၁၉၇၆ ခုနှစ်က ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မိုဟာမက်အလီသည် တိုကျိုတွင် ကရာတေးသမား အန်တိုနီယိုအင်နိုကီနှင့် သရုပ်ပြထိုးသတ်သည်။ အင်နိုကီသည် ပွဲစဉ်တလျှောက်လုံးနီးပါး အလီ၏ ညို့သကြီးကို ဂဏန်းပုံစံဖြင့် နောက်ပြန်ကန်နေသည်။
“အလီက နှစ်ချက်သာ ထိုးနိုင်ပြီး အင်နိုကီ၏ ကန်ချက်များကမူ အလီကို သွေးကြောပိတ်မှု နှစ်ခုနှင့် ခြေထောက်ဖြတ်ရလုနီးပါးဖြစ်စေသော ထိခိုက်မှုဖြစ်စေသည်” ဟု ဝီကီပီးဒီးယားက ဖေါ်ပြသည်။ ထိုပွဲကို ဇာတ်တိုက်စီမံထားခြင်းမရှိဘဲ သရေကျကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် တရုတ်နှင့်အမေရိကန်အကြား အကြီးအကျယ် တိုက်ခိုက်သော စစ်မဖြစ်နိုင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အတိုအားဖြင့် A2/AD ခေါ်သည့် တန်ပြန် ချဉ်းကပ်မှု/နယ်မြေစိုးမိုးမှု တိုက်ဖျက်ရေးလက်နက်များအတွက် အကြီးအကျယ် သုံးစွဲသောကြောင့် စစ်ပွဲမှာ လက်တွေ့မဖြစ်နိုင်ပေ။
စာရေးသူ၏ စာအုပ်ဖြစ်သော You Will Be Assimilated: China’s Plan to Sino-Form the World – သင်တို့ဝါးမြိုခံရမည်- တရုတ်၏ ကမ္ဘာကိုလွှမ်းမိုးရန် အစီအစဉ် အမည်ရှိ စာအုပ်တွင်ရှင်းပြခဲ့သည့်အတိုင်း တရုတ်နိုင်ငံသည် ၎င်း၏ ကာကွယ်ရေးအတွက် အင်နိုကီက အလီကို ခုခံကာကွယ်သည့်ပုံစံအတိုင်း အမေရိကန် စစ်တိုက်မရအောင် တည်ဆောက်ထားသည်။ Thucydides Trap (ကြီးထွားလာနေသော အင်အားကို ချုပ်ကိုင်လွှမ်းမိုးထားသော အင်အားက ခြိမ်းခြောက်မှုဟု မြင်လာသောအခါ မလွှဲမရှောင်သာဘဲ စစ်ဖြစ်ရခြင်း) အယူအဆအတိုင်း အမှန်တကယ်ပင် အမေရိကန်သည် တရုတ်ကို စစ်တိုက်လုနီးပါး ရှေ့တိုးလာခဲ့သည်။
ယနေ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ယနေ့ အဓိက အင်အားကြီးနိုင်ငံများမှ တပ်များတွင် လေ့ကျင့်မှုအားအနည်းဆုံးနှင့် လက်နက်တပ်ဆင်မှု အညံ့ဖျင်းဆုံးတပ်ဖြစ်ပြီး နောင်တွင်လည်း ထိုအတိုင်းသာဖြစ်နေနိုင်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ခြေလျှင်စစ်သား တဦးအတွက် ဒေါ်လာ ၁၅၀၀ ခန့်သာသုံးပြီး ထိုငွေမှာ ရိုင်ဖယ်သေနတ်တလက်နှင့် စစ်ဝတ်စုံဖိုးသာရှိသည်။ အမေရိကန်စစ်သားတယောက်အတွက် ဒေါ်လာ ၁၈၀၀၀ သုံးသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
တရုတ်တင့်ကားများမှာလည်း ခပ်ညံ့ညံ့သာဖြစ်ပြီး အမေရိကန်နှင့် ရုရှားတင့်ကားများကို ယှဉ်နိုင်မည့်ပုံမရှိပေ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(လေ) တွင်လည်း အမေရိကန်၏ A-10 Warthog သို့မဟုတ် ရုရှား၏ SU-25 တို့ကဲ့သို့သော မြေပြင်တိုက်ခိုက်ရေးအတွက် သီးခြား ထုတ်လုပ်ထားသောလေယာဉ် မရှိပေ။
တရုတ်မရိန်းတပ်သား အနည်းဆုံး ၃၀၀၀၀ နှင့် ယန္တရားတပ်ဆင်ထားသော ပင်လယ်ဖြတ်သန်းမည့် ခြေလျှင်တပ်ဖွဲ့ဝင် ၆၀၀၀၀ သည် ထိုင်ဝမ်ကို သိမ်းပိုက်ရန် အဆင်သင့်ပြင်ထားသည်။ သို့မဟုတ် စစ်အစဦး လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ထိုင်ဝမ်တွင် မည်သည်တို့ ကျန်ရှိနေမည်နည်း။
သို့သော် တရုတ်နိုင်ငံ၏ အလျှင်အမြန်ဖြန့်ကျက်ရေးတပ်များသည် အမေရိကန်နှင့် နှိုင်းယှဉ်လျှင် သေးငယ်လှသည်။ တရုတ်တွင် အထူးတပ်ဖွဲ့ ၇၀၀၀ မှ ၁၅၀၀၀ အထိရှိသော်လည်း အမေရိကန်၏ လတ်တလော ဘဏ္ဍာငွေခွင့်ပြုချက်တွင် အထူးတပ်ဖွဲ့ ၆၆၀၀၀ အထိရှိကြောင်း သုတေသီများထောက်ပြသည်။
သို့သော် တရုတ်နိုင်ငံသည် ကမ်းရိုးတန်းကာကွယ်ရေးအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။
၂၀၀၈ ခုနှစ်က ပြသခဲ့သည့် DF-21 မှသည် ၂၀၁၈ ခုနှစ်က ပြသခဲ့သည့် DF-26 အထိ မြေပြင်မှ သင်္ဘောပစ် ဒုံးကျည်များကို စာနယ်ဇင်းများက လေယာဉ်တင်သင်္ဘောပစ် ဒုံးကျည်များဟု ခေါ်ကြသည်။
DF-26 ကို ကီလိုမီတာ ၂၅၀၀ အထိ ပစ်ခတ်နိုင်သည်ဟု ဖေါ်ပြကြပြီး ထိုအကွာအဝေးမှာ ဂူအန်ရှိအမေရိကန် စစ်စခန်းများကို ပစ်နိုင်သည့် အကွာအဝေးဖြစ်သည်။ တရုတ်ဒုံးကျည်များသည် အိုဇုန်းအလွှာထက်ရှိ စထရက်တို စဖီးယား အလွှာမှ ဒေါင်လိုက်ဆင်းလာနိုင်ပြီး ထိုသို့သော တိုက်ခိုက်မှုမျိုးကို ခုခံရန် အမေရိကန် သင်္ဘောကာကွယ်ရေးတွင် ပြုလုပ်ထားခြင်း မရှိပေ။
လက်ရှိ မည်သည့် ဒုံးကျည်စနစ်ကိုမဆို ချေမှုန်းနိုင်သော ကြီးမားသည့် DF-17 ဒုံးကျည်များတွင် တပ်ဆင်ထားသည့် အသံထက်အဆများစွာမြန်သည့် DF-ZF လေဟုန်စီး ဒုံးများလည်း ရှိနေသေးသည်။
တရုတ်က အမေရိကန်လေယာဉ်တင် သင်္ဘောများကို ဒုံးကျည်များ သို့မဟုတ် ထောက်လှမ်းမရအောင် တိတ်ဆိတ်သည့် ဒီဇယ်-လျှပ်စစ်ရေငုတ်သင်္ဘောများဖြင့် နှစ်မြှုပ်နိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ အငြင်းပွားစရာ ကိစ္စဖြစ်သည်။ ထိုကိစ္စကို သေချာပေါက် သိနိုင်သည့် တခုတည်းသော နည်းလမ်းမှာ အမှန်တကယ် စစ်ဖြစ်ပွားခြင်းဖြစ်သည်။ လွန်ခဲ့သော တနှစ်က ဆစ်ဒနီတက္ကသိုလ် အမေရိကန် ပြည်ထောင်စုလေ့လာရေးဌာနက အောက်ပါပြင်းထန်သော အကဲဖြတ်ချက်ချမှတ်ခဲ့သည်။
“တိကျသည့် တာဝေးပစ်ဒုံးကျည်များ ပိုမိုများပြားလာခြင်းသည် အနောက်ပစိဖိတ်မှ အမေရိကန်၊ မဟာမိတ်များနှင့် ပူပေါင်းဆောင်ရွက်သည့် စစ်စခန်းများ၊ လေယာဉ်ကွင်းများ၊ ဆိပ်ကမ်းများနှင့် စစ်ဖက်ဆိုင်ရာ အဆောက်အအုံများအားလုံအတွက် အဓိက အန္တရာယ်ဖြစ်နေသည်။ ပဋိပက္ခ စတင်ဖြစ်ပွားချိန်တွင် တိကျသော ပစ်ခတ်မှုများကြောင့် ထို စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ အားလုံးသည် အသုံးမဝင်ဖြစ်သွားနိုင်သောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးကျည် ခြိမ်းခြောက်မှုသည် ဒေသတခုလုံးမှ ရှေ့တန်းနေရာများတွင်ရှိသော တပ်များကို အမေရိကန်၏ လွတ်လပ်စွာ လှုပ်ရှားနိုင်သော စွမ်းရည်အတွက် စိန်ခေါ်မှုဖြစ်သည်။
“စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်အများအပြားအပါအဝင် တရုတ်နိုင်ငံ၏ A2/AD ခေါ်သည့် ချဉ်းကပ်မှု/နယ်မြေစိုးမိုးမှု တန်ပြန်တိုက်ဖျက်ရေးလက်နက်စွမ်းရည်များအပြင် အဆင့်မြင့် C4ISR (ကွပ်ကဲ၊ ထိန်းချုပ်၊ ဆက်သွယ်၊ ကွန်ပျူတာ၊ ထောက်လှမ်း၊ လေ့လာစောင့်ကြည့်၊ စစ်မြေပြင်ထောက်လှမ်းမှု) စနစ်များ၊ ခေတ်သစ်တိုက်ခိုက်ရေး ရေငုတ်သင်္ဘောများ၊ အီလက်ထရွန်းနစ် စစ်ရေးစွမ်းရည်များ၊ အဆင့်မြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်မျိုးစုံတို့ကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် အမေရိကန်နှင့် မဟာမိတ်များ၏ ပြည်ပသို့ သွားရောက်တိုက်ခိုက်သည့် တပ်များအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး တရုတ်ပစ်မှတ်များ၏ ထိုးစစ်ဆင်ဒေသအတွင်းရှိ ရေပြင်နှင့် ဝေဟင်ထဲ ထိရောက်စွာ လုပ်ဆောင်နိုင်မှုကို တားဆီးနေသည်။
“အဆင့်မြင့်ရေဒါများ၊ ဒုံးကျည်များနှင့် ရှေ့တန်းအခြေစိုက် လေယာဉ်များကို အထောက်အပံ့ပေးနိုင်သည့် တောင်တရုတ်ပင်လယ်တွင်း ဘေ့ဂျင်းက စစ်စခန်းကွန်ရက်များ တည်ဆောက်ထားသည့် နောက်ပိုင်းတွင် A2/AD ခေါ်သည့် ချဉ်းကပ်မှု/နယ်မြေစိုးမိုးမှု တန်ပြန်တိုက်ဖျက်ရေးလက်နက်ခြိမ်းခြောက်မှုက အရေးပါသောရေကြောင်းလမ်းတွင် ပိုမိုပြင်းထန်စေသည်။”
သေချာသည်မှာ တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်နှင့် ပတ်သက်ပြီး မသိရသေးသည့် အချက်အလက်အများအပြားရှိခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ J-20 သူလျှိုလေယာဉ်များသည် အမေရိကန် သင်္ဘောများနှင့် လေယာဉ်များကို တိုက်ခိုက်ရန် ထိရောက်သော လက်နက်ဖြစ်ကြောင်း အချို့သော အမေရိကန်လေ့လာသူများက ယူဆကြသည်။ အချို့ ထိုအချက်ကို သဘောမတူကြပေ။ ဆိုလိုသည့်အချက်မှာ တရုတ်လေယာဉ်များသည့် အမေရိကန် F-18’s သို့မဟုတ် F-35’s လေယာဉ်များကို ဝေဟင်တွင် စီးချင်းထိုးမည်မဟုတ်ဟူသည့် အချက်ဖြစ်သည်။
တရုတ်တို့သည် အမေရိကန်တပ်များကို တရုတ်နိုင်ငံမှ အကွာအဝေးတခုတွင်သာ ထိန်းထားမည်ဖြစ်ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို စစ်ကူရန် ခက်ခဲအောင်သာ လုပ်ဆောင်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန် ဂြိုလ်တုများကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်သည့် စွမ်းရည်ကို ၂၀၀၈ ခုနှစ်ကပင်ပိုင်ဆိုင်ခဲ့ပြီး လေဆာများဖြင့် ထိုဂြိုလ်တုများအား ထောက်လှမ်းမရအောင် လုပ်ဆောင်နိုင်သည်။ တရုတ်-အမေရိကန် စစ်ပွဲ ပထမဆုံး မိနစ်များတွင် အမေရိကန် စစ်ဖက်ဆက်သွယ်ရေးနှင့် နေရာရှာဖွေရေး စနစ်များကို ဖျက်ဆီးပစ်နိုင်သည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်အထက်ဝေဟင်အထိ ထိန်းချုပ်နိုင်သည့် ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်ကိုလည်း ဖြန့်ချထားသည်။ အမေရိကန်၏ တန်ပြန်တိုက်ခိုက်မှုများသည် S-400 ကို ချေမှုန်းနိုင်မည် မချေမှုန်းနိုင်မည်မှာ စစ်ရေးလျှို့ဝှက်ချက်ဖြစ်သော်လည်း ရုရှား၏ စနစ်သည် ထိုင်ဝမ်ကာကွယ်ရေး ကို မရေမရာဖြစ်သွားနိုင်ကြောင်း ထင်ရှားသည်။
အမေရိကန်နှင့် တရုတ်တပ်များ တရုတ်ကမ်းရိုးတန်းတွင် ထိပ်တိုက်တွေ့ခြင်းသည် ဖြစ်နိုင်ခြေရှိသည့် တခုတည်းသော စစ်အခြေအနေ မဟုတ်ပေ။ အမေရိကန်သည် ပါရှန်းပင်လယ်ကွေ့မှ တရုတ်ရေနံတင်သွင်းမှုကိုလည်း ပိတ်ဆို့နိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ရုရှားမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကုန်းတွင်းမှ ရယူရန် လွန်စွာ စိတ်ထက်သန်နေသည်။
ထို့အပြင် တရုတ်နိုင်ငံသည့် ၎င်း၏စွမ်းအင်သုံးစွဲမှု ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းမှသာ ရယူသည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့သည် စွမ်းအင်အားလုံးနီးပါးကို တင်သွင်းနေရသောကြောင့် ရေနံစီးဆင်းမှုကို ရပ်တန့်အောင် လုပ်ဆောင်ရန် ကြိုးစားခြင်းသည် အမေရိကန်၏ မဟာမိတ်များအတွက် ဆိုးရွားသော အကျိုးဆက်များဖြစ်စေနိုင်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော တရုတ်ဒုံးကျည်လက်နက်တိုက်ကို ချေမှုန်းရန် အမေရိကန် အနေဖြင့် လက်နက်သစ်များ တီထွင်နိုင်သည်။ ထိုပြဿနာကို လေ့လာရန် ကာကွယ်ရေး အဆင့်မြင့် သုတေသန စီမံကိန်းများဌာနက Grumman ကို ဒေါ်လာ ၁၃ သန်းပေးခဲ့သည်။ သို့သော် ထိုငွေသည် ပထမဆုံး ညူကလီးယားလက်နက်ထုတ်လုပ်သည့် Manhattan-Project အဆင့်ရှိသည့် ငွေကြေး စိုက်ထုတ်မှု မဟုတ်ပေ။ အမေရိကန်ရေတပ်သည် ကာကွယ်ရေး စနစ်တခု လုပ်ဆောင်နေကြောင်း ပြောသော်လည်း အသေးစိတ်များကို မသိရပေ။
သဘောတရားအရဆိိုပါက လေဆာများသည် မည်သည့် နောက်ဆုံးပေါ်လက်နက်များသို့မဆို အလင်းအလျင်ဖြင့် စွမ်းအင်ပေးပို့နိုင်သည်။ သို့သော် အလွန်လျှင်မြန်စွာ ပျံသန်းနေသော အရာများကို အာရုံခံခြင်း၊ ချိန်ကိုက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် မဖြေရှင်းရသေးသည့် ပြဿနာများစွာ ရှိနေသည်။
တရုတ်ကမ်းရိုးတန်းဒေသများမှ အာဏာချိန်ခွင်လျှာကို လေဆာလက်နက်များက အပြောင်းအလဲဖြစ်စေရန်မှာ နှစ်များစွာကြာဦးမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကာကွယ်ရေး သေနင်္ဂဗျူဟာသည် ကြိုတင်ခန့်မှန်းနိုင်သည့် အနာဂတ်ကာလအတွင်း တရုတ်နှင့် အမေရိကန်အကြား စစ်မဖြစ်နိုင်အောင် ထိန်းထားနိုင်သည်။
(Asia Times မှ Why there won’t be a US-China war ကို ဘာသာပြန်သည်)
You may also like these stories:
ပူးတွဲစစ်ရေးလေ့ကျင့်ရန် ထိုင်းကို အမေရိကန်စစ်သည် ၁၀၀ ကျော်ပို့
တရုတ်ကို ဝိုင်းထားတဲ့ ဒီမိုကရေစီ ၄ နိုင်ငံ မဟာမိတ်ပြုပြီ
အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်