ခုရက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ သတင်းတွေအကြား လူအများရဲ့ အာရုံကို ဖမ်းစားလိုက်တဲ့ အထူးသတင်း တပုဒ်ကတော့ ကယားပြည်နယ်လွှတ်တော်ကနေ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို အခြေခံဥပဒေနဲ့ အညီ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချလိုက်တဲ့သတင်း ဖြစ်ပါတယ်။
ဒီသတင်းဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီ NLD အနေနဲ့ အတိုက်အခံ လွှတ်တော်က ဖြုတ်ချခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့အတူ ရပ်တည်ရင်း ဘယ်လိုပြန်အနိုင်ရအောင် လုပ်မှာလဲဆိုတဲ့ မေးခွန်းကိုလည်း ဖြစ်စေပါတယ်။
NLD ဘက်က ဦးအယ်လ်ဖောင်းရှို ဖြုတ်ချခံရမှု ဖြစ်စဉ်ကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ဝန်ကြီးချုပ်ကြား ပုဂ္ဂလိက ပြဿနာလို့ ရှုမြင်ပေမယ့် စောင့်ကြည့်လေ့လာသူ အတော်များများက မြန်မာနိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေအရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရနှစ်ဆက် ၁၀ နှစ်တာ သက်တမ်းကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်သွားသလို လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတဲ့ ဒီမိုကရေစီစံနှုန်းတရပ်ကို အကောင်အထည်ဖော် စံနမူနာပြလိုက်တာလို့လည်း ဆိုကြပါတယ်။
ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရလောက်အောင်ထိ ဘယ်လို အခြေအနေတွေက တွန်းပို့ခဲ့တာပါလဲ ဆိုတာနဲ့ ပြန်စပါရစေ။
တကယ်တမ်း ဒီကိစ္စဟာ အခုမှပေါ်လာတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက စတင် အခြေတည်ခဲ့တာလို့ နှစ်ဘက်စလုံးက ဆိုပါတယ်။
ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ခဲ့တဲ့ အချက် ၂ ချက်ဖြစ်တဲ့ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရား ငှားရမ်းခကို လုပ်ထုံးလုပ်နည်းမညီဘဲ သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲမှု၊ အများပြည်သူပိုင်မြေ ကယားဒေးကွင်းကို စည်ပင်ပိုင်မြေအဖြစ် ပြောင်းပြီး လုပ်ငန်းရှင်တွေကို ပြန်လည်ငှားရမ်းမှု တွေကို ၂၀၁၈၊ ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက အဆိုတင်ပြီး မေးမြန်းတိုက်တွန်းခဲ့ပါတယ်။
စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုခံယူပြီး အကြံပြုချက်တွေအပေါ် အလေးထား လိုက်နာဆောင်ရွက်ပါမယ်လို့ အစိုးရအဖွဲ့၊ တာဝန်ရှိသူတွေက ကတိပြုခဲ့ပြီးသား ဖြစ်ပါတယ်။
အစိုးရရဲ့ အကောင်အထည်ဖော်မှုကို လွှတ်တော်ဘက်က စောင့်ကြည့်နေခဲ့ရင်း အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။ ၂၀၂၀ အတွင်းမှာတော့ ဒီအချက်တွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိဘူး ဆိုတာ သဲသဲကွဲကွဲ သိမြင်လိုက်ရချိန်မှာ စွပ်စွဲပြစ်တင်တဲ့ အဆင့်ထိ ပြန်လည်တွန်းပို့တဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။
အဲဒီတုန်းက စွပ်စွဲပြစ်တင်တဲ့ အဆင့်ထိ မရောက်ရှိခဲ့ခြင်းက လွှတ်တော်နဲ့ အစိုးရဟာ တပါတီတည်း ဖြစ်တဲ့အတွက် ပါတီနာမည်ပျက်မှာစိုးလို့ ပါတီဗဟိုကနေ ထိန်းချုပ်ခဲ့တာတွေ ရှိတယ်လို့ ဒေသအရေး မပြတ်လေ့လာ စောင့်ကြည့်နေတဲ့ ကိုကျော်ထင်အောင် (Lain နည်းပညာအထောက်အကူပြုအဖွဲ့၊ လွိုင်ကော်) က ပြောပြပါတယ်။
“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လူထုတောင်းဆိုမှုကို ကူညီလုပ်ကိုင် ဆောင်ရွက်ပေးလိုသော်ငြားလည်း သူ့ရဲ့အခြေအနေက ခွင့်ပြုချက်တွေ မရခဲ့တဲ့အတွက်ကြောင့် ကြန့်ကြာခဲ့ရတယ်”လို့ သူက ဆိုပါတယ်။
