“ရန်ကုန်ရွာက အကြီးကြီးပဲ။ အိမ်ကြီးတွေဆိုလည်း အရှည်ကြီးတွေ၊ ရထားဆိုလည်း အကြီးကြီး အဲဒီရောက်မှ စီးဖူးတာ။ ရန်ကုန်မှာ ပျော်တယ်။ သွားချင်သေးတယ်” လို့ ဗမာစကား မပီတပီနဲ့ အားရပါးရ ပြောပြသူကတော့ မငယ်လို့ ခေါ်တဲ့ ၄၇ နှစ်အရွယ် ကြေးကွင်းပတ် ကယန်းအမျိုးသမီးပါ။
မိရိုးဖလာဓလေ့ကြောင့် ကြေးကွင်းကို ငယ်စဉ်ကတည်းက ပတ်ခဲ့တဲ့ မငယ်ဟာ မြန်မာပြည်မှာနေတုန်းက ရန်ကုန် မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ရိုးရာအက ကပြဖို့ ဖိတ်ကြားခဲ့တာကြောင့် ကြေးကွင်းပတ် ကယန်း အကနဲ့ သွားရောက် ဖျော်ဖြေရင်း ရောက်ရှိခဲ့ဖူးတာပါ။
သူမက ကယားပြည်နယ်၊ ဒီမောဆို မြို့နယ်အတွင်း တောင်ကုန်း တောင်တန်းတွေကြားမှာ တည်ရှိတဲ့ ပန်ပက်ရွာ လေးကပါ။ ကတ္တရာလမ်းမကြီးတွေ၊ ကားတွေ၊ မီးရထားတွေ၊ အထပ်မြင့် အဆောက် အအုံတွေနဲ့ ရန်ကုန်မြို့ကြီးဟာ သူမအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကို ရောက်ဖူးတဲ့ အတွက်လည်း ဂုဏ်ယူမဆုံး ဖြစ်နေတုန်းပါ။
ရန်ကုန်မြို့အကြောင်း ဂုဏ်ယူဝံ့ကြွားပြီး ပြောပြနေတဲ့ မငယ်ဟာ အခုတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ထဲမှာ ရှိတဲ့ “နန်းဆွယ်ရွာသစ်” လို့ ခေါ်တဲ့ (Ban Mai Noi Soi) ယဉ်ကျေးမှုရွာလေးမှာ အိပ်လိုက် စားလိုက်နဲ့ အလုပ်လက်မဲ့ တယောက်ဖြစ်နေပါတယ်။
ဒီလိုဖြစ်နေတာ မငယ် တယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီနန့်ဆွယ်ရွာတရွာလုံးဖြစ်နေကြတာပါ။ ဒီရွာလေးမှာ ကြေးကွင်းပတ်ကယန်းတွေ အပါအဝင် ကယောနဲ့ ကယား တိုင်းရင်းသူ၊ တိုင်းရင်းသား အိမ်ထောင်စု ၁၈ စုရှိပြီး စုစုပေါင်း လူဦးရေ ၇၀ ကျော်နေထိုင်ကြပါတယ်။ အားလုံးက ဘဝတူတွေပါပဲ။
ဒီရွာလေးမှာ ရောက်ရှိနေသူတွေဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း တပ်မတော်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့အကြား ကယားပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် အဖြစ်နဲ့ ရောက်ရှိလာကြ သူတွေ ပါသလို နောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် အခက်အခဲနဲ့ စားဝတ်နေရေး အကြပ် အတည်းတွေကြောင့် ရောက်ရှိလာကြသူတွေလည်း ပါပါတယ်။
မငယ် က “ရွာမှာဆိုရင် အလုပ်မရှိဘူး။ ရှိတဲ့ အလုပ်က ထမင်းစားဖို့မလောက်ဘူး။ ဒါကြောင့်ဒီကိုလာတာ အဲတုန်းက ကားနဲ့လာမရဘူး။ လမ်းလျှောက်လာတာ ၇ ရက်ကြာတယ်” လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
