ဆောင်းပါး

ရွေးကောက်ပွဲ ရွှေ့ မရွှေ့

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၌ ကိုဗစ် – ၁၉ ရောဂါပိုး ဒုတိယလှိုင်း ကူးစက်မှု မြင့်တက်လာပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း နိုင်ငံရေးပါတီ အချို့က ပြောဆိုလာကြသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ကိုဗစ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်သည့် အခြေအနေရောက်ရန် ဦးစားပေးဆောင်ရွက်သင့်ပြီး လိုအပ်ပါက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း စက်တင်ဘာလ ၈ ရက်တွင် မီဒီယာများသို့ ပြောကြားလိုက်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကလည်း ဒီဇင်ဘာလ ၂၇ ရက်အထိ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် စက်တင်ဘာလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

တဖက်တွင်လည်း အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဘက်ကမူ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်မသင့် အတိအကျ ပြောဆိုရန်မှာ လက်ရှိအခြေအနေအရ စောလွန်းနေသေးသည်ဟု ဆိုနေပြန်သည်။

ရွေးကောက်ပွဲကော်မရှင်ဘက်ကမူ ရွေးကောက်ပွဲ ရွှေ့ မရွှေ့ အောက်တိုဘာလ ၈ ရက်မှ ကြေညာမည်ဟု ပြီးခဲ့သည့် နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မဲဆွယ်ဆိုင်းဘုတ် ထောင်ရန် ပြင်ဆင်နေစဉ်/အောင်ကျော်ထက်/ဧရာဝတီ

လူထုကျန်းမာရေး စိတ်ချလုံခြုံရေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သင့်၊ မသင့်ဆိုသည့်ကိစ္စသည် အလေးအနက်စဉ်းစားရမည့် ကိစ္စဖြစ်လာပြီလောဟု တွေးတောစရာဖြစ်လာသည်။

လက်ရှိတွင် ကိုဗစ် – ၁၉ ရောဂါပိုးကူးစက်မှုသည် တနေ့လျှင် ပိုးတွေ့လူနာ ၁၀၀ ကျော်တွေ့နေသော ရက်က များလာနေပြီး ပိုးကူးလူနာ အရေအတွက် ပြန်လည်ကျဆင်းသွားမည့် အနေအထား မမြင်ရသေးပေ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၀၁၅ ဦးရှိပြီး သေဆုံးသူ ၂၄ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက် နောက်ပိုင်းကစ၍ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း တကျော့ပြန် မြင့်တက်လာခြင်းဖြစ်သည်။ ကူးစက်ခံရသူများထဲတွင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ ရောဂါပိုးကူးစက်မှု တဖြည်းဖြည်း မြင့်လာနေချိန် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နိုင်ခွင့်ရှိနေသည့် ကာလတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက လိုအပ်ပါက ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်သည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

 “ပြည်သူလူထုရဲ့ ကျန်းမာရေး လုံခြုံရေး စိတ်ချရတဲ့အထိ အကယ်၍ ရွှေ့မယ်ဆိုရင် ဒီလွှတ်တော် ၅ နှစ်သက်တမ်း မပြည့်မီမှာ ရွေးကောက်ပွဲရလဒ်ကြေညာလို့ရနိုင်တဲ့ အချိန်အထိ ကျနော်တို့ ရွှေ့လို့ရတယ်။ ဒါဟာ အများပြည်သူကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဓိက လိုအပ်ချက်ဖြစ်ပါတယ်”

“ပြည်သူလူထုရဲ့ ကျန်းမာရေး လုံခြုံရေး စိတ်ချရတဲ့အထိ အကယ်၍ ရွှေ့မယ်ဆိုရင် ဒီလွှတ်တော် ၅ နှစ်သက်တမ်း မပြည့်မီမှာ ရွေးကောက်ပွဲရလဒ်ကြေညာလို့ရနိုင်တဲ့ အချိန်အထိ ကျနော်တို့ ရွှေ့လို့ရတယ်။ ဒါဟာ အများပြည်သူကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဓိက လိုအပ်ချက်ဖြစ်ပါတယ်”ဟု ပြောဆိုထားသည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက ဒီဇင်ဘာလအကုန်အထိ ရွှေ့ဆိုင်း၍ ရနိုင်ပြီး ထိုထက်ပို၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်နိုင်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

“အဲဒါက လွှတ်တော်ရဲ့ သက်တမ်းကို ၅ နှစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီလွှတ်တော်က ဖေဖော်ဝါရီ ၁ ရက်ဆိုရင် ပြတ်ပြီ။ အဲဒီနောက်ပိုင်းအထိရွှေ့ရင်တော့ ကျနော်တို့က အရေးပေါ်အခြေအနေတရပ်ဖြစ်သွားပြီးတော့ ကျနော်တို့က ကာလုံခေါ်ဖို့တို့ ဘာတို့ နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်သွားနိုင်တာတွေ ဘာတွေရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကလည်း ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် (UEC) သည် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်သော်လည်း အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရမည့် ကာလထက်ကျော်လွန်သည်အထိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင် UEC သည် နိုင်ငံတော်သမ္မတ၏ အကူအညီကို ရယူရမည်ဖြစ်ကြောင်း ဆိုသည်။

ဦးငိုင်ဆာ့ခ်သည် တရားလွှတ်တော်ရှေ့နေ တဦးလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ ရန်ကုန်မြို့ လမ်းများပေါ် စီတန်းမောင်းနှင်ကြစဉ်/အောင်ကျော်ထက်/ဧရာဝတီ

NLD ပါတီဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့သည်၂၀၁၆ ဇန်နဝါရီလ ၃၀ရက်တွင် အစည်းအဝေးစတင်ခဲ့သည်ဖြစ်ရာ လာမည့် ၂၀၂၁ ဇန်နဝါရီ လကုန်ပါက လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်သွားမည်ဖြစ်သည်။

လွှတ်တော်သက်တမ်းကုန်သွားပါက မည်သို့ဖြစ်လာနိုင်သနည်း။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးငိုင်ဆာ့ခ်က “လွှတ်တော်သက်တမ်း ကုန်သွားပြီဆိုရင် သူ (UEC) က ဘာမှ လုပ်လို့မရတော့ဘူး။ ခုနက သမ္မတရဲ့ အကူအညီ လိုလာမယ်။ အဲဒီမှာ သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖို့ ပုဒ်မ ၄၁၂ အရ ထုတ်ပြန်ဖို့ လိုလာလိမ့်မယ်” ဟု ဆိုသည်။

အခြေခံဥပဒေပုဒ်မ ၄၁၂ အရ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူတိုင်ပင်ကာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။

ထို့ပြင် အုပ်ချုပ်ရေးကဏ္ဍကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည့် အမိန့်ကြေညာချက်များလည်း နိုင်ငံတော်သမ္မတက ထုတ်ပြန်နိုင်သည့် အခွင့်အာဏာရှိနေသည်။

“အဲဒီလို ထုတ်ပြန်တဲ့အခါမှာ ကာလုံအစည်းအဝေးမှာ အဖွဲ့ဝင် အားလုံး မဆုံရင်တောင် ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး စတဲ့ ၄ ဦးကိုတော့ မဖြစ်မနေ တိုင်ပင်ပြီးတော့ အချိန်မီကြေညာနိုင်တယ်ဆိုတာ သမ္မတကို အာဏာပေးထားတယ်။ လိုအပ်လာရင် အဲဒီဟာကို ကျင့်သုံးသွားလိမ့်မယ် ထင်တယ်” ဟု ဦးငိုင်ဆာ့ခ်က သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃ အရ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိနိုင်ရန် တပ်မတော်၏ အကူအညီကို ရယူနိုင်ကြောင်း ပြဌာန်းထားသဖြင့် နိုင်ငံတော်သမ္မတအနေနှင့် လိုအပ်ပါက တပ်မတော်၏ အကူအညီရယူနိုင်ပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးရန်လည်း ကြေညာနိုင်ကြောင်း ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ကားများဖြင့် ရန်ကုန်မြို့လမ်းမများပေါ် စီတန်းမောင်းနှင်ခဲ့သည်/အောင်ကျော်ထက်/ဧရာဝတီ

“ဒါပေမယ့် သမ္မတက ထုတ်ပြန်မှာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကတော့ သူ ဘယ် လိုချင်မလဲ။ နောက်တခုက အဲဒီလို စစ်အုပ်ချုပ်ရေး ထုတ်ပြန်မယ်ဆိုရင် ကာချုပ်တို့ ဘာတို့ကို တာဝန်သတ်မှတ်ပေးရမယ်။ သမ္မတကပဲ သတ်မှတ်ပေးရမှာ။ ဒီလို လုပ်တဲ့အခါမှာ ပုဒ်မ ၄၁၅ အရဆိုရင် လုပ်ထုံးလုပ်နည်း အရပဲ။ အဓိကကတော့ သမ္မတကို အာဏာကုန်ပေးထားတဲ့ သဘောပါပဲ။ ဒါပေမယ့် ကာလုံနဲ့တော့ ညှိရမယ်ဆိုတာ ပါတယ်” ဟု ဦးငိုင်ဆာ့ခ်က ရှင်းပြသည်။

တရားလွှတ်တော်ရှေ့နေတဦး ဖြစ်သူ ဦးသိန်းသန်းဦးကမူ ရွေးကောက်ပွဲကို လွှတ်တော်များ၏ သက်တမ်းမကုန်ဆုံးမီတွင် ကျင်းပခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။

“ဒါကတော့ တမျိုးသားလုံးအရေးပဲ ကာလုံခေါ်ချင်လည်းခေါ်ပေါ့။ ကာလုံမခေါ်လို့ အစိုးရအဖွဲ့ခေါ်ချင်လည်း ခေါ်ပေါ့။ မဲပေးတာကလည်း နိုင်ငံသားအခွင့်အရေးပဲ ။ အဲဒီအခြေအနေက အရေးပေါ်အခြေအနေမှာဆိုရင် ရပ်ဆိုင်းလို့ရတယ်။ ဒါပေမယ့် အဲဒီအရေးပေါ်အခြေအနေဆိုတဲ့အထဲမှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံမှာ မပါဘူး။ အဲဒါကို သမ္မတဖြစ်စေ ၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်စေ၊ ဒါမှမဟုတ်ရွေးကောက်ပွဲ ကော်မရှင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အနက်အဓိပ္ပာယ်ဖွင့်ခိုင်းပြီး ပြင်လိုက်ရင်ရတာပဲ။ ရွှေ့လို့ရတာပဲ” ဟု ဦးသိန်းသန်းဦးကဆိုသည်။

NLD ပါတီဘက်ကမူ လက်ရှိအခြေအနေအရ ကိုဗစ်ရောဂါ ကူးစက်မှု တိုးပွားနေသည်မှန်သော်လည်း ရွေးကောက်ပွဲရွှေ့သင့်၊ မရွှေ့သင့်ပြောရန်မှာ အချိန်စောသေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံထက် ကိုဗစ်ပိုးကူးစက်မှုများသည့် စကာင်္ပူနှင့် တောင်ကိုရီးယားတို့ပင် ကိုဗစ်ကူးစက်မှုဖြစ်နေသည့် ကြားက ရွေးကောက်ပွဲကျင်းပသွားခဲ့သည်လည်း ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ပါက ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေရှိသည်ဟု ယူဆကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

 “ကြိုးစားမှုရလဒ်တွေကို နောက်ဆုံးကြည့်ပြီးတော့မှ ကျန်းမာရေးအာဏာပိုင်တွေရဲ့ သဘောထားနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောရမှာပါ။ အခုအထိတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ ပြောတာက အချိန်စောလွန်းသေးတယ်”

“ကြိုးစားမှုရလဒ်တွေကို နောက်ဆုံးကြည့်ပြီးတော့မှ ကျန်းမာရေးအာဏာပိုင်တွေရဲ့ သဘောထားနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောရမှာပါ။ အခုအထိတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ ပြောတာက အချိန်စောလွန်းသေးတယ်”ဟု ဆိုသည်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းအားဖြင့် လွှတ်တော်များ များ ပျက်ကွက်မှု သက်တမ်း ကြာရှည်သွားပါက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် အားနည်းသွားနိုင်ကြောင်း မှတ်ချက်ပေးသည်။

သို့သော် ၎င်းက “ရွေးကောက်ပွဲ နောက်ဆုတ်၊ မဆုတ်က လွတ်လပ်တဲ့ ကော်မရှင်ရဲ့ သဘောထားပဲ။ အစိုးအနေနဲ့ နောက်အစိုးရ ဖွဲ့စည်းတဲ့အထိ တည်မြဲနေဖို့ ရှိပါတယ်။ တချို့ပြောနေတဲ့ ရွေးကော်ပွဲနောက်ဆုတ်လိုက်ရင် တပ်မတော်ကို အာဏာ လွှဲရမယ်ဆိုတာ သူတို့လွဲမှားနေတဲ့ ကိုယ်ပိုင်အယူအဆပါ။ တပ်မတော်ကို လွှဲရမယ်လို့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေမှာ ပြဌာန်းထားတာ မရှိပါဘူး”ဟုလည်း မှတ်ချက်ပေးသည်။

ပြည်သူ့ပါတီအဖွဲ့ဝင်တဦးကို မဲဆွယ်လှုပ်ရှားရာတွင် မြင်ရစဉ်/ထက်ဝေ/ဧရာဝတီ

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ လိုအပ်ပါက ရွေးကောက်ပွဲ ရွှေ့သင့်သည်ဆိုသည့် အယူအဆနှင့် ရွေးကောက်ပွဲ ရွှေ့ဖို့ စဉ်းစားရန်မှာ စောနေသေးသည်ဆိုသည့် ယူဆချက် ၂ ခုစလုံးသည့် စဉ်းစားစရာကောင်းသည့် အကြောင်းပြချက်များ ဖြစ်သည်ဟု ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဆိုသည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်ကာလတွင် ကျင်းပရသည့် ရွေးကောက်ပွဲဖြစ်သည်နှင့်အညီ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတုန်းက ကြုံခဲ့သည့် ရွေးကောက်ပွဲအခင်းအကျင်းနှင့် တူညီမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ရောဂါပိုး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကန့်သတ်ချက်အမြောက်အမြားအောက်တွင် နိုင်ငံရေးပါတီများက မဲဆွယ်နေရသည့် အခြေအနေကို ကိုစိုင်းရဲကျော်စွာမြင့်က ရည်ညွန်းပြောဆိုခြင်းလည်း ဖြစ်သည်။

အဆိုပါကန့်သတ်ချက်များအောက်တွင် နိုင်ငံရေးပါတီများအတွက် အဆင်မပြေမှုများ အမြောက်အမြားရှိနေပြီး ယင်းအဆင်မပြေမှုများကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

“အကောင်းဆုံးကတော့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ စ, စကားပြောဖို့ လိုပြီ။ အဲဒါတော့ အရေးကြီးဆုံးအချက်ပဲ။ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာတွေစိတ်ပူသလဲ။ ကော်မရှင်ဘက်က ဘာတွေစဉ်းစားထားသလဲ။ ပြည်သူလူထုပါဝင်မှုကို ဘယ်လိုမြှင့်ကြမလဲ။ ပြည်သူလူထုစိုးရိမ်မှုကို ဘယ်လိုလျှော့ချကြမလဲပေါ့။ အဲဒါကို နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်ကြားထဲမှာ ပြောဖို့လိုပြီ”

“အကောင်းဆုံးကတော့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ စ, စကားပြောဖို့ လိုပြီ။ အဲဒါတော့ အရေးကြီးဆုံးအချက်ပဲ။ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာတွေစိတ်ပူသလဲ။ ကော်မရှင်ဘက်က ဘာတွေစဉ်းစားထားသလဲ။ ပြည်သူလူထုပါဝင်မှုကို ဘယ်လိုမြှင့်ကြမလဲ။ ပြည်သူလူထုစိုးရိမ်မှုကို ဘယ်လိုလျှော့ချကြမလဲပေါ့။ အဲဒါကို နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်ကြားထဲမှာ ပြောဖို့လိုပြီ”ဟု မှတ်ချက်ပေးသည်။

ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် တဦးနှင့်တဦး တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် အဆင်မပြေသည့် အခြေအနေတွင် အွန်လိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သင့်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က အကြံပေးသည်။

ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးဖြစ်ပါက ရွေးကောက်ပွဲရွှေ့သင့်၊ မရွှေ့သင့်ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မည်ဖြစ်ပြီး အများသဘောတူပါက ရွေးကောက်ပွဲကျင်းပန်ိုင်ရေး တိကျသည့် သဘောတူညီချက် ထွက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဆွေးနွေးလိုက်ရင် ဒီကန့်သတ်ချက်တွေကတော့ လက်ခံနိုင်တယ်။ ဒါတွေကိုတော့ ဖြေလျှော့ပေးရင် ကောင်းမယ်ဆိုပြီး သဘောတူညီချက်ရမယ်ပေါ့။ ရွေးကောက်ပွဲ ဆက်မလုပ်ဘူးဆိုရင်လည်း ကျေကျေလည်လည်ဆွေးနွေးထားတာဖြစ်လို့ နိုင်ငံရေးပါတီတွေက လက်ခံနိုင်မယ်။ ကျန်ရှိနေတဲ့ အစိုးရအတွက်လည်း တရားဝင်မှုပိုရှိမှာပေါ့” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။

You may also like these stories:

ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား

ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်

ကိုဗစ်ကန့်သတ်ချက်တွေကြား စတင်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး

Did you find apk for android? You can find new Free Android Games and apps.
Loading