၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လသာ လိုပါတော့တယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူထုကြား မဲစာရင်းကိစ္စ၊ ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ၊ ပါတီအသီးသီးက ထုတ်ပြန်နေတဲ့ မူဝါဒတွေ၊ မဲပေးရေး (Go Vote) ၊ မဲမပေးရေး (No Vote) စသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
ဒါ့ပြင် ရွေးကောက်ပွဲနဲ့ ကိုဗစ်-၁၉၊ လူငယ်၊ မသန်စွမ်း၊ ကျား-မ အခြေပြု၊ စစ်ဘေးရှောင်၊ ရွှေ့ပြောင်းအလုပ်သမား စတဲ့ မတူညီသော ရှုထောင့် အသီးသီးကနေ ပြောဆိုဆွေးနွေးမှုတွေကိုလည်း တွေ့လာရပါတယ်။
ထူးခြားမှု တခုအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လူငယ်တွေအကြောင်း ပြောဆိုမှု အနည်း ငယ်သာ ရှိခဲ့ပေမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း ဆွေးနွေး ပြောဆိုလာကြပါ တယ်။ ဘာကြောင့်ပါလဲ။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ဦးရေ ၃၇ သန်းကျော် အနက် အသက် ၁၈ နှစ် ပြည့်ပြီးနှင့်အထက် ပထမဆုံးအကြိမ် မဲပေးကြမယ့် လူငယ် (First Time Youth Voters) ဦးရေ က ၅ သန်းခန့် ရှိနေပါတယ်။
ဒီလူငယ်တွေရဲ့ ဆန္ဒမဲ လက်မှတ်တွေဟာ ရွေးကောက်ပွဲမှာ တစုံတရာ အဆုံးအဖြတ် ပေးနိုင်မယ့် အခြေအနေဖြစ်လို့ လူ ငယ်တွေ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်လာရေးဟာ အရေးကြီးတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ က ထောက်ပြ ပြောဆိုထားပါတယ်။
လူငယ်တွေရဲ့အားနဲ့ အရွေ့တခုကို ပြောင်းနိုင်မယ်လို့ နိုင်ငံရေးသမားတွေက သိနားလည်လာတာကြောင့် ၂၀၁၅ ထက်စာ ရင် ၂၀၂၀ မှာ လူငယ်တွေကို ပိုမိုထည့်သွင်း စဉ်းစားလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် မောင်မျိုးမင်းပိုင်(ဧရာဝတီတိုင်း ဒေသကြီး)က ယူဆပါတယ်။
၂၀၁၇ နိုဝင်ဘာမှာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို တနိုင်ငံလုံး တပြေးညီ အကောင် အထည်ဖော်တဲ့ နေရာမှာတော့ ကျေနပ်အားရဖွယ် မရှိသေးလို့ နောက်တက်လာမယ့် အစိုးရတွေအနေနဲ့ လူငယ်မူဝါဒ၊ လူငယ်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီးအားစိုက်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
“ဒီမဲ တမဲက တော်တော် အရေးကြီးတယ်။ မဲတမဲနဲ့လည်း အနိုင်ရသွားနိုင်တယ် ဆိုတော့ စိတ်လှုပ်ရှားမှုတွေ ရှိတယ်” လို့ ဖွင့်ဟလာသူက ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တဦးဖြစ်တဲ့ မသင်းကြည်အောင် ဖြစ်ပါတယ်။
ဇာတိမြေ လားရှိုးကနေ ရန်ကုန်၊ ဒဂုံတက္ကသိုလ်မှာ ဥပဒေပညာ လာရောက်သင်ယူနေတဲ့ သူမက ရွေးကောက်ပွဲဆိုတာ ဟာ လေးလေးနက်နက်နဲ့ ကိုယ်လိုချင်တဲ့ခေါင်းဆောင်ကို ရွေးချယ်မဲပေးရမှာဖြစ်လို့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုအဖြစ် ခံယူထားပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု ရှိတာကြောင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေမှာ ပါဝင်တက်ရောက်တာ မျိုးရှိသလို အွန်လိုင်းကနေတဆင့် လေ့လာမှုတွေလည်း လုပ်နေတယ်လို့ သူက ဆိုပါတယ်။
၅ သန်းခန့်သော အလွှာစုံ၊ ကဏ္ဍစုံမှာ ရှိနေကြတဲ့ လူငယ်တွေကရော မသင်းကြည်အောင်လိုပဲ ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ စိတ်ဝင်စားမှု ရှိကြပါရဲ့လား။ ဒီမေးခွန်းအတွက် နေရာဒေသအပေါ် မူတည်ပြီး အဖြေတွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်တဲ့ ပဉ္စမ မဏ္ဍိုင် (The Fifth Pillar) ရဲ့ Program Director ဦးနေဝင်းနိုင် က တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲစတင်ပေးကြမယ့် လူငယ်တွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို အကြမ်းဖျင်းအားဖြင့် အုပ်စု ၃ စုခွဲပြီး ပြောပြပါတယ်။
ရွေးကောက်ပွဲကို စိတ်ဝင်တစား လေ့လာပြီး မဲသွားပေးကြမယ် ဆိုတဲ့အုပ်စု (မြို့ပြနေ လူငယ်အများစု)၊ ရွေးကောက်ပွဲကို စိတ်ဝင်စားပေမယ့် ရွေးကောက်ပွဲဆိုတာ ဘာမှန်း၊ မဲ ဘာကြောင့်ပေးရမှန်း မသိတဲ့အုပ်စုနဲ့ ရွေးကောက်ပွဲရော၊ မဲပေးဖို့ပါ စိတ်မဝင်စားတဲ့ အုပ်စုတွေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့်လည်း The Fifth Pillar က မဲဆန္ဒရှင် အသိပညာပေး အစီအစဉ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်တွေကို ကိုယ့်ရပ်ရွာဒေသမှာ ပြန်လည်မျှဝေပေးနိုင်မယ့် လူငယ်တွေကို သင်တန်းပေးပြီး သူတို့ကနေတဆင့် စိတ်ဝင်စားမှု အားနည်းနေတဲ့ လူငယ်တွေဆီ ရောက်ရှိရေးအတွက် ဦးတည်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးနဲ့ ပတ်သက်ပြီး အများစုက စိတ်ဝင်စားမှု ရှိကြပေမယ့် ရွေးကောက်ပွဲအပေါ်မှာတော့ သိပ်ပြီး အားတက်သရော မတွေ့ရဘူး။ ပဋိပက္ခဖြစ်တဲ့ ကာလမှာဆို စစ်ပွဲထက်စာရင် ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုက နည်းတာပေါ့” လို့ ရခိုင် တိုင်းရင်းသား ကိုသန်းတင်(ရောင်ခြည်သစ်အဖွဲ့) က ပြောပြပါတယ်။
ကိုသန်းတင် ပြောပြသလိုပဲ ပဋိပက္ခဖြစ်ပွားနေတဲ့၊ သတင်းအချက်အလက်တွေ ရရှိဖို့ လက်လှမ်းမမီတဲ့ ဒေသကလူငယ် တွေအတွက်တော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားဖို့ အာရုံမရောက်နိုင်သလို စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေ ရတဲ့ လူငယ်တွေမှာလည်း တခြားအရေးကြီးတဲ့ အရာတွေအပေါ် ပိုပြီး အာရုံစိုက်နေကြရတာ ဖြစ်ပါတယ်။
နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိတာ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေ မရရှိတာ၊ ပညာရေး၊ အလုပ်အ ကိုင်အတွက် အာရုံစိုက်နေရတာကြောင့် နိုင်ငံရေးနဲ့ ထိတွေ့မှုဝေးနေတာ စတာတွေဟာလည်း လူငယ်တွေ ရွေးကောက်ပွဲ မှာ ပါဝင်နိုင်ဖို့၊ ပါဝင်ခွင့်ရဖို့အတွက် အဟန့်အတားတခု ဖြစ်နေပါတယ်။
ဒီလို လူငယ်မဲဆန္ဒရှင်တွေ အတွက် သူတို့ ရှိတဲ့နေရာဆီ အရောက်သွားပြီး အသိပညာပေးတာ၊ သတင်းအချက်အလက် မျှဝေပေးတာလိုမျိုး သီးခြားအစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခု ဖြစ်တဲ့ New Myanmar Foundation မှ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းက အကြံပြုပါတယ်။
ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တဦးဖြစ်တဲ့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က မောင်ဟိန်းထက်အောင် ကတော့ ပထမဆုံး မဲပေးရမှာဖြစ်လို့ မဲပေးနည်း အဆင့်ဆင့်နဲ့ လုပ်ထုံးလုပ်နည်းတွေ မသိတာကြောင့် ပယ်မဲဖြစ်သွားမှာ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးလိုက်မိတာမျိုး ဖြစ်သွားမှာ စိုးရိမ်တယ်လို့ ဖွင့်ဟပြောဆိုပါတယ်။
ဧရာဝတီက မေးမြန်းကြည့်တဲ့ ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်အတော်များများမှာ မောင်ဟိန်းထက်အောင်လိုပဲ ကိုယ့် ရပ်ကွက်မြို့ရွာ၊ တိုင်းနဲ့ပြည်နယ်၊ နိုင်ငံအကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါ့မလား၊ မဲပေးရာမှာ အမှားအယွင်းတွေ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ ရှိနေတာ တွေ့ရပါတယ်။
ဒါကြောင့် လူငယ်မဲဆန္ဒရှင်တွေကို မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှု လုပ်တဲ့အခါ ဘယ်နေ့၊ ဘယ်အချိန်မှာ ရွေးကောက် ပွဲ လုပ်မယ်၊ ဘယ်နေရာမှာ မဲသွားပေးရမယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ မဲဆန္ဒရှင် သတင်းအချက် အလက် ပေးရုံသာမက မဲပေးခြင်းရဲ့ အနှစ်သာရနဲ့ အရေးကြီးပုံကို ရှင်းပြဖို့လည်း လိုအပ်တယ်လို့ မမြနန္ဒာသင်းက ပြောပါ တယ်။
“ပါတီတွေအနေနဲ့ လူငယ်ရေးရာအဖွဲ့တွေ ရှိတယ်ဆိုရင် ဒီအဖွဲ့တွေကတဆင့် လူငယ်မဲဆန္ဒရှင်တွေဆီကို ရောက်အောင် ပညာပေးတဲ့ လုပ်ငန်းတွေ လုပ်သင့်တယ်” လို့လည်း သူက ဆိုပါတယ်။
ဒါ့ပြင် နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လူငယ်တွေလိုအပ်နေတာ ဘာလဲ၊ ပညာရေးလမ်းကြောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဘယ်လို အခက်အခဲတွေရှိနေလဲ စသဖြင့် မဲဆန္ဒရှင်လူငယ်တွေရဲ့ အသံကို နား ထောင်ပြီးမှ မဲပေးဖို့ စည်းရုံးတိုက်တွန်းသင့်ပါတယ်။
မဲပေးလို့ ဘာပြန်ရမှာလဲ၊ မဲပေးပြီးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရှိမှာလဲဆိုပြီး မေးခွန်းထုတ်လာနိုင်တဲ့ လူငယ်တွေ ကို ‘ငါတို့ပါတီကို မဲပေးပါ’ ဆိုရုံလောက်နဲ့ ရမယ့် အခြေအနေမျိုး မဟုတ်တော့ပါဘူး။
“ဒီတိုင်းချည်းပဲ မဲတပြားကို အလကားတောင်းမယ်ဆို ငါတို့က ဘာလို့ပေးရမှာလဲ၊ ဒါ ငါတို့ ပိုင်တဲ့မဲပဲ။ ငါတို့ ပေးလည်းရ တယ်၊ မပေးရင်လည်း ရတယ် ဆိုတာမျိုး ဖြစ်သွားမယ်။ အဲဒီလိုမဖြစ်ဖို့အတွက် နိုင်ငံရေးပါတီတွေအားလုံးမှာ တာဝန်ရှိ တယ်” လို့ မမြနန္ဒာသင်းက သတိပေး ပြောဆိုပါတယ်။
နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့အခါ တဦးနဲ့တဦး၊ တပါတီနဲ့တပါတီ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပုတ်ခတ်တာမျိုး၊ အောက်လုံးထိုးတာမျိုးတွေ မလုပ်ကြဘဲ လူကြီးလူကောင်းဆန်ဆန် ယှဉ်ပြိုင်စေချင်တယ်လို့ လည်း လူငယ်တွေကို မဲဆန္ဒရှင် အသိပညာပေးဆိုင်ရာ သင်တန်းတွေ ပေးနေတဲ့ ဦးနေဝင်းနိုင်ကလည်း ပြောပါတယ်။
“တယောက်နဲ့တယောက် အပုပ်မချကြဖို့ဆိုတဲ့ Gentleman game ကို သွားနိုင်ရင် ပိုကောင်းတာပေါ့။ မဟုတ်ရင်တော့ နိုင်ငံရေးဆိုတာ တယောက်နဲ့တယောက် အပုပ်ချတဲ့ ပွဲကြီးပါလား၊ ကြောက်စရာကြီးပါလား ဆိုတာမျိုး ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေအနေနဲ့ မြင်သွားမှာ စိုးရိမ်တယ်” လို့ သူက ရှင်းပြပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျင်း ပရမှာ ဖြစ်လို့ ယခင်ရွေးကောက်ပွဲတွေထက် စိန်ခေါ်မှုများစွာ ရှိနေပါတယ်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ပြည်ပက ပြန်လာတဲ့သူတွေမှာရော၊ ပြည်တွင်းကူးစက် မှုတွေရော ရှိနေတဲ့ အခြေအနေဖြစ်လို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စည်းကမ်းချက်တွေ၊ ကန့် သတ်ချက်တွေကို အစိုးရက တင်းကျပ်ထားဆဲ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကြောင့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ၊ မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက် ဖြန့်ဝေမှုနဲ့ အသိပညာပေးရေး လုပ်ငန်းတွေကို မြေပြင်ထိကွင်းဆင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အခက်အခဲ ရှိပါတယ်။
ဒါကြောင့် မဲဆန္ဒရှင် လူငယ်တွေဆီ သတင်းအချက်အလက် ရောက်ရှိဖို့ သူတို့အသုံးများတဲ့ ပလက်ဖောင်းကို အသုံးပြုပြီး လူငယ်တွေ မဲထွက်ပေးဖို့၊ မဲစာရင်းစစ်ဖို့ကိစ္စတွေ တိုက်တွန်းရမှာ ဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။
ကျေးလက်ဒေသတွေ အထိဆင်းပြီး အဲဒီကလူထုနဲ့တွေ့ဆုံကာ ရွေးကောက်ပွဲက နိုင်ငံအတွက် ဘယ်လောက်အရေးကြီးသ လဲ၊ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာတွေ အသိပညာပေးဖို့ လိုပေမယ့် ကိုဗစ်ကြောင့် အခက် အခဲတွေ ရှိနေတယ်လို့လည်း ပြည်သူ့ရှေ့ဆောင်ပါတီက မဟန်ဦးခင်ကလည်း ပြောပြပါတယ်။
“အခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် ခရီးသွားလာခြင်းဆိုင်ရာ အကန့်အသတ်တွေလည်းရှိတော့ နယ်တွေထိဆင်းပြီး ထဲ ထဲဝင်ဝင် မလုပ်နိုင်သေးတဲ့ အခက်အခဲတွေ ရှိပါတယ်။ လတ်တလော အချိန်မှာတော့ ကျမတို့က ဆိုရှယ်မီဒီယာကိုပဲ အား ကိုးနေရတဲ့ အနေအထားပဲ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။
သတင်းအချက်အလက် အပြည့်အဝ မရရှိနိုင်တဲ့ ဒီလိုကာလမှာ ပါတီတွေအကြောင်းကို သေချာစွာ နားမလည်သေးတဲ့ အ ရွယ်၊ အခုမှ မဲပေးခွင့်ရကြမယ့် လူငယ်တွေအနေနဲ့ ဘယ်ပါတီက သူတို့အနာဂတ်အတွက် ပုံဖော်ပေးနိုင်တဲ့ ပါတီဖြစ်မလဲ၊ ဘယ်ပါတီကို ရွေးချယ်ရမလဲဆိုတဲ့ အခက်အခဲတွေ ရှိနိုင်ပါတယ်။
လူငယ်အများစုဟာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ဆိုရှယ်မီဒီယာတွေကနေတဆင့် ရယူသိရှိကြ တာဖြစ်လို့ အမှား၊ အမှန် ရောထွေးနေတဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေကို ဆန်းစစ်ဖို့ကလည်း သူတို့အတွက် စိန် ခေါ်မှု တခု ဖြစ်နေတယ်လို့ မသင်းကြည်အောင်က ပြောပြပါတယ်။
ဒီလို အခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိပေမယ့်လည်း ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ လူငယ်တွေဟာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ရနိုင်မယ့် ရင်းမြစ်တွေကို ရှာဖွေလေ့လာသလို သူတို့မဲပေးတဲ့အခါ ကိုယ်စားလှယ်လောင်းတွေကို ဘယ်အချက်တွေ အဓိကကြည့်ပြီး ဆုံးဖြတ်ရွေးချယ်သွားမယ်လို့ စဉ်းစားထားပြီး ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ဘွဲ့ရပြီး လူငယ်တွေအတွက် သူတို့နဲ့ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ ပညာရေး ဆုံးခန်းတိုင် အောင် မသင်ကြားနိုင်တဲ့ လူငယ်တွေကို အစိုးရအစီအမံနဲ့ ပညာဆက်လက် သင်ကြားနိုင်ဖို့ ဒါမှမဟုတ် အသက်မွေးဝမ်း ကြောင်း ပညာရပ်တခုခုကို တတ်မြောက်တဲ့အထိ သင်ကြားပေးနိုင်ဖို့ ဦးစားပေး ဆောင်ရွက်မယ့် ကိုယ်စားလှယ်မျိုး၊ အစိုးရမျိုး လိုချင်တယ်လို့ ဆိုကြပါတယ်။
ဒါ့ပြင် ပဋိပက္ခ ဖြစ်ပွားရာဒေသက ပြည်သူတွေအတွက် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်ဘေးဒဏ်ခံ နေရသူတို့အတွက် တင်ပြတောင်းဆိုပေးမယ့် ကိုယ်စားလှယ်မျိုးတွေကို၂၀၂၀ ကာလအလွန်မှာ လိုချင်တဲ့အတွက် ဒီလိုလူ မျိုးတွေကို ရွေးချယ်မဲပေးသွားချင်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။
ပထမဆုံးအကြိမ် မဲပေးမယ့် မောင်ပိုင်ဆက်အောင်ကတော့ အထက်ကပြောတဲ့ အချက်တွေအပြင် အဖွဲ့အစည်းတခုမှာရှိ တဲ့ ခေါင်းဆောင်တဦးရဲ့ နောက်မှာ သူ့ကို ဝိုင်းပြီးပံ့ပိုးပေမယ့်သူတွေကရော ဘယ်လောက်ထိ စွမ်းရည်ပြည့်ဝနေလဲ ဆိုတာ မျိုး၊ နိုင်ငံရေးပါတီ တခုလုံးကို ခြုံကြည့်ပြီး အဆင်ပြေနိုင်လား၊ မပြေနိုင်လား ကြည့်ပြီးမှ မဲပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ပထမဆုံးအကြိမ် မဲပေးကြမယ့် လူငယ်အတော်များများမှာ တွေ့ရတဲ့ တူညီတဲ့ နောက်ထပ် ထူးခြားချက်တခုကတော့ လာ မယ့်ရွေးကောက်ပွဲမှာ ပါတီကို မကြည့်၊ လူကိုပဲ ကြည့်မယ်ဆိုတဲ့မူ ချမှတ်ထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း မောင် လွှမ်းမိုးအောင်က သူ့ရဲ့ပုဂ္ဂလိက အမြင်ကို ရှင်းပြပါတယ်။
သူတို့တွေ မဲပေးခွင့်မရသေးတဲ့ အရွယ်တုန်းက တော်တော်များများမှာ ပါတီစွဲတွေရှိတဲ့အတွက် ကိုယ့်ရဲ့မြို့နယ်ကနေ ဝင် ပြိုင်မယ့် ကိုယ်စားလှယ် ဘယ်သူမှန်းတောင် မသိဘဲ ပါတီအစွဲနဲ့ မဲပေးလိုက်ကြတာမျိးတွေ ရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ ဒေသအတွင်း တိုးတက်ကောင်းမွန်ရေးနဲ့ ဒေသခံ ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးမှု အားနည်းတာ၊ မူဝါဒတွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် မှုတွေ အားနည်းတာ စသဖြင့် ရှိလာတဲ့အခါ ပါတီပုံရိပ်ကိုလည်း သွားပြီးထိခိုက်တယ်လို့ သူက ဆိုပါတယ်။
မောင်လွှမ်းမိုးအောင်က “ပါတီထက်စာရင် တကယ်လုပ်ဆောင်နိုင်တဲ့သူ၊ တကယ်ကျွမ်းကျင်တဲ့သူ၊ တကယ်အားတက် သရော လုပ်မယ့်သူကို ရွေးချယ်တာ အကောင်းဆုံးပဲ။ ဒီလိုလူမျိုးတွေဆို ဘယ်ပါတီကပဲဖြစ်ဖြစ် မဲပေးမှာပါ” လို့ အခိုင်အ မာ ဆိုပါတယ်။
ဒါမှသာ လူငယ်တယောက်အနေနဲ့ ကိုယ့်ရဲ့ရှေ့လျှောက် ဖြတ်သန်းရမယ့် ၅ နှစ်တာမှာ ကိုယ်လိုချင်တဲ့ပုံစံ၊ ကိုယ်လိုချင်တဲ့ အနာဂတ်ကို လှလှပပ ထုဆစ်ပုံဖော်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ခံယူထားပါတယ်။
ဒီလို စဉ်းစားတွေးခေါ်ချက်တွေရှိတဲ့ ပထမဆုံးအကြိမ် မဲပေးကြမယ့်လူငယ်တွေကို စည်းရုံးဆွဲဆောင်နိုင်ဖို့အတွက် ဆိုရင် ပါတီတွေရဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း၊ ခိုင်ခိုင်မာမာချပြဖို့၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လောက်လောက်လား လား အားကျဖွယ်ကောင်းတဲ့ အရည်အချင်းတွေရှိဖို့ လိုတယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက ပြောပါတယ်။
အခုအချိန်မှာ ပါတီတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ထုတ်ပြန်နေကြပြီး ဒီမူဝါဒတွေထဲမှာ တိုင်းရင်းသားအရေး၊ အမျိုး သမီးအရေး၊ လူငယ်အရေး စသဖြင့် ကဏ္ဍစုံအတွက် ထည့်သွင်း စဉ်းစားလာတာလည်း တွေ့ရပါတယ်။
ဒီလို မူဝါဒတွေအနေနဲ့ ထည့်သွင်းရေးဆွဲတာတင် မကဘဲ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ၊ အစိုးရဖြစ်လာတဲ့အခါမှာ လည်း ဒီမူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်ပြီး တက်တက်ကြွကြွနဲ့ ဆောင်ရွက်ပေးတာမျိုး လူငယ်တွေက ဖြစ်ဈေင်တာပါ။
“ကျနော်တို့နိုင်ငံမှာ လူငယ်ရေးရာက အရေးကြီးသလို အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေးကလည်း အရေးကြီးပါ တယ်။ ဘယ်ကဏ္ဍကိုမှ မည်ကာမတ္တ သွားလို့မရပါဘူး။ အင်တိုက်အားတိုက် ရင်ထဲအသည်းထဲကပါပြီး အားလုံးအတူတ ကွ သွားမှသာလျှင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီဆိုတာ ပီပြင်လာမယ်လို့ ယုံကြည်ပါတယ်” လို့ မောင်မျိုးမင်း ပိုင်က ဆိုပါတယ်။ ။
ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ
ပဋိပက္ခဒေသက စစ်ရှောင်များ ရွေးကောက်ပွဲအပေါ် စိတ်မဝင်စား
လာမယ့်ရွေးကောက်ပွဲမှာ မဲ ပေးမလား မပေးဘူးလား