၁၉၉၀ ခုနှစ်ကတည်းက ထိုင်းဘက်ကို ရောက်လာသူ ဦးလဒူ ကတော့ “အဲဒီတုန်းက မငြိမ်းချမ်းသေးဘူးလေ။ လက်နက်ကိုင်တွေကလည်းများ တပ်ကလည်း ပေါ်တာ ခဏခဏဆွဲတာနဲ့ ဒီဘက်ပြောင်းလာတာ” လို့ ရှင်းပြပါတယ်။ သူကတော့ လက်သမားအလုပ်လုပ်ရင်း နန်းဆွယ်ရွာသစ်မှာ ဇနီးဖြစ်သူနဲ့ အတူ နေထိုင်ပါတယ်။
ဖခင်ဆုံးသွားပြီး မိခင်ဖြစ်သူနဲ့သာ ကြီးပြင်းခဲ့ရတဲ့ ကယားတိုင်းရင်းသူ ဒေါ်ဖရေးမယ် ဆိုရင်လည်း ၁၉၉၆ ခုနှစ်မှာ KNPP နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စိုးရိမ်တာကတကြောင်း အခွန်ကောက်မှုတွေကို မပေးနိုင်တာက တကြောင်းမို့ ပဋိပက္ခနယ်မြေကိုစွန့်ကာ သားမိနှစ်ယောက် ထိုင်းဘက်ကို ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။
ဒေါ်ဖရေးမယ် က “အဲတုန်းက ကျမ ကလေးပဲ ရှိသေးတယ်။ စစ်ပွဲတွေဖြစ်တယ်လေ။ အခွန်လည်းကောက်တယ်။ ဒါကြောင့်ပြေးလာတာ အခုဆိုမြန်မာပြည်မှာ အိမ်တွေလည်း မရှိတော့ဘူး” လို့ သူမကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြ ပါတယ်။
ထိုင်းအစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိုင်းဘက်ကိုရောက်လာတဲ့ ကြေးကွင်းပတ် ကယန်းတိုင်းရင်းသူတွေ အပါအဝင် ကယောနဲ့ ကယား တိုင်းရင်းသူတွေကို တစုတစည်းတည်း မြင်တွေ့နိုင်ဖို့ ယဉ်ကျေးမှု ရွာလေးတွေတည်ပြီး ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
လည်ပင်းကို ကြေးကွင်းတွေပတ်ထားတဲ့ ကယန်းတိုင်းရင်းသူတွေနဲ့ အမြင်ဆန်းပြီး လှပတဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင် ထားတဲ့ ကယောနဲ့ ကယားအမျိုးသမီးတွေ ရှိတဲ့ ရွာလေးတွေကို ကမ္ဘာလှည့် ခရီးသည်တွေ ကလည်း သဘောကျပြီး အဆက်မပြတ်လာလည်ခဲ့ကြလို့ ထိုင်းခရီးသွားလုပ်ငန်းအတွက်လည်း အထောက် အကူဖြစ်ခဲ့ပါတယ်။
ကြေးကွင်းပတ်ကယန်းတွေဟာ မယ်ဟောင်ဆောင်ခရိုင်အတွင်းက နန့်ဆွယ်ရွာသစ်အပါအဝင် အခြားယဉ်ကျေးမှု ရွာလေးတွေဖြစ်တဲ့ ဟွေပူးကဲ၊ ဟွေစူတောက် တို့မှာ ခရီးသွားလုပ်ငန်းကို မီခိုလုပ်ကိုင်နေကြပြီး ချင်းမိုင်နဲ့ ချင်းရိုင် တို့မှာရှိတဲ့ ယဉ်ကျေးမှုရွာလေးတွေမှာလည်း နေကြပါတယ်။
ဒီရွာလေးတွေမှာ နေထိုင်ဖို့အတွက်ကတော့ နေရာခ ပေးစရာမလိုပါဘူး။ ကိုယ်တိုင်နေရာတောင်းပြီး ရိုးရာ အိမ်ဆောက်နေခွင့်ပေးပါတယ်။ လိုက်နာရမှာကတော့ ဒီအိမ်မှာနေမယ့်သူကတော့ ရိုးရာဝတ်စုံနဲ့ နေရာမှာ ဖြစ်ပါတယ်။ အိမ်မှာ ရိုးရာ ဂျပ်ခုတ်အထည်တွေ လုပ်ရောင်းခွင့်နဲ့ လက်လုပ်အမှတ်တရ ပစ္စည်းလေးတွေ လုပ်ပြီး ရောင်းချခွင့် ရှိပါတယ်။
ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုပေးတဲ့ လက်ကမ်းစာစောင်တွေ၊ မဂ္ဂဇင်းတွေအထဲမှာလဲ ကြေးကွင်း ပတ် ကယန်းတွေရဲ့ ပုံရိပ်တွေနဲ့ ကြော်ငြာထားတာကိုမြင်တွေ့ရမှာပါ။ ဒါကြောင့် ကြေးကွင်းပတ်ကယန်းတွေကို ထိုင်းနိုင်ငံက မူလရှိတဲ့ လူမျိုးစုတွေလို့တောင် ထင်နေကြပါပြီ။
COVID-19 မဖြစ်ခင်က ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒီတုန်းက ယဉ်ကျေးမှု ရွာလေးတွေမှာ နေကြတဲ့ ကြေးကွင်းပတ်ကယန်းတွေ အပါအဝင် ကယော၊ ကယား၊ လားဟူ၊ အာခါနဲ့ အခြား တိုင်းရင်းသားတွေလည်း အလုပ်အကိုင် အဆင်ပြေကြပါတယ်။
ယဉ်ကျေးမှုရွာလေးတွေကို ဝင်မယ်ဆိုရင် နိုင်ငံခြားသား တယောက်ကို ဘတ် ၅၀၀ (ကျပ် ၂ သောင်းကျော်) ပေးရပြီး ရွာထဲမှာ ရိုးရာအိမ်တွေမှာ တည်းခို စားသောက်နိုင်သလို ရွာထဲက တိုင်းရင်းသားတွေ ယက်လုပ်ထားတဲ့ ရိုးရာ အထည်တွေနဲ့ အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒီလိုဝယ်ယူမှုတွေကနေ သူတို့တွေ ဝင်ငွေ ရရှိကြပါတယ်။
သူတို့ရဲ့ အသွင်ထူးတဲ့ ဝတ်စားဆင်ယင်မှုကို ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားကြတဲ့ အတွက် ယဉ်ကျေးမှုရွာလို့ အမည်တပ်ပြီး အခကြေးငွေကောက်ပြသပါတယ်။ ၂၀၁၀ ခုနှစ်ထဲမှာ ဧရာဝတီက Human Zoo in Thailand “ထိုင်းနိုင်ငံက လူသားပြတိုက်” ဆိုပြီး ရုပ်သံထုတ်လုပ်ခဲ့ဖူးပါသေးတယ်။
ဒီလိုယဉ်ကျေးမှုရွာတွေကို မှီခိုလုပ်ကိုင်နေကြရတဲ့ ကြေးကွင်းပတ်ကယန်းတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေကတော့ သူတို့ ဒီရွာလေးတွေရဲ့ အပြင်ကို လွတ်လပ်စွာ သွားလာပိုင်ခွင့် မရှိဘူးဆိုတဲ့ ခံစားချက်ထက် ကျော်လွန်ပြီး တွေးတဲ့ သူတွေလည်း ရှိပေမယ့် စားဝတ်နေရေးနဲ့ မိသားစုအနာဂတ်အရေး ဆိုတဲ့ တာဝန်တွေအောက်မှာဘဲ ရှင်သန်ခွင့်ရ နေကြရတာပါ။
အလုပ်အဆင်ပြေချိန်ကတော့ တချို့ဆိုရင် ထိုင်းမှာ စုမိတဲ့ ပိုက်ဆံနဲ့ နေရပ်ရင်း ပန်ပက်ရွာလေးမှာ တိုက်အိမ်တွေ ပြန်ဆောက်ခဲ့ကြလို့ အရင်က ရှိခဲ့တဲ့ ပန်ပက်ရွာက ရိုးရာအိမ်လေးတွေတောင် အတော်နည်းနေပြီဖြစ်ပါတယ်။ ထိုင်းမှာတော့ ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်စားစေဖို့ အတွက် ရိုးရာအိမ်တွေပဲ ပေးဆောက်ပြီး နေခွင့်ပြုတာပါ။
