ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာလ ရွေးကောက်ပွဲကို ကြေညာပြီးချိန်မှ စတင်ပြီး မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများသည် လာမည့် မဲဆွယ်ပွဲအတွက် ၎င်းတို့၏ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြသည်။ တနိုင်ငံလုံးတွင် လူပေါင်း ၇၀၀၀ ကျော်သည် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ထားကြောင်း UEC ၏ အဆိုအရ သိရသည်။
ထို ကိုယ်စားလှယ်လောင်းများသည် မည်သူတို့နည်း။ နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် အကောင့်များအရ အများအပြားသည် ငယ်ရွယ် ပညာတတ်ပြီး နိုင်ငံရေးတွင် မျက်နှာသစ်များ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီသတင်းဌာနသည် အဓိက တိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နှင့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်များမှ တိုင်းရင်းသားပါတီများအချင်းချင်းပေါင်းစည်းထားသည့် ပါတီများကို ကိုယ်စားပြုသည့် မျက်နှာသစ် ၇ ဦး နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
၎င်းတို့က ၂၀၂၀ ရွေးကောက်ပွဲအတွက် ၎င်းတို့၏ ကြီးမားသော ရည်မှန်းချက်များနှင် စိန်ခေါ်မှုများ၊ ၂၀၂၀ အလွန် နိုင်ငံရေးရှုခင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အမြင်များနှင့် နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မည်သို့ အကျိုးပြုမည်ကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။
အမည်- ဆိုင်းနူးပန်
ပါတီ- ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)
မဲဆန္ဒနယ်မြေ- ပြည်သူ့လွှတ်တော်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်။
အသက်- ၂၄ နှစ်
ပညာအရည်အချင်း- ဥပဒေဘွဲ့ (LLB) ၊ မြစ်ကြီးနား တက္ကသိုလ်

မေး- မဆိုင်းနူးပန်အနေနဲ့လူ့အခွင့်အရေး ပြဿနာတွေ အထူးသဖြင့် ကချင်ပြည်နယ်က ပြည်တွင်းနေရပ်စွန့်ခွာသူ(IDPs) တွေနဲ့ပတ်သက်တဲ့ အရေးတွေမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့တာတွေတွေ့ရတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ဘာကြောင့် ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ- ကျမရပ်တည်တဲ့ အနေအထားအရကြည့်ရင် ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ လူငယ်နဲ့အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို တစိုက်မတ်မတ် အာရုံစိုက်တာ မတွေ့ရဘူး။ နိုင်ငံအတွက် လူငယ်မူဝါဒ မူကြမ်းရေးဆွဲတဲ့ အဖွဲ့ကို ကျမဦးဆောင်ခဲ့တယ်။ အဲဒီမူဝါဒကို မိတ်ဆက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ချဉ်းကပ်တဲ့အခါကျတော့ တော်တော်များများက ကျမတို့ကို တော်တော်လေးကို မတုန့်ပြန်ကြဘူး။ သူတို့တွေက သူတို့ပါတီရဲ့ မူဘောင်ထဲကနေပဲ လုပ်နေကြတယ်။ ကျမတို့ရဲ့ အရေးဟာ သူတို့ပါတီရဲ့ ဦးစားပေးအစီအစဉ်ထဲမှာ မပါဝင်တဲ့အတွက် သူတို့က ဒါကို အာရုံမစိုက်ကြဘူး။ လူငယ်တွေရဲ့အသံနဲ့ ခံစားချက်တွေကို ကိုယ်စားပြုတဲ့၊ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ထုတ်ဖေါ်ပြောဆိုဖို့ စိတ်အားထက်သန်တဲ့လူငယ်တွေ လွှတ်တော်ထဲဝင်ဖို့ အချိန်ရောက်ပြီလို့ ယုံကြည်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ ဖြေရှင်းရမယ့် ကိစ္စအများအပြားလည်း ရှိနေပါတယ်။ ဒါတွေကတော့ အလုပ်လက်မဲ့ ပြဿနာ၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးနဲ့ ပြည်သူတွေ လုံခြုံမှုဆိုတဲ့ ရိုးရှင်းတဲ့ ကိစ္စ စတာတို့ပဲဖြစ်ပါတယ်။
မေး- လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် ဘာတွေလုပ်ချင်လဲ။
ဖြေ- အထူးသဖြင့်လူငယ်တွေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံစိုက်မယ်။ ကျမတို့မှာ လူငယ်မူဝါဒရှိပေမယ့် အဲဒါကို လက်တွေ့မှာ အသက်မဝင်သေးဘူး။ ပထမဆုံးအချက်က ကျမဟာ ဒီမူဝါဒကို အကောင်အထည်ဖေါ်ဖို့ တခြားလူငယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ပူးပေါင်းထားတဲ့ တိုင်းရင်းသားပါတီတွေ (ကချင်၊ ကယား၊ ကရင်၊ မွန်၊ ချင်း) က ကိုယ်စားလှယ်လောင်းတွေဟာ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ ဒါကြောင့်မို့ ကျမတို့ဟာ အားကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်တဲ့ မူဝါဒ တရပ်ချမှတ်ဖို့ လွှတ်တော်ကို ကျမ တွန်းအားပေးပါမယ်။
နောက်ထပ်အရေးကြီးတဲ့ ပြဿနာကတော့ ကျမတို့ ပြည်နယ်အတွက် အသုံးစရိတ်ကို ဘယ်လို ခွဲဝေပေးလဲဆိုတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲလေ ကချင်ပြည်နယ်က သယံဇာတရင်းမြစ်တွေက နိုင်ငံအတွက် ဝင်ငွေဒေါ်လာ ဘီလျံပေါင်းများစွာပေးတယ်။ ဒါပေမယ့် ဒီဝင်ငွေတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလောက်ပဲ ပြည်နယ်ထဲကို ပြန်ရောက်တယ်။
ကျမတို့ရဲ့ သယံဇာတတွေက ဝင်ငွေအများကြီးပေးတဲ့အတွက် အမျိုးသား အစိုးရအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလှုံရေးမှာ ရင်းနှီးမြှုပ်နှံသင့်တယ်။ ကျမကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရင် ကချင်ပြည်နယ်အတွက် ဘဏ္ဍာငွေ အသုံးစရိတ်ကို အခုရနေတဲ့ထက် သုံးဆ ပိုရအောင် တောင်းဆိုသွားမယ်။
မေး- ကချင်ပြည်နယ်မှာ ပြည်နယ်ထဲကပဲပေါ်လာတဲ့ ကချင်ပါတီ အများအပြားရှိတယ်။ ဘာကြောင့် KSPP ကနေယှဉ်ပြိုင်တာလဲ။ KSPP ရဲ့မူဝါဒတွေထဲက အကြိုက်ဆုံးကဘာလဲ။
ဖြေ- ဒီပါတီဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့လူမှုအုပ်စုများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ ပညာရှင်များအပါအဝင် အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ပေါ်ပေါက်လာတဲ့ ပါတီဖြစ်တယ်။ မူဝါဒနဲ့ ပတ်သက်လို့ပြောရရင် ဒီပါတီဟာ လူငယ်တွေကို အားပေးဖို့နဲ့ သူတို့ကို ဆုံးဖြတ်ချက်ချတဲ့ အခါမှာပါဝင်စေဖို့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိတယ်။ ဒီပါတီဟာ ကိုယ်စားလှယ်လောင်း ရွေးတဲ့အခါ လူငယ်တွေကို ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးတယ်ဆိုတာဟာ အားရစရာ အချက်ဖြစ်တယ်။ဒီလို မူဝါဒတွေကို ကြိုက်လို့ ကျမ ဒီပါတီကို ဝင်ခဲ့တာပါ။
မေး- ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ- စိန်ခေါ်မှုတွေကတော့ အများကြီးပဲ၊ အထူးသဖြင့်ကတော့ လူစုဝေးမှုနဲ့ ပတ်သက်တဲ့ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းတွေပဲ။ အာဏာရပါတီက သူတို့မဲဆွယ်ပွဲအတွက် နိုင်ငံပိုင်မီဒီယာကို သုံးလို့ရတယ်။ ပြီးတော့ တခြားအဓိကပါတီကြီးတွေကလည်း သူတို့ရဲ့ မဲဆွယ်ပွဲအတွက် ပင်မမီဒီယာကိုသုံးပြီး စိတ်ဝင်စားမှု ရအောင် လုပ်နိုင်တယ်။ ဒါပေမယ့် ကျမတို့လို တိုင်းရင်းသားပါတီတွေကျတော့ ခက်ခဲလိမ့်မယ်။ အဓိက စိန်ခေါ်မှုကတော့ ဘဏ္ဍာရေးပဲ။ မဲဆွယ်ပွဲအတွက် ကျမတို့က သူတို့လောက် မသုံးနိုင်ဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ရည်ရွယ်ချက်က ကချင်ပြည်နယ်က ပြည်သူတွေအတွက် နိုင်ငံရေးအပြောင်းအလဲတွေကို အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ်။
အသက်ငယ်တဲ့အတွက် ကျမကိုယ်စားလှယ်လောင်းလုပ်တာကို တချို့က ဝေဖန်ကြတယ်။ ကျမက လွှတ်တော်ကိုယ်စားလှယ်လုပ်ဖို့ဆိုရင် ငယ်လွန်းတယ်လို့ သူတို့ထင်ကြတယ်။ တချို့ကျတော့လည်း ကျမမှာ လုံလောက်တဲ့ နိုင်ငံရေးအတွေ့အကြုံမရှိဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ ကျမရဲ့ နောက်ခံအကြောင်းတွေကို သေသေချာချာ ကြည့်မယ်ဆိုရင် ကျမဟာ ကချင်ပြည်နယ်က ပြည်တွင်းနေရပ်စွန့်ခွာရသူ (စစ်ဘေးရှောင်)တွေအတွက် အခိုင်အမာ ရပ်တည်နိုင်တယ်ဆိုတာကို သူတို့ တွေ့ပါလိမ့်မယ်။ အမှုတခုကို ရင်ဆိုင်ရပြီး ထောင်ကျလုနီးပါး ဖြစ်ခဲ့တယ်။ ကျမဟာ ပညာရေးဥပဒေတွေ ပြုပြင်ပြောင်းလဲရေးမှာလည်း ပါဝင်ခဲ့ပါတယ်။
အတွေ့အကြုံ အသက်အရွယ်တွေကို ထားလိုက်ပါဦး။ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်ချင်တဲ့ နိုင်ငံ၊ ပြည်နယ်နဲ့ ပြည်သူအတွက် တကယ်အလုပ်လုပ်ချင်တဲ့၊ ထုတ်ဖေါ်ပြောဆိုနိုင်စွမ်းရှိတဲ့ ဘယ်သူမဆိုကို နိုင်ငံရေးနယ်ပယ်မှာ နေရာတခုပေးသင့်တယ်လို့ ကျမ ယုံကြည်ပါတယ်။
မေး- ကိုယ့်ရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကိုပေးလိုတဲ့ သတင်းစကား ရှိပါသလား။
ဖြေ- ကျမ ဘက်ကတော့သေသေချာချာပြင်ဆင်ပြီးပါပြီ။ ကချင်ပြည်နယ်ရဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ရမယ့်ကိစ္စတွေကို ကျမက လွှတ်တော်ထဲကနေ တောင်းဆိုမှာပါ။ လာမယ့် ၅ နှစ်အတွင်း ပြည်သူတွေအတွက် ဘာတွေလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမမှာ သေနင်္ဂဗျူဟာ စီမံချက် ရှိပြီးသားပါ။ အဲဒီတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။ ပြည်သူတွေအတွက် ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ မဲပေးပါလို့ပဲ ပြောချင်ပါတယ်။
အမည်- ဦးမော်ထွန်းအောင်
ပါတီ- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
မဲဆန္ဒနယ်- အမျိုးသားလွှတ်တော်၊ မူဆယ်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း
အသက်- ၃၇
ပညာအရည်အချင်း- လူမှု မူဝါဒနှင့် လူမှုတိုးတက်မှု မဟာဘွဲ့ (Hong Kong Polytechnic University) ၊ အများပြည်သူ စီမံခန့်ခွှဲမှု မဟာဘွဲ့ (Cornell University)

မေး- ကိုမော်ထွန်းအောင်က သဘာ၀ သယံဇာတ စီမံခန့်ခွဲမှု မူဝါဒ ပြုပြင်ပြောင်းလဲရေးမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ဘာကြောင့် ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ- သဘာဝသယံဇာတဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာတွေမှာ က်ိုယ်တိုင်ပါဝင်ခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ အစိုးရဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံတွေ ရှိတယ်။ နောက်ပြီးတော့ အဲဒီလုပ်ငန်းတွေဟာလည်း အောင်မြင်မှုတစုံတရာရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ကျနော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေမှာကျတော့ အဲဒီရလဒ်တွေကို
ကျနော်အနေနဲ့ကျေနပ်မရှိဘူး။
နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ သူများတွေ ခြေတလှမ်း လှမ်းရင် ကျနော်တို့က ဆယ်လှမ်း လှမ်းရမယ်။ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ တိုးတက်မှု ခြေလှမ်းဟာ အရမ်းကို နှေးတယ်လို့ ကျနော်ထင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံကြောင့် ပြုပြင်ပြောင်းလဲရေးခြေလှမ်းဟာ နှေးနေတာလို့ တချိုကလည်း ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် အဲကိစ္စက အဓိက အတားအဆီး မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေးအတွက် အခက်အခဲအချို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သိပ်မဆိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ကို ကန့်သတ်ထားတဲ့ဟာတွေ များများစားစား မရှိပါဘူး။