ထိုစဉ်က ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအနေနဲ့ ပါတီဗဟိုကို တင်ပြတာ၊ ပါတီဘက်က တစုံတရာ ညွှန်ကြားတာမျိုး ရှိလားလို့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အုပ်ချုပ်ရေးနဲ့ လွှတ်တော် ကြားက အငြင်းပွားမှုဖြစ်လို့ ပါတီနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိ၊ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တင်ပြတာ ရှိပေမယ့် အုပ်ချုပ်ရေး၊ လွှတ်တော်ပိုင်းနဲ့ ပတ်သက်ရင် ပါတီက ထဲထဲဝင်ဝင် ဝင်ရောက်ဆောင်ရွက်လေ့ မရှိဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်က ထောက်ပြဝေဖန်တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သမ္မတထံကို အစီရင်ခံ၊ လမ်းညွှန်ချက်တောင်းခံပြီး သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။
ဦးအယ်လ်ဖောင်းရှိုကလည်း စွပ်စွဲပြစ်တင်တဲ့ကိစ္စတွေကို ပြည်နယ်အစိုးရအဖွဲ့၊ တာဝန်ရှိသူတွေက လွှတ်တော်အစည်းအဝေးတွေမှာ အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့၊ သက်ဆိုင်ရာဌာနတွေကလည်း အထောက်အထား ခိုင်လုံစွာနဲ့ တင်ပြ ထားပြီး၊ နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်အတိုင်း အလေးထားလိုက်နာ ဖော်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ မိန့်ခွန်းပြောကြားရာမှာ သူက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ဒီမိန့်ခွန်းဟာ ပြည်နယ်ဝန်ကြီးချုပ် တဦးအနေနဲ့ ပြောကြားခွင့်ရတဲ့ နောက်ဆုံးမိန့်ခွန်းလည်း ဖြစ်ခဲ့ပါတယ်။
သူ့အပေါ် စွပ်စွဲပြစ်တင်ထားမှုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲနဲ့ စွပ်စွဲပြစ်တင်မှု အောင်မြင်ပြီး နောက်နှစ်ရက်အကြာမှာတော့ ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခဲ့တာပါ။
NLD အစိုးရလက်ထက် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် ၁၄ ဦး အနက် အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ၄၁ နှစ်အရွယ် ဦး အယ်လ်ဖောင်းရှိုဟာ ၂၀၁၅ ဇူလိုင် ၁ ရက်မှာ ပညာရေးဝန်ထမ်း အဖြစ်ကနေ နုတ်ထွက်ပြီး NLD ပါတီကနေ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။
သူ တာဝန်ယူခဲ့တဲ့ ၄ နှစ်ကျော် ကာလအတွင်း ကယားပြည်နယ် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး (လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေးနဲ့ တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်နိုင်ရေး) အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
တဖက်မှာတော့ သူဟာ ဒေသခံလူထု ဆန္ဒမပါဘဲ ပြည်သူပိုင် ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့တာ၊ မကျေနပ်လို့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုးခွင်းတာ၊ ဖမ်းဆီးပြီး တရားစွဲထောင်ချတာ၊ တပ်သိမ်းမြေကိစ္စနဲ့ တရားစွဲခံရတဲ့ တောင်သူတွေကို လျစ်လျူရှုခဲ့တာတွေကြောင့် ဒေသခံလူငယ်ထုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက သူ့ကို မကြိုက်နှစ်သက်ကြပါ။
ပြီးခဲ့တဲ့ မေလ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဒေသန္တရအမိန့်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ချိုးဖောက်နေသလို အရပ်ဖက်အဖွဲ့တွေကို ဖိနှိပ်တဲ့သဘောမျိုး ဖြစ်နေတယ်ဆိုတဲ့ ဝေဖန် ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
မကြာခဏဆိုသလို ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့ ဒေသခံလူငယ်၊ အရပ်အဖက်အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေဖြစ်ခဲ့ရာကနေ အခုတော့ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ အများစုပါဝင်တဲ့ ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်ပြီပဲ ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်၊ ပါတီအပေါ် အခြေမခံဘဲ ဒီမိုကရေစီစနစ် ထွန်းကားရေး ရှေးရှုပြီး ပြည်နယ်လွှတ်တော်က ဥပဒေပြဋ္ဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တဲ့အပေါ် ဒေသခံအရပ်ဖက်အဖွဲ့ ၂၃ ဖွဲ့က ကြိုဆို အသိအမှတ် ပြုခဲ့ကြသလို နောက်ထပ် ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ငန်းတွေကိုလည်း စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းခဲ့ကြပါသေးတယ်။
ဦးအယ်လ်ဖောင်းရှိုရဲ့ ကိစ္စနဲ့ ပတ်သက်လို့ NLD ပါတီဗဟိုရဲ့ သဘောထားကိုတော့ ဝန်ကြီးချုပ် ရာထူးတာဝန်ကနေ ရပ်စဲခံရ တဲ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာပဲ ကြေညာချက်တစောင်ကို ပါတီက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အရ လွှတ်တော်ရဲ့ အဆုံးအဖြတ်အပေါ် ဥပဒေနဲ့အညီ လေးစားလိုက်နာပြီး နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲခဲ့တာ လက်ခံသဘောပေါက်ပါတယ်၊ သို့သော် ဒီစွပ်စွဲပြစ်တင်မှုဟာ လွှတ်တော်ဥက္ကဋ္ဌက ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ပုဂ္ဂိုလ်ရေး အာဃာတဆိုတာ ဘာကိုပြောတာပါလဲ။ NLD ရဲ့ ထုတ်ပြန်ချက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ချုပ် အဖွဲ့ဝင် ကိုယ်စားလှယ်တချို့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျာထားရာမှာ မပါဝင်ခဲ့တဲ့အပေါ် အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမယ့် အချိန်ကိုက် ဆောင်ရွက်မှု ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် စွပ်စွဲပြစ်တင်ရန်လိုအပ်တဲ့ စုစုပေါင်း ကိုယ်စားလှယ်ရဲ့ လေးပုံတပုံက လက်မှတ်ရေးထိုး တင်ပြခဲ့ပေမယ့် ၁ ဦး ပြန် နုတ်ထွက်ခဲ့တဲ့အပေါ် လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုဘဲ ဆက်လက်ဆောင်ရွက်ခဲ့တာ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၅ ဦးမှာ စွပ် စွဲပြစ်တင်သူ ၃ ဦးက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအဖြစ် ပါဝင်နေတာတွေကိုလည်း ထောက်ပြထားပါတယ်။
ကာယကံရှင် ဦးအယ်လ်ဖောင်းရှိုနဲ့ ပါတီထောက်ခံသူတွေက ရွေးကောက်ပွဲနီးမှ အခုလို လုပ်ခြင်းက သဘောရိုး ဖြစ်နိုင်ရဲ့လားဆိုတာတွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
NLD ရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူကို မျက်နှာမမူဘဲ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးထားတဲ့၊ လူထုဆန္ဒကို လျစ်လျူရှုထားတဲ့ သူတဦးကို အကာအကွယ် ပေးလိုက်တဲ့သဘော သက်ရောက်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့ပြင် စွပ်စွဲပြစ်တင်တဲ့အထဲက NLD ကိုုယ်စားလှယ်တဦး ပြန်နုတ်ထွက်သွားတာဟာလည်း ပါတီအနေနဲ့ နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတဲ့ သဘော ဖြစ်တဲ့အပြင် မဲခွဲရာမှာလည်း NLD ကိုယ်စားလှယ်တွေပါ ဝန်ကြီးချုပ်ကို ပြစ်တင်ရှုတ်ချတာကို ထောက်ခံခဲ့ကြတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် စွပ်စွဲပြစ်တင်ရာမှာ၊ စုံစမ်းရေးအဖွဲ့မှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေကတော့ ဒီကိစ္စအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ၊ ပါတီအရ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင် ရွက်ကာ အစိုးရနဲ့ လွှတ်တော်ကြား အပြန်အလှန် ထိန်းကျောင်းခြင်းသာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။
စွပ်စွဲပြစ်တင်ရာမှာ ပါဝင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)က ကိုယ်စားလှယ် ခူးသဲရယ်က
ခုလိုဖြစ်သွားတဲ့အပေါ် မကျေနပ်လို့ ဝေဖန်ကြတာသာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေအတိုင်း မျှမျှတတ လုပ်ဆောင်ကာ စစ်ဆေးမှုမှာလည်း ဘက်လိုက်တာမျိုး မရှိဘူးလို့ အာမခံပါတယ်။
စွပ်စွဲပြစ်တင်ပြီးသားကိစ္စမှာ ပြန်လည်နုတ်ထွက်တဲ့ ဥပဒေလည်း မရှိတဲ့အတွက် ဥက္ကဋ္ဌအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့တာ ဖြစ်သလို စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ထဲ စွပ်စွဲပြစ်တင်တဲ့သူတွေ ပါလာတယ်ဆိုတာ ကလည်း လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်ဦးရေ နည်းခြင်းက အကြောင်းရင်းတခု ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ကယားပြည်နယ် လွှတ်တော်မှာ NLD ကိုယ်စားလှယ် ၉ ဦး၊ USDP က ၄ ဦး၊ KySDP က ၁ ဦး၊ တသီးပုဂ္ဂလ ၁ ဦး (ယခင် NLD) နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၂၀ ဦးရှိပြီး စွပ်စွဲပြစ်တင်ရာမှာ NLD က ၂ ဦး၊ USDP က ၂ ဦးနဲ့ KySDP က ၁ ဦး ပါဝင်တာ ဖြစ်ပါတယ်။
ဒေသခံ လူထုနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ဒီအတိုင်းပါပဲ။ ဒီဖြစ်ရပ်ဟာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတွေကြောင့် ဆိုတဲ့အရောင်တွေ မပါဘဲ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း လွှတ်တော်နဲ့ အုပ်ချုပ်ရေးကဏ္ဍ အပြန်အလှန်ထိန်းညှိ (check & balance) ခြင်းသာဖြစ် လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။
စွပ်စွဲပြစ်တင်မှုကို ထောက်ခံတဲ့မဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲရရှိခဲ့တာကို ကြည့်ရင်လည်း ကိုယ်စားလှယ်တွေဟာ ပြည်သူ့ အသံ၊ လွှတ်တော်အသံ ဆိုတဲ့အတိုင်း လူထုအသံကို နားထောင်ပြီး လူထုဆန္ဒကို ဗဟိုပြုခဲ့တာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက “ပြည်နယ်တခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လွှတ်တော်နဲ့အစိုးရ အပြန်အလှန် ထိန်းကျောင်းမှုက အရမ်းအရေးကြီးတဲ့အပြင် နောင်တက်လာမယ့် အစိုးရအဆက်ဆက်မှာ ပါတီတခုချင်းစီက ငါနိုင်ရင် ငါ ကြိုက်တာလုပ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒီလိုလုပ်ရင် ဒီလိုကြုံနိုင်တယ်ဆိုတာ ပြလိုက်တာပဲ” လို့ မှတ်ချက်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တုန်းက ပါတီရဲ့ ကိုယ်စားလှယ် အများစုက ပါတီဗဟိုရဲ့ ညွှန်ကြားချက်အရ ဝိုင်းကာပေးခဲ့တာကြောင့် စွပ်စွဲပြစ်တင်မှု ရှုံးခဲ့ပေမယ့် ကယားပြည်နယ်မှာ အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ ပြည်နယ်လွှတ်တော်အတွက် ဂုဏ်ယူတယ်လို့လည်း သူက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကတော့ ရာထူးကနေ ရပ်စဲခံရတဲ့နေ့မှာပဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက် နှာကနေတဆင့်
“ဒီနေ့ ဒီလိုအခြေအနေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ ကျနော့်အနေနဲ့ အားလုံးအပေါ် နားလည်ပါတယ်။ ကျနော့်ကို ချစ်တဲ့သူတွေက ဝမ်းနည်းကြသလို မုန်းသူများကလည်း လက်ခုပ်သြဘာပေးနေကြမှာပါ။ သို့ပေမယ့် ကျနော့်အနေနဲ့ အထက် အကြီးအကဲ အားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်ပါတယ်” လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ကနေပဲ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။
ဦးအယ်လ်ဖောင်းရှိုရဲ့ ကိစ္စကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အပေါ် တစုံတရာ ရိုက်ခတ်မှု ရှိနိုင်မလားလို့ မေးမြန်းကြည့်တဲ့အခါ အောင်နိုင်ရေး ကာလအတွင်းမှာ အခုလို ဖြစ်သွားတဲ့ကိစ္စအတွက် စိတ်မကောင်းပေမယ့်လည်း ဒီဖြစ်ရပ်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ထူးထူးခြားခြား ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
NLD အနေနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက ဒေသခံ ကရင်နီလူငယ်ထုရဲ့ ဝန်းရံအားပေးမှုကို ရရှိခဲ့ပြီး ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၁ နေရာစလုံးမှာ အနိုင်ရရှိခဲ့ပေမယ့် လာမယ့်ရွေးကောက်ပွဲမှာတော့ အရင်လို ပြန်နိုင်ဖို့ မလွယ်ဘူးဆိုတာ အခု ဦးအယ်လ်ဖောင်းရှို ဖြုတ်ချခံထိသွားတာက ရှေ့ပြေးလက္ခဏာပဲ ဖြစ်ပါတော့တယ်။
You may also like these stories:
ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်
တာဝန်မှ ရပ်စဲခံရသည့် ဆုံးဖြတ်ချက်အပေါ် ဦးအယ်လ်ဖောင်းရှို တုန့်ပြန်