ထိုင်းအစိုးရက ကရာတူးမြောင်းစီမံကိန်းကို ဘေးဖယ်လိုက်ပြီးနောက် မလက္ကာရေလက်ကြားကို ရှောင်လွှဲလိုသည့် တရုတ်၏ အိမ်မက်မှာ မဖြစ်နိုင်တော့ပေ။ တရုတ်အနေဖြင့် လူသုံးများသည့် မလက္ကာရေလက်ကြားကို မှီခိုနေရသည် ကို လျှော့နည်းစေရန် ဤ ကရာတူးမြောင်းကို မျှော်လင့်နေသည်မှာကြာခဲ့ပေပြီ။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကမ်းမြှောင်ဒေသ ကရာအရပ်တွင် ကီလိုမီတာ ၁၂၀ ရှည်သော တူးမြောင်းစီမံကိန်းသည် တရုတ်အတွက် အရေးပါသည့် ဗျူဟာမြောက်နေရာ ဖြစ်လာလိမ့်မည်။ တောင်တရုတ်ပင်လယ်ရှိ အသစ်တည်ဆောက် ထားသော တရုတ်ရေတပ်အခြေစိုက်စခန်းတို့မှ ရေတပ်သင်္ဘောတို့သည် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ ကို လွတ်လပ်လျှင်မြန်စွာ သွားလာနိုင်လိမ့်မည်။
ဤတူးမြောင်းစီမံကိန်း၏ ရည်ရွယ်ရင်းက ကမ္ဘာ့ကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်း ဖြတ်သန်းသွားနေသည့် မလေးရှား ကျွန်းဆွယ်နှင့် အင်ဒိုနီးရှား ဆူမာတြားကျွန်းတို့ ထိန်းချုပ်ရာ၊ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ပိုင်းခြားထား သည့် မလက္ကာရေလက်ကြားကို တရုတ်တို့ ရှောင်လွှဲနိုင်ရန် ဖြစ်ပါသည်။
ယင်းလမ်းကြောင်းက စင်ကာပူကို ဖြတ်ရသည့် သင်္ဘောများသည် ထိုင်းပင်လယ်ကွေ့ အနောက်ဖက်မှ ဖြတ်သန်းနိုင် သည့်အတွက် ကီလိုမီတာ ၁၂၀၀ခန့် သက်သာသွားနိုင်ပါသည်။
တရုတ်က ဤစီမံချက်သည် သူတို့၏ ရေကြောင်းပိုးလမ်းမ အစိပ်အပိုင်းဖြစ်သည့် တရုတ်မှ အရှေ့တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာနှင့် ဥရောပကို ဆက်သွယ်ရန် ဖြစ်သည်ဟု ဖေါ်ပြထားပါသည်။
သို့သော် ထိုတူးမြောင်းလမ်းကြောင်းသည် အရှေ့တောင်အာရှ၌ အားနည်းသော လူ့အဖွဲ့အစည်းများဖြစ်သည့် မြန်မာ နှင့် ကမ္ဘောဒီးယားကဲ့သို နိုင်ငံများ၏ လွတ်လပ်မှုနှင့် ဆင်းရဲမှုကို လျှစ်လျူရှုထားသဖြင့် တရုတ်၏ သြဇာအောက် ရောက်သွားရန် အကြောင်းများပါသည်။
နေ့ခင်းအိမ်မက်- တူးမြောင်း
ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန် ပင်လယ်အကြား ကျဉ်းမြောင်းသည် ကုန်းမြေကို တူးမြောင်းဖောက်ရန် ၁၆၇၇ခုနှစ် က စ၍ စိတ်ကူးရှိခဲ့ပါသည်။ စိတ်ကူးမှာ ပင်လယ်ရေမျက်နှာပြင်ကိုသာ စဉ်စားခဲ့ပြီး ကြားခံ အတားအဆီးကို မထည့် တွက်ခဲ့ချေ။
တူးမြောင်းစီမံကိန်းသည် လမ်းကြောင်းအရ ကီလိုမီတာ ၅၀နှင့် ၁၀၀ ကြားရှိမည်ဟု ခန့်မှန်းရသည်။ အကျဉ်းမြှောင်း ဆုံး နေရာသည် ၄၄ကီလိုမီတာကျယ်သည်။ သို့သော် တောင်တန်းများက လူနေကျဲသည့် ကရဘီ၊ ပက်သလန်၊ နခွန်ဆီ ထမရပ်၊ ဆွန်ခလာနဲ့ ထရမ် အရပ်များသို့ ကီလိုမီတာ၁၂၀အထိ ဖြန့်ကျက်နေသည်။
ထိုတူးမြောင်းသည် မလေးရှားနှင့် စင်ကာပူကို ပတ်ရသည့် မလက္ကာရေလက်ကြားထက်စာသော် ရေမိုင် ၁၂၀၀ခန့်ကို လျော့ချပေးနိုင်သည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ် သာမက အချိန်ကိုလည်း ၂ရက်၊ ၃ရက်ခန့် သက်သာစေ မည်ဖြစ်ပြီး၊ တကြောင်းတည်း သွားပါက ကီလိုမီတာ ၆၀၀ခန့် လျော့ချပေးနိုင်သည်။
၂၀၁၁ ခုနှစ်က ရေနံစိမ်းပမာဏအတိုင်း သယ်ဆောင်သည်ဟု ယူဆလျှင်ပင် နောက်ဆုံးလေ့လာ တွေ့ရှိချက်များအရ မလက္ကာရေလက်ကြားမှ ဖြတ်သန်းသွားလာနေကျ သင်္ဘောများသည် ဤတူးမြောင်းကိုသာ သုံးမည်ဆိုပါက
အရှေ့တောင်အာရှနှင့် အရှေ့ဖျားနိုင်ငံများသို့ ရေနံတင်ပို့သည့် သင်္ဘောကုန်ကျစရိတ်ကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ (ကျပ်ငွေ ၆၆၃.၅ ဘီလျှံ) လျှော့ချပေးနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံကို မြှူဆွယ်ခြင်း
အမေရိကန် ကာကွယ်ရေးဌာန အတွင်း အစီရင်ခံစာအရ တရုတ်က ဤစီမံကိန်းကို ၂၀၀၅ခုနှစ်မှ စတင် စိတ်ဝင်စားခဲ့ ခြင်းဖြစ်သည်။
တရုတ်သည် အနာဂတ် အခြေစိုက်စခန်းနှင့် စွမ်းအင်လုံခြုံရေးဗျူဟာအရ “ပုလဲသွယ်” စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ဤတူးမြောင်း စီမံကိန်းတလျှောက် တရုတ်ဆိပ်ကမ်း တည်ဆောက်ရေး ပစ္စည်းများနှင့် ရေနံသန့်စင်ရေးရုံများတွင် အကုန်အကျခံရန် ကမ်းလှမ်းခဲ့သည်။
တရုတ်က ဤတူးမြောင်း စိတ်ကူးကို ၁၀ နှစ်ကျော် ကြာပြီး အကြမ်းအားဖြင့် အလုပ်သမား ၃၀,၀၀၀ နှင့် အမေရိကန် ဒေါ်လာ ၂၀ မှ ၂၅ ဘီလျှံအထိ အကုန်အကျခံရန် စီစဉ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ ပြည်တွင်းစီးပွားရေး တိုးတက်စေရန် ပြည်တွင်းအခြေခံ အဆောက်အအုံများ တည်ဆောက်ရေး စီမံကိန်းများ အဓိကထား လုပ်ဆောင်ခဲ့သည်။
ဤတူးမြောင်းဖောက်ရန် ရည်ရွယ်ထားသည့် ဇုန်တွင် စက်မှုနှင့် အကြီးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် ဆိပ်ကမ်းများ၊ သင်္ဘောဆောက်လုပ်ရေး ပစ္စည်းများ၊ ရေနက်ဆိပ်ကမ်းများကို တူးမြောင်းဝ နေရာတွင် တည်ခဲ့သည်။
အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသည် အနောက်နိုင်ငံတို့နှင့် ဆက်ဆံရေး မပြေလည်စဉ် ဘေဂျင်းသည် အခွင့် ကောင်းယူကာ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။ တရုတ်သည် ထိုင်းတွင် အမြန်ရထား တည်ဆောက် ရေးတွင် စတင် ရင်းနှီးမြုပ်နှံသည်။ အာရှနိုင်ငံများနှင့် စီးပွားရေးအရ ဆက်ဆံရန် အလေးအနက် စိတ်ဝင်စားလာ ခဲ့သည်။ သူ၏ ရေကြောင်းပိုးလမ်းမ တည်ဆောက်ရေးကို အကြောင်းခံ၍ လုပ်လာသည်။
ထိုင်းကို ဖြတ်သွားမည့် ယင်းတူးမြောင်းသည် အိန္ဒိယသမုဒ္ဒရာနှင့် အဆက်အသွယ်သာမက တောင်တရုတ်ပင်လယ် နှင့်လည်း ဆက်သွယ်ရေး ကောင်းမွန်တိုးတက်နိုင်ပါသည်။
ဘန်ကောက်ရှိ တရုတ်သံရုံးနှင့် အနီးကပ်လုပ်ဆောင်နေသော ထိုင်းနိုင်ငံရှိ ထိုင်း- တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေး အသင်းက “တန့်နေသော ထိုင်းစီးပွားရေးကို အဆုံးသတ်စေရန်နှင့် ပနားမားတူးမြောင်းကို ယှဉ်၍ ကမ္ဘာရေကြောင်းနှင့် စီးပွားရေး အချက်အခြာကျလာစေရန် ကရာတူးမြောင်းကို” အဆင်ပြေပြေ လေ့လာရေးလုပ်ဖို့ အကြံပြု စာတစောင် ပေးပို့ခဲ့သည်။
နိုင်ငံရေးအရ ထိရှလွယ်သဖြင့် ထိုင်းအစိုးရ အတွင်းနှင့် အပြင်ရှိ သြဇာရှိ အုပ်စုများက တိုးတိုးတိတ်တိတ်နှင့် အပြင်း အထန် တိုက်တွန်းနေကြသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြည်တွင်းရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ကို တွေးဆကာ တရုတ်အကြံပြုချက်ကို သတိထားနေသည်။
ဗုဒ္ဓဘာသာ ထိုင်းနှင့် မွတ်စလင် မလေးတို့အကြား ကွဲပြားမှု သည် ပိုကျယ်ပြန့်လာကာ တိုင်းပြည်မတည်ငြိမ်းရေးကို ပိုဖြစ်ပေါ်လာစေနိုင်သည်။
မလက္ကာရေလက်ကြားသည် လူသုံးများလာခြင်း၊ ပင်လယ်ဓားပြ အန္တရာယ်၊ ရေကြောင်း အကြမ်းဖက်မှုများ တိုးပွား လာနေခြင်း၊ အာမခံကြေးများ တိုးကောက်နေခြင်း တို့ကြောင့် ရေကြောင်းလမ်းသစ်သည် အရင်ထက် ပိုမိုရှိဖို့ လိုလာ သည်။
ထိုရေကြောင်းလမ်းက အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အထူးသဖြင့် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အတွက် အကျိုးအမြတ် သိသိသာသာ ရလာနိုင်ပေသည်။
မည်သို့ပင်ဆိုစေ အပြန်အလှန်ငြင်းခုံနေမှုများက အဆုံးမသတ်သေး။ သြဇာကြီးသော ထိုင်းလုံခြုံရေး အင်အားစုများက ထိုင်းနိုင်ငံ၏ မြေပုံအရ ခွဲခြားစေမည့်“ရွှေပုဆိန်” လုပ်ရပ်ကို လက်မခံကြချေ။ သူတို့က တူးမြောင်းကိစ္စကို ကြာရှည် စွာ ဖြစ်ပေါ်နေသော ယာလား၊ ပတန်နီ၊ နာရာသီဝပ် တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသည့် ခွဲထွက်ရေးအန္တရာယ် နှင့် တွဲ၍ အလေးထား စဉ်းစားကြသည်။
တရုတ်က သူ၏ ရေကြောင်း မူသစ်အတိုင်း ထိုင်းကို တိုက်တိုက်တွန်းတွန်း လုပ်နေသည်။ ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန်ပင်လယ်တွင် ထိုင်း ရေတပ်အားကောင်းစေရန် ဖရီဂိတ်နှင့် ရေငုပ်သင်္ဘောအပါအဝင် တရုတ်လုပ် ခေတ်မီလက်နက်များ ဝယ်ရန် တိုက်တွန်းနေသည်။ တရုတ်က ဆတဟစ်ရှိ ထိုင်းရေတပ်စခန်းကို အဆင့်မြှင့်ရန် ဒေါ်လာ ၅ ဘီလျှံ ချေးရန်လည်း အဆိုပြုထားသည်ဟု ဆိုသည်။
သို့သော် ထိုင်းအတိုက်အခံ နိုင်ငံရေးအင်အားစုနှင့် လူထု၏ အပြင်းအထန် ဖိအားပေးမှုကြောင့် ၂၀၂၂ ဘဏ္ဍာနှစ် အထိ မှာထားသော ဘတ် ၂၂.၅ သန်း(ကျပ်ငွေ ၉၅၀ ဘီလျှံခန့်) တန်သည့် တရုတ်လုပ် S26T ရေငုပ်သင်္ဘော နှစ်စင်းကို ဆိုင်းငံ့ထားရသည်။ ဤဆုံးဖြတ်ချက်သည် တရုတ်ကို များစွာ ထိခိုက်စေခဲ့သည်။
ရေလမ်းကြောင်းပြောင်းလျှင် မလေးရှားနှင့် စင်ကာပူနှစ်နိုင်ငံလုံး အကျိုးကို ထိခိုက်စေလိမ့်မည်။ သို့သော် မလက္ကာ ရေလက်ကြားသည် ပါရှန်ပင်လယ်ကွေ့နှင့် အင်ဒိုနီးရှား၊ သြစတြေးလျတို့ ကုန်သွယ်ရေးတွင် အဓိကနေရာတွင် ရှိမြဲရှိနေမည်သာဖြစ်သည်။
ပင်လယ်ဆိပ်ကမ်း အခြေပြု တောင်တရုတ်ပင်လယ်နှင့် တခြား အရှေ့တောင်အာရှနိုင်ငံများက မလက္ကာရေလက် ကြားကို မှီခိုအားထားကြသောကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းများနှင့် ကင်းကွာနေခဲ့ရသည်။
ဗီယက်နမ်သည် သူ၏ သွင်းကုန်နှင့် ထွက်ကုန် ၉၀ ရာခိုင်နှုန်းကို ပင်လယ်မှတဆင့် ပို့ဆောင်ရသောကြောင့် အာရှပစိဖိတ် ကုန်သွယ်ရေးတွင် အဓိက အချက်အခြာကျသည့် စင်ကာပူနှင့် အပြိုင်အဆိုင်ဖြစ်လာရသည်။
ကရာတူးမြောင်း စီမံကိန်းက အရှေ့တောင်အာရှ ပထဝီနိုင်ငံရေးကို မဟာဗျူဟာကျကျ ထူးထူးခြားခြား ပြောင်းလဲ စေလိမ့်မည်။ ဒေသအတွင်း တရုတ်၏ တခြားလှုပ်ရှားမှုများဖြစ်သည့် ရခိုင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တို့သည် တရုတ်တို့ စစ်အင်အား ဖြန့်ကျက်မှုကို အချိန်တိုအတွင်း အိန္ဒိယ သမုဒ္ဒရာဒေသတွင် ပြုလုပ်နိုင်သည်။
ဤတူးမြောင်း စီမံကိန်းကြောင့်လည်း ထိုဒေသတွင် တရုတ်တို့ ရောက်ရှိလာခါ ရေတပ်အင်အားတိုးချ လာစရာရှိသည်။
ထိုင်းနိုင်ငံ အနေနှင့် လက်တွေ့တွင် စီးပွားရေး အကျိုးအမြတ်ကို မြင်သာသော်လည်း စီမံကိန်း၏ ကုန်ကျမှုစရိတ်သည် ရရှိသည့် အကျိုးအမြတ်ထက် ပိုကျော်လွန်စရာရှိသည်။ ဗုဒ္ဓဘာသာ ထိုင်းနှင့် မွတ်စလင် မလေးတို့အကြား ကွဲပြားမှု သည် ပိုကျယ်ပြန့်လာကာ တိုင်းပြည်မတည်ငြိမ်းရေးကို ပိုဖြစ်ပေါ်လာစေနိုင်သည်။
ခန့်မှန်းခြေ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလျှံနှင့် အခြေခံအဆောက်အအုံ အတွက် အမေရိကန် ဒေါ်လာ ဘီလျှံ ၃၀ ဖြစ်ရာ ထိုငွေကြေးကို အခွန်အဖြစ် ပြန်ရနိုင်ရန် သင့်တင့်သည့် အချိန်ကာလအတွင်း မဖြစ်နိုင်ပေ။
အဓိက ပူပန်စရာမှာ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် ၄ ခုကို တူးမြောင်းကပိုင်းခြား လိုက်ပါက ဘန်ကောက်အစိုးရ အနေနှင့် မလေးရှားနှင့် ထိစပ်သော နယ်ကို ထိန်းချုပ်ရန် ခက်ခဲလာစရာရှိသည်။ နောက်တချက်မှာ တရုတ်က ငွေကြေး၊ အလုပ်သမား၊ ဆောက်လုပ်ပစ္စည်း တို့ကို ရက်ရောစွာ ပုံအောလာပါက ထိုင်းစီးပွားရေးသည် အကြွေးနွံ့တွင် နစ်မည်။
ဤစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ကာ ပထဝီအရ အခက်အခဲများလည်း ရှိသော ကြောင့် အလေးအနက် လေ့လာဆန်းစစ်မှုများ လိုအပ်ပါသည်။ နောက်တချက်က ဤစီမံကိန်းအပေါ် စီးပွားရေးအရ တွက်ဆမှုမှာ သံသယဖြစ်ဖွယ်ရာဖြစ်သည်။
ခန့်မှန်းခြေ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလျှံနှင့် အခြေခံအဆောက်အအုံ အတွက် အမေရိကန် ဒေါ်လာ ဘီလျှံ ၃၀ ဖြစ်ရာ ထိုငွေကြေးကို အခွန်အဖြစ် ပြန်ရနိုင်ရန် သင့်တင့်သည့် အချိန်ကာလအတွင်း မဖြစ်နိုင်ပေ။
ထိုတူးမြောင်းသည် ခရီးကို ကီလိုမီတာ ၁၂၀၀ တိုစေသော်လည်း ကီလိုမီတာ ၇၀၀၀ တိုစေသည့် စူအက်တူးမြောင်း၊ ကီလိုမီတာ ၁၃၀၀၀ တိုစေသည့် ပနားမား တူမြောင်းတို့လောက် မတိုစေပါ။ သွားနှုန်းနှေးကွေးခြင်း၊ အလှည့်စောင့် နေရခြင်းနှင့် ဖြတ်သန်းခတို့က မလက္ကာရေလက်ကြားကိုသာသုံးရန် သင်္ဘောပိုင်ရှင်တို့ကို အားပေးနေပါလိမ့်ဦးမည်။
ကရာကမ်းမြှောင်တွင် တူမြောင်းဖောက်ရန် အကျိုးအပြစ်ချိန်ဆနေသည်မှာ နှစ်ရာချီခဲ့ပေပြီ။ စီပွားရေးနှင့် မဟာဗျူဟာ အပိုင်းကို အလေးထား၍ ဝေဖန်သူတို့က စရိတ်ကြီးလွန်းခြင်းနှင့် အကျိုးအမြတ်မရနိုင်ခြင်းကို ထောက်ပြကြသည်။
ထိုင်းနိုင်ငံတွင်လည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှုကြောင့် ထိုစီမံကိန်းကို ထောက်ခံအားပေးမှု မရရှိပေ။ တကမ္ဘာလုံး စီးပွားရေးမှာလည်း နှေးကွေးနေသောကြောင့် ကရာတူးမြောင်း တည်ဆောက်ရေး မျှော်မှန်းချက် သည် အချိန်အတော် ကြာကြာ စောင့်ရပါလိမ့်ဦးမည်။
ရန်နိုင်သည် မြန်မာ့ရေးရာများကို ပုံမှန်လေ့လာရေးသားသူတဦး၏ ကလောင်အမည်ဖြစ်သည်။
You may also like these stories:
ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည်
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို
လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