ကျနော်က ပြုပြင်ပြောင်းလဲရေးရဲ့ အရှိန်အဟုန်ကို မြှင့်တင်ချင်တယ်။ ကျနော့်ရဲ့ အသက်အရွယ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေ့အကြုံက လိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးကို ကူညီဆောင်ရွက်နိုင်မယ့် အနေအထားရှိတယ်။ ကျနော့်အနေနဲ့ပြုလုပ်ပြောင်းလဲရေးမှာ ဘယ်လို အတားအဆီးတွေရှိနေတယ်ဆိုတာကို သိသလို အဲဒီအတားအဆီးတွေကိုလည်း ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုလည်း နားလည်ထားတဲ့သူဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။
မေး- ကိုယ်စားလှယ်အဖြစ် အရွေးခံရရင် ဘာလုပ်မလဲ။
ဖြေ- ပထမဆုံးအနေနဲ့ ကျနော်တို့ဟာ ပြည်နယ်ပြဿနာတွေကို အာရုံစိုက်ဖို့လိုမယ်လို့ ကျနော်ထင်တယ်။ သိတဲ့အတိုင်းပဲလေ မတူညီတဲ့ လူမျိုးစု လူမှုအသိုင်းအဝန်းတွေကြားမှာ ပိုမိုသဟဇာတရှိဖို့လိုနေတယ်။ မြေသိမ်းဆည်းမှုနဲ့ တရားဥပဒေစိုးမိုးရေးတို့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကလည်းရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးကိစ္စလည်းရှိတယ်။ ဒါက ကျနော်တို့ရဲ့ နေ့စဉ်ဘဝကိုသက်ရောက်နေတယ်။ပြီးတော့ဒေသကလည်း ပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာ ရှိနေတယ်။ ကျနော်တို့အနေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေ ရင်ဆိုင်နေရတဲ့ ပညာရေးနဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုအားထုတ်ရမယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့က ဘာပဲလုပ်လုပ် ဌာနေတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို အာရုစိုက်ဖို့လိုတယ်။ နယ်စပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်းရှိလိမ့်မယ်။
ဒုတိယ အချက်ကတော့ မူဆယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်နေတော့ အထူးစိုးရိမ်တာတွေ ရှိကြတယ်။ ရထားလမ်းတို့၊ စီးပွားရေးဇုန်တွေတို့နဲ့ တခြားအခြေခံအဆောက်အအုံတွေလို တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းကြီးတွေကို အဲဒီဒေသမှာ တည်ဆောက်မယ်။ အဲဒီစီမံကိန်းကြီးတွေက လူကုန်ကူးမှုလို အခြားလူ့အခွင့်အရေးပြဿနာတွေလို မရည်ရွယ်တဲ့ အကျိုးဆက်တွေ ရှိလာမယ်။
ဒီစီမံကိန်းကြီးတွေကနေ ရလာတဲ့ ဆိုးကျိုးတွေကြောင့် ပြည်သူတွေ ဒုက္ခမရောက်အောင်လို့ လွှတ်တော်ထဲက ကျနော့်ရဲ့ အခန်းကဏ္ဍကို ထိထိရောက်ရောက် အသုံးပြုမယ်။
နောက်တချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းကနေ ပဲလုပ်ဆောင်ရမယ့် အနေအထားမှာရှိနေတယ်လို့ ကျနော်ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ကျနော်တို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုတို့၊ ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့ ပြဿနာတွေကို တကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုလည်း သိရှိဖို့လိုတယ်။ ကျနော်တို့နိုင်ငံက သဘာ၀ဘေးအန္တရာယ် အရေအတွက်က မြင့်မားလာနေတယ်။ သီးနှံတွေ ပျက်စီးနေတယ်။ မေးစရာကတော့ ကျနော်တို့အစိုးရဟာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသလား ဆိုတာပဲ။ ဒီကိစ္စတွေကိုကိုင်တွယ်ဖို့ မူဝါဒရေးရာပိုင်းနဲ့ပတ်သက်ပြီး ပြုပြင်ဖို့လိုအပ်တာတွေရှိနေတယ်။
ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အမြဲချိတ်ဆက်နေဖို့လိုပြီး ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖို့ သူတို့ ဘာမူဝါဒတွေ ချမှတ်နေတယ်ဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုတယ်။ ဒါမှပဲ ကျနော်တို့ဟာ ကျနော်တို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ရှေရှည် ထိန်းသိမ်းဖို့ အလေ့အထကောင်းတွေအတွက် အုတ်မြစ်ကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ ပြဿနာတွေကို ကြည့်ပြီး ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အစိုးရကို ကျနော်တွန်းအားပေးချင်ပါတယ်။
မေး- ကချင်တိုင်းရင်းသားလည်းဖြစ်တယ်။ ကချင်ပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ ကချင်ပါတီတွေလည်း အများကြီးရှိတယ်။ ဘာဖြစ်လို့ SNLD အောက်ကနေ ယှဉ်ပြိုင်တာလဲ။ SNLD မှာ အကြိုက်ဆုံးမူဝါဒက ဘာလဲ။
ဖြေ- ဖက်ဒရယ်စနစ်နဲ့ တိုင်းရင်းသားရေးရာတွေနဲ့ ပတ်သက်ရင် SNLD ရဲ့ မူဝါဒတွေက ခိုင်မာတယ်။ သူတို့က ပြောတဲ့အတိုင်းအပေါ်မှာ အခိုင်အမာ ရပ်တည်တယ်။ သူတို့တွေက ပြောရင်ပြောတဲ့အတိုင်း လုပ်တယ်။ ဖက်ဒရယ်စနစ်ကို အားပေးမြှင့်တင်ရာမှာ သူတို့ဟာ ဘယ်တုန်းမှ တုန့်ဆိုင်းမှု မရှိဘူး။
SNLD ဟာ တည်ထောင်တဲ့ နှစ် ၃၀ ပြည့် နှစ်ပတ်လည်မှာ မူဝါဒ အခြေခံတဲ့ ပါတီဖြစ်လာဖို့ ဆုံးဖြတ်လိုက်တာဟာလည်း ကောင်းမွန်တဲ့အချက်ဖြစ်တယ်။ ဒီပါတီရဲ့မူဝါဒဆိုင်ရာ သဘောတရားတွေက ပင်လုံစာချုပ်အပေါ်မှာ အမြဲတမ်း အခြေခံတယ်။။ ဒီပါတီဟာ ခေတ်သစ် မြန်မာနိုင်ငံကို ထူထောင်ရာမှာ ပင်လုံစာချုပ်ရဲ့အရေးပါမှုကို နားလည်သဘောပေါက်တဲ့ ပါတီဖြစ်တယ်။ ဒီအချက်တွေကို အခြေခံလိုက်တော့ ဒီပါတီဟာ ကျနော်ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ပါတီဖြစ်တယ်။ ဒါကြောင့် ဒီပါတီဝင်အနေနဲ့ ရွေးချယ်ခံဖို့ ရွေးချယ်လိုက်တယ်။
မေး- ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ- ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အကောင်းဆုံးကိုယ်စားပြုသူ ဖြစ်ဖို့ အရေးကြီးတယ်။ ရှမ်းပြည်နယ်က မရေရာတဲ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ မရေရာတဲ့အခြေအနေတွေကြောင့် ပြည်သူတွေဟာ အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ လိုလိမ့်မယ်။ အခြားပါတီတွေက အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်း တင်သွင်းလာရင် ကျနော့်အတွက် စိန်ခေါ်မှုတခုဖြစ်လိမ့်မယ်။
မေး- ကိုယ့်ရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာသတင်းစကားပေးလိုပါသလဲ။
ဖြေ- ကျနော်က ဒီလမ်းကို သူများက ဖိအားပေးလို့ရွေးတာ မဟုတ်ဘူး။ ဒီဒေသထဲက ကျနော်တို့ ပြည်သူတွေကို ကျနော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အင်အားတရပ်အနေနဲ့ ကိုယ်စားပြုပါဝင်ချင်လို့ ကျနော်ရွေးတာ။
ထိရောက်ပြီး အောင်မြင်ကြောင်း လုံလုံလောက်လောက် သက်သေပြနိုင်တဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံလည်း ကျနော့်မှာရှိတယ်။ ကျနော့်ရဲ့ လုပ်ငန်းအတွေ့အကြုံအပေါ်အခြေခံပြီးတော့ မူဝါဒ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ အလားအလာရှိတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမယ်ဆိုတာကို ကျနော့်မှာ ခိုင်မာတဲ့ အသိပညာရှိတယ်။
ကျနော်ဟာ တိုင်းရင်းသားတခုကိုပဲ ကိုယ်စားပြုနေတာမဟုတ်ဘူး။ ကျနော်က ကျနော့်မဲဆန္ဒနယ်က ပြည်သူအားလုံး လူမျိုးဘာသာအားလုံးကို ကိုယ်စားပြုမယ်။ ဒီအချက်တွေကြောင့် မဲဆန္ဒရှင်တွေအတွက် အလုပ်လုပ်ပေးမယ့်သူလို့ ကျနော့်ကို ယုံကြည်အားထားနိုင်ပါတယ်။
အမည် – စောမင်းမင်းမြိုင်
ပါတီ – ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)
မဲဆန္ဒနယ် – အမျိုးသားလွှတ်တော်၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်
ပညာအရည်အချင်း – ဘီအေ (မြန်မာ)

မေး- ဘာကြောင့်လာမယ့် ရွေးကောက်ပွဲကို ဝင်တာလဲ။
ဖြေ – လူငယ်တယောက်အနေနဲ့ ကျနော်တို့ ပြည်သူတွေနဲ့ ကရင်ပြည်နယ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် လုပ်ဆောင်ချင်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တန်းတူညီမျှကင်းမဲ့တယ်ဆိုတဲ့လေးနက်တဲ့ ခံစားချက်တွေဟာ တိုင်းရင်းသား ဒေသတွေမှာ ပကတိအရှိတရားဖြစ်ပြီး ဒါဟာ ကျနော်ရွေးကောက်ပွဲဝင်ရခြင်းရဲ့ အကြောင်းရင်း တခုလည်းဖြစ်တယ်။
မေး- အရွေးချယ်ခံရရင် ဘာတွေလုပ်မလဲ။
ဖြေ- ကျနော်တို့ ဒီမှာရင်ဆိုင်နေရတာက အစိုးရက စီမံကိန်း တခုခု ကြေညာရင် ဒါမှမဟုတ် ဥပဒေတခု ပြဋ္ဌာန်းရင် ကရင်ပြည်နယ်က ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုတာပဲ။ ကျနော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် အစိုးရရဲ့ မူဝါဒတွေက ကျနော်တို့ပြည်သူတွေနဲ့ ကျနော်တို့ပြည်နယ်အတွက် အကျိုးမရှိရင် ကျနော် ကန့်ကွက်မယ်။ အဲဒီမူဝါဒတွေက ကျနော်တို့ ပြည်သူတွေအတွက်ကောင်းရင် အဲဒါတွေကို ထိထိရောက်ရောက် အကောင်အထည်ဖေါ်ဖို့ ကျနော်သူတို့ကို ကူညီမယ်။
ဥပမာအားဖြင့်ပြောရရင် အစိုးရက စီမံကိန်းတွေချလာမယ်၊ သူတို့အမြင်မှာ အဲဒီစီမံကိန်းတွေက အကျိုးရှိတယ်။ ဒါပေမယ့် တကယ်တော့ အဲဒီစီမံကိန်းတွေက အကောင်းထက် အဆိုးကို ပိုဖြစ်စေတယ်။ ကျနော်ရွေးကောက်ပွဲနိုင်ရင် အဲဒီလို ပြဿနာတွေ ကို ကျနော် အာရုံစိုက်မယ်။
အရေးအကြီးဆုံးကတော့ အာဏာရ အစိုးရရဲ့ မူဝါဒတွေက ကျနော်တို့ တိုင်းရင်းသားတွေကို ဒုက္ခမပေးနိုင်အောင် ကျနော် အကောင်းဆုံး တားဆီးကာကွယ်မယ်။
မေး- ဘာဖြစ်လို့ KNDP ကနေဝင်ပြိုင်တာလဲ။ KNDP မှာ အကြိုက်ဆုံးမူဝါဒက ဘာလဲ။
ဖြေ- ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကရင်ပါတီ ၄ ခုရှိတယ်။ မဲကွဲတော့ အဲဒီပါတီတွေအနေနဲ့ ရွေးကောက်ပွဲနိုင်ဖို့ ခက်တယ်။ ကျနော်ဟာ ကရင်ပါတီတွေ ပူးပေါင်းဖို့ တွန်းအားပေးတဲ့ လူငယ်တွေထဲက တယောက်ဖြစ်တယ်။ အခု သူတို့ ပေါင်းလိုက်ပြီး ဒါကြောင့်ပဲ ဒီမှာ ဝင်ပါလိုက်တာ။ တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ KNDP ရဲ့ အခြေခံ ရည်မှန်းချက် ပန်းတိုင်တွေ ဖြစ်တယ်။
မေး- ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲ။
ဖြေ- ကျနော့်မဲဆန္ဒနယ်မှာ မွန်တိုင်းရင်းသားတွေများတော့ ကျနော့်မှာ စိန်ခေါ်မှုအများကြီးရှိတယ်။ အဲဒီမှာ မွန်ပါတီတွေလည်း ရှိတယ်။ တချိန်တည်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော့်မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ်။
ဒါပေမယ့် ကရင်တိုင်းရင်းသားတွေဟာ လက်ရှိနိုင်ငံရေးအခြေအနကို သတိပြုမိရင် ကရင်ကိုယ်စားလှယ်လောင်းကို မဲပေးလို့ သူတို့ ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာကို နားလည်ရင် သူတို့ကျနော့်ကို မဲပေးကြမှာပါ။
မေး- ကိုယ့်ရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာသတင်းစကားပါးလိုပါသလဲ။
ဖြေ- ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်သူတွေကို ကျနော်ယုံကြည်တယ်။ ဘယ်သူဟာ သူတို့မဲနဲ့ ထိုက်တန်တယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ ကျနော်ဟာ လွှတ်တော်မှာ သူတို့ရဲ့ အသံဖြစ်လာမယ်ဆိုတာကို အာမခံနိုင်ပါတယ်။
အမည်- ဦးထွန်းထွန်းနိုင်
ပါတီ- ရခိုင်အမျိုးသားပါတီ (ANP)
မဲဆန္ဒနယ်- ပြည်သူ့လွှတ်တော်၊ အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်
အသက်- ၃၅ နှစ်
ပညာအရည်အချင်း- သေနင်္ဂဗျူဟာ စီမံခြင်းနှင့် အများပြည်သူဆိုင်ရာမူဝါဒ မဟာဘွဲ့ (ဖိလစ်ပိုင် လော့စ် ဘန်နို့စ် တက္ကသိုလ် – UPLB)

မေး- လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဘာလို့ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ- လတ်တလောကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြဿနာအများအပြား ရင်ဆိုင်နေရတယ်။ အထူးသဖြင့်ကတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုဘ၀ မလုံခြုံမှုပေါ့။ ရခိုင်ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေအတွက် လုပ်ဆောင်ဖို့ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ကျနော်တို့လိုချင်တဲ့ပန်းတိုင်အောင်မြင်ဖို့ ကျနော် လွှတ်တော်ကနေ ပြောမှာပါ။
ဒါအပြင့်ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများအပြားရှိတယ်ဆိုတာကို ပြောဖို့လည်း အရေးကြီးပါတယ်။ အခုအချိန်အထိလည်း တရားမျှတမှုကို မရသေးပါဘူး။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ လွှတ်တော်ကို ကျနော် တွန်းအားပေးမယ်။ လွှတ်တော်မှာ ကျနော့်အသံဟာ ရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပါလိမ့်မယ်။
မေး- လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် ဘာတွေလုပ်မလဲ။
ဖြေ- ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့လိုတယ်။ ကျနော်တို့ဟာ တိုင်းရင်းသားလူနည်းစုတွေလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံတခု လိုတယ်။ ရခိုင်ပြည်သူတွေက ရွေးချယ်တဲ့ အစိုးရကို ကျနော်တို့လိုတယ်။ ပြည်ထောင်စု အဆင့်က တိုက်ရိုက်ရွေးချယ်လိုက်တဲ့သူတွေကို ကျနော်တို့မလိုဘူး။
ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှမှုကို အာမခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျနော်တို့ ဆောင်ရွက်နိုင်တယ်။
ရခိုင်ပြည်နယ်မှာ ပြောင်းလဲဖို့ လိုနေတာတွေ ရှိတယ်။ ရခိုင်ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုတာမရှိဘဲ အကျင့်ပျက်ခြစားမှုတွေလည်း ရှိနေတယ်။
ဒီအခြေအနေတွေကို ပြောင်းလဲပစ်ဖို့လိုတယ်လို့ ကျနော်ထင်တယ်။ ရခိုင်ပြည်နယ်မှာ နောက်ထပ်ပြောင်းလဲပစ်ဖို့လိုတာကတော့ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စဗာဟီရနဲ့ အချိန်အများစုကိုကုန်နေရတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့လိုတယ်လို့ ကျနော်ထင်တယ်။
မေး- ANP ကနေဘာလို့ပြိုင်တာလဲ။ ANP မှာ အကြိုက်ဆုံး မူဝါဒက ဘာလဲ။
ဖြေ- ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အကောင်အထည်ဖော်ပေးဖို့ အတွက် ANP ကို ဖွဲ့စည်းခဲ့တာပါ။ ANP က ရခိုင်တိုင်းရင်းသားအများစုထောက်ခံတဲ့ ရခိုင်အမျိုးသားရေး ဝါဒကို အဓိကထားတယ်။
ဒီပါတီရဲ့ အဓိက ရည်ရွယ်ချက်က ရခိုင်ပြည်သူတွေရဲ့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ပဲဖြစ်တယ်။ ကျနော်အကြိုက်ဆုံးက အဲဒါပဲ။ ကျနော်တို့ပြည်သူတွေ အလိုချင်ဆုံးကလည်းအဲဒီဟာပါပဲ။
မေး- ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံးစိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ- ကျနော်တို့ပါတီကို ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးဖြစ်ပါတယ်။ ကျနော့်အတွက် စိန်ခေါ်မှု များများရှိမယ်လို့ မထင်ပါဘူး။ ရွေးကောက်ပွဲကိုသာ တရားမျှတပြီး လုံခြုံအောင်လုပ်နိုင်ရင် ဒါက ဒီလောက် မခက်ခဲ့ဘူးလို့ထင်ပါတယ်။
လက်ရှိနိုင်ငံရေး ရာသီဥတုအခြေအနေအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တိုင်းရင်းသား ပြည်သူတွေ မကြိုက်တဲ့ မူဝါဒတချို့ကို အကောင်အထည်ဖေါ်နေတယ်။ သူတို့က တိုင်းရင်းသား ပြည်သူတွေရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အရေးတွေကို လျစ်လျူရှုတယ်။ ဒါနဲ့ပတ်သက်လို့ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍက တိုင်းရင်းသားပြည်နယ်တွေရဲ့ အကျိုးအတွက် ဆက်လက်လုပ်ဆောင်ဖို့ပဲဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ ပါတီကြီးတခုတည်းက လွှမ်းမိုးနေတာထက် တိုင်းရင်းသားပါတီတွေ အတူတကွလုပ်ဆောင်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်လာမယ်လို့ ကျနော်ထင်တယ်။
မေး- ကိုယ့်ရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာသတင်းစကား ပေးလိုပါသလဲ။
ဖြေ- အမ်း မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ကိုယ်ကျိုးမဖက်ဘဲ ကျနော်အကောင်းဆုံး လုပ်ဆောင်မယ်။ ကျနော်တို့ပြည်နယ်မှာ ပဋိပက္ခတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လွှတ်တော်ကို ကျနော်တောင်းဆိုမယ်။ ရခိုင်ပြည်သူတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေအတွက် ကျနော် အကောင်းဆုံးလုပ်ဆောင်မယ်။
အမည်- ဒေါက်တာ ဟိန်းပိုင်ထူးချစ်
ပါတီ- မွန်ညီညွတ်ရေးပါတီ (MUP)
မဲဆန္ဒနယ်- မွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်
အသက်- ၂၉ နှစ်
ပညာအရည်အချင်း- ဆေးပညာဘွဲ့ (မကွေး ဆေးတက္ကသိုလ်)

မေး- လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဘာလို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ- ကျနော် မကွေးဆေးတက္ကသိုလ်ကနေ ၂၀၁၄ ခုနှစ်က ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်ဟာ လူသူအရောက်အပေါက်နည်းတဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူတွေက် ဆေးကုသဖို့ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ကျနော် အဲဒီဒေသတွေမှာ ရှိနေတုန်းက ဆရာဝန်တယောက်အနေနဲ့ ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို စနစ်ဆိုင်ရာပြဿနာတွေကြောင့် လုပ်ဆောင်ပေးလို့မရတဲ့ အခြေအနေကို ကြုံခဲ့ရပါတယ်။ ပြည်သူတွေက ချို့တဲ့တယ်။ ကျနော့်ရှေ့မှာတင် ဒုက္ခတွေ ရောက်နေကြတယ်။ ဒါပေမယ့် စနစ်ကြောင့် ကျနော်သူတို့ကို ထိထိရောက်ရောက် မကူညီနိုင်ဘူး။ အဲဒီကစလို့ ကျနော်တို့တွေ စနစ်ကို ပြောင်းဖို့လိုတယ်ဆိုတာကို ကျနော်သဘောပေါက်သွားတာပါ။
နိုင်ငံရေးအကြောင်း မစဉ်းစားဘဲ လူငယ်ဖွံဖြိုးတိုးတက်ရေးသင်တန်းတွေကို ၂၀၁၆ ခုနှစ်မှာ စတင်ပြုလုပ်ပါတယ်။ သင်တန်းတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေကို လုပ်ဆောင်ရင်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတိုင်းမှာ တန်းတူညီမျှမှု မရှိဘူး ဆိုတာကိုလည်း ကျနော် သဘောပေါက်လာတယ်။ တန်းတူညီမျှမှု ကင်းမဲ့ခြင်းကို ပျောက်ကွယ်သွားစေမယ့် ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားပေးဖို့ လွှတ်တော်နိုင်ငံရေးမှာကျနော်ပါဝင်ဖို့လိုတာကိုလည်း ကျနော် သဘောပေါက်လာပါတယ်။ အဲဒီကနေ ရွေးကောက်ပွဲဝင်ဖို့ဖြစ်လာတာပါ။
မေး- လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရရင် ဘာလုပ်တွေလုပ်မလဲ။
ဖြေ- မော်လမြိုင် မြို့နယ်မှာ လတ်တလော ပြင်ဆင်ဖို့လိုနေတဲ့ အရာ ၅ ခုရှိတယ်လို့ ကျနော်ထင်ပါတယ်။
ပထမဆုံးတခုကတော့ ပညာရေးပါပဲ။ လူငယ်တွေအတွက် လိုအပ်တဲ့ ပညာတွေကို သင်ကြားပေးနိုင်တဲ့ လုံလောက်တဲ့ အဖွဲ့အစည်း ကျနော်တို့မှာ မရှိဘူး။ တိုင်းရင်းသား မိခင်ဘာသာစကားတွေကိုကျောင်းတွေမှာ သုံးဖို့ ကျနော်တို့ တွန်းအားပေးရမယ်။
တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကား (မြန်မာ) နဲ့ သင်ကြားတဲ့အခါ ထိရောက်မှုနည်းတယ်။
နောက်ပြဿနာတခုကတော့ သဘာဝပတ်ဝန်းကျင်ပဲ။ မွန်ပြည်နယ်မှာ နှစ်တိုင်းရေကြီးတယ်။ ဒီပြဿနာရဲ့ ရင်းမြစ်ကိုကျနော်တို့ ရှာဖိုလိုတယ်။ မော်လမြိုင်မှာဆိုရင် အမှိုက်ထွက်ရှိမှု ပြဿနာရှိတယ်။ မြို့ထဲမှာ အမှိုက်တွေ အများကြီးပဲ။ စည်ပင်ကလည်း ဒါတွေကို မကိုင်တွယ်နိုင်ဘူး။
တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဒီက မူးယစ်ဆေးဝါးပြဿနာကိုလည်း ကိုင်တွယ်ဖို့ လိုတယ်။
ဒီနောက်ဆုံးတခုက အများပြည်သူတွေသိခွင့်ရသင့်တဲ့သတင်းအချက်အလက် (Data Accessibility) သိခွင့်ရဖို့ လိုလာတယ်။ပြည်သူလူထုက သတင်းအချက်အလက်အများစုကို သိခွင့်မရဘူးဖြစ်နေတယ်။ တချို့သတင်းအချက်အလက်တွေက မမှန်ဘူး၊ တချို့အချက်အလက်တွေက ပျောက်နေတယ်။ သတင်းအချက်တွေကို လူတိုင်းသိခွင့်ရတဲ့ စနစ်တခုကို ကျနော်တို့ ဖန်တီးရမယ်။ ဒီပြဿနာတွေအားလုံးကို ကျနော်တို့ အမြန်ဆုံး ကိုင်တွယ်သင့်တယ်လို့ ကျနော်ထင်တယ်။
မေး- ဘာဖြစ်လို့ MUP ကနေပြိုင်တာလဲ။ MUP မှာ အကြိုက်ဆုံး မူဝါဒက ဘာလဲ။
ဖြေ- ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ စုံလင်ကွဲပြားတဲ့ အသံကို ဘုံတူညီတဲ့ အကျိုးစီးပွားကို ရှာ ဖွေနိုင်မှပဲ ဒီမိုကရေစီက အလုပ်ဖြစ်တာ။ တိုင်းရင်းသား ဒေသတွေမှာ ဒီမိုကရက်တစ် စနစ်ထူထောင်ချင်ရင် တိုင်းရင်းသားပြည်သူတွေကို ဖယ်ထုတ်ထားလို့မရဘူး။ ဒါကြောင့် တိုင်းရင်းသားပါတီတွေဟာ ပြည်နယ်တွေမှာ အင်အားတောင့်တင်းဖို့ လိုတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ မွန်ပါတီဟာ မွန်ပြည်နယ်တခုလုံးကို တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်တယ်။ ဒါကြောင့်မို့လို့ မွန်ပြည်နယ်မှာ ဒီမိုကရေစီအနှစ်သာရတွေ ပိုမိုတိုးတက်လာဖို ကျနော်က ဒီမွန်ပါတီကို ဝင်ဖို့လိုုအပ်လာခဲ့တယ်။
ကျနော်က ပါတီမှာ ဒီမိုကရေစီနည်းလမ်းကို သုံးပြီး ကိစ္စရပ်တွေကို ဆွေးနွေးနေတယ်။ ဒီ့အပြင် ဒီပါတီဟာ ပညာရေးစနစ်မှာ မိခင်ဘာသာစကား တိုးတက်ရေးကို လုပ်ဆောင်နေပြီး မွန်ပြည်နယ်မှာ အရည်အသွေးမီတဲ့ ပညာရေးစနစ် တန်းတူညီမျှရရှိရေးကို အာမခံနိုင်ဖို့ တိုက်တွန်းနေတယ်။ MUP ရဲ့ ဒီမူဝါဒတွေက ကျနော့်အတွက်တော့ အရမ်းကို စွဲဆောင်မှုရှိပါတယ်။
မေး- လူငယ်ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီကာလမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေကဘာတွေလဲ။
ဖြေ- မြန်မာနိုင်ငံမှာဖြစ်နေကျ ထုံးစံအတိုင်း ကျနော့် ပြဿနာကတော့ ကျနော့်ရဲ့ အသက်အရွယ်ပဲ။
လူတော်တော်များများက ကျနော်သိပ်ငယ်သေးတယ်လို့ပြောကြတယ်။ ဒါပေမယ့် သူတို့က ကျနော် နိုင်ငံအတွက် ဘာတွေလုပ်ခဲ့ပြီး ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို မစဉ်းစားကြဘူး။ ဘယ်သူက ဘာတွေလုပ်နိုင်တယ်နဲ့ ဘာတွေလုပ်ခဲ့ပြီးပြီဆိုတာကို ကြည့်ဖို့လိုတယ်လို့ ကျနော်ထင်တယ်။
ကျနော်တို့ရဲ့ အသက်အရွယ်တခုတည်းကို ကွက်ပြီးကြည့်ရင်တော့ ကျနော်တို့မှာ နိုင်ငံရေးအတွေ့အကြုံမရှိဘူးလို့ ဝေဖန်ခံရတယ်။ ခွဲခြားဆက်ဆံမှုဟာ အမြဲတမ်းပဲရှိနေမှာပဲ။ ဒါက မိုကရေစီရဲ့စံချိန်စံညွှန်းနဲ့လည်း မကိုက်ညီပါဘူး။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တာနဲ့ပတ်သက်ရင် ဒါက အသက်အရွယ်တခုတည်းကိုသာ မှီခိုနေတာ မဟုတ်ဘူး။ ဒီလူတယောက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုကူညီနိုင်တယ်နဲ့ နိုင်ငံရဲ့ အနာဂတ်အပေါ် သူ့ရဲ့ ရည်မှန်းချက်တွေကို အနီးကပ်ကြည့်ရမယ်လို့ ကျနော်ထင်တယ်။ ဒါ့အပြင် တကယ်လက်တွေ့မှာ ကိုဗစ်-၁၉ ဟာ အများပြည်သူ စုဝေးခြင်းကို ကန့်သတ်ထားတဲ့အတွက် နိုင်ငံရေး မျက်နှာသစ်တယောက်အဖြစ် ကျနော်တို့အတွက် စိန်ခေါ်မှု ဖြစ်တယ်။
မေး-ကိုယ့်ရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ပေးလိုတဲ့ သတင်းစကားကို ပြောပြပေးပါ။
ဖြေ- မော်လမြိုင်ဟာ အနာဂတ်မှာ ဘယ်လိုဖြစ်လာစေချင်တယ်ဆိုတဲ့ကျနော့်ရဲ့ အိပ်မက်ကို မော်လမြိုင်က ပြည်သူတွေကြည့်စေချင်တယ်။ ပါတီအပေါ်မူတည်ပြီးတော့ လူထုထောက်ခံမှု ပြောင်းလဲနေတယ်ဆိုတာကို ကျနော်နားလည်တယ်။ တချို့ကလည်း တခြားပါတီတခုခုကို ရွေးချယ်ရင် ရွေးချယ်မယ်။ ဒါပေမယ့် အနာဂတ်ကတော့ ဘယ်သူက ဒီမိုကရေစီကို ပိုမိုခိုင်မာအောင် လုပ်နိုင်တယ်ဆိုတဲ့အချက်အပေါ် မူတည်နေတယ်။ ရေရှည်မှာတော့ ပြည်သူတွေဟာ တန်းတူညီမျှမှုကို နားလည်ပြီး တန်းတူညီမျှမှု ကင်းမဲခြင်းကြောင့်ဖြစ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို ကုစားပေးဖို့အာရုံစိုက်တဲ့ ပါတီကို ပဲထောက်ခံကြလိမ့်မယ်။
အမည်- မော်မိုးမြာ
ပါတီ- ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)
မဲဆန္ဒနယ်- ပြည်သူ့လွှတ်တော်၊ ရှားတောမြို့နယ်၊ ကယားပြည်နယ်
အသက်- ၂၇ နှစ်
ပညာအရည်အချင်း- ပထဝီဘွဲ့

မေး- လာမယ့်ရွေးကောက်ပွဲမှာယှဉ်ပြိုင်ဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ- လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံးမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား အခွင့်အရေးမြှင်တင်ရေးကို တက်ကြွလှုပ်ရှားသူ တဦးအနေနဲ့ ကျမတောင်းဆိုခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ လက်ရှိဥပဒေတွေက တိုင်းရင်းသားပြည်သူတွေရဲ့ အခွင့်အရေးတွေနဲ့လုံခြုံမှုကို မပေးဘူး။
တိုင်းရင်းသားလူမျိုးတွေ ရေရှည်တိုးတက်မှုအတွက် လွှတ်တော်ထဲမှာ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရမယ်လို့ ကျမယုံကြည်တယ်။ ဒါကြောင့်မို့ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ရင် လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့ အင်အားကိုလည်း အသုံးပြုဖို့လိုတယ်ဆိုတာကိုလည်း ကျမကောင်းကောင်းနားလည်သဘောပေါက်ထားတယ်။ ကျမဟာ လူမှုအခြေပြုအဖွဲ့အစည်း နောက်ခံကနေလာခဲ့တာပါ။
ကျမရွေးချယ်ခံရရင် လွှတ်တော်ထဲမှာ ထိရောက်တဲ့ ဥပဒေ အပြောင်းအလဲတွေဖြစ်ဖို့ ကျမရဲ့အရင်အတွေ့အကြုံတွေကို အသုံးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး- လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် ဘာတွေလုပ်မလဲ။
ဖြေ- ကျမတို့ဒေသက သိပ်မငြိမ်းချမ်းဘူး။ နေ့စဉ်ဘ၀ လုံခြုံမှုနဲ့ ပညာသင်ကြားခွင့် ကျမတို့ ပြည်သူတွေအတွက် အရေးအကြီးဆုံးပဲ။ ဗမာလွှမ်းမိုးတဲ့ ဒေသတွေနဲ့ယှဉ်လိုက်ရင် ကျမတို့ဟာ ကဏ္ဍ အမျိုးမျိုး မညီမျှမှုတွေကို ခံစားနေရတယ်။ ကျမတို့ တိုင်းရင်းသားပြည်သူတွေဟာ တန်းတူညီမျှအခွင့်အရေးတွေကို တောင့်တတယ်။ တန်းတူညီမျှ အခွင့်အရေးတွေရဖို့အတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရဖို့လိုတယ်။
လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ကျမ ပထမဆုံးလုပ်ချင်တာကတော့ ကျမတို့ ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ပဲ။
မေး- ဘာကြောင့် KySDP ကနေ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။ KySDP မှာ အကြိုက်ဆုံးမူဝါဒက ဘာလဲ။
ဖြေ- KySDP ရဲ့ မူဝါဒတွေဟာ ကျမ ယုံကြည်တာတွေနဲ့ ကိုက်ညီလို့ ရွေးချယ်ခဲ့တာပါ။ ဒီပါတီဟာ ဒီပြည်နယ်ကပေါ်ပေါက်လာတဲ့ ပါတီဖြစ်တဲ့အတွက် ဒီပြည်နယ်အကြောင်းကို နက်ရှိုင်းစွာ သိပါတယ်။ ပြည်နယ်ထဲက နိုင်ငံရေး ပြဿနာတွေကိုလည်း နက်ရှိုင်းစွာ နားလည်ပါတယ်။ ကျမတို့ ပြည်သူတွေ ဘာလိုချင်တယ်ဆိုတာကို ကျမတို့ သိတယ်။
ဒီပါတီမှာ ရည်မှန်းချက်ပန်းတိုင် ၇ ခုနဲ့ မူဝါဒ ၁၂ ခုရှိတယ်။ ကျမ အကြိုက်ဆုံးတွေထဲက တခုကတော့ ပါတီဟာ အုပ်ချုပ်ရေးမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို လုပ်မယ်ဆိုတာပဲ။ ကယားပြည်နယ်က ဒေသအခြေအနေတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့လိုတဲ့ မူဝါဒတွေ ရှိနေလို့ ကျမ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ပါတယ်။
မေး- လူငယ်ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံးစိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ- ကျမဟာ ငယ်ရွယ်တဲ့ အမျိူးသမီး တယောက်ဖြစ်နေတာကတော့အဓိကစိန်ခေါ်မှုပါ။ ကျမဟာ ပြုပြင်ပြောင်းလဲရေးတာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ထင်တဲ့လူ တချို့လည်း ရှိပါတယ်။
ကျမက ဒေသခံပြည်သူတွေကို သွားရောက်တွေ့ဆုံတဲ့အခါကျတော့ လူကြီးတချို့က ကျမလို ငယ်ရွယ်တဲ့ အမျိုးသမီးတယောက်အနေနဲ့ ဘာလုပ်နိုင်မလဲလို့ မေးကြတယ်။ တချို့ဆိုရင် ကျမက ကယားပြည်သူတွေရဲ့ ယဉ်ကျေးမှု အစဉ်အလာကို အမှန်တကယ်နားလည်ရဲ့လား လို့တောင်မေးကြတယ်။ဒါပေမယ့် ကျမက ဒါတွေအားလုံးကို ဂရုတစိုက်လေ့လာထားပြီးသားပါ။
ဒေသခံပြည်သူတွေ အောက်ခြေမှာ ဘာတွေလိုချင်တယ်ဆိုတာကို ကျမလေ့လာထားပြီးပြီ။ အလေးအနက်ထားပြောရရင် ကျမဟာ ငယ်ရွယ်တဲ့အတွက်ကြောင့် ပိုမိုအသက်ကြီးတဲ့ကိုယ်စားလှယ်တွေထက်တောင် အလုပ်ကို ပိုမိုကြိုးစားနိုင်ပါသေးတယ်။
ငယ်ရွယ်တဲ့ အမျိုးသမီးတယောက်အနေနဲ့ ကျမဟာ မဲဆွယ်ပွဲမှာ ဘဏ္ဍာငွေ သုံးစွဲမှု ပြဿနာကိုလည်း ရင်ဆိုင်ရပါတယ်။ ကျမဟာ တက်ကြွလှုပ်ရှားသူအဖြစ် အချိန်ကုန်ခဲ့တော့ စီးပွားရေးမလုပ်ခဲ့တဲ့အတွက် ပါတီကြီးတွေက လူတွေလိုတော့ ကျမ ငွေကို များများ သုံးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီဘဏ္ဍာငွေကင်းမဲ့မှု ကို ကျမရဲ့ ခွန်အားနဲ့စွမ်းရည်တွေနဲ့ပဲပြန်လည် ကာမိအောင်လုပ်ရပါတယ်။
ကျမမှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျမဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဖို့ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။
မေး- ကိုယ့်မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာသတင်းစကားပါးလိုပါသလဲ။
ဖြေ- ကျမတို့ ရွာတွေ၊ မြို့နယ်တွေနဲ့ ပြည်နယ်တွေ တိုးတက်ရေးမှာ ပါဝင်ကြပါလို့ လူငယ်တွေနဲ့ အမျိုးသမီးတွေကို တိုက်တွန်းလိုပါတယ်။ ကျမတို့မှာ ပြောင်းလဲပစ်ရမယ့်အရာတွေ အရမ်းကို အများကြီးရှိသလို အခက်အခဲတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ကျမတို့ရှေ့ဆက်လုပ်ဖို့ လိုတယ်။ လူမှုအသိုင်းအဝန်းတွေ တိုးတက်မှုအတွက် အမျိုးသမီးတွေပါဝင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးဖို့ ကျမ စဉ်းစားထားပြီးသားပါ။ ငြိမ်းချမ်းတဲ့အနာဂတ်ကို အတူတကွ ဖန်တီးနိုင်ဖို့ လူငယ်တွေနဲ့ အမျိုးသမီးတွေအနေနဲ့ ကျမတို့ ပါတီကို ဝင်ပြီးထောက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
အမည်- မိုင်လင်းလင်းထွန်း
ပါတီ- ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)
မဲဆန္ဒနယ်မြေ- ပြည်သူ့လွှတ်တော်၊ မတူပီမြို့နယ်၊ ချင်းပြည်နယ်
အသက်- ၃၇ နှစ်
ပညာအရည်အချင်း- အင်္ဂလိပ်စာမဟာဘွဲ့

မေး- ဘာလို့ လာမယ့်ရွေးကောက်ပွဲမှာယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ- ချင်းပြည်နယ်မှာ လူငယ်တွေကို နိုင်ငံရေးမှာ သိပ်ပြီး ပါဝင်ခွင့်မပေးကြဘူး။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုဆိုတာရှားတယ်။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးနယ်ပယ်ကို ဝင်သင့်တယ်လို့ ကျမ ထင်တယ်။ ကျမတို့ရဲ့ အနာဂတ်ကို ပုံဖေါ်ရာမှာ လူငယ်တွေပါဝင်ဖို့ တိုက်တွန်း လမ်းခင်းပေးချင်လို့ ကျမ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျမက ကျမရဲ့ပြည်နယ်အတွက်လည်း တာဝန်ယူချင်တယ်။ ချင်းပြည်နယ်မှာ ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ပညာရေးနဲ့ ကျန်းမာရေး စနစ်က အင်မတန်ကို နိမ့်ကျတယ်။ အစိုးရ ဆီက အထောက်အပံ့ လုံလုံလောက်လောက်မရဘူး။ အဲဒီအခြေအနေတွေကို ကျမ ပြောင်းလဲပစ်ချင်တယ်။
မေး- လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် ဘာတွေလုပ်မလဲ။
ဖြေ- အရေးအကြီးဆုံးကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုပဲ။ ပြည်နယ်ထဲက လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေကိုလည်း မြှင့်တင်ချင်တယ်။ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးချင်တယ်။ ပညာရေးအရ ပြောရရင် ချင်းပြည်နယ်မှ စာတတ်မြောက်မှုနှုန်းက အရမ်းကို နိမ့်ကျတယ်။ ဆရာ၊ ဆရာမ လုံလုံလောက်လောက်မရှိဘူး။ ကျောင်းသားတွေက အစိုးရစီက အထောက်အပံ့မရဘူး။ ဘာသာစကား အတားအစီးတွေကလည်း ရှိသေးတယ်။ ဒီလိုအခြေအနေတွေကို ပြောင်းလဲပစ်မယ့် မူဝါဒတွေ ချမှတ်ဖို့ ကျမတို့ ဘယ်လိုလုပ်နိုင်မယ်ဆိုတာကို ကျမရှာဖွေချင်တယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မူဝါဒ ပြုပြင်ပြောင်လဲရေးကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ဖို့လိုတယ်လို့ ကျမ ထင်တယ်။
ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုတာ မရှိသလောက်ပဲ။ ပြည်နယ်က လူတွေက မကြာခဏဆိုသလို နိုင်ငံခြားမှာ အလုပ်သွားလုပ်ရတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တည်ဆောက်ပေးမယ့် စနစ်တခုကို ကျမတို့ ဖန်တီးဖို့လိုတယ်။ ထပ်ပြီးပြောရမယ်ဆိုရင် ချင်းလူမှုအသိုင်းအဝန်းတွေက အမျိုးသမီးတွေရဲ့အခွင့်ရေးကို ကာကွယ်ဖို့နဲ့ သူတို့တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဥပဒေတွေမှာ ပြဋ္ဌာန်းချက်တွေ ထပ်မံဖြည့်စွက်တာကို ကျမလုပ်ဆောင်ချင်ပါတယ်။
မေး- ဘာဖြစ်လို့ CNLD ကနေ ဝင်ရောက်ယှဉ်ပြိုင်တာပါလဲ။ CNLD မှာ အကြိုက်ဆုံး မူဝါဒက ဘာလဲ။
ဖြေ- ကျမတို့ပြည်နယ်မှာ ချင်းပါတီတွေ အများကြီးရှိတယ်။ CNLD ကို ဘာကြောင့်ရွေးလဲဆိုတော့ ဒီပါတီက အမျိုးသမီးတွေနဲ့လူငယ်တွေပါဝင်ရေးကို ဦးစားပေးလို့ပဲ။ ကျမအကြိုက်ဆုံး မူဝါဒတွေထဲက တခုကတော့ ချင်းပြည်သူတွေ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အားထုတ်ဖို့ ဆုံးဖြတ်ထားတာပါပဲ။
မေး- လူငယ်ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ- ငယ်ရွယ်တဲ့ အမျိုးသမီးတယောက် ဖြစ်နေခြင်းဟာ ကျမအတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ ချင်းပြည်နယ်မှာ နိုင်ငံရေးဟာ အမျိုးသားတွေအတွက်သာဖြစ်တယ်ဆိုတဲ့ မှားယွင်းတဲ့ တဖက်သတ်မှားယွင်းတဲ့ အမြင်ရှိတယ်။ နိုင်ငံရေးအတွေ့အကြုံမရှိတာနဲ့ ပတ်သက်ပြီးတော့လည်း လူတွေက ကျမကို ဝေဖန်ကြတယ်။ လူငယ်တယောက်အနေနဲ့ ကျမမှာ နိုင်ငံရေးအတွေ့အကြုံမရှိတာကို ဝန်ခံပေမယ့် ကျမမှာ စိတ်အားထက်သန်မှုရှိတာကို တော့ပြောချင်ပါတယ်။
ကျမတို့ပြည်နယ်အတွက် ကျမ တာဝန်ယူချင်တယ်။ အမျိုးသမီးတယောက်အနေနဲ့ ဒီလိုလုပ်နိုင်ပါ့မလားလို့ တချို့ ဝေဖန်သူတွေက မေးခွန်းထုတ်ကြတယ်။ ဒါတွေအားလုံးဟာ ဦးနှောက်ရယ်ကျွမ်းကျင်မှုနဲ့ပဲဆိုင်ပါတယ်။
သူတို့အနေနဲက လူတယောက်ဟာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်စွမ်း ရှိမရှိ ကြည့်သင့်တယ်လို့ ကျမ ထင်တယ်။ ပြီးတော့ စိတ်ကောင်းစေတနာကောင်းမှန်မှန် နဲ့ပဲလုပ်ဖို့လိုအပ်တယ်လို့ထင်ပါတယ်။
မေး- ကိုယ့်ရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာသတင်းစကားများပါးလိုပါသလဲ။
ဖြေ- လက်ရှိ အခြေအနေအရ ဒီသေးငယ်တဲ့ (CNLD) ပါတီဟာ ပြုပြင်ပြောင်းလဲရေးကို မလုပ်နိုင်ဘူးလို့ လူတော်တော်များများက ပြောနေကြတယ်။ သူတို့အနေနဲ့ ပါတီ သေးတယ်၊ ကြီးတယ်ဆိုတာကို ကျမကတော့ မကြည့်စေချင်ဘူး။ ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားတွေရဲ့အကျိုးကို ဘယ်ပါတီက အကောင်းဆုံး ထမ်းဆောင်နိုင်တယ်ဆိုတာကိုပဲ ကြည့်စေချင်တယ်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် New Ethnic Faces Dot Myanmar’s 2020 Election Landscape ဟု ဖတ်ရှုနိုင်ပါသည်။)
You may also like these stories:
ပြည်သူများ မဲထွက်ပေးရန် ကက်သလစ် ဂိုဏ်းချုပ် တိုက်တွန်း
ပထမဆုံးမဲပေးမယ့် လူငယ်တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တချို့ ချန်ခဲ့ဖွယ်ရှိ