ဒါပေမယ့် အခြေအနေတွေ လုံးဝ ပြောင်းပြန် ဖြစ်သွားစေခဲ့တာကတော့ ဒီနှစ် မတ်လပိုင်းထဲမှာစခဲ့တယ်လို့ ပြောရ ပါမယ်။ လက်ရှိ တကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ Covid-19 ဒဏ်ကို ထိုင်းနိုင်ငံလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ ဒီရိုက်ခတ်မှုဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတခုလုံး ရပ်ဆိုင်းသွားပြီး မီးခိုးတိတ်ပြိုဆင်းသွားတဲ့ အထိ ပြင်းထန်ခဲ့ ပါတယ်။
ဒီအခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ ယဉ်ကျေးမှုရွာတွေ၊ ဆင်စခန်းတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ပိတ်လိုက်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို မှီခိုလုပ်စားနေကြရတဲ့ ကြေးပတ် ကယန်းတွေနဲ့ အခြားတိုင်းရင်းသား လူမျိုးစုတွေဟာ ဝင်ငွေပြတ်လပ်မှုတွေဖြစ်သလို စားဝတ်နေရေးပါ အခက်အခဲဖြစ်လာခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲက လူသိများတဲ့ Baan Tong Luang လို့ခေါ်တဲ့ ယဉ်ကျေးမှုရွာဆိုရင်လည်း COVID -19 ကာလအတွင်း ယာယီ ပိတ်ထားခဲ့ပြီးနောက်မှာ ပြန်မဖွင့်နိုင်တော့လို့ လုံးဝ ပိတ်ပစ်လိုက်ရတဲ့ အခြေ အနေ ဖြစ်သွားခဲ့ပါတယ်။
Baan Tong Luang အပါအဝင် ချင်းမိုင်ခရိုင်ထဲမှာရှိတဲ့ ယဉ်ကျေးမှုရွာတွေနဲ့ ဆင်စခန်းတချို့ COVID-19 ကာလမှာ ရိက္ခာ အခက်အခဲဖြစ်လို့ ဧရာဝတီ သတင်းဌာန မိသားစုတွေ အပါအဝင် ချင်းမိုင်ရောက် မြန်မာမိသားစုဝင်တွေက သွားရောက်ကူညီခဲ့ကြပါသေးတယ်။
Baan Tong Luang ရွာလေးကို မီခိုနေကြတဲ့ ကြေးကွင်းပတ်ကယန်းတွေလည်း အလုပ်လက်မဲ့ ဖြစ်ပြီး တချို့က မြန်မာပြည်ပြန်ကြသလို အများစုကတော့ ထိုင်းဘက်မှာပဲ ဆွေမျိုးတွေရှိရာမှာ သွားရောက် ခိုလှုံကြပါတယ်။ ဒီအထဲက တချို့ကိုတော့ မငယ်တို့ နေထိုင်တဲ့ မယ်ဟောင်ဆောင်က နန့်ဆွယ် ယဉ်ကျေးမှု ရွာလေးမှာ လာနေ ကြတာကို တွေ့ရပါတယ်။ တချို့က နန်းဆွယ်ရွာကနေ ကမ္ဘာလှည့်ခရီးသည် ပိုပြီး အလာများတဲ့ Baan Tong Luang မှာ သွားပြီး အလုပ်ဆင်းသူတွေလည်း ဖြစ်ပါတယ်။
အခုတော့ မငယ်တို့ နေထိုင်တဲ့ နန့်ဆွယ်ရွာလေးဟာလည်း အရင်တုန်းကလို ကမ္ဘာလှည့် ခရီးသည်တွေ မလာနိုင်ကြသေးပါဘူး။ ရိုးရာ လက်ယက်ထည်လေးတွေ၊ အမှတ်တရပစ္စည်းလေးတွေကိုတော့ ဈေးခင်းထားပါတယ်။ ဒါပေမယ့်လည်း ဝယ်သူမရှိဘဲ ခင်းထားတဲ့ အထည်တွေနဲ့ အမှတ်တရ ပစ္စည်းတွေ ဖုန်ခါနေရုံသာပါပဲ။
မငယ်က “ဧည့်သည်မလာဘူးလေ။ ပိုက်ဆံလည်း မရတော့ဘူး။ ထမင်းစားလိုက်၊ အိပ်လိုက်၊ ရေချိုးလိုက်နဲ့ နေ့တိုင်း အချိန်ကုန်တာပဲ” ဟု လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။
သူတို့အတွက်တော့ COVID-19 ကပ်ရောဂါဘေးဟာ ကျိန်စာတခုလိုပါပဲ။ အရင်က ဧည့်သည်ပါးလို့ရှိရင် ရွာပြင် ထွက်ပြီး ထိုင်းလုပ်ငန်းရှင်တွေရဲ့ ခြံတွေမှာ သစ်သီးခူး၊ တောင်ယာလုပ်၊ လက်သမားလုပ် စတာတွေမှာ ကျပန်း လုပ်ကိုင်ပြီး အပိုဝင်ငွေ ရှာနိုင်ခဲ့ကြပေမယ့် COVID-19 ကြောင့် အသွားအလာ ကန့်သတ်လိုက်တော့ ဟင်းချက်စရာ ရှာဖို့တောင် အခက်အခဲဖြစ်ခဲ့ရပါတယ်။
အခုလိုအခက်အခဲကြုံလာကြတဲ့အခါ အားလုံးက မွေးရပ်မြေကို ကိုယ့်မြေ ကိုယ့်နိုင်ငံ ဆိုတဲ့အားကိုးစိတ်နဲ့ တမ်းတကြပေမယ့် မြန်မာပြည်ထဲမှာလည်း COVID- 19 ဂယက်ကြောင့် ထိုင်းနိုင်ငံလိုပဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ် ဆိုတာ တဆင့်စကား တဆင့်နားနဲ့ သူတို့ သိထားကြပြီးပါပြီ။
အလုပ်လက်မဲ့ချင်း တူရင်တောင် မွေးရပ်မြေဟာ ထိုင်းမှာထက် အခြေ အနေဆိုးလိမ့်မယ်လို့ သူတို့ တွေးဆနေ ကြပါတယ်။ ဒါကြောင့် အများစုက ပြန်ကြဖို့ တွန့်ဆုတ်နေကြတာပါ။ ပြည်တွင်း စစ်ပဋိပက္ခကြောင့် ပြေးလာသူတွေ ကတော့ မြန်မာ အိမ်ထောင်စု စာရင်းမရှိကြတော့သလို ထိုင်းနိုင်ငံသား အဖြစ်လည်း အသိအမှတ်ပြုမခံရတဲ့ အတွက် နိုင်ငံမဲ့နေတဲ့ ဘဝမျိုးဖြစ်နေကြပါတယ်။
သနပ်ခါး ပါးကွက်ကြား လိမ်းထားတဲ့ ကြေးကွင်းပတ်ကယန်းအမျိုးသမီး ဒေါ်ဌေးကတော့ “မြန်မာပြည် ချစ်တယ်။ ပြန်ချင်တယ်လေ။ ဟိုမှာ အလုပ်မရှိဘူး။ သားက ဒီမှာဆိုတော့ ဒီမှာပဲ နေရမှာပေါ့” လို ဆိုပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံဘက်ကို ရောက်လာတဲ့ ကယောအမျိုးသမီး ရောဇာ ကတော့ “မြန်မာပြည် ပြန်လည်း အိမ်မရှိဘူး။ အမေအဖေလည်း မရှိတော့ဘူး။ အိမ်ကတော့ တို့ရိုးရာ အရ ကျမက (သမီး) အလတ်ဆိုတော့ အကိုအကြီးဆုံးက ရသွားတယ်” လို့ ဆိုပါတယ်။
တချို့ကတော့ မြန်မာပြည်မှာ အိမ်မရှိတော့သလို ဒီဘက်မှာ သားသမီးတွေကလည်း အရွယ်ရောက်နေကြပြီဖြစ်တဲ့ အတွက် ပြန်ဖို မလွယ်တော့ပါဘူး။ ဦးလဒူဆိုရင် ဇနီးသည် ကြေးပတ်ကယန်း အမျိုးသမီးနဲ့ အတူ အသက် ၂၀ ကျော်အရွယ် ကလေး သုံးယောက်ရှိပြီး အားလုံးက ထိုင်းကျောင်းတက်နေကြသူတွေဖြစ်တဲ့ အတွက် မွေးရပ်မြေကို ပြန်ပြောင်းနေထိုုင်ဖို့ တော်တော်ခက်ခဲနေပါတယ်။
ဦးလဒူက “ကလေးတွေက ထိုင်းတွေလို ဖြစ်နေပြီလေ။ ကျနော်တို့က မြန်မာပြည် ပြန်နေချင်ပေမယ့်လည်း သူတို့ အတွက်က အဆင်မပြေတော့ဘူး။ အဲတော့ သူတို့အဆင်ပြေမယ့်နေရာမှာဘဲ ကျနော်တို့ နေရတော့မှာပေါ့။ မြန်မာပြည် တကယ်မှန်တဲ့ ငြိမ်းချမ်းရေး ရရင်တော့ ပြန်ချင်တာပေါ့။ အခုက ဘယ်တော့ရမလဲဆိုတာ မသေချာသေးဘူး” လို့ ပြောပါတယ်။
အခုလို နန်းဆွယ်ရွာသားတွေ ကြုံနေရတဲ့ အခက်အခဲမျိုးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရာနှင့်ချီတဲ့ ကြေးကွင်းပတ် ကယန်းတွေ အပါအဝင် ထောင်နှင့်ချီတဲ့ မြန်မာတိုင်းရင်းသားတွေ ကြုံတွေ့နေကြရပါတယ်။ အစိုးရတွေကိုယ်တိုင် ကလည်း ကိုဗစ်ဂယက်ကြားမှာ ရုန်းကန်နေရလို့ သူတို့ကို သီးခြားကြည့်ဖို့ ဆိုတာမလွယ်ပါဘူး။
မငယ်ဆိုရင်လည်း သူရှေ့ဆက် ဖြတ်သန်းမယ့် အနာဂတ်အတွက် ကံကိုသာ ပုံချထားပါတယ်။ စကားစပ်မိတိုင်းတော့ သူငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ရန်ကုန်မြို့အကြောင်းကို ခဏခဏမေးနေတုန်းပါ။ နန်းဆွယ်ရွာလေးမှာ သူတို့ ရောင်း နေတဲ့ ဂျပ်ခုတ်အထည်တွေနဲ့ အမှတ်တရပစ္စည်းတွေ ရန်ကုန်မှာ သွားရောင်းလို့ရ မရလည်း မေးပါသေးတယ်။
“ရန်ကုန်မှာ အလုပ်ရှိရင် ကောင်းတာပေါ့။ သွားချင်သေးတယ်လေ။ ရထားလည်း စီးချင်သေးတယ်” လို့ မငယ်က သူ့ဘဝမှာ ပထမဆုံး စီးခဲ့ဖူးတဲ့ ရန်ကုန်က ရထားကို တမ်းတရင်းပြောပါတယ်။
ကိုဗစ်ရိုက်ခတ်မှုဟာ မြန်မာပြည်ကိုလည်း ထိခိုက်တယ်ဆိုတာ သူတို့ သိပေမယ့် မြန်မာနိုင်ငံထက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ထိုင်းနိုင်ငံမှာတောင် ဒီလောက်ရိုက်ခတ်ရင် မြန်မာနိုင်ငံမှာ ဘယ်လို ရှိနိုင်သလဲဆိုတာကိုတော့ သူတို့ မသိရှာ ပါဘူး။
ထိုင်းနိုင်ငံမှာ ကိုဗစ်အခြေအနေကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရမှု ကြာလာရင် သူတို့ ရေရှည်ရပ်တည်ဖို့ အတွက်ကလည်း ပိုဆိုးနိုင်ပါတယ်။
တချို့ကတော့ မြန်မာနိုင်ငံမှာ အထောက်အထားတွေ ရှိကြဆဲဖြစ်တာမို့ ပြန်ဖို့ အဆင်ပြေနိုင်ပေမယ့် ပဋိပက္ခတွေ ကြားမှာ အိမ်၊ ရွာနဲ့ မွေးစာရင်း အထောက်အထားတွေ ပြာဖြစ်သွားခဲ့ရသူတွေ အတွက်ကတော့ နိုင်ငံငံမဲ့ဘဝနဲ့ အခက်အခဲတွေ ဆက်ပြီးရင်ဆိုင်နေရဖွယ်ရှိပါတယ်။
You may also like these stories:
ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့