လူငယ်များ ဦးဆောင်သည့် ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြမှုများက ထိုင်းနိုင်ငံကို လွှမ်းမိုးထားသည်။ ကြီးသည် ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ဆန္ဒပြပွဲများက တိုင်းပြည် ၏ တနေရာရာတွင် နေ့တိုင်းနီးပါးဖြစ်ပေါ်လာပြီး ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ ဇူလိုင်လလယ် မှစ၍ ပြည်နယ် ၇၆ ခုအနက် အနည်းဆုံး ၅၅ ခုတွင် စုဝေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။
သြဂုတ်လ ၁၆ ရက်နေ့တွင် လူပေါင်း ၂၀၀၀၀ ခန့်က ဘန်ကောက်မြို့၏ အုပ်ချုပ်ရေး အချက်အခြာနေရာ အနီးရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်တွင် စုရုံးရောက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲဖြစ် ပေါ်လာခဲ့သည်။ အချို့သော ဆန္ဒပြသူများက ထိုင်းနိုင်ငံတွင် မပြုအပ်သော အရာအဖြစ် ကာလရှည်ကြာစွာ ရှိနေခဲ့သည့် နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ဘုရင်စနစ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံရန် အတွက်ကိုပင် ကြောက်ရွံ့ မနေခဲ့ကြပါ။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်က ဘာတွေလဲ
သြဂုတ်လ ၁၆ ရက်နေ့ ဆန္ဒပြပွဲတွင် Free People မှ စီစဉ်သူ က တောင်းဆိုချက်သုံးခုကို တင်ပြခဲ့သည်။ လွှတ်တော် ၂ ရပ်လုံးကို ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အငြင်းပွားဖွယ်ရာ အစိတ်အပိုင်းများကို ပြန်လည် ရေးဆွဲရေးနှင့် ပြည်သူသူများကို သူတို့၏ အခြေခံ အခွင့်အရေးများ အသုံးချခြင်းမှ တားဆီးထားသော တရားဝင်နှောင့်ယှက်မှု အဆုံးသတ်ရေးတို့ ဖြစ်သည်။
အနာဂတ်တွင် အာဏာသိမ်းခြင်းကို မလုပ်သင့်ကြောင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး မဟုတ်သည့် အစိုးရကို ဖွဲ့စည်းခြင်း မပြုလုပ်သင့်ကြောင်း သူတို့က ပြောသည်။
အဆိုပါ တောင်းဆိုချက်များ၏ လေသံက သြဂုတ်လ ၁၀ ရက်နေ့တွင် နောက်ထပ် ဆန္ဒပြအဖွဲ့တခု ဖြစ်သည့် ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတဦး ဖတ်ကြားခဲ့သော ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် အဆိုပြုချက် ၁၀ ခုကို ဖတ်ကြားခဲ့သည်ထက်စာလျှင် ပြင်းထန်မှု ပို၍ နည်းပါးသည်။ သို့သော်လည်း အခြေခံသတင်းစကားက အတူတူပင်ဖြစ်သည်။ ထိုင်းနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေ အောက်မှ ဘုရင်စနစ်နှင့်အတူ ဒီမိုကရေစီပုံစံ အစိုးရတခုဖြင့် အုပ်ချုပ်ရန် ဖြစ်သည်။
ပိုမိုပေါ့ပါးသော လေသံကြောင့် ပြည်သူများ ဆန္ဒပြပွဲသို့ ပါဝင်လာရန် ပိုမိုလွယ်ကူစေ ခဲ့ပြီး တက်ရောက်သူ ၂၀၀၀၀ ခန့် အထိ ရောက်ရှိ သွားခဲ့သည်။
ပြည်သူတွေ ဘာကြောင့်လမ်းတွေပေါ် ရောက်လာကြသလဲ
၂၀၁၉ မတ်လ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖြစ်အပျက်များကြောင့် သူတို့ကို ဘေးဖယ်ထားသလားဟု လူငယ်များက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် အသက် ၂၅ နှစ် အောက် မဲဆန္ဒရှင် ၇.၃ သန်းကျော် ပါဝင်ခဲ့သည်။ သူတို့၏ မဲပေးပိုင်ခွင့်ကို ပထမဆုံးအကြိမ် ကျင့်သုံးရန် အခွင့်အရေးလည်း ဖြစ်ခဲ့သည်။
မကြာသေးမီက ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီရေးလှုပ်ရှားမှုများကို စတင်ခဲ့သူများသည် ၄၈ နှစ်အရွယ် ဘီလျံနာ Thanathorn Juangroongruangkit က ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော Future Forward ပါတီကို မဲပေးခဲ့သူများ ဖြစ်ဖွယ် များပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်၊ စစ်တပ်၏ ဘတ်ဂျက်ကိုလျှော့ချရန်နှင့် စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်သို့ ရောက်စေရန် ထိုပါတီ၏ ကတိကဝတ်များက မကျေမနပ် ဖြစ်နေကြသော လူငယ်များ၏ ဆန္ဒကို ပဲ့တင်ထပ် ခဲ့သည်။ Future Forward က မဲ ၆.၃ သန်း သို့မဟုတ် ဆန္ဒမဲများ၏ ၁၇.၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၈၁ နေရာရရှိခဲ့သည်။
သို့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အခြေခံဥပဒေဆိုင်ရာ တရားရုံးက သူသည် ကိုယ်စားလှယ်လောင်းများအား မီဒီယာကုမ္ပဏီများတွင် အစုရှယ်ယာများ ပိုင်ဆိုင်ခြင်းမှ တားမြစ်ထားသည့်ဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် သြဇာကိတ္တိမရှိသည့် Thanathorn Juangroongruangkit မှာ သူ၏ လွှတ်တော်အမတ် နေရာကို ဆုံးရှုံးခဲ့ရသည်။ ဖေဖော်ဝါရီလတွင် Thanathorn Juangroongruangkit ထံမှ ရံပုံငွေများကို တရားမဝင် လက်ခံခဲ့ခြင်း အတွက် Future Forward ပါတီကို ဖျက်သိမ်းရန် အဆိုပါ တရားရုံးမှပင် အမိန့်ထုတ်ခဲ့သည်။ ၎င်းတို့က ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက အခိုင်အမာ ပြောကြားသော်လည်း ထိုင်းလူငယ်များကမူ တိုးတက်လာနေသော ပါတီ နှင့်ပါတီ ခေါင်းဆောင်ကို တားဆီးခြင်းဖြစ်သည်ဟု မြင်ခဲ့ကြသည်။
နိုင်ငံ၏ တရားစီရင်ရေး စနစ်အပေါ် ယုံကြည်မှုက ဇူလိုင်လတွင် ပိုမိုဆိုးရွားလာခဲ့သည်။
Red Bull ကို တွဲဖက် တည်ထောင်သူ ဘီလျံနာသူဌေး Chaleo Yoovidhya ၏ မြေးဖြစ်သူ Vorayuth Yoovidhya အပေါ် စွဲချက်တင်ထားသည့် ကားတိုက်ပြေးမှုကို ဇန်နဝါရီလကတည်းက ရှေ့နေချုပ်ရုံးက တိတ်တဆိတ် ရုပ်သိမ်းလိုက်ကြောင်း အများပြည်သူ သိရှိလာသည့် အချိန်တွင် ဖြစ်သည်။
ကူးစက် ကပ်ရောဂါကြောင့် စီးပွားရေးက ချောက်နှုတ်ခမ်းဝသို့ ရောက်လုလု ဖြစ်နေခြင်းကြောင့်လည်း ထိုင်းနိုင်ငံသား အများအပြား ဆန့်ကျင် တော်လှန်လိုစိတ် ဖြစ်စေခဲ့သည်။ ဇွန်လတွင် ကုန်ဆုံးသည့် ၃ လတာကာလအတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် စီးပွားရေးက ၁၂.၂ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့သည်။
အတိတ်က ဆန္ဒပြပွဲများနှင့် မည်သို့ကွာခြားသနည်း
ကာလရှည်ကြာစွာ တားမြစ်ခံခဲ့ရခြင်းကို စိန်ခေါ်လိုသော ဆန္ဒက လတ်တလော ဆန္ဒပြပွဲများနှင့် အတိတ်က ဆန္ဒပြပွဲများ ကြားမှ အကြီးမားဆုံး ကွာခြားချက်ဖြစ်သည်။ အင်တာနက်၏ အမည်ဖော်ရန် မလိုဘဲ ပြုလုပ်နိုင်သည့် သဘာဝ၏ စောင့်ရှောက်မှုကိုလည်း ရရှိခဲ့သောကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ သမိုင်းသည် ဆန္ဒပြမှုများ၊ စစ်အာဏာသိမ်းမှုများနှင့် ပြည့်နှက်နေသည်။ ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းသည့် အချိန်အထိ ဆယ်စုနှစ်တခုနီးပါး အဓိက ဆန္ဒပြကြသူများသည် ရှပ်နီများနှင့် ရှပ်ဝါဟု အခေါ် ခံရသူများ ဖြစ်ခဲ့ကြသည်။ ရှပ်နီ များသည် ယခုအခါ ဝရမ်းပြေးဖြစ်နေသည့် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို ထောက်ခံသူများဖြစ်ပြီး ကျေးလက်မှ ဆင်းရဲနွမ်းပါးသူများ အများအပြား ပါဝင်သည်။ ရှပ်ဝါများက ဘန်ကောက်မြို့တွင် အဓိက အားကောင်းပြီး မြို့ပြအထက်တန်းလွှာများနှင့် လက်ရှိ ပိုနေမြဲ ကျားနေမြဲအခြေအနေကို ကိုယ်စားပြု သူများဟု မြင်ကြသည်။ သူတို့၏တိုက်ပွဲများက တခါတရံ သွေးထွက်သံယိုမှုများကို ဖြစ်ပွားစေသော်လည်း ဘုရင်ကဲ့သို့သော မတို့မထိနိုင်သည့် ကိစ္စများက တားမြစ်ကန့်သတ်ချက်များ အဖြစ် ဆက်လက်၍ ရှိနေခဲ့သည်။
လက်ရှိ ဆန္ဒပြပွဲများကို ဦးဆောင်နေသော ကျောင်းသားများသည် များသောအားဖြင့် လူလတ်တန်းစား မိသားစုများမှ ဖြစ်သည်။ ပိုမိုကျယ်ပြန့်သော သတင်းအချက်အလက် များကို ကျယ်ကျယ်ပြန့်ပြန့် ရယူခွင့်ရှိသော အင်တာနက်ခေတ်တွင် အရွယ်ရောက် ကြီးပြင်းလာသူ လူငယ်များက သူတို့ နိုင်ငံတွင် မည်သည့် အတွက်ကြောင့် ၁၉၃၂ ခုနှစ် နောက်ပိုင်းမှ စ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခု ၂၀ နှင့် အောင်မြင်သော အာဏာသိမ်းမှု ၁၃ ခု ရှိခဲ့ရသနည်း ဆိုသည်ကို သိချင်လာခဲ့ကြသည်။
ဆိုရှယ်မီဒီယာကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အတိတ်ကဆိုလျှင် ဖုံးကွယ်ထားခြင်းခံရလေ့ရှိသည့် မတရားမှု၊ အကြမ်းဖက်မှုနှင့် အာဏာအလွဲသုံးစားမှု တို့က အွန်လိုင်းတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။
လှုပ်ရှားမှု အရှိန်အဟုန်ရ လာနေသလား။
သေချာသည်မှာ သြဂုတ်လ ၁၆ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ၂၀၀၀၀ ဆိုသည်မှာ ရှပ်နီနှင့် ရှပ်ဝါများ ဆွဲဆောင်နိုင်ခဲ့သည့် လူ ၁၀၀၀၀၀ ရှိ အရေအတွက်ထက် များစွာ နည်းပါသည်။ သို့သော်လည်း လူငယ်အဖွဲ့များက အွန်လိုင်းနှင့် အပြင်ဘက်တွင် ထောက်ခံမှုများ ရနေဆဲ ဖြစ်သည့် အတွက် လှုပ်ရှားမှုကို လျှော့မတွက်သင့်ပါ။
အလယ်တန်းကျောင်းသားများက နံနက်ခင်း စုဝေးမှုများတွင် အဖြူရောင်ဖဲကြိုးများ ဝတ်ဆင်ကြပြီး လက် ၃ ချောင်းဖြင့် အလေးပြုကြသည်။ ၎င်းမှာ အစိုးရကို အသံတိတ် အပြစ်တင်သည့် ဖော်ပြချက် ဖြစ်သည်။
ထို အတောအတွင်း ရာနှင့်ချီသော ဆရာ/ဆရာမများနှင့် ပညာရှင်များက လှုပ်ရှားမှုနှင့် အတူ ရပ်တည်ခဲ့ကြပြီး ရဲရင့်စွာ ငြင်းခုံမှုများ ပြုလုပ်ခဲ့သည့် အတွက် ချီးကျူးခဲ့ကြသည်။ ကျောင်းသားများနှင့် ဆန္ဒပြသူများက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုခြင်းသာ ဖြစ်ပြီး ဥပဒေများကို ချိုးဖောက်ခြင်း မရှိကြောင်း သူတို့က ပြောသည်။
ထိုင်းဘုရင်စနစ်၏ အခန်းကဏ္ဍကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည့် ပုဂ္ဂလိက Facebook group တခုဖြစ်သည့် Royalist Marketplace တွင် သြဂုတ်လ ၁၉ ရက်နေ့က စာရင်းသွင်းသူ ၁ သန်းအထိ ရောက်ရှိခဲ့သည်။ လွန်ခဲ့သော တလကထက် ၄၀ ရာခိုင်နှုန်း ပိုများလာခြင်း ဖြစ်သည်။
နောက် ဘာဆက်ဖြစ်မလဲ
သူတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် လက်ရှိအစိုးရကို အချိန် တလခန့် ပေးသွားမည် ဖြစ်ကြောင်း ဆန္ဒပြပွဲများကို ဦးဆောင်နေသော Free People က ပြောသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayuth Chan-ocha က တောင်းဆိုချက်များကို သြဂုတ်လ ၁၇ ရက်နေ့တွင် ငြင်းပယ်လိုက်သည်။ အချို့ အချက်များက အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း သြဂုတ်လ ၁၉ ရက်နေ့ တွင် သူက ထပ်မံ၍ ပြောကြားခဲ့သည်။
တောင်းဆိုချက်များကို မလိုက်လျောပါက ဆန္ဒပြပွဲများ ပိုမို အရှိန်မြင့်တက်သွား လိမ့်မည်ဟု Free People က ပြော သည်။
Free People က နောက်လာမည့် ချီတက်ပွဲအတွက် နေ့ရက်ကို မကြေညာသေးသော်လည်း တညတာ ထိုင်သပိတ် တခု ပြုလုပ်မည့် အစီအစဉ်တခုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ တချိန်တည်းမှာပင် Thammasat တက္ကသိုလ် ကျောင်းသားများက ဘန်ကောက်ရှိ Grand Palace အနီးတွင် တည်ရှိသော တက္ကသိုလ်၏ Tha Phra Chan နယ်မြေ၌ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကြီးမားသော ဆန္ဒပြမှုပွဲတခု ပြုလုပ်ရန် စီစဉ်ထားသည်။
ဆန္ဒပြပွဲများ ငြိမ်းချမ်းစွာပြုလုပ်နေသရွေ့ အစိုးရက ခွင့်ပြု ထားလိမ့်မည်ဟု မျှော်လင့်ရသည်။ အစိုးရ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Traisuree Thaisaranakul ၏ အဆိုအရ ဝန်ကြီးချုပ် Prayuth Chan-ocha က အာ ဏာပိုင်များအား စိတ်ရှည်ရန်၊ ဆန္ဒပြသူများ၏ လှုံ့ဆော်မှုခံရပါကလည်း ထိန်းချုပ် သည်းခံရန်နှင့် တင်းကြပ်သော ထိန်းချုပ်မှု အစီအမံများကို ရှောင်ရှားရန် ပြောကြားခဲ့သည်ဟု သိရသည်။ သို့သော်လည်း တခြားသူများ၏ အခွင့်အရေးကို မချိုးဖောက်ရန် သူက ဆန္ဒပြသူများကို သတိပေးခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံသည် ကူးစက်ရောဂါကြောင့် အရေးပေါ် အခြေအနေ အောက်တွင်ရှိနေပြီး ဝန်ကြီးချုပ် Prayuth Chan-ocha က အစိုးရအဖွဲ့၏ အခန်းကဏ္ဍကို လျှော့ချရင်း ပြည်သူလူထု၏အခွင့်အရေးများကိုကန့်သတ်ရန် သူ့ကို အလုံးစုံ အခွင့်အာဏာပေးထားသည့် အမိန့်တခုကို ကိုင်စွဲထားသည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဝန်ကြီးချုပ် ဆန္ဒပြသူများ၏ စုရုံးခွင့်ကို အရေးပေါ် အမိန့်ကို အသုံးပြု၍ ကန့်သတ်ခဲ့ခြင်း မရှိပါ။
သို့သော်လည်း အာဏာပိုင်များက ဆန္ဒပြပွဲများတွင် ဟောပြာခဲ့သူများကို သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲခဲ့သည်။ သြဂုတ် လ ၁၉ နှင့် ၂၀ ရက်နေ့များတွင် hip-hop အဖွဲ့တခု ဖြစ်သည့် Against Dictatorship မှ အဖွဲ့ဝင်တဦးနှင့် လူ့အခွင့်အရေး ရှေ့နေ Arnon Nampa အပါအဝင် တက်ကြွလှုပ်ရှားသူ ၉ ဦး ကို ဖမ်းဆီးခဲ့သည်။ သူတို့ကို သြဂုတ်လ ၂၀ ရက်နေ့ ညတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Putchapong Nodthaisong က Royalist Marketplace group ကို ဖန်တီးခဲ့သည့် အတွက် Kyoto တက္ကသိုလ်၏ အရှေ့တောင်အာရှလေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခ Pavin Chachavalpongpun အား တိုင်ကြားမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောသည်။ “group တခုလုံးကို ဖျက်ပစ်ဖို့ ကျနော်တို့က Facebook ကို တောင်းဆိုခဲ့ ပါတယ် ” ဟု သူက ဆိုပြီး ယနေ့အင်္ဂါနေ့တွင် Facebook က ပိတ်ပင်ခဲ့သည်။
ဝန်ကြီးချုပ် Prayuth Chan-ocha က သြဂုတ်လ ၁၉ ရက်နေ့တွင် လုံခြုံရေးအေဂျင်စီများနှင့် အထူးအစည်းအဝေး တခုကို ဦးဆောင်ပြုလုပ်ခဲ့သည်။ ပြည်တွင်း သတင်းတခုအရ အကယ်၍ ဆန္ဒပြပွဲများသည် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပါက အခြေအနေကို ထိန်းသိမ်းရန် အေဂျင်စီများကို သူက ပြောခဲ့ကြောင်း သိရသည်။ ယခင်က ဆိုလျှင် ကွယ်လွန်သူ ဘုရင် Bhumibol Adulyadej က နိုင်ငံရေး ပဋိပက္ခကာလများ အတွင်းတွင် စေ့စပ်ဖျန်ဖြေသူတဦး အနေဖြင့် ဆောင်ရွက်ပေးလေ့ ရှိခဲ့သည်။ ယခု အချိန်တွင်မူ ဘုရင်စနစ်က အချေအတင်ငြင်းခုံစရာတခု ဖြစ်နေသောကြောင့် လက်ရှိ သဘောထား ကွဲလွဲမှုများက မည်သို့ ဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းက မရေမရာ ရှိနေသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ထိုင်းကျောင်းသားများ ဆန္ဒပြ
ဒုသမ္မတလောင်းအဖြစ် လူဖြူမဟုတ်သော အမျိုးသမီးကို အမေရိကန် ဒီမိုကရက်တစ်ပါတီ ရွေးချယ်
၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတမှုရှိမှာလား