတွင်းတွေဟာ အကြီးစား တူးဖော်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။

ဒီလို တူးဖော်မှုတွေကြောင့် ကျောက်စိမ်းတူးဖော်မှုကြောင့် နစ်နာရတဲ့ ဒေသခံတွေအပေါ်မှာတော့ ပြန်လည် ကြည့်ရှုတာမျိုး မရှိသလောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အကျိုးအမြတ်ရနေသူတွေဟာ ဖားကန့်မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ လမ်းတွေကို ခင်းပေးတာမျိုး၊ ကျောက်စိမ်း တူးဖော်မှုကြောင့် ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ တောင်ယာအသက်မွေးဝမ်းကျောင်းအတွက် အစားထိုးစီမံကိန်းတွေ လုပ်ပေးတာမျိုးတွေ မရှိပါဘူး။ သူတို့ရဲ့ အကျိုးအမြတ်ကိုပဲ အာရုံစိုက်ပြီး တူးဖော်နေကြတာက အင်မတန် ရုပ်ပျက်လွန်းတဲ့ မတရားမှုလို့ ဆိုရမှာပါပဲ။

NLD အစိုးရလက်ထက် တလျှောက်မှာ ကျောက်မျက်ဥပဒေနဲ့ ပတ်သက်ပြီး အကြီးစား တူးဖော်မှုတွေကို ဧကတွေ ဆယ်ဆခန့် လျှော့ချဖို့နဲ့ အလတ်စား၊ အသေးစား လုပ်ငန်းတွေကိုလည်း လုပ်ပိုင်ခွင့် ပေးဖို့ အမတ်တွေက ကြိုးစားခဲ့ပေမယ့် နည်း ဥပဒေက ယနေ့ထိ ထွက်မလာသေးတာကြောင့် ဖားကန့်ရဲ့ အခြေအနေဟာ ပြောင်းလဲခြင်း မရှိပါဘူး။

ခကျန်ကျေးရွာရဲ့ အန္တရာယ်ဇုန်လို့ သတ်မှတ်ခံထားရတဲ့ နေရာမှာ ပြောင်းရွှေ့ဖို့ မတတ်နိုင်လို့ ဆက်လက်နေထိုင် နေကြတဲ့ ဒေသခံတွေဟာ ကုမ္ပဏီကနေ လျော်ကြေးငွေ ရဖို့ အုပ်ချုပ်ရေးမှူးတွေကိုလည်း မကြာခဏ ပြောဆို နေကြပေမယ့် အားမကိုးရဘူးဆိုပြီးလည်း ညည်းညူနေကြပြန်တယ်။

အုပ်ချုပ်ရေးမှူးတွေဘက်ကတော့ သူတို့မှာ လုပ်ပိုင်ခွင့်အာဏာဆိုတာ ဒေသခံတွေ ပြောလာရင် အထက်ကို တင်ပြပေးဖို့ပဲ တတ်နိုင်တယ်လို့ ပြောကြပါတယ်။

ခကျန်ကျေးရွာရဲ့ ရာအိမ်မှူးတဦးဖြစ်တဲ့ ဦးအေးသန်းက ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ခကျန်ကျေးရွာထဲက အန္တရာယ်ဇုန်ကျနေတဲ့ နေရာမှာ ဆက်မနေထိုင်ဖို့ စာထုတ်ပြောဆိုတာ နှစ်ကြိမ်တောင် ရှိပြီလို့ ဆိုပါတယ်။ ရွှေ့ပြောင်း ရမယ့် သူတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့ကိုလည်း အထက်ကို တင်ပြထားပါတယ်လို့ သူက ပြောပါတယ်။

ဖားကန့်က မှော်တွေနဲ့ မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာသူများ/ဇော်ဇော်

အန္တရာယ်ဇုန်ထဲ သတ်မှတ်ခံထားရပြီး ပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ ဒေသခံတွေရဲ့ အိမ် ၇၇ လုံး အခြေအနေကို ဓာတ်ပုံတွေ ရိုက်ပြီး အထက်ကို အမြန်ဆုံး အကူအညီပေးဖို့ အကြောင်းကြား ထားပြီးပြီလို့လည်း ဦးအေးသန်းက ရှင်းပြပါတယ်။

ဆက်ပြီး ဦးအေးသန်းက “ကျနော်တို့အနေနဲ့ကတော့  အထက်လူကြီးတွေကို တင်ပြတယ်။ ကုမ္ပဏီကို အကြောင်းကြား တယ်။ ဒါပဲ လုပ်နိုင်ပါတယ်။ တခြားဘာမှတော့ ဘယ်သူ့ကို ဘာလုပ်ပေးရမယ်လို့ ကျနော်တို့က အမိန့်အာဏာလည်း မရှိဘူး။ ရပ်ကျေးအဆင့်ဆိုတော့ ရပ်ကျေးလုပ်ထုံး လုပ်နည်း အရ တင်ပြတာပဲ လုပ်နိုင်ပါတယ်”လို့ ဆိုပါတယ်။

သြဂုတ် ဒုတိယပတ်မှာတော့ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခံထားရတဲ့ ခကျန်ကျေးရွာက အမျိုးသမီး နှစ်ဦးရဲ့ အိမ်တအိမ်ပေါ် ကမ်းပါးယံတွေ ပြိုကျတာကြောင့် အိမ်လည်း ကြေမွပျက်စီး၊ အိမ်ပိုင်ရှင် အမျိုးသမီးလည်း ဒဏ်ရာတွေ ရပြီး ဆေးရုံ တက်ရောက်ကုသခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်နေရတဲ့ အမျိုးသမီး ၂ ဦးထဲမှာ တဦးက ပခုံးညှပ်ရိုး ကျိုးသွားပြီး တဦးကတော့ ခါးကို ထိခိုက်ထားပါတယ်။ ဒါပေမယ့် သူတို့ကို လာကြည့်သူ၊ လျော်ကြေးပေးသူ တဦးမှ မရှိဘူးလို့ ဦးအေးသန်းဆီက သိရပါတယ်။

အဲဒီအမျိုးသမီး ၂ ဦးဟာ ကမ်းပါးပြိုကျမှုကြောင့် အိမ်တအိမ်လုံး ပြိုပျက်သွားတဲ့အပြင် သူတို့အိမ်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်၊ ဆန်အိတ် ၂၀၀ ၊ ဆိုင်ကယ်နဲ့ အိမ်တွင်း ပစ္စည်းတွေ အားလုံး ပျက်စီးသွားပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားသူ တဦးဖြစ်တဲ့ မစောနွယ်ဌေးက

“ကျမတို့ ဂွေခါကိုလည်း ပြန်လို့ မရဘူး။ ပြန်စရာလည်း မရှိတော့ဘူး။ ဆေးရုံကလည်း ဆက်ပြရဦးမှာဆိုတော့ ဖားကန့်မှာပဲ ဆွေမျိုးအိမ်မှာ နေရဦးမယ်။ အိမ်ကတော့ ချပ်ပြားကြီးကို ဖြစ်သွားတာ။ ကျမတို့အိမ်က ပေ ၄၀ ပတ်လည်ကို အကုန်လုံး ပြားသွားတာပါ”

လို့ ပြောပါတယ်။

မစောနွယ်ဌေးတို့ ညီအမ နှစ်ဦးက ခကျန်ကျေးရွာမှာ ကျေးရွာပိုင်မြေကွက်ကို လွန်ခဲ့တဲ့ ၇ နှစ်ခန့်က အပိုင်ဝယ်ယူပြီး နေထိုင်နေကြသူတွေပါ။ ကမ်းပါးယံ ပြိုမကျခင်ကအထိ ကုန်စုံဆိုင်လည်း ဖွင့်လှစ်ထားကြသူတွေပါ။ အခုတော့ သူတို့မှာ နေစရာအိမ်၊ စီးပွားရေးအတွက် အရင်းအနှီး ဘာမှကို မရှိတော့ပါဘူး။

သြဂုတ် ၁၄ ရက်မှာ သူတို့ကို ဖားကန့်ဆေးရုံကနေ ဆေးရုံဆင်းခွင့်ပေးပေမယ့် သူတို့မှာ ပြန်စရာ အိမ်လည်း မရှိတော့ သလို ဘယ်သူကမှလည်း လျော်ကြေးပေးတာ လာကူညီတာ ကြည့်ရှု သတင်းမေးတာ မရှိတာကြောင့်  ဆွေမျိုးအိမ်မှာပဲ သွားရောက် ခိုလှုံနေကြရပါတယ်။

ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ အာဏာပိုင်တွေကတော့ ဂွေခါမှာ ရေမဆေးရှာသူ ၂၀၀ လောက် သေဆုံးတုန်းက ရောက်လာပြီး ကွင်းဆင်း စစ်ဆေးတာမျိုး လုပ်ပါတယ်။

သို့ပေမယ့် သေဆုံးသူတွေဟာ “လောဘကြောင့်” သေဆုံးရတာလို့ မှတ်ချက်ပြုပြီး စည်းမဲ့ကမ်းမဲ့  ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီတွေကိုတော့ အပြစ်တင်ပြောဆိုတာမျိုး ထုတ်မပြောတာကြောင့် ရေမဆေး ကျောက်ရှာသူနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေကြား အံတကျိတ်ကျိတ်နဲ့ ဖြစ်ခဲ့ရပါတယ်။

အစိုးရဘက်က ဂွေခါမြေပြိုမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ပြိုပြီး ပျက်ပြီး သေဆုံးသွားပြီး ဖြစ်တဲ့ ကိစ္စကိုတော့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပေမယ့် ခကျန် ကျေးရွာသားတွေ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အန္တရာယ်ကတော့ တိုးတိုးတိတ်တိတ်ပဲ ရှိနေပါတယ်။

ဖားကန့်က မြေမြိုခံနေရသူများ (ရုပ်/သံ)

တကယ်လို့သာ မိုးများပြီး မြေသားတွေ ထပ်အိကျ လာခဲ့ရင် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခံထား ရတဲ့ ခကျန်ကျေးရွာက အိမ်ခြေ ၇၇ လုံးဟာ ပြိုမကျသွားနိုင်ဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ပါဘူး။

နေ့နေ့ညည စိုးရိမ်ပူပန်နေတဲ့ ဒေါ်အေးအေးနှင်းက “ဒီအန္တရာယ်ရှိတဲ့ နေရာကနေ အမြန်ရွှေ့ပြောင်းချင်တယ်။  အမြန်ရွှေ့ ပေးရင် ကောင်းမယ်။ ဒီနေရာမှာ နေရတာ ကျမတို့ ကြောက်တယ်”လို့ ပြောပြပါတယ်။

ဒေါ်အေးအေးနှင်းလိုပဲ ခကျန်ကျေးရွာရဲ့ အန္တရာယ်ဇုန်ထဲမှာ ရှိနေတဲ့ ဒေသခံတွေ အားလုံးက  ချောက်ထဲကျ လုနီးနီး ဖြစ်နေတဲ့ သူတို့ကို အမြန်လာကယ်တင်ပေးဖို့ ပြောင်းရွှေ့ပေးဖို့ကို အကူအညီကို  မျှော်လင့်နေကြပါတယ်။

You may also like these stories:

ